ပြိုင်ပွဲ။
Vol. 9 Ch. 110
မကြာခင်မှာပဲ လီအိမ်တော်ကို တရားသူကြီးစုန့် ရောက်လာ၏။
ဒီဆောင်းတွင်းမှာ “ အနားယူနိုင်စေရေးအတွက် အလုပ်ချိန်များကို လျှော့ချခြင်း ” မူဝါဒက အောင်မြင်ခဲ့တာမို့ နောက်ဆုံးတော့ သူလည်း နှစ်သစ်ကူးချိန်ကို စိတ်လက်ပေါ့ပါးစွာ ကောင်းကောင်း အနားယူဖို့ အချိန်ရလာပြီပင်။
နေ့လယ် ရောက်တော့ မိသားစု နှစ်စုလုံး ပျားပန်းခတ်မျှ အလုပ်ရှုပ်နေခဲ့ကြသည်။ ဝက်သားကို နှပ်ရသည် ၊ အသားတွေကို ဖက်ထုပ်ထဲမှာ အစာသွပ်ဖို့ နုပ်နုပ်စဉ်းရသည် ၊ ဟော့ပေါ့ပါဝင်ပစ္စည်းတွေကို ပြင်ဆင်ရသည်။
လီအိမ်တော် တစ်ခြံလုံးထဲမှာ စားချင်စဖွယ် မွှေးရနံ့တွေက နှစ်သစ်ကူးချိန်ရဲ့ အငွေ့အသက်တို့ဖြင့် ပေါင်းစပ်ပျံ့လွင့်နေခဲ့သည်။
နေမွန်းတည့်ချိန် ရောက်တော့ ဝမ်အာက ဝမ်စန်းအာနှင့် ဝမ်ရှောင်စစ်ကို ခေါ်ကာ နှစ်သစ်ကူးချိန်ကို ကြိုဆိုသည့် အနီရောင်စာလွှာတွေကို ရေးဆွဲခိုင်းပြီး ပြတင်းပေါက်တွေကို ပန်းများဖြင့် အလှဆင်ခိုင်းခဲ့သည်။ လီယောင်ကလည်း အသားဟင်း အမျိုးမျိုးကို ခြင်းတောင်းကြီးတွေထဲ ထည့်ပြီး တာ့ကျွမ်းကို ဝမ်အိမ်တော်ဆီ သွားပို့ခိုင်းလိုက်သည်။
“ အဲ့လောက် အသားတွေ အများကြီး ယူလာပြီး ဘာလုပ်မလို့လဲ။ ” အခုအချိန်မှာ ဝမ်ရွှယ်ရှစ်က သူမကိုယ်တိုင်လည်း အတော်လေး ချမ်းသာလာခဲ့ပြီ ဖြစ်သလို သား သုံးယောက်ကလည်း လီယောင့်ဆီမှာ အလုပ်,လုပ်ရင်း ဝင်ငွေကောင်းနေပါသည်။ ဒုတိယသားနှင့် တတိယသားရဲ့ လစာတွေဟာ မယုံနိုင်စရာကောင်းလောက်အောင် များပြားသည်။
သူမရဲ့ ကိုယ်ပိုင် လုပ်အားခတွေရယ် ၊ ဝမ်လောင်ထုံ ဝါဂွမ်းကို စက်နှင့် ကြိတ်ရာက ရလာတဲ့ လုပ်အားခတွေရယ် ပေါင်းစပ်လိုက်သောခါ မိသားစုက တကယ့်ကို ချောင်ချောင်လည်လည် ရှိလာခဲ့သည်။ ထို့ကြောင့် သူတို့က နှစ်သစ်ကူးလက်ဆောင်တွေကို သဘာဝကျစွာပင် ချွေတာသုံးစွဲမနေတော့ပါ။
ဟဲရှောင်ယာက “ အမေက အဘွား ကိုယ့်ဘာသာ ဝယ်တာက သက်သက် ၊ သမီးတို့က ဂါရဝတရားအနေနဲ့ ပေးတဲ့ ပစ္စည်းတွေက သက်သက်လို့ မှာလိုက်တယ် အဘွား။ ” ဟု ပြောလိုက်တော့ ဝမ်ရွှယ်ရှစ်က အလွန် ကျေနပ်သွားကာ “ သိပ်ကောင်းတယ်။ ဒီချွေးမက အရမ်း သိတတ်တာပဲ။ ” ဟု ပြောလိုက်၏။
ဘေးမှာ နားထောင်နေတဲ့ မရီးကျိုးနှင့် မရီးရှန်းက စိတ်ထဲကနေ တိတ်တိတ်လေး ရယ်လိုက်မိကြသည်။ အရင်တုန်းကတော့ အကြီးဆုံးမရီးကို ရစရာမရှိအောင် နေ့တိုင်း ကျိန်ဆဲနေခဲ့တာ ဘယ်သူလဲ။
