← Chapters

အရှက်တရားကို ဘေးဖယ်ထားရခြင်း။

Vol. 10 Ch. 115

အရှက်တရားကို ဘေးဖယ်ထားရခြင်း။

Vol. 10 Ch. 115

စုန့်ကျယ်က ထူးချွန်ပြောင်းမြောက်တဲ့ စိတ်ကူး တစ်ခုကို တွေးမိခဲ့ပြီး ထိုစိတ်ကူးတော့ ထိုပုံနှိပ်စာအုပ်ကို စာအုပ် ( ၃၀၀ ) ကျော်မှာ ကူးယူရေးသားဖို့ပဲ ဖြစ်သည်။

“ ကျွန်တော် အဖေ့ကို ပြောပြီး တက္ကသိုလ်က ကျောင်းသားတွေကို အကူအညီတောင်းခိုင်းလိုက်မယ်။ ”

လီယောင် : …

ကိစ္စ တစ်ခုခု ရှိလာတိုင်း အဖေ့ကို ပြေးအကူအညီတောင်းတာက တကယ့်ကို စိတ်ကူးကောင်း တစ်ခုပဲ။

နှစ်ကူးပြီးကတည်းက တရားသူကြီးစုန့်က ရွာတွေကို တစ်ရွာချင်းစီ လှည့်လည်စစ်ဆေးရင်း အလုပ်ရှုပ်နေခဲ့သော်လည်း လီယောင်က ရွာထဲက လူတိုင်းကို စာဖတ်တတ်အောင် သင်ပေးချင်နေတယ် ဆိုတဲ့ သတင်းကို ကြားသည်နှင့် ဟဲဝမ်ရွာကို အမြန်ဆုံး ပြန်ပြေးလာခဲ့သည်။

လူတွေကို စာဖတ်တတ်အောင် သင်ပေးတာက အသိဉာဏ်ပညာကို ကျယ်ပြန့်စေတာမို့ ကောင်းမွန်တဲ့ ကိစ္စကောင်း တစ်ခုပဲ ဖြစ်သည်။ ထို့ကြောင့် သဘာဝကျစွာပင် သူ ထိုကိစ္စကို အားတက်သရော ကူညီပေးချင်ပါသည်။

“ စိတ်မပူပါနဲ့။ အကုန်လုံး မြန်မြန် စာသင်လို့ ရအောင် ငါ့လူတွေကို အခုချက်ချင်း စာတွေ ကူးခိုင်းလိုက်ပါ့မယ်။ ”

“ အဲ့လို လုပ်စရာ မလိုပါဘူးရှင်။ ကျွန်မမှာ နည်းလမ်း ရှိပါတယ်။ ”

သူ့ရဲ့ ရည်ရွယ်ချက်ကောင်းကို ငြင်းဆန်လိုက်တဲ့ လီယောင်ကြောင့် သူ အံ့ဩသွားသည်။

“ ဘယ်လို နည်းလမ်းလဲ။ ”

ခြံကျယ်ကျယ်ထဲမှာ စားပွဲ ဆယ့်နှစ်လုံးကျော်ကို နေရာချထားပြီး စားပွဲတချို့ပေါ်မှာတော့ တံဆိပ်တုံးတွေ ရှိနေသည်။

ဒီတံဆိပ်တုံးတွေကို ရွံ့စေးနဲ့ လုပ်ထားတာလား။

တရားသူကြီးစုန့်က တံဆိပ်တုံးတွေကို သေချာ ကြည့်လိုက်တော့ ဒီတံဆိပ်တုံးသေးသေးလေးတွေပေါ်မှာ အက္ခရာအကုန်လုံးနီးပါးကို ရေးထားကြောင်း တွေ့လိုက်ရသည်။ အသုံးများတဲ့ မြင်နေကျ အက္ခရာတွေ ပါသော တံဆိပ်တုံးတွေကိုတော့ အများကြီး လုပ်ထားသည်။

တရားသူကြီးစုန့်သည် တံဆိပ်တုံးလေး တစ်တုံးကို ယူကာ သေချာ အကြာကြီး စစ်ဆေးကြည့်နေမိသော်လည်း ဒီတံဆိပ်တုံးတွေကို ဘယ်နေရာမှာ သုံးမှာလဲ ဆိုတာ စဉ်းစားမရပေ။

“ မင်း ဒီတံဆိပ်တုံးတွေကို တစ်ခုချင်း ထပ်မလို့လား။ ”

“ ဘာလုပ်ဖို့ ထပ်မှာလဲ။ ”

လီယောင်က သစ်သားဘောင်လေး တစ်ခုကို ယူကာ တံဆိပ်တုံးတွေထဲက လိုအပ်တဲ့ အက္ခရာတွေကို ရွေးချယ်လိုက်ပြီး သစ်သားဘောင်ထဲမှာ အစီအစဉ်တကျ ထည့်လိုက်၏။ အက္ခရာတွေ မလိုအပ်တဲ့ နေရာတွေကတော့ ဒီတိုင်း အလွတ် ထားရှိသည်။

