စက်ဘီး။
Vol. 10 Ch. 112
အရေးအကြီးဆုံးကတော့ စက်ဘီးတွေက ဘာအစာမှ ကျွေးစရာမလို ၊ ပြင်းထန်တဲ့ အပူအအေးတွေ ၊ နေဒဏ်မိုးဒဏ်တွေကိုလည်း မကြောက်ဘဲ လေးလံတဲ့ ပစ္စည်းတွေကို သယ်နိုင်တာ ဖြစ်သည်။
အနာဂတ်မှာ အိမ်တိုင်းမှာ စက်ဘီး တစ်ဘီးစီ ရှိလျှင် ပစ္စည်းတွေကို သယ်ယူပို့ဆောင်ရတာ အတော်လေး လွယ်ကူသွားလိမ့်မည်။
“ ကြည့်ရတာ ငါ နေပြည်တော်ကို နောက်ထပ် စာလွှာ တစ်စောင် ထပ်ပို့ရမယ့်ပုံပဲ။ ”
တင် လင် လင် –
ပန်းတိုင်ကို ခလုတ်မထိ ဆူးမငြိဘဲ ပထမဆုံး ဖြတ်ကျော်နိုင်ခဲ့သူက လီယောင် ဖြစ်သည်။
ဒါပေမဲ့ ( ၃၀ ) ကီလိုမီတာနီးပါး ရှိတဲ့ ခရီးကို အားကုန်သုံးကာ စက်ဘီးနင်းလာပြီးတဲ့နောက် သူမပင်လျှင် ခန္ဓာကိုယ်မှာ ချွေးတွေ ရွဲနစ်နေ၏။
ဆယ်မိနစ်ကျော်လောက် အကြာမှာတော့ သူတို့ရဲ့ မြင်ကွင်းထဲကို ခေါင်းဆောင်ကျန်းနှင့် ဝမ်စန်းအာ ဝင်ရောက်လာခဲ့သည်။
“ ဟမ် ၊ ခေါင်းဆောင်ကျန်းက တကယ်ကြီး နောက်မှာ ကျန်ခဲ့တာလား။ ”
ထိုရလဒ်က တရားသူကြီးစုန့်ကို ပိုလို့တောင် အံ့ဩသွားစေခဲ့လေသည်။ တရားသူကြီးစုန့်က ဝမ်စန်းအာကို တမင် သက်ညှာပြီး အနိုင်ပေးလိုက်တာလား ဟူ၍တောင် သူ သံသယဝင်မိသည်။
“ ကျွန်တော် နိုင်ပြီ။ ”
ဝမ်စန်းအာက ခေါင်းဆောင်ကျန်းရှေ့မှာ မြင်းနှစ်ကောင်စာလောက် ရှေ့ရောက်နေခဲ့ပြီး ပန်းတိုင်ကို အရင်ဆုံး ကျော်လွန်သွားလေသည်။
သူ့နောက်မှ ဒုတိယဝင်လာတဲ့ ခေါင်းဆောင်ကျန်းက အတော်လေး အောင့်သက်သက် ဖြစ်နေပြီး မြင်းပေါ်က ဆင်းပြီးသည်နှင့် ဝမ်စန်းအာထံ ပြေးသွားခဲ့သည်။
“ မင်း ဘယ်လိုလုပ်ပြီး မြင်းရဲ့ ကျောပေါ်မှာ မတ်တပ်ရပ်နိုင်တာလဲ။ ”
ဝမ်စန်းအာက ခေါင်းဆောင်ကျန်းကို မြင်းရဲ့ တခြားတစ်ဖက်သို့ ခေါ်သွားပြီး မြင်းကုန်းနှီးကို ပုတ်ပြလိုက်သည်။ “ ဒီမှာ ကြည့်ပါ ခေါင်းဆောင်ကျန်း။ ”
“ ဒီဘက်မှာလည်း ခြေနင်းကွင်းတွေ ရှိတာလား။ ”
ခေါင်းဆောင်ကျန်းတစ်ယောက် အလွန် အံ့အားသင့်သွားသည်။