“ နင်ရော အခုတလော နေထိုင်ကောင်းရဲ့လား။ အခုထိ ဗိုက်မထွက်သေးဘူးလား။ ” ဝမ်ရွှယ်ရှစ်က ဟဲရှောင်ယာရဲ့ လက်ကို ကြင်နာစွာ ဆုပ်ကိုင်ပြီး မေးလိုက်သည်။
ဟဲရှောင်ယာရဲ့ မျက်နှာလေးက နီရဲသွားသည်။ “ အရမ်းတော့ မလိုလောက်တော့ပါဘူး အဘွား။ ”
ဝမ်ရွှယ်ရှစ်သည် ဟဲရှောင်ယာရဲ့ လက်ထဲကို အနီရောင် စာအိတ်လေး အမြန် ထည့်ပေးရင်း “ ဒါက မြစ်ကလေးအတွက် အဘွား ပေးတဲ့ အန်ပေါင်းပဲ။ နင် ယူသွားနော်။ ” ဟု ပြောလိုက်၏။
“ အဘွား … ”
“ ဘာမှ အားနာမနေနဲ့။ ကဲ ကဲ .. မြန်မြန် အိပ်ပြန်ပြီး နားတော့။ အရမ်း အပင်ပန်းမခံနဲ့။ ”
ဝမ်ရွှယ်ရှစ်ရဲ့ ဘေးမှာ ထိုင်နေတဲ့ ရှန်းရှီက အနည်းငယ် မနာလိုဖြစ်သွားမိသည်။ တအားတွေ သဘောကောင်းနေတဲ့ ဒီယောက္ခမကြီးက ဟဲရှောင်ယာ ကလေးမမွေးသေးတာတောင် အခုကတည်းက အန်ပေါင်းတွေ ၊ ဘာတွေ ပေးနေပါပြီ။
ရှန်းရှီသည် သူမရဲ့ ဗိုက်ကို စိတ်ပူစွာ ငုံ့ကြည့်လိုက်မိသည်။ သူမရဲ့ ယောက်ျား ဝမ်ယွမ်ကောက အခုတော့ သင်္ဘောကျင်း အလုပ်ကြမ်းသမားအဖြစ် အလုပ် မလုပ်တော့ပေမဲ့ လင်မယားနှစ်ယောက် အတူ ကုန်ဆုံးဖြစ်တဲ့ အချိန်က ပိုနည်းသွားသည်။
နှစ်သစ်မှာတော့ သူမ ကြိုးစားမှ ရတော့မည်။
တာ့ကျွမ်းတို့လင်မယားသည် ဝမ်အိမ်တော်က ပြန်လာပြီးနောက် လွီရှို့ချိုက်နှင့် ရွာလူကြီးဝမ်တို့အိမ်ကိုလည်း လက်ဆောင်တွေ သွားပို့ပေးခဲ့သည်။
သူတို့ အိမ်ပြန်ရောက်လာတဲ့အခါမှာတော့ လီယောင်က မိသားစုဝင်တွေ ပြန်လည်ဆုံစည်းတဲ့ အထိမ်းအမှတ်ညစာအဖြစ် ဟင်းလျာတွေကို အလျှံအပယ် ပြင်ဆင်ထားပြီးပြီ ဖြစ်သည်။
ပေါကြွယ်ဝခြင်းကို ညွှန်ပြတဲ့ ငါးပေါင်းကတော့ နှစ်တိုင်း မပါမဖြစ်ပင်။ နေရာတိုင်းမှာ မိုးခေါင်နေတာမို့ ဝမ်ယွမ်ကောက ဒီငါးကို ယီကျိုးခရိုင်ကနေ တကူးတက ဝယ်လာခဲ့ရသည်။
စားပွဲပေါ်မှာ ဝက်သားနှပ် ၊ အသားစတူး ၊ ဝက်နံရိုးချိုချဉ်ကြော်နှင့် မွှေကြော်ဟင်းလျာ မျိုးစုံလည်း ရှိနေသည်။
တရားသူကြီးတို့လင်မယားရဲ့ မြောက်ပိုင်းအရသာနှင့် အစပ်အဟပ်တည့်စေဖို့ အရေခွံကြွပ်ကြွပ်လေး ရအောင် ကင်ထားတဲ့ ဘဲကင်နှင့် သိုးသား အစာသွပ်ထားတဲ့ ဖက်ထုပ်တွေကိုလည်း ပြင်ဆင်ထားခဲ့သည်။