တံဆိပ်တုံးတွေ အကုန်လုံး အစီတကျ ဖြစ်သွားသောအခါ တံဆိပ်တုံးတွေပေါ်ကို မှင်ရည်သုတ်ပြီး စာရွက်ဖြူပေါ်မှာ နှိပ်လိုက်သည်။

ကျောက်တုံးနှင့် ပုံနှိပ်စာရေးတဲ့ နည်းလမ်းကို သူ သိပေမဲ့ ဒီလို ပုံနှိပ်စာရေးတဲ့ နည်းလမ်းကိုတော့ တစ်ခါမှ မမြင်ဖူးခဲ့ပါ။

တရားသူကြီးစုန့်က “ ဒီနည်းလမ်းနဲ့ဆို ကြိုက်တဲ့ စာရွက်မှာ ‌ဒီတံဆိပ်တုံးတွေကို ထပ်သုံးလို့ ရတာပေါ့။ ပြီးတော့ ရွံ့စေးနဲ့ လုပ်ထားတဲ့ တံဆိပ်တုံးတွေ ဆိုတော့ ပုံပျက်မှာကိုလည်း စိုးရိမ်စရာ မလိုတော့ဘူး။ ကောင်းတယ် ၊ သိပ်ကို ကောင်းတယ်။ ” ဟု တက်တက်ကြွကြွ ပြောလိုက်သလို တရားသူကြီးကတော်ကလည်း “ လီယောင့်ရဲ့ နည်းလမ်းနဲ့ဆိုရင် အနာဂတ်မှာ ဘယ်စာအုပ်ကိုပဲ ကူးယူ ကူးယူ ၊ အလုပ်ရှုပ်သက်သာသွားပြီ မောင်ကြီး။ ” အတိုင်အဖောက်ညီညီ ပြောလိုက်သည်။

“ ဟုတ်တယ်။ ”

“ ဒါကို လူထုအကျိုးကို ဖြစ်ထွန်းစေတဲ့ ကြီးမြတ်တဲ့ တီထွင်ဖန်တီးမှုလို့ သတ်မှတ်လို့ ရတယ်မို့လား။ ”

“ သေချာတာပေါ့ကွာ။ ကိုယ် ခဏနေရင် နန်းတွင်းတရားရုံးတော်ကို အစံရင်ခံစာ ပို့ပြီး လီယောင့်အတွက် ဆုတော်လာဘ်တော်တွေ တောင်းခံပေးမယ်။ ဒါပေမဲ့ … ”

“ ဒါပေမဲ့ ဘာလဲဟင်။ ”

တရားသူကြီးစုန့်က ဘာမှ ပြန်မဖြေဘဲ လောလောလတ်လတ် ပုံနှိပ်ကူးယူထားတဲ့ စာရွက်ကို ယူပြီး မေးလိုက်သည်။ “ မင်း ဒါကို ဘယ်လို ဖတ်မှာလဲ။ ”

“ အထက်ကနေ အောက် ၊ ဘယ်ကနေ ညာ။ ”

တရားသူကြီးစုန့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သမာရိုးကျ စာရေးနည်း ၊ စာဖတ်နည်းတွေတောင် ပြောင်းလဲသွားပြီလား။

“ အဲ့ဒါ ဘာလဲ။ ”

“ ‌ဒီလို စာရေးနည်းက ပိုထိရောက်တယ်လို့ တရားသူကြီးစုန့် မထင်ဘူးလား။ ပြီးတော့ ရေးထားတဲ့ စာလုံးတွေကို အင်္ကျီလက်နဲ့ မတော်တဆ ပွတ်မိပြီး စာတွေ ပျက်သွားမှာကို စိုးရိမ်စရာ မလိုတော့ဘူး။ ”

တရားသူကြီးစုန့် ခေါင်းညိတ်ပြလိုက်၏။ တကယ်လည်း လီယောင် ပြောသလိုပဲ ဖြစ်သည်။ အဲ့ဒီနောက် လီယောင် ပုံနှိပ်ကူးယူထားတဲ့ ကဗျာကို ဘယ်မှညာ ဖတ်ကြည့်ရင်း သူ အလွန် အံ့ဩသွားရသည်။

“ ကောင်းကင်အုံ့မှိုင်း လေထန်ဆိုင်းလို့ တောမျောက်တွေ အသည်းနှလုံးကွဲကြေစွာ ငိုကြွေးနေကြတယ်။ ကမ်းခြေကြည်လင် သဲဖြူလွင်လို့ ငှက်တွေ အိပ်တန်းပြန်နေကြတယ်။ ခွက်ထဲကို လောင်း‌ထည့်နေတဲ့ သေရည်တွေကတော့ အရောင်ခပ်နောက်နောက် သေရည်တွေပါပဲ။ ”

