← Chapters

မူလတန်းကျောင်းပုံနှိပ်စာအုပ်။

Vol. 10 Ch. 114

မူလတန်းကျောင်းပုံနှိပ်စာအုပ်။

Vol. 10 Ch. 114

“ စက်ပြင်ပြီးသွားပြီ လီယောင်။ မင်း ဘယ်အချိန် လာကြည့်မလဲ။ ”

“ ကျွန်မ အခုပဲ လာကြည့်မယ်။ ”

လီယောင်က ရှားရှန့်ရဲ့ ပန်းပဲအလုပ်ရုံဆီ သွားကြည့်လိုက်တော့ သုက စက်ပြင်ထားရုံတင် မဟုတ်ဘဲ ရေနွေးငွေ့အင်ဂျင် တစ်လုံးကိုပါ အစအဆုံး အသစ် ပြန်ပြုလုပ်ထားကြောင်း သိလိုက်ရသည်။

အရင်ပုံစံအဟောင်းနှင့် ယှဉ်ကြည့်လိုက်ပါက ဒီရေနွေးငွေ့အင်ဂျင်က အများကြီး ပိုကောင်းပုံပေါ်ပြီး စက်နှိုးလိုက်ချိန်မှာ နေရာတိုင်းကနေ ရေနွေးငွေ့တွေ စိမ့်ထွက်မနေသလို ဂေါ်လီဘောက်စ်ကလည်း ပိုချောမွေ့လာသည်။ သူ အတော်လေး အားစိုက်ထုတ်ထားတယ် ဆိုတာ သိသိသာသာပါပဲ။

ရှားရှန့်က လီယောင့်ရဲ့ မျက်နှာပေါ်က ကျေနပ်သွားတဲ့ အမူအရာကို ကြည့်ပြီး “ မင်း ဘယ်လို ထင်လဲ သူဌေး။ ဒါ အလုပ်ဖြစ်ရဲ့လား။ ” ဟု မေးလိုက်သည်။

“ လောလောဆယ်အတွက်တော့ အဆင်ပြေလောက်ပါတယ်။ သံမဏိလုံးတွေကို ကောင်းကောင်း လုပ်နိုင်လား ဆိုတာကိုတော့ သုံးကြည့်ရမှာပေါ့။ လိုအပ်တာတွေကို နောက်မှ ဖြည်းဖြည်းချင်း ပြင်သွားလို့ ရပါတယ်။ ”

လိုအပ်တာတွေကို နောက်မှ ဖြည်းဖြည်းချင်း ပြင်သွားမယ် ….. ။

ရှားရှန့် နည်းနည်းတော့ စိတ်ညစ်သွားသည်။ သူ ဦးနှောက်ကို ပူထူနေအောင် ညှစ်ထုတ်ပြီး နည်းလမ်းပေါင်းစုံကို နေ့မအိပ်ညမအိပ် စဉ်စားကာ ကမ္ဘာ့အတိကျဆုံး ၊ အကောင်းဆုံး စက်ပစ္စည်းကို ပြုလုပ်ပေးခဲ့တာပါ။ ဒါပေမဲ့ ဒါက အဆင်ပြေတယ် ဆိုရုံလောက်ပဲ ရှိသေးတာတဲ့လား … ။ သူဌေးရဲ့ စိတ်ကူးတွေနောက်ကို သူ အမီလိုက်ရတာ တကယ့်ကို မလွယ်ကူပါလား။

လီယောင်က သူ စိတ်ညစ်သွားတယ် ဆိုတာ သိပေမဲ့ သူမလည်း ဘာမှ မတတ်နိုင်ပါ။ ဒါက တကယ်လည်း အဆင်ပြေရုံအဆင့်သာ ရှိတာပင်။

လက်မှုပညာမှာ အကန့်အသတ်ရှိမှန်း သူမ သိပေမဲ့ ရေနွေးငွေ့အင်ဂျင်က ကြီးမားလေးလံလွန်းပြီး ပိတ်ထားတဲ့ နေရာတွေကလည်း လုံလုံလောက်လောက် မကျပ်သေးပါ။

ပိုအဆင့်မြင့်တဲ့ ရေနွေးငွေ့အင်ဂျင် တစ်လုံးကို ဆောက်လုပ်နိုင်ဖို့ ပိုအဆင့်မြင့်တဲ့ လက်မှုပညာတင် မဟုတ်ဘဲ ပိုအဆင့်မြင့်တဲ့ ကုန်ထုတ်လုပ်ရေးပစ္စည်း‌တွေကိုပါ လိုအပ်သည်။