တရားသူကြီးစုန့်က လီယောင်ကိုယ်တိုင် ကင်ထားတဲ့ ဘဲကင်ကို မြည်းစမ်းကြည့်ပြီးနောက် ဝေဝေဆာဆာ ချီးကျူးခဲ့သည်။ “ အမျိုးသမီးလီကို ဒီလောက် ဟင်းချက်ကောင်းလိမ့်မယ်လို့ ထင်မထားဘူး။ အရောင်အဆင်းကို ကြည့်ရုံနဲ့တင် ပီကင်းဘဲကင်ထက်တောင် ပိုစားကောင်းမှန်း သိသာတယ်။ ”
လီယောင်က ဟင်းချက်နည်းတွေကို ကျကျနန သင်ထားတာမို့ ဘဲကင်ကောင်းကောင်း ရအောင် ကင်ရတာက ဘာအခက်အခဲမှ မရှိပါ။
စုန့်ကျယ်ကပါ “ သိုးသားဖက်ထုပ်တွေကလည်း ကျွန်တော့်အမေ လုပ်တဲ့ ဖက်ထုပ်တွေထက်တောင် ပိုမွှေးသေးတယ်။ ” ဟု ဝင်ပြောလိုက်တော့ တရားသူကြီးကတော်က ရယ်မောနေသည်။
ထိုအချိန်မှာပဲ လီယောင်က မီးဖိုချောင်က ပြန်ထွက်လာခဲ့သည်။ သူမက အစတုန်းက ရှားရှန့်ကိုပါ ညစာ အတူတူ ဝင်စားဖို့ ဖိတ်ခေါ်ချင်နေပေမဲ့ သူက ခရိုင်တရားသူကြီးတို့မိသားစုပါ ရှိတယ် ဆိုတဲ့ စကားကို ကြားသည်နှင့် ခေါင်းမာစွာ ငြင်းဆန်ခဲ့သောကြောင့် လီယောင်က ဝမ်စန်းအာကိုပဲ သူ့အတွက် အစားအသောက်တွေ ၊ ဖက်ထုပ်တွေ သွားပို့ခိုင်းလိုက်ရသည်။
နှစ်သစ်ကူးချိန်ကို တစ်ယောက်တည်း ဖြတ်သန်းရတာ အထီးကျန်မှန်း သူမ သိသည်။
ဝမ်စန်းအာ ပြန်ရောက်လာသည်နှင့် မိသားစု နှစ်စုဟာ သူတို့ရဲ့ ပြန်လည်ဆုံစည်းသည့် ညစာစားပွဲကို တရားဝင် စတင်လိုက်လေသည်။
ဒီခေတ်မှာ တီဗီတွေ ၊ နှစ်သစ်ကူးချိန်မှာ ကျင်းပတဲ့ ရှိုးပွဲတွေ မရှိတာတော့ နှမြောစရာပါပဲ။ မဟုတ်ရင် အများကြီး ပိုပြီး ပျော်စရာကောင်းမှာ ဖြစ်သည်။
ညစာ စားပြီးသွားတော့ တရားသူကြီးကတော်က လီယောင်အပါအဝင် ကလေး တစ်ယောက်စီကို အန်ပေါင်းတွေ ပေးခဲ့သည်။ ကလေးတိုင်း နှစ်သစ်ကူးအန်ပေါင်းတွေ ရခဲ့ကြသည်။
ဝမ်စန်းအာကတော့ အန်ပေါင်း ရသော်လည်း အရမ်းကြီး စိတ်လှုပ်ရှား ပျော်ရွှင်ပုံမပြဘဲ ခြံထဲက စက်ဘီးကိုသာ စိုက်ကြည့်နေပါသည်။
“ ကျွန်တော် အဲ့ဒါကို စီးကြည့်လို့ ရလား အမေ။ ”
“ မင်း စီးတတ်လို့လား။ ”
“ စီးတော့ မစီးတတ်ပေမဲ့ လွယ်လောက်ပါတယ်။ ”
“ ဒါဆိုလည်း စမ်းကြည့်လေ။ ”
ဝမ်စန်းအာက သူ့အန်ပေါင်းကို ဝမ်ရှောင်စစ်ထံ ပစ်ပေးခဲ့ပြီး စက်ဘီးစီးနည်းကို စိတ်အားထက်သန်စွာ သွားသင်ယူတော့သည်။
ဒါပေမဲ့ စက်ဘီးလက်ကိုင်ကို ထိန်းရတာက သူ ထင်ထားတာထက် အဆပေါင်းများစွာ ပိုခက်ခဲပြီး အစပိုင်းမှာ ခဏ ခဏ လဲကျနေခဲ့သည်။
ဒါပေမဲ့ လီယောင်က အမှား တချို့ကို ထောက်ပြပေးတာကြောင့် ခဏအကြာမှာပဲ စက်ဘီးလက်ကိုင်ကို ကောင်းကောင်း ထိန်းနိုင်သွားသည်။
