ယီကျိုးခရိုင်ရဲ့ အကြီးမားဆုံး စိုက်ပျိုးမွေးမြူရေးသမားကြီး။
Vol. 10 Ch. 113
ငွေချောင်း ဆယ့်ငါးချောင်းက မနည်းမနော ပမာဏ ဖြစ်သော်လည်း သာမန်ပြည်သူတွေ လုံးဝ မတတ်နိုင်တဲ့ ပမာဏတော့ မဟုတ်ပါ။ ဖွံ့ဖြိုးတိုးတက်မှုအနှေးကွေးဆုံး ဒေသတွေမှာတောင် ချမ်းသာတဲ့ လူတွေ အနည်းငယ်တော့ ရှိပါသေးသည်။
တရားရုံးတော်အမှုထမ်းတွေနှင့် အမျိုးအစားတူညီတဲ့ စက်ဘီးကို စီးနိုင်ခြင်း ၊ ခရိုင်တရားသူကြီးမင်းနှင့် တူညီတဲ့ ဘီးသုံးဘီး စက်ဘီးကို စီးနိုင်ခြင်းက ဘယ်လိုပဲကြည့်ကြည့် ဂုဏ်ယူစရာပဲ ဖြစ်သည်။
လူတိုင်းသည် လီမိသားစုရဲ့ ခေတ်မီစတိုးဆိုင်မှာ စက်ဘီးတွေကို စတင် ရောင်းချသည်နှင့်တစ်ပြိုင်နက် သွားဝယ်ဖို့ ဆုံးဖြတ်လိုက်ကြတော့သည်။
…
လီယောင်ကတော့ အလုပ်ရုံတွေကို ဆောက်ရင်း အလုပ်ရှုပ်နေခဲ့သည်။
စက်ဘီး တည်ဆောက်ရတာ မခက်ပေမဲ့ ဂေါ်လီဘောလ်တွေ ၊ စပရင်တွေကတော့ လုပ်ရတာ အချိန်ပေးရသည်။ ရှားရှန့်သည် ဦးနှောက်ကို သူ့မီးထတောက်လောက်အောင်ပင် ဖျစ်ညှစ်စဉ်းစားခဲ့သော်လည်း ထိုပါဝင်ပစ္စည်း နှစ်မျိုးကို မြန်မြန်ဆန်ဆန် ထုတ်လုပ်နိုင်မယ့် နည်းလမ်းကို ရှာမတွေ့ခဲ့ပေ။
“ ပန်းပဲဆရာတွေ ထပ်ငှားပြီး ကျုပ် သူတို့ကို သင်ပေးရင်ရော ဘယ်လိုလဲ သူဌေး။ ”
“ မရဘူး။ ”
လူလုပ်ဂေါ်လီဘောလ်တွေက အသုံးဝင်မှု လျော့နည်းရုံသာမက တိကျမှုအတွက်လည်း အာမခံချက် မရှိပေ။ သူတို့က စက်ပစ္စည်းတွေပေါ်မှာ မှီခိုနေရသေးသည်။
လီယောင်က လိုချင်တဲ့ ဝိုင်ယာကြိုး ပုံပန်းသဏ္ဍာန်ကို တိတိကျကျ ထုတ်လုပ်ပေးနိုင်တဲ့ ပုံသွင်းကိရိယာ တစ်မျိုးနှင့် အတိုင်းအတာတစ်ခုထိ အလိုအလျောက် လည်ပတ်နိုင်တဲ့ ဖောက်စက် တစ်ခုကို ဒီဇိုင်းဆွဲထားပြီးသား ဖြစ်ပေမဲ့ ရေလှောင်တမံထဲမှာ လောလောဆယ် ရေမရှိတော့တာမို့ စက်ပစ္စည်းတွေကို ရေအားနှင့် လည်ပတ်မယ့် အစီအစဉ်ကို အချိန်တစ်ခုထိ အကောင်အထည်ဖော်နိုင်ဦးမှာ မဟုတ်ပေ။