စိုက်ပျိုးမွေးမြူးရေးကနေ ရေနွေးငွေ့စွမ်းအင်ကို ပြောင်းလဲဖြို ဆိုတာ ပန်းပဲဆရာတစ်ယောက်တည်း ပြုပြင်ရုံနှင့် ရတဲ့ အရာမျိုး မဟုတ်။ တကယ်တော့ သူမကိုယ်တိုင်ကလည်း သိပ်မတွေးလိုက်မိတာ ဖြစ်သည်။

တွင်ခုံတွေ စလုပ်ဖို့ အချိန်ကျလာပြီ။

ထို့ကြောင့် လီယောင်သည် အသေးစိတ်စီမံချက်တွေကို ရေးဆွဲထားတဲ့ စာရွက်အထူကြီးကို ထုတ်ပြီး ရှားရှန့်ရှေ့က စားပွဲပေါ်မှာ တင်လိုက်သည်။

“ ဒါ … ဒါကရော ဘာကြီးလဲ။ ”

“ မမေးနဲ့။ ဒီထဲမှာ ပါတဲ့အတိုင်းသာ လုပ်။ ”

ရှားရှန့်ဟာ ပြွတ်သိပ်နေအောင် ရေးဆွဲထားတဲ့ အစိတ်အပိုင်းလေးတွေကို ကြည့်ပြီး သူ့ခေါင်းပေါက်ထွက်တော့မလို ခံစားလိုက်ရသည်။

တူကြီးတစ်ချောင်းကို လွှဲကာ လွှဲကာဖြင့် လယ်ယာသုံပစ္စည်းတွေကို ပြုလုပ်ခဲ့ရတဲ့ အရင်တုန်းက နေ့ရက်တွေကို သူ လွမ်းလှပါပြီ … ။

အဲ့ဒီတုန်းကတော့ ထိုပစ္စည်းတွေကို လုပ်ရတာ ဘာအဓိပ္ပာယ်မှ မရှိဘဲ သူ့အရည်အချင်းတွေ ၊ အစွမ်းအစတွေကို အလကားသက်သက် ဖြုန်းတီးပစ်ရာရောက်သည်ဟု ထင်ခဲ့ဖူးသည်။

ဒါပေမဲ့ ထိုအချိန်တုန်းက တော်တော်လေး စိတ်ချမ်းသာခဲ့ရတယ် ဆိုတာကို သူ အခုမှ နားလည်ပါတော့သည်။

...

“ ပထမဆုံး စက်ဘီးကို အကုန် တပ်ဆင်ပြီးသွားပြီ ခယ်မလေးရေ။ ”

စိတ်လှုပ်ရှားမှုတွေဖြင့် တရွရွ တကြွကြွ ဖြစ်နေတဲ့ ဝမ်ယွမ်ပန်းက စက်ဘီးအသစ် တစ်စီးကို လီယောင့်ရဲ့ ခြံထဲ တွန်းလာသည်။ သူက အခုတော့ စက်ဘီးအလုပ်ရုံရဲ့ ကြီးကြပ်ရေးမှုူး ဖြစ်နေပါပြီ။

“ တစ်ချက် လာကြည့်ပါဦး။ နင် ဘယ်လို ထင်လဲ။ ”

လီယောင်က ထိုစက်ဘီးကို ခြံထဲမှာ သုံး ၊ လေးပတ်လောက် လှည့်ပတ် စီးကြည့်ပြီးနောက် အဆင်ပြေတယ်လို့ ခံစားလိုက်ရသောကြောင့် “ အလုပ်သမားတွေ ငှားပြီး ထုတ်လုပ်ရေးကို စလိုက်တော့။ ” ဟု ပြောလိုက်သည်။

“ အိုး။ ”

စက်ဘီးအလုပ်ရုံမှာ လက်သမားတွေ ၊ ပန်းပဲဆရာတွေနှင့် သံမဏိလုံးတွေ ၊ စပရင်တွေ ဖန်တီးပြုလုပ်တဲ့ နေရာမှာ ကျွမ်းကျင်သူတွေကို လိုအပ်သည်။ နည်းလမ်းတကျ ပြောရလျှင် ဆပ်ပြာအလုပ်ရုံတုန်းကထက်တောင် ပိုလိုအပ်၏။