ခြေနင်းကွင်း ဆိုတာ မြင်းပေါ် တက်တဲ့ နေရာမှာ နင်းတက်ဖို့ အသုံးပြုရတဲ့ ပစ္စည်းလေ … ။ နှစ်ဖက်စလုံးမှာ ခြေနင်းကွင်း နှစ်ကွင်း ရှိတယ် ဆိုတော့ တစ်ချိန်တည်းမှာ လူနှစ်ယောက် ပြိုင်တူ တက်လို့ ရတယ် ဆိုတဲ့ အဓိပ္ပာယ်လား … ။
မဟုတ်သေးဘူး မဟုတ်သေးဘူး … ။
သူ သေချာ စဥ်းစားကြည့်လိုက်တော့မှ ထိုစိတ်ကူးက တီထွင်ဉာဏ်ကောင်းတဲ့ စိတ်ကူးဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားပါသည်။
“ ငါ စမ်းကြည့်လို့ ရမလား။ ”
“ ရတယ် ၊ စမ်းကြည့်လေ။ ”
ခေါင်းဆောင်ကျန်းက မြင်းပေါ်ကို တက်ပြီး သူ့ခြေထောက်နှစ်ဖက်လုံးကို ခြေနင်းကွင်းပေါ် တင်လိုက်ချိန်မှာတော့ သူ ခန့်မှန်းတာ မှန်ကန်ကြောင်း ပိုလို့တောင် သေချာသွားခဲ့သည်။
အရင်တုန်းက မြင်းစီးတဲ့အခါ မြင်းပေါ်ကို ရောက်သည်နှင့် ခြေနင်းကွင်းတွေကို အသုံးပြုရတာ ရှားသည်။ မြင်းရဲ့ ကျောပေါ်မှာ ကိုယ့်ကိုယ်ကိုယ် ငြိမ်အောင် ထိန်းထားနိုင်ဖို့အတွက် ခြေထောက်ခွန်အားတွေကိုသာ အားကိုးပြီး မြင်းကုန်းနှီးကို မြဲနေအောင် ကုပ်တွယ်ထားရတဲ့အပြင် မြင်းကုန်းနှီးကိုပါ လက်တစ်ဖက်နှင့် ကိုင်ထားရသေးသည်။
အကျိုးဆက်ကတော့ မြင်းစီးသူရဲ့ ခွန်အားနှင့် စိတ်အာရုံကို ဖရိုဖရဲ ဖြစ်စေပြီး စစ်ပွဲထဲမှာ ရန်သူနှင့် တွေ့လျှင် ခွန်အား အနည်းငယ်ကိုသာ အသုံးပြုလို့ ရသည်။
ဒါပေမဲ့ ခြေနင်းကွင်း နှစ်ခုနှင့် ဆိုလျှင်တော့ အခြေအနေက တစ်မျိုးတစ်ဖုံ ကွဲပြားသွားပါသည်။ ခြေထောက်နှစ်ဖက်စလုံးက ခြေနင်းကွင်းတွေပေါ်မှာ ကုပ်တွယ်ထားလိုက်သလိုပဲမို့ ခန္ဓာကိုယ်ဟန်ချက်ကို အလွယ်တကူ ထိန်းချုပ်နိုင်ပြီး အရင်တုန်းက တွေးတောင် မတွေးဖူးတဲ့ ‘ မြင်းပေါ်မှာ မတ်တပ်ရပ်တာ ၊ ဓားနှင့် ခုတ်တာ ၊ မြှားပစ်တာ ’ တွေလို ခက်ခက်ခဲခဲ လုပ်ဆောင်ချက်တွေ အကုန်လုံးကို မြန်ဆန်စွာ လုပ်ဆောင်နိုင်သည်။
ဒီခြေနင်းကွင်းတွေနှင့် ဆိုလျှင် မြင်းတပ် တစ်ဝက်ကျော်လောက်ကို သူ့တစ်ယောက်တည်း အနိုင်ယူ ချေမှုန်းနိုင်လိမ့်မည်ဟု ခေါင်းဆောင်ကျန်း ခံစားလိုက်ရသည်။
တရားသူကြီးစုန့်က ဝမ်စန်းအာရဲ့ မြင်းကို စီးကာ ဟိုပြေးလိုက် ၊ ဒီပြေးလိုက် လုပ်နေတဲ့ ခေါင်းဆောင်ကျန်းကို ကြည့်ကာ ကြောင်အမ်းအမ်း ဖြစ်သွားသည်။