“ လောလောဆယ် ဒီကိစ္စကို ခဏဘေးဖယ်ပြီး တခြား တစ်ခုကိုပဲ အရင် လုပ်ရအောင် ရှားရှန့်။ ”
“ ကျုပ်တို့ ဒီတစ်ခေါက် ဘာလုပ်မှာလဲ။ ”
လီယောင် ပြုလုပ်ဖန်တီးတဲ့ စက်ပစ္စည်းတွေကတော့ သိပ်မရှုပ်ထွေးပါ။ သံစည်ပိုင်းကြီး တစ်လုံး ၊ သံပစ္စတင် တစ်ခု ၊ ကြေးဝါအဆို့ရှင် တစ်ခု ၊ စည်ပိုင်းနှင့် တူတဲ့ ရေနွေးအိုး တစ်အိုးတို့ ဖြစ်သည်။
ပြုလုပ်ပြီးစီးသွားတဲ့ ပစ္စည်းကို တစ်ခုချင်း တပ်ဆင်လိုက်သောအခါ အရိုးခံအကြမ်းသုံး ရေနွေးငွေ့အင်ဂျင် တစ်လုံး ပုံပေါ်လာခဲ့သည်။
“ ရေနွေးငွေ့နဲ့ စက်ပ္စည်းတွေကို လည်ပတ်မယ် .. ဟုတ်လား။ ”
ဒီပစ္စည်းကို ဘယ်လို အသုံးပြုမလဲ ဆိုတာကို နားလည်သွားချိန်မှာ ရှားရှန့်ရဲ့ မျက်လုံးတွေက ကြက်ဥတွေထက်တောင် ပိုပြူးကျယ်သွားခဲ့သည်။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ … ။ ရေနွေးငွေ့က ဘယ်လောက်ပဲ အားကောင်းတယ် ဆိုဦးတော့ ၊ အများဆုံးမှ အိုးအဖုံးလောက်ကိုပဲ တွန်းနိုင်မှာလေ။
“ မီးမွှေးလိုက်။ ” လီယောင်က မီးပြင်းဖိုထဲကို ကျောက်မီးသွေး အနည်းငယ် ထည့်ရင်း ခပ်ပြတ်ပြတ် ပြောလိုက်သည်။
ရေနွေးအိုးထဲက ရေနွေးတွေ ဆူပွက်လာသည်နှင့်အမျှ ရေနွေးငွေ့တွေ အများကြီးက ပိုက်တွေကနေ တစ်ဆင့် ရေနွေးငွေ့အင်ဂျင်ထဲကို ဝင်သွားခဲ့သည်။
နေရာလွတ်တွေကြားကနေ စိမ့်ထွက်လာတဲ့ ရေနွေးငွေ့တွေရဲ့ တရွှီရွှီ အသံကို ကြားနေရပေမဲ့ ပစ္စတင်က နည်းနည်းတောင် မလှုပ်သေးပါ။
“ ဒါက အလုပ်မလုပ်ဘူး ထင်တယ် သူဌေး။ ”
“ စိတ်မပူပါနဲ့။ ”
လီယောင်က ရေနွေးငွေ့အင်ဂျင်ရဲ့ ဖလိုင်းဝှီးကို ကိုင်ပြီး အားနှင့် ဆွဲလှည့်လိုက်သောအခါ အံ့အားသင့်ဖွယ်ဖြစ်ရပ် ဖြစ်ပေါ်လာခဲ့လေသည်။
ခုနတုန်းက မရွေ့မလျား ငြိမ်သက်နေခဲ့တဲ့ ပစ္စတင်က အခုတော့ ရေနွေးငွေ့ရဲ့ တွန်းအားအောက်မှာ အရှေ့အနောက် စတင် လှုပ်ရှားလာခဲ့ပြီး ချိတ်ဆက်ထားတဲ့ စက်ယန္တရားကနေတစ်ဆင့် ဖောက်စက်ကို လည်ပတ်စေခဲ့သည်။