ထို့ကြောင့် ဒီတစ်ခေါက် ဝန်ထမ်းသစ်တွေကို အလုပ်ခန့်တဲ့အခါ ပညာအရည်အချင်းနှင့် သက်ဆိုင်ရာ လုပ်ငန်းခွင်မှာ ကျွမ်းကျင်သူတွေကို ဦးစားပေး‌ ခေါ်ယူခဲ့ပြီး လုပ်အားခကလည်း ဆပ်ပြာအလုပ်ရုံထက် နှစ်ဆ ပိုများသည်။

အဲ့ဒါက ရွာသားတွေအား လီယောင် ပြောဖူးတဲ့ ‘ ကျွန်မရဲ့ အလုပ်ရုံတွေမှာ နောက်ပိုင်းကျ ပညာတတ်တွေကိုပဲ အလုပ်ခန့်တော့မှာ ’ ဆိုတဲ့ စကားကို ပြန်သတိရသွားစေကာ သူတို့ရဲ့ နှလုံးသားထဲမှာ အရေးပေါ်အခြေအနေ ဆိုတဲ့ အငွေ့အသက်ကို ခံစားလိုက်ရစေသည်။

လိုအပ်တဲ့ ဝန်ထမ်းတွေကို ရရှိပြီးနောက် နေ့တစ်ဝက်လောက် လေ့ကျင့်ရေးဆင်းပေးလိုက်ရုံဖြင့် လူတိုင်းက အလုပ်,လုပ်ပုံ ၊ လုပ်နည်းတွေကို အခြေခံအားဖြင့် နားလည်သွားခဲ့ကြသည်။

ကြီးကြပ်ရေးမှူး ဖြစ်တဲ့ ဝမ်ယွမ်ပန်းက အလုပ်စဖို့ အလွန် စိတ်အားထက်သန်နေခဲ့သည်။ “ လေ့ကျင့်ရေးဆင်းတာ ပြီးပါပြီ ခယ်မ။ ”

“ ကျွန်မ ထပ်ပြောမယ် ၊ လုံခြုံမှုက အရေးအကြီးဆုံးပဲနော်။ ”

“ ကျုပ် နားလည်ပါတယ်။ ”

လီယောင်က အသေးစိတ်ပုံစံတွေကို ထုတ်ပြီး ဝမ်ယွမ်ပန်းကို ပေးလိုက်သည်။ “ ဒါတွေက ဘီးသုံးဘီး စက်ဘီးတွေ။ ဇိမ်ခံ ဘီးသုံးဘီး စက်ဘီးတွေနဲ့ ရိုးရိုးစက်ဘီးတွေအတွက် အသေးစိတ်ပုံစံတွေပဲ။ နှစ်ပတ်အတွင်း တစ်မျိုးကို အစီး ( ၁၀၀ ) စီ လုပ်ပေးပါ ၊ ပြီးတာနဲ့ ခေတ်မီစတိုးဆိုင်မှာ စက်ဘီးတွေ အကုန်လုံးကို ဖြန့်ဖြူးလိုက်ပါ။ ”

“ အိုး။ ”

အလုပ်သမားတွေလည်း ရှိ ၊ အမှာစာတွေလည်း ရှိ ၊ ကုန်ပစ္စည်းတွေလည်း ရှိနေတဲ့နောက်တော့ ဘာစောင့်နေစရာ လိုသေးလဲ။

“ အလုပ်စကြမယ်ဟေ့။ ”

…

စက်ဘီးအလုပ်ရုံက ပျားပန်းခတ်မျှ အလုပ်ရှုပ်နေခဲ့သလို လီယောင်ကိုယ်တိုင်လည်း နှစ်ရက်တိတိ လာပြီး ကြည့်ရှုခဲ့သည်။

အဆင့်တိုင်းအတွက် ကုန်ထုတ်လုပ်ရေးနည်းလမ်းတွေက မော်ဒန်ခေတ်တုန်းကလောက်တော့ မပြည့်စုံနိုင်သော်လည်း တင်းကျပ်တဲ့ စည်းမျဉ်းတွေ ၊ စနစ်တွေအောက်မှာ လူတိုင်းက ပုံစံတကျ အလုပ်,လုပ်နေခဲ့ကြ၏။