“ မင်း ဘာလုပ်နေတာလဲ ခေါင်းဆောင်ကျန်း။ မင်း ရှုံးသွားပြီလေ။ အရှုံးကို ဝန်ခံလိုက်ပါ။ ဝမ်စန်းအာရဲ့ မြင်းကို ဘာလို့ နှိပ်စက်နေတာလဲ။ ”
သတိပြန်ဝင်လာတဲ့ ခေါင်းဆောင်ကျန်းက မြင်းပေါ်က အမြန် ဆင်းပြီး တရားသူကြီးစုန့်ကို ခြေနင်းကွင်းနှစ်ခုအကြောင်း အမှန်အတိုင်း အစီရင်ခံလိုက်သည်။ “ တရားသူကြီးမင်းခင်ဗျာ .. ဒီနည်းလမ်းကိုသာ စစ်တပ်ထဲမှာ တွင်တွင်ကျယ်ကျယ် သုံးနိုင်ရင် ကျွန်တော်တို့မြင်းတပ်ရဲ့ စစ်တပ်အင်အား အများကြီး တိုးလာမှာ သေချာပါတယ်။ ”
“ တကယ်လား။ ”
“ ဒီကျန်းမျိုးရိုးက အသက်နဲ့ ရင်းပြီး ကျိန်ဆိုပါတယ်။ ” ဟု ခေါင်းဆောင်ကျန်းက လေးလေးနက်နက် ပြောလိုက်သည်။ “ ဒီကိစ္စက အရေးကြီးပါတယ် တရားသူကြီးမင်း။ ကျေးဇူးပြုပြီး တရားရုံးတော်ကို ချက်ချင်း သတင်းပို့ပေးပါ။ ကျွန်တော်တို့ရဲ့ စစ်သည်တော်တွေအတွက်ရယ် ၊ အမျိုးသမီးကို ဆုတော်လာဘ်တော်တွေ ချီးမြှင့်ပေးဖို့အတွက်ရယ် သူ့ကိုယ်စား တောင်းဆိုပါတယ်။ ”
တရားသူကြီးစုန့် : …
အရင်တစ်ခေါက် လီယောင့်ကိုယ်စား ဆုတော်လာဘ်တော်တွေကို တောင်းဆိုတုန်းက အဲ့ဒါက လီယောင်ဟာ မူလထွန်တုံးကို အဆင့်မြှင့်တင်၍ ထွန်တုံးအကွေးကို တီထွင်နိုင်ခဲ့လို့ ဖြစ်ပြီး ကြားထဲမှာ နှစ်လတောင် မကြာသေးပါ။
အခုတစ်ခေါက်လည်း ဆုတော်လာဘ်တော်တွေကို ထပ်ပြီး တောင်းဆိုရပြန်ဦးမည်။ အဲ့ဒါကလည်း စက်ဘီးနှင့် ခြေနင်းကွင်းနှစ်ကွင်းပါတဲ့ မြင်းကုန်းနှီး ဆိုတဲ့ တီထွင်ဖန်တီးမှု နှစ်ခုအတွက် ဖြစ်ပေသည်။
ဒီခြေနင်းကွင်းနှစ်ကွင်းက ခေါင်းဆောင်ကျန်း ပြောသလိုပဲ အမှန်တကယ် အသုံးဝင်တယ် ဆိုရင်တော့ ကန်စွန်းဥတွေကို ရှာဖွေတွေ့ရှိတာထက်တောင် ပိုကြီးကျယ်တဲ့ အောင်မြင်မှု တစ်ခု ဖြစ်မှာ အသေအချာပင်။
တရားသူကြီးကတော်က သူ့ကို “ ရှင် ဘာတွေ ငိုင်နေတာလဲ။ အစီရင်ခံစာကို မြန်မြန် သွားရေးတော့လေ။ ” ဟု လောဆော်လိုက်သည်။
“ ကိုယ် သိပါတယ်။ ”