လီယောင်က ခြေနင်းကို နင်းလိုက်၏။
ဖောင်း … ။
ဖောက်စက်က သူမရဲ့ အမိန့်အတိုင်းပင် ချက်ချင်းပဲ ထိုးဖောက်သွားပြီး အမြင့်ဆုံးအမှတ်မှာ ရပ်တန့်သွားကာ နောက်ထပ်အမိန့်ကို စောင့်နေခဲ့သည်။
လီယောင်သည် ထပ်ခါတလဲလဲ စမ်းသပ်ကြည့်ပြီး ဘာပြဿနာမှ မရှိတာ သေချာတော့မှ သံမဏိလုံးလေး တစ်လုံးကို ညှပ်နှင့် ညှပ်ကာ ပုံစံခွက်ထဲ ထည့်လိုက်သည်။
ဖောင်း … ။
သံမဏိလုံးလေးဟာ အားကောင်းတဲ့ ဖောက်အားနှင့်အတူ ပြီးပြည့်စုံလုနီးပါး အလုံးလေး တစ်လုံးအဖြစ် ထိုးဖောက်ခံလိုက်ရပြီးနောက် ကြမ်းရှရှ အနားစွန်းတွေကို ဖယ်ရှားလိုက်ရုံဖြင့် အရည်အသွေးပြည့်မှီတဲ့ သံမဏိလုံးလေးကို ရရှိနိုင်ပါပြီ။
ရှားရှန့်က လီယောင်ရဲ့ တရစပ် လုပ်ဆောင်မှုတွေကို ကြည့်ပြီး ဖားဖိုကို လွှဲဖို့တောင် မေ့လျော့နေခဲ့သည်။ အရည်အသွေးပြည့်မှီတဲ့ သံမဏိလုံးလေး တစ်လုံးကို ရဖို့ သူကိုယ်တိုင်တောင် အနည်းဆုံး ဆယ်မိနစ် အချိန်ယူရပြီး တစ်ချက်လေးမှ အာရုံမပျံ့စေဘဲ အပြည့်အဝ အာရုံစူးစိုက်ထားဖို့ လိုသည်။
ဒါပေမဲ့ ဒီစက်ပစ္စည်းနှင့် ဆိုရင် မျက်စိတစ်မှိတ်အတွင်းမှာပင် စင်းလုံးချောသံမဏိလုံးကို ဖန်တီးပြုလုပ်နိုင်ပြီး သူ တစ်နှစ်လောက် လုပ်ရတဲ့ အရေအတွက်ကို တစ်နာရီတည်းနှင့် လုပ်နိုင်လောက်သည်။
တကယ့်ကို အံ့ဩစရာကောင်းတာပဲ။
သူ့သူဌေးမှာ ဘယ်လိုလုပ် ဒီလို စိတ်ကူးတွေ ရှိနေရတာလဲ။ သူက ပိုင်ချွမ်းက လွဲလို့ ဘယ်ကိုမှ မသွားဖူးတဲ့ အိမ်ရှင်မ တစ်ယောက် ဆိုတာ တကယ်ရော ဟုတ်ရဲ့လား … ။
“ မီးကို ဆက်ပြီး ဖိုထားလိုက်။ အရင်ဆုံး နှစ်နာရီလောက် စမ်းသပ်ကြည့်ကြမယ်။ ”
လီယောင်ရဲ့ အသံက ရှားရှန့်ကို အသိစိတ်နှင့်ခန္ဓာ ပြန်ကပ်သွားစေပြီး မီးပြင်းဖိုကို ပိုလို့ အရှိန်ပြင်းပြင်း တောက်လောက်အောင် ဖားဖိုတွေကို အားနှင့်မာန်နှင့် လွှဲလိုက်ပါသည်။