အထူးသဖြင့် လုံခြုံမှုအတွက် လီယောင်က လုံခြုံရေးဝန်ထမ်းတွေအဖြစ် လူ နှစ်ယောက်ကို အလုပ်ခန့်ထားပြီး အလုပ်ရုံကို ဆက်တိုက် လှည့်ပတ်စောင့်ကြည့်ခိုင်းကာ မတော်တဆဖြစ်ရပ်တွေ ရှိမလာအောင် တင်းတင်းကျပ်ကျပ် ကာကွယ်ထားသည်။

လီယောင်သည် အလုပ်ရုံထဲက ထွက်လာရုံပဲ ရှိသေး ၊ ရွာလူကြီးဝမ်က သူမကို ရုတ်တရက် လာရှာသည်။

“ ငါ မင်းနဲ့ တိုင်ပင်ချင်တာ တစ်ခု ရှိတယ် လီယောင်။ ရွာကျောင်းမှာ အခန်းလွတ် နှစ်ခန်း ကျန်သေးတယ် မဟုတ်လား။ ငါ နောက်ထပ် ဆရာ နှစ်ယောက်လောက် ထပ်ခေါ်ပြီး စာသင်ချင်တဲ့ ရွာသားတွေကို ညနေပိုင်းမှာ ခေါ်သင်ပေးရင် ကောင်းမလားလို့။ ”

ဘယ်လို … ။

လီယောင်က ရွာလူကြီးဝမ်ရဲ့ စကားကြောင့် စက္ကန့်ပိုင်းလောက် ဆွံ့အသွားပြီး သူ့ကို အံ့ဩစွာ ကြည့်လိုက်မိသည်။ သူ ရွာသားတွေအတွက် ညကျောင်းဖွင့်ပေးပြီး တစ်ရွာလုံးမှာ စာမတတ်ခြင်းကို အပြီးတိုင် ဖယ်ရှားပစ်ဖို့ တွေးနေတာလား …။

“ မကောင်းဘူးလား။ ဒါဆိုလည်း ထားလိုက်ပါတော့။ ”

“ မဟုတ်ပါဘူး။ ” လီယောင်က အမြန် ပြန်ပြောလိုက်ရသည်။ “ ညကျောင်း တက်ချင်တဲ့ လူ ဘယ်နှယောက်များ ရှိနိုင်မလဲလို့ ကျွန်မ တွေးနေတာပါ။ ”

“ နှစ်ဆယ် ၊ သုံးဆယ်လောက်ပေါ့။ ရွာထဲက လူငယ်တွေ အကုန်လုံး တက်လောက်ပါတယ်။ ”

“ အရမ်း နည်းတယ်။ ”

စာမတတ်တာကို အပြီးတိုင် ဖယ်ရှားဖို့အတွက် ဆိုရင် တစ်ရွာလုံး လာတက်သင့်တာ မဟုတ်လား။

လီယောင့်ရဲ့ အတွေးကို ကြားတော့ ရွာလူကြီးဝမ်က အနည်းငယ် ချိတုံချတုံ ဖြစ်သွားသည်။ “ ရွာထဲက အသက်ငါးဆယ်အောက် လူတိုင်း ညကျောင်းတက်သင့်တယ်လို့ မင်း ပြောချင်တာလား။ အဲ့ဒါ … အဲ့ဒါက ပိုက်ဆံတွေ အများကြီး ကုန်မှာနော်။ စာသင်ခန်းတွေလည်း သေချာပေါက် လုံလောက်မှာ မဟုတ်ဘူး။ ”

“ ကျွန်မတို့ အခု ရှိနေတဲ့ စာသင်ခန်းတွေကိုပဲ အရင်ဆုံး သုံးလို့ ရပါတယ် ၊ လိုအပ်ရင် နောက်မှ ထပ်ဆောက်တာပေါ့။ ကျွန်မတို့ နောက်ထပ် ဆရာတွေလည်း တကူးတက ငှားစရာ မလိုပါဘူး။ လွီရွှယ်ခိုင် ၊ ဝမ်အာနဲ့ စုန့်ကျယ်ကို အချိန်ပိုင်း ထပ်သင်ခိုင်းလို့ ရသားပဲ။ ပြီးတော့ စာအုပ်တွေလည်း ဝယ်ဖို့ မလိုဘူး ၊ ကျွန်မရဲ့ လူတွေကို စာအုပ်ပြုစုခိုင်းလိုက်လို့ ရတယ်။ ”