ဒါပေမဲ့ တရားသူကြီးစုန့် စိုးရိမ်နေတာတော့ ရှိသည်။ သူကသာ စာလွှာတွေကို ဆက်တိုက် ပို့နေပေမဲ့ လီယောင့်ကို ချီးမြှင့်တဲ့ ဆုတော်လာဘ်တော်တွေကို အခုထိ မမြင်ရသေးပါ။ နှုတ်အပြောဖြင့် ချီးကျူးစာလွှာလေး တစ်စောင်တလေတောင် ရောက်မလာပေ။
အဲ့ဒါက သူ့စာလွှာတွေကို ဘုရင်းမင်းမြတ် တစ်ခါမှ မမြင်လောက်သေးဘူး ဆိုတဲ့ အဓိပ္ပာယ် ဖြစ်သည်။
မဖြစ်ဘူး။ သူ နည်းလမ်းရှာမှ ရမယ် … ။
ဒါပေမဲ့ ဘယ်သူ့ကို အကူအညီတောင်းရမလဲ … ။
တရားသူကြီးစုန့်သည် အချိန်အတော်ကြာ စဉ်းစားချင့်ချိန်နေပြီးနောက် ဆုံးဖြတ်ချက်ချလိုက်၏။
“ သူ ဒီပြဿနာကို အရင်လိုပဲ သမာသမတ်ကျကျ ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်တယ်။ ”
…
လီယောင့်ရဲ့ စက်ဘီးက တာထွက်ကောင်းခဲ့ပါသည်။ ရွာသူ ၊ ရွာသားတွေက သူတို့လည်း တစ်စီး လိုချင်သည်ဟု ပြောကာ တရားသူကြီးစုန့်ပင်လျှင် တရားရုံးတော်မှာ မွေးထားတဲ့ မြင်းတွေကို ရောင်းပစ်ပြီး စက်ဘီးတွေနှင့် အစားထိုးဖို့ စီစဉ်နေခဲ့သည်။
အခုက စပြီး သူ တရားရေးရာကိစ္စတွေနှင့် အပြင်သွားတဲ့အခါတိုင်း ရထားလုံးအစား စက်ဘီးကိုပဲ စီးတော့မည်။ စက်ဘီးက ကုန်ကျစရိတ်တွေကို လျှော့ချပေးရုံသာမက ခန္ဓာကိုယ်အတွက်လည်း လေ့ကျင့်ခန်းလုပ်ပြီးသား ဖြစ်သည်။
လီယောင်ရဲ့ ခြံထဲမှာ လာလေ့လာကြတဲ့ ခေါင်းဆောင်ကျန်းနှင့် အမှုထမ်းတွေက စက်ဘီးစီးနည်းကို အချိန်ခဏလေးနှင့် နားလည်သွားခဲ့ပေမဲ့ တရားသူကြီးစုန့်ကတော့ စက်ဘီးပေါ် တက်လိုက်တိုင်း စက်ဘီးက သူ့ကို မုန်းတီးနေသလိုမျိုး ခဏ ခဏ လဲကျနေခဲ့သည်။
ထိုအဖြစ်က တရားသူကြီးစုန့်ကို အလွန် စိတ်ဓာတ်ကျသွားစေသည်။
“ တကယ်တော့ နှစ်သစ်ကူးအားလပ်ရက်တွေအတွင်းမှာ ကျွန်မ ရှားရှန့်ကို ဘီးသုံးဘီး ပါတဲ့ စက်ဘီးတစ်စီးလည်း ပြုလုပ်ခိုင်းထားပါတယ် တရားသူကြီးစုန့်။ ”
လီယောင့်ရဲ့ စကားကြောင့် တရားသူကြီးစုန့် မျက်လုံးပြူးသွားသည်။
“ ဘီးသုံးဘီး ပါတဲ့ စက်ဘီး .. ဟုတ်လား။ ”
လီယောင်က “ ဘီးသုံးဘီးနဲ့ဆို လဲကျတော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အရှိန်ကတော့ ဘီးနှစ်ဘီးနဲ့ စက်ဘီးတွေလောက်တော့ မမြန်ဘူးပေါ့။ ” ဟု ရှင်းပြလိုက်၏။