နေ့တစ်ဝက် စမ်းသပ်ပြီးတဲ့နောက်မှာတော့ လီယောင်က သံမဏိလုံး ခြင်းတောင်းတစ်ဝက်အပြည့်ကို ထုတ်လုပ်နိုင်ခဲ့သော်လည်း သိပ်မကျေနပ်သေးပေ။
လိုအပ်ချက်တွေ အများကြီး ကျန်သေးသည်။ တိကျမှုက မလုံလောက်သလို ပိတ်ထားတဲ့ နေရာတွေကလည်း သေချာ မကျဘဲ နေရာတိုင်းကနေ ရေနွေးငွေ့တွေ စိမ့်ထွက်နေသည် ၊ ဂီယာဘောက်စ်ဒီဇိုင်းကလည်း သိပ်ပြီး ပုံပန်းမကျတာမို့ အလွယ်တကူ စက်ညှပ်သွားနိုင်သည် ၊ ပုံစံခွက်ကလည်း ခပ်ယဲ့ယဲ့လေး ဖြစ်၍ အလွယ်တကူ ပုံပျက်သွားနိုင်သည် စသည်ဖြင့် … ။
ပြုပြင်ဖို့ လိုအပ်တဲ့ အစိတ်အပိုင်းတွေ အများကြီးကို ညတွင်းချင်း ပြုပြင်လို့ မရပါ။
“ လိုအပ်ချက်တွေကတော့ ဒါတွေပဲ။ ” လီယောင်က ရှားရှန့်ရဲ့ လက်ထဲကို မှတ်စုတွေ ထည့်ပေးလိုက်သည်။ “ ကျွန်မ ဖြေရှင်းနည်းတွေလည်း ရေးထားတယ်။ အရင်ဆုံး မှတ်စုတွေအတိုင်း ပြုပြင်ဖို့ ကြိုးစားကြည့်ပါ။ အဆင်မပြေဘူး ဆိုရင်တော့ ကျွန်မဆီကို ထပ်လာခဲ့ ၊ ကျွန်မတို့ တခြားနည်းလမ်းတွေ စဉ်းစားရမယ်။ ”
ရှားရှန့်က စာရွက်ပေါ်က မှတ်စုတွေ အများကြီးကို ကြည့်ကာ လီယောင့်ရဲ့ ဦးနှောက်က ဘယ်လို ဦးနှောက်မျိုးလဲ ဆိုတာ အလွန် သိချင်လာမိသည်။ သူမက ထူးဆန်းတဲ့ ပစ္စည်းတွေ အများကြီးကို ဘယ်လိုလုပ်ပြီး နားလည်နိုင်နေတာပါလိမ့် … ။
ရေနွေးငွေ့အင်ဂျင် ၊ ဂီယာဘောက်စ် ၊ ဖောက်စက် ၊ ဝိုင်ယာကြိုးပုံသွင်းကိရိယာနှင့် ဖောက်စက်ပုံစံခွက်တို့ကို ပိုကောင်းအောင် ပြုပြင်ရသည့် အလုပ်တွေက ရှားရှန်းရဲ့ လတ်တလော အရေးအကြီးဆုံး အလုပ်တွေ ဖြစ်လာခဲ့သည်။
နွေဦးဝင်လာသည်နှင့်အတူ လီယောင်က သူမရဲ့ စိုက်ပျိုးမွေးမြူရေး အစီအစဉ်ကိုလည်း စတင် အကောင်အထည်ဖော်ခဲ့သည်။
( ၆၆၆၀၀၀၀ ) စကွဲယားမီတာနီးပါး အကျယ်အဝန်းရှိတဲ့ မြေရိုင်းတွေကို တာ့ကျွမ်းတစ်ယောက်တည်း မစိုက်ပျိုးနိုင်တာမို့ အလုပ်အားနေတဲ့ ရွာသားတွေကိုပါ ခေါ်ခဲ့ရသည်။ ဝမ်ယွမ်ကောက လီယောင် ပြောတဲ့အတိုင်း သီးပင်စားပင်မျိုးစေ့ အမျိုးမျိုး ဝယ်ယူပေးသည်။