“ အလုပ်ဖြစ်ပါ့မလား။ ”

“ အဲ့ဒါတော့ လက်တွေ့ စမ်းကြည့်မှ သိမှာပေါ့။ ”

တုန် တုန် တုန် -

ရွာလူကြီးက မောင်းကြီးကို တီးကာ ရွာသားတွေ အကုန်လုံးကို စုဝေးခိုင်းပြီး ညကျောင်းအကြောင်း ပြောပြလိုက်၏။

အသက်ငါးဆယ်အောက် လူတိုင်း အလကားကျောင်းတက်ခွင့်ရမည် ဆိုတာကို ကြားတော့ ရွာထဲက လူငယ်တိုင်း ကျောင်းတက်ဖို့ စိတ်အားထက်သန်သွားခဲ့ကြသည်။

စာရေးတတ် ၊ ဖတ်တတ်ပြီး ဂဏန်းသင်္ချာကို နားလည်မှသာ လီယောင်ရဲ့ အလုပ်ရုံမှာ အလုပ်ဝင်လုပ်ပြီး ပိုက်ဆံရှာနိုင်မည်လေ။ အရေးအကြီးဆုံး အချက်ကတော့ ညကျောင်းက သူတို့ရဲ့ နေ့ဘက်အလုပ်ချိန်တွေကို အနှောင့်အယှက် မဖြစ်ပါ။

ဒါပေမဲ့ လူကြီးတွေက သိပ်စိတ်မဝင်စားသလို မိန်းကလေးငယ်တွေးနှင့် ချွေးမတွေကလည်း ညကျောင်းတက်ချင်စိတ် မရှိကြပါ။ ပြောရရင် အရင်တုန်းက ဒီလို ကိစ္စမျိုး တစ်ခါမှ မရှိခဲ့ဖူးပါ။

“ ငါတို့အသက်အရွယ်နဲ့ စာသင်ပြီးတော့ ဘာသွားလုပ်ရမှာလဲ။ ”

“ ဟုတ်တယ် ၊ ငါတို့က စာသင်ဖို့အတွက် အရမ်း ဉာဏ်ထိုင်းနေပြီ။ ”

“ ငါတို့က တစ်နေ့တစ်နေ့ အလုပ်,လုပ်ရတာရယ် ၊ ကလေးတွေကို ဂရုစိုက်ရတာရယ်နဲ့ ပင်ပန်းနေတာ။ ဘယ်မှာ စာသင်ဖို့ အားရှိဦးမှာလဲ။ ”

“ လူကြီးတွေက စာသင်လို့ မရဘူးလို့ ဘယ်သူ ပြောလဲ။ ” ဝမ်ရွှယ်ရှစ်က စစ်မရောက်ခင်ကတည်းက မြှားကုန်နေတဲ့ အဆိုးမြင်စကားတွေကို ကြားချိန်မှာ မတ်တပ်ထရပ်လိုက်သည်။ “ ညကျောင်းတက်မယ့်အထဲမှာ ငါလည်း ပါတယ်။ ငါလည်း စာသင်ချင်တယ်။ ”

ရွာသူ ၊ ရွာသားများ : …

ရှန်းရှီသည် ရှက်စရာကောင်းလွန်းလို့ မြေတွင်း တစ်တွင်း တူးပြီး ထိုတွင်းထဲကို တွားသွားဝင်သွားနိုင်ဖို့ ဆုတောင်းလိုက်မိလေသည်။

“ အမေ ဘာပေါက်ကရတွေ လျှောက်ပြောနေတာလဲ။ ”

“ ငါ ပေါက်ကရတွေ ပြောနေတာ မဟုတ်ဘူး။ အတည် ပြောနေတာ။ လီယောက်ရဲ့ အလုပ်ရုံမှာ အလုပ်ဝင်လုပ်ပြီးတဲ့နောက်ပိုင်း စာရေးတတ် ဖတ်တတ်တာ ၊ သင်္ချာတွက်တတ်တာက ဘယ်လောက် အရေးပါလဲ ဆိုတာ ငါ နားလည်သွားတယ်။ ”

“ ဒါပေမဲ့ အမေက တအား အသက်ကြီးနေပြီလေ။ ”