“ ရတယ် ၊ ကျုပ် အရှိန်ကို ဂရုမစိုက်ဘူး။ အဲ့စက်ဘီးကို အခုပဲ စမ်းကြည့်လို့ ရမလား။ ”
အလုပ်အားနေတဲ့ ရှားရှန့်က အစိတ်အပိုင်းတွေကို လှည်းပေါ်က ခပ်သွက်သွက် သွားယူပြီး စတင် တပ်ဆင်နေခဲ့သည်။ ဆယ့်ငါးမိနစ်တောင် မကြာလိုက်ဘဲ လူတိုင်းရှေ့မှာ ဘီးသုံးဘီးနှင့် စက်ဘီးလေး တစ်စီး ပုံပေါ်လာခဲ့ပါသည်။
တရားသူကြီးစုန့်က ထိုစက်ဘီးကို တောက်ပသော မျက်လုံးများဖြင့် ကြည့်ပြီး ကလေး တစ်ယောက်လိုပင် အားရဝမ်းသာ တက်စီးလိုက်၏။ “ တကယ် လဲမကျတော့ဘူးပဲ။ ”
အသက်လေးဆယ်ကျော် တရားသူကြီးစုန့်သည် ခြံထဲမှာ ဘီးသုံးဘီး စက်ဘီးကို ကလေး တစ်ယောက်ကဲ့သို့ လှည့်ပတ်စီးနေခဲ့လေသည်။
တရားသူကြီးကတော်က လီယောင့်ကို “ ကျေးဇူးတင်ပါတယ် အမျိုးသမီးလီ။ ” ဟု ပြောတော့ “ ကျွန်မကို ဘာအတွက် ကျေးဇူးတင်တာလဲ။ ” ဟု ပြန်မေးလိုက်သည်။
“ ကျွန်မယောက်ျား ရာထူးလျှော့ချခံရပြီးတဲ့နောက်ပိုင်း ဒီလောက် ပျော်နေတာ တစ်ခါမှ မမြင်ဖူးဘူး။ သူ့ရဲ့ အရင်ပုံစံကို ပြန်မြင်လိုက်ရသလို ခံစားကတယ်။ ”
လီယောင်က စိတ်ထဲကနေပဲ တိုးတိုးလေး ကျိတ်ရယ်လိုက်သည်။ သူမရှေ့မှာ ခွေးစာတွေကို ပြန့်ကျဲမနေစေချင်ပါ။
လိုအပ်ချက် ပြည့်မြောက်သွားတဲ့ တရားသူကြီးစုန့်က လီယောင်ကို “ ဒီစက်ဘီးမျိုးတွေကို များများ ထုတ်လုပ်ပေးဖို့ တောင်းဆိုလို့ ရမလား အမျိုးသမီး။ ” ဟု မေးလိုက်၏။
“ ရတယ်လေ။ ကျွန်မ လုပ်ပေးနိုင်ပါတယ်။ ”
စက်ဘီးမှ နည်းပညာပိုင်းဆိုင်ရာ ခက်ခဲရှုပ်ထွေးမှုတွေ အများကြီး မပါ,ပါ။ တောင်ပိုင်းက ရာဘာတွေကို လိုအပ်သလောက် ဝယ်လို့ ရနေသရွေ့ ကုန်ပစ္စည်း အများအပြား ထုတ်လုပ်ဖို့က လက်တစ်ကမ်းမှာပဲ ရှိသည်။
“ ဒါဆို မင်း ဘယ်အချိန် စမလဲ။ ”
“ ကျွန်မ အလုပ်ရုံဆောက်ဖို့ ပြင်ဆင်ပြီးနေပါပြီ။ အလွန်ဆုံး နှစ်လကြာရင် ဒီစက်ဘီးတွေကို စတိုးဆိုင်မှာ ရောင်းချနိုင်ပါလိမ့်မယ်။ ”
“ ကောင်းတယ် ကောင်းတယ်။ ဒီလိုဆို နောက်ရက်တွေမှာ ကျုပ်လည်း မင်းရဲ့ စက်ဘီးကို လူသိများအောင် ကြေညာပေးမယ်။ ”