လီယောင်က တောင်ထိပ်ကို တက်တဲ့ တောင်ခန်းပန်း တစ်ခုလုံးကို သစ်သီးခြံအဖြစ် ပြောင်းလဲဖို့ စီစဉ်ထားတာမို့ ပင်ပျိုတွေကို ထိုနေရာမှာ စိုက်လို့ ရသည်။ တွင်းတွေကိုလည်း အစောကြီးကတည်းက တူးထားပြီးသား ဖြစ်၍ အပင်စိုက်ရတာ လွယ်လင့်တကူပင်။ ဘယ်လို ရေလောင်းမလဲ ဆိုတာကပဲ အကြီးမားဆုံး အခက်အခဲ ဖြစ်သည်။
ပြီးခဲ့တဲ့ ရက်တွေမှာ လူတိုင်းက ရေပုံးတွေကို တောင်ထိပ်အထိ သယ်သွားခဲ့ပေမဲ့ အဲ့ဒါက ပင်ပန်းစရာကောင်းသည်။ ရေပုံးတွေကို လူ ( ၁၀၀ ) ကျော် သယ်နေတာတောင်မှ မလုံလောက်ပေ။
တာ့ကျွမ်းက မြေကြီးထဲမှာ စိုက်ပျိုးထားပြီးသော်လည်း ရေမရသေးလို့ ခြောက်ရော်သွားတော့မည့် လက္ခဏာတွေ ပြနေတဲ့ ပင်ပျိုလေးတွေကို ကြည့်ကာ စိုးရိမ်လာခဲ့သည်။ နောက်ဆုံးမှာတော့ သူ စိတ်တင်းလိုက်၏။
‘ ချမ်းသာချင်ရင် ကြီးပွားရေးလမ်းစတွေကို အရင် ရှာရမယ် ’ လို့ အမေ ပြောခဲ့သလိုပါပဲ။
သူက လူတိုင်းကို သစ်ပင်စိုက်တာ ချက်ချင်း ရပ်ခိုင်းလိုက်ပြီး တောင်ခါးပန်းတစ်လျှောက်က မြေစိုင်မြေခဲတွေ ၊ ကျောက်စရစ်ခဲတွေကို ဖယ်ရှားကာ လမ်းတစ်လမ်း ဆောက်ခိုင်းလိုက်သည်။ တစ်ချိန်တည်းမှာပဲ လက်သမားတွေကို ရေပုံး တစ်ဒါဇင်ကျော် ထပ်ပြုလုပ်ခိုင်းပြီး နွားလှည်းတွေနှင့်အတူ တောင်ပေါ်ကို ရေတွေ ဆက်တိုက် ပို့နေခဲ့သည်။
နွားလှည်းတွေ မလုံလောက်ရင် ထပ်ဝယ်မယ် ၊ ရွာထဲမှာ နွားတွေ မလုံလောက်ရင် ထပ်ဝယ်မယ်။
ဒါပေမဲ့ နွားဝယ်တဲ့ ကိစ္စကိုတော့ သူ လီယောင်နှင့် တိုင်ပင်ရပါမည်။
“ ကျွန်တော် နွားတွေ ထပ်ဝယ်ချင်တယ် အမေ။ ”
လီယောင်က အခုတလော တာ့ကျွမ်းရဲ့ လုပ်ဆောင်ချက်တွေကို မျက်မြင်ပဲမို့ ဒီအကြီးဆုံးသားက မူလစိတ်နေစိတ်ထားထဲကနေ ဖြည်းဖြည်းချင်း ဖောက်ထွက်လာပြီ ဆိုတာ နားလည်သည်။ ထို့ကြောင့် “ နွားဝယ်တာက အဆင်ပြေပေမဲ့ မိသားစုအတွက် နွား ဘယ်နှကောင် မွေးတာက သင့်တော်မလဲ ဆိုတာကိုတော့ မင်း တွက်ချက်ရမယ်။ ” ဟု ပြန်ပြောလိုက်သည်။