“ အဲ့တော့ ဘာဖြစ်လဲ။ ဘဝအတွက် ပညာလေ့လာရမယ်လို့ လီယောင်က ပြောထားတယ်။ ပြီတော့ အခုဆို ငါက ညည်းထက် အက္ခရာတွေကို ပိုသိတယ် ၊ သင်္ချာလည်း ပိုတော်တယ်။ ညည်းမှာ ငါ စာသင်တာကို တားမြစ်ပိတ်ပင်ပိုင်ခွင့် ရှိလို့လား။ ”

ရှန်းရှီ : …

ယောက္ခမဖြစ်သူက အမှန်တွေချည်း ပြောသွားတာမို့ ရှန်းရှီမှာ ပြန်လည်ချေပစရာစကား မရှိပါ။

ဒါပေမဲ့ သူမမှာလည်း မခံချင်တဲ့ စိတ်လေးတော့ ရှိသည်။ “ ကောင်းပြီ။ အဲ့ဒါဆို ကျွန်မလည်း စာသင်မယ် ၊ ကျွန်မ အမေ့ကို မကျော်နိုင်ဘူး ဆိုတာ မယုံဘူး။ ”

“ ငါ့ကို တကယ်လည်း မကျော်နိုင်သေးဘဲနဲ့ လေလုံးထွားမနေနဲ့။ ”

…

ထိုယောက္ခမနှင့် ချွေးမရဲ့ အချီအချစကားတွေရဲ့ ဦးဆောင်မှုကြောင့် သက်ကြီးပိုင်း အမျိုးသမီးတွေထဲက တချို့‌ကလည်း တွန့်ဆုတ်စွာဖြင့် ကျောင်းအပ်ခဲ့ကြလေသည်။ အဆုံးသတ်မှာ ပထမအသုတ် ကျောင်းသား စုစုပေါင်း အယောက် ( ၃၀၀ ) ရရှိခဲ့သည်။

လီယောင်က ထိုအရေအတွက်ကို အလွန် စိတ်ကျေနပ်သွားသည်။ ဖြည်းဖြည်းနှင့် မှန်မှန်လေးပဲ သွားဖို့ သူမ တွေးထားသည်။

ရွာလူကြီးဝမ်က တစ်ခါမှ စာမသင်ဖူးတဲ့ ကျောင်းသား ( ၃၀၀ ) နှင့် ပုံနှိပ်စာအုပ်တွေ အများကြီး သွားဝယ်ဖို့ ပြင်နေပေမဲ့ လီယောင်ကတော့ အဲ့ဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ခံစားရသည်။

စာမတတ်ခြင်းကို ဖယ်ရှားဖို့ ကျောင်းတက်တာက ပုံမှန် ကျောင်းတက်တာနှင့် မတူပါ။ ပန်းတိုင်က စာစီစာကုံးတွေ ရေးဖို့ မဟုတ်သဖြင့် သမာရိုးကျ သင်ထောက်ကူပစ္စည်းတွေကို သုံးတာက တော်တော်လေး နှောင့်နှေးကြန့်ကြာစေလိမ့်မည်။

အသက် ( ၆ ) နှစ်ကနေ ( ၁၂ ) နှစ်ကြား ကလေးတွေကို သင်ကြားပေးတဲ့ စနစ်အတိုင်း သင်ကြားတာက အကောင်းဆုံး ဖြစ်လိမ့်မည်။

ထို့ကြောင့် သူမက ဖျင်းယင်းအခြေခံ ဇယားလေးကို အရင်ဆုံး ဆွဲလိုက်ပြီး အသုံးများတဲ့ အက္ခရာအလုံး ( ၂၀၀၀ ) ကို ဆွဲထုတ်ကာ လွီရွှယ်ခိုင်အား စကားလုံးတွေ ၊ စကားစုတွေ အများကြီးကို လက်ရေးနှင့် သပ်သပ်ရပ်ရပ် ရေးခိုင်းလိုက်သည်။

သင်္ချာကတော့ ပိုလို့တောင် လွယ်ကူသေးရဲ့။ တစ် နှစ် သုံး လေး … စတဲ့ ကိန်းဂဏန်းတွေကို အရင်ဆုံး သင်ပေးပြီးမှ အခြေခံ ပေါင်းနှုတ်မြှောက်စားတွေကို ဆက်သင်ပေးရမည်။

ဤသို့ဖြင့် ရိုးရှင်းတဲ့ မူလတန်းပုံနှိပ်လေး တစ်အုပ် လျင်မြန်စွာ ရုပ်လုံးပေါ်လာခဲ့ပါသည်။

…

All Chapters