တရားသူကြီးစုန့်ရဲ့ ကြော်ငြာနည်းလမ်းက အလွန် ရိုးရှင်းပါသည်။ သူ လီယောင့်ကို စက်ဘီးတွေ ထပ်လုပ်ခိုင်းကာ ထိုစက်ဘီးတွေကို ကာကွယ်ရေးခေါင်းဆောင်ကျန်းနှင့် အမှုထမ်းအဖွဲ့ရဲ့ လက်ထဲကို ထည့်ပေးရုံသာ လိုသည်။ ထို့နောက် ဘီးသုံးဘီး စက်ဘီးကို သူကိုယ်တိုင် နေ့တိုင်း စီးပြီး ပိုင်ချွမ်းဈေးအနီးတစ်ဝိုက်မှာ သုံး ၊ လေးပတ်လောက် လှည့်ပတ်သွားလာမည်။ တခြားနေ့တွေမှာလည်း သူ ကျေးလက်ဒေသတွေကို ထိုစက်ဘီးနှင့် သွားလို့ ရသည်။
ဒီလို နည်းပညာမြင့်မားတဲ့ ထုတ်ကုန်ပစ္စည်းတွေကို တစ်ခါမှ မမြင်ဖူးတဲ့ သာမန်ပြည်သူတွေက အလွန် အံ့ဩသွားလိမ့်မည် ဖြစ်ပြီး အမှုထမ်းတွေက ထိုအခွင့်အရေးကို မိမိရရ အသုံးချကာ ဒီပစ္စည်းက ဟဲဝမ်ရွာက လီမိသားစု ထုတ်လုပ်တဲ့ ပစ္စည်းဖြစ်ကြောင်း ကြေညာပေးလိမ့်မည်။
လဝက်တောင် မပြည့်သေးခင်မှာပဲ ပိုင်ချွမ်းခရိုင်မှာ ရှိတဲ့ ပြည်သူတွေ အကုန်လုံး စက်ဘီးနှင့် ဘီးသုံးဘီး စက်ဘီးတွေအကြောင်း သိသွားခဲ့ကြလေသည်။
လူ တစ်ယောက်က “ အမျိုးသမီးလီက တကယ် အသုံးဝင်တဲ့ ပစ္စည်းကောင်းတွေပဲ ထုတ်လုပ်တယ် ဆိုတာ သိပေမဲ့ ကျုပ် ပိုက်ဆံမတတ်နိုင်ဘူးဗျ။ ” ဟု ထပြောသည်။
ခရိုင်တရားသူကြီးမင်းတောင် အသုံးပြုနေတဲ့ ပစ္စည်းကို သာမန်ပြည်သူတွေက ဘယ်လိုလုပ် ဝယ်နိုင်မှာလဲ … ။ သူတို့ကို လာနောက်မနေပါနဲ့။
“ မဟုတ်ဘူး မဟုတ်ဘူး ၊ ခင်ဗျား ထင်နေသလို မဟုတ်ဘူး။ အမျိုးသမီးလီက ဒီစက်ဘီးတွေက ဈေးမကြီးဘူးလို့ ပြောတယ် ၊ တစ်စီးကိုမှ ငွေချောင်း ငါးချောင်းပဲ ကျသင့်မှာ။ ရေရှည် သုံးရမှာနဲ့ ပြန်တွက်ကြည့်ရင် သေချာပေါက် တန်ပါတယ်ဗျာ။ ” ဟု ကာကွယ်ရေးခေါင်းဆောင်ကျန်းက ရှင်းပြလိုက်၏။
“ ပြီးတော့ စက်ဘီးနဲ့ ဆိုရင် ယီကျိုးခရိုင်နဲ့ ဒီနဲ့ကိုတောင် နေ့တွင်းချင်း အသွားအပြန် လုပ်လို့ ရတယ်။ ”
“ စီးပွားရေးအတွက် သုံးမယ် ဆိုရင်လည်း ဒါက နွားလှည်းတွေ ၊ မြင်းနဲ့ မောင်းတဲ့ ရထားလုံးတွေထက် အများကြီး အကုန်အကျသက်သာမှာ မဟုတ်ဘူးလား။ ”
ခေါင်းဆောင်ကျန်းနှင့် အမှုထမ်းတွေရဲ့ အာပေါင်အာရင်းသန်သန် မဲဆွယ်မှုကြောင့် လူတွေက စတင် ယိမ်းယိုင်လာခဲ့ကြသည်။
…