“ ကျွန်တော် တွက်ပြီးပါပြီ အမေ။ မြေနေရာတွေ အများကြီး ရှိတာ ဆိုတော့ နွား ဆယ်ကောင်မွေးတာက သင့်တော်တယ်။ ”
လီယောင့်ဆီက ခေါင်းညိတ်စကားကိုသာ မျှော်လင့်ထားတဲ့ တာ့ကျွမ်းသည် သူမ ခေါင်းခါပြလိမ့်မည်ဟု ထင်မထားခဲ့ပေ။
“ နည်းလွန်းတယ်။ ”
“ ဟမ် … ”
တာ့ကျွမ်း အနည်းငယ် ကြောင်အသွားသည်။ နွား ဆယ်ကောင်ကတောင် နည်းလွန်းတယ်တဲ့လား။
လီယောင်က “ တောင်ပေါ်မှာ စိုက်ပျိုးလို့ ရတဲ့ မြေနေရာ ဘယ်လောက် ရှိလဲ။ ” ဟု မေးလိုက်သည်။
“ ( ၂၅၀၀၀၀၀ ) စကွဲယားမီတာဝန်းကျင် ရှိပါတယ်။ ”
“ အဲ့လောက် မြေနေရာတွေ အများကြီးမှာ နွား ဆယ်ကောင်ပဲ မွေးမလို့လား။ ”
တာ့ကျွမ်း အနည်းငယ် ခေါင်းရှုပ်သွားသည်။ နွား ဆယ်ကောင် ဝယ်မှာက စိုက်ပျိုးရေးလုပ်ဖို့လေ … ။ မွေးဖို့ ဆိုတာက … အမေက နွားမွေးမြူရေး လုပ်စေချင်တဲ့ သဘောလား။ ဟုတ်သားပဲ … ။
တာ့ကျွမ်းသည် ကမ္ဘာသစ်ဆီ သွားတဲ့ တံခါးပွင့်သွားသကဲ့သို့ပင် ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသည်။
“ ဒါဆို ကျွန်တော် အကောင် ( ၃၀ ) ဝယ်လိုက်ပါ့မယ်။ ”
လီယောင်က သူမ ပြောချင်တဲ့ အဓိပ္ပာယ်ကို တာ့ကျွမ်း ထိထိမိမိ သဘောပေါက်သွားတာကို တွေ့တော့မှ ခွင့်ပြုပေးလိုက်သည်။ “ အလုပ်,လုပ်တဲ့အခါ ရေရှည်ကို ကြည့် ၊ ရေတို လိုအပ်ချက်တွေကိုပဲ မကြည့်နဲ့။ ပြီးတော့ ဝက်ပေါက်လေးတွေလည်း ထပ်ဝယ်ထားလိုက်ဦး။ ကန်စွန်းဥနွယ်တွေ ကြီးလာရင် အကောင်တစ်ရာ မပြည့်တဲ့ ဝက်တွေက အဲ့ကန်စွန်းဥနွယ်တွေကို ကုန်အောင် စားနိုင်မှာ မဟုတ်ဘူး။ ”
“ အိုး … ”
စိုက်ပျိုးမွေးမြူရေးမြေကွက် ဧကပေါင်းများစွာနဲ့ နွား ဆယ်ကောင် ၊ ဝက် အကောင်တစ်ရာ … ။
တာ့ကျွမ်းသည် ယီကျိုးခရိုင်မှာ သူက အကြီးမားဆုံး စိုက်ပျိုးမွေးမြူရေးသမားတစ်ယောက် ဖြစ်လာလိမ့်မည်ဟု ခံစားလိုက်ရလေသည်။
…