တရားသူကြီးစုန့်က ဝမ်စန်းအာ စက်ဘီးစီးနေတာကို ကြည့်ပြီး “ ဒီ အထူးအဆန်း စက်ပစ္စည်းက ဘာများပါလိမ့် ၊ ကိုယ် တစ်ခါမှ မမြင်ဖူးဘူး။ ” ဟု ပြောတော့ တရားသူကြီးကတော်က သူ့ကို ရှင်းပြလိုက်သည်။ “ အဲ့ဒါကို စက်ဘီးလို့ ခေါ်တယ်။ လီယောင် ပြောတာတော့ မြင်းထက်တောင် ပိုမြန်တယ် ၊ အစာလည်း ကျွေးစရာ မလိုဘူးတဲ့။ စီးတဲ့ လူမှာ အင်အား ရှိနေသရွေ့ သူက ဆက်တိုက် မရပ်မနား သွားနိုင်တယ်။ ” ဟု ရှင်းပြလိုက်သည်။
“ မြင်းထက်တောင် မြန်တယ်တဲ့လား။ ” တရားသူကြီးစုန့်က ဘာကိုမဆို အလွယ်တကူ မယုံတတ်ပါ။ “ လူရဲ့ အားက မြင်း တစ်ကောင်ရဲ့ အားနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ ”
လီယောင်ကတော့ အပြုံးလေးဖြင့် “ ကျွန်မတို့ ပြိုင်ပွဲလေး တစ်ခု လုပ်ကြည့်ရင် ဘယ်လိုလဲ တရားသူကြီးမင်း။ ” ဟု ပြန်ပြောလိုက်သည်။
“ ကောင်းသားပဲ။ အမျိုးသမီးလီက ဘယ်လို ပြိုင်ပွဲမျိုး လုပ်ချင်တာလဲ။ ”
“ တရားသူကြီးစုန့်က လူတွေ ရွေးပြီး မြင်းစီးသွားခိုင်းလိုက်ပါ။ ကျွန်မကတော့ စက်ဘီးစီးမယ်။ ကျွန်မတို့ရဲ့ စမှတ်က ဟဲဝမ်ရွာကနေ စမယ် ၊ ပိုင်ချွမ်းဈေးကို သွားပြီး အဲ့ဒီက လက်မှတ် တစ်စောင်ကို ယူခဲ့ရမယ် ၊ ဒီကို အရင်ဆုံး ပြန်ရောက်လာတဲ့ သူက အနိုင်ပဲ။ ”
“ ကောင်းပြီ ၊ အနိုင်ရတဲ့ လူကို ကျုပ်က ငွေချောင်း ( ၅ ) ချောင်း ဆုချမယ်။ ဒါပေမဲ့ အမျိုးသမီးလီ သတိတော့ ထားနော်။ ကျုပ်က ကာကွယ်ရေးခေါင်းဆောင်ကျန်းကို ဝင်ပြိုင်ခိုင်းမှာ ၊ သူ မြင်းကောင်း တစ်ကောင် ဝယ်ထားတာ မကြာသေးဘူး။ ”
“ ကျွန်တော်လည်း ဝင်ပြိုင်ချင်တယ် အမေ။ ” ဝမ်စန်းအာက ချက်ချင်းပဲ တက်ကြွသွားသည်။ “ ကျွန်တော် အမေရဲ့ မြင်းဖြူကြီးကို စီးလို့ ရမလား အမေ။ လုပ်ပါ … ”
“ မရဘူး။ ”
ဝမ်စန်းအာက စက်ဘီးဆီသို့ မျက်နှာညိုးငယ်စွာ ပြန်သွားဖို့ လုပ်နေစဉ်မှာပဲ လီယောင်က “ ဒါပေမဲ့ အမေ မင်းအတွက် မြင်း တစ်ကောင် ဝယ်ထားတယ်။ ” ဟု ထပ်ပြောလိုက်သည်။
“ ဟမ် … ကျွန်တော့်အတွက် ….. ” ဝမ်စန်းအာ ဆွံ့အသွား၏။
“ ဟုတ်တယ်။ မြင်းဇောင်းထဲမှာ သွားကြည့်ချေ။ ”
“ ကျေးဇူးတင်ပါတယ် အမေ။ ”
မြင်း ရှိနေမှတော့ ဘယ်သူက စက်ဘီးကို ဂရုစိုက်ဦးမှာလဲ … ။ ဝမ်စန်းအာသည် လေလိုအလျင်ဖြင့် မြင်းဇောင်းဆီသို့ ပြေးသွားခဲ့ပြီး ခဏအကြာမှာတော့ မြင်းပျိုလေး တစ်ကောင်နှင့်အတူ ပြန်ရောက်လာခဲ့ပါသည်။
…