ဒီလောက် လက်ရာပြောင်မြောက်တဲ့ ကဗျာကို သူ အရင်က ဘာလို့ မကြားဖူးခဲ့တာပါလိမ့် … ။

“ ဒီကဗျာက ဘယ်စာအုပ်ထဲကလဲ လီယောင်။ ဒီလောက် ကောင်းတဲ့ ကဗျာကို ဘယ်သူ ရေးထားတာလဲ။ ”

အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရတဲ့ လီယောင်သည် နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်လိုက်ပါသည်။ သူမက အလိုက်သင့် ပြောင်းလဲလို့ ရတဲ့ ပုံနှိပ်ရေးသားနည်းကို လက်တွေ့ သရုပ်ပြဖို့အတွက် သူမ ကြိုက်တဲ့ ရှေးခေတ်ကဗျာ တစ်ပုဒ်ကို ကျပန်း ရွေးချယ်လိုက်ခြင်းသာ ဖြစ်ပြီး တရားသူကြီးစုန့်က ထိုကဗျာကို တစ်ချက်လောက် ကြည့်ရုံဖြင့် သတိထားမိသွားလိမ့်မည်ဟု မထင်ခဲ့။

“ ဒီကဗျာကို … စုတ်ပြဲနေတဲ့ ရှေးခေတ်ကဗျာစာအုပ်ဟောင်း တစ်အုပ်ထဲမှာ ကျွန်မ တွေ့ခဲ့တာပါ။ ”

“ အဲ့ကဗျာစာအုပ် အခု ရှိသေးလား။ ကျုပ် တစ်ချက်လောက် ကြည့်လို့ ရမလား။ ”

“ ကျွန်မ ပြီးခဲ့တဲ့တစ်ခေါက် အမှိုက်တွေ မီးရှို့တုန်းက အဲ့ကဗျာစာအုပ်ကို စာရွက်အစုတ်တွေနဲ့ ရောပြီး မီးရှို့လိုက်မိတယ်။ ”

တရားသူကြီးစုန့် : …

ဘာလို့ မီးရှို့လိုက်တာလဲ။

ဘယ်လိုလုပ် မီးရှို့နိုင်ရတာလဲ။

အဲ့ရှေးခေတ်ကဗျာစာအုပ်က အဖိုးဖြတ်မရတဲ့ ဂန္တဝင်ကဗျာစာအုပ် ဖြစ်နေနိုင်တယ် ဆိုတာကိုရော မင်း သိရဲ့လား … ။

သူ့ဘေးက စုန့်ကျယ်က ရင်ဘတ်တွေ နိမ့်ချည် ၊ မြင့်ချည် လှုပ်ရှားနေလောက်အောင်ပင် ဒေါသထွက်နေတဲ့ အဖေဖြစ်သူကို ကြည့်ကာ ခေါင်းခါယမ်းလိုက်မိသည်။ တခြားလူတွေက အဒေါ်လီရဲ့ အရည်အချင်းကို မသိလောက်ပေမဲ့ သူကတော့ ကောင်းကောင်း သိသည်။

အဖေက ဘယ်လိုလုပ် ဒီလောက် မပါးနပ်ရတာလဲ။ အဒေါ်လီ ရှေးခေတ်ကဗျာစာအုပ်တွေကို ဘယ်တုန်းက ဖတ်ဖူးလို့လဲ … ။ ဒီကဗျာက အဒေါ်လီကိုယ်တိုင် ရေးထားတာ အသိအသာကြီးပဲလေ။

သူနှင့် ဝမ်အာမှာ နားမလည်တဲ့ ပုစ္ဆာတွေ ရှိတိုင်း အနားမှာ ဆရာလွီ မရှိလျှင် အဒေါ်လီကိုပဲ အမြဲတမ်း မေးရသည်။ ဘယ်လောက် ခက်တဲ့ ပုစ္ဆာပဲဖြစ်ဖြစ် အဒေါ်လွီက သူတို့ကို သေချာ နားလည်အောင် ရှင်းပြနိုင်သည်။

အဲ့လောက် အရည်အချင်းရှိတဲ့ လူတစ်ယောက်က ကဗျာရေးနိုင်တာ ဘာထူးဆန်းလို့လဲ။

ထို့ကြောင့် အကုန်လုံး ပြန်သွားတော့မှ စုန့်ကျယ်က သူ့အဖေနားကို လှစ်ခနဲ သွားပြီး သူ ထင်တဲ့အတိုင်း ပြောပြလိုက်သည်။

“ အဲ့ကဗျာကို အဒေါ်လီ ရေးတာလို့ မင်းက ပြောနေတာလား။ ”

“ တခြား ဘယ်သူ ရှိဦးမှာလဲ အဖေရ။ အဒေါ်လီရဲ့ အသိပညာ ၊ ဗဟုသုတတွေက နာမည်ကြီးပါပေ့ ဆိုတဲ့ ဆရာတွေထက်တောင် သာဦးမယ်။ ”

တရားသူကြီးစုန့် ရုတ်တရက် နားလည်သွားသည်။

ဟုတ်သားပဲ … ။ လီယောင့်မှာ အသိပညာတွေ ၊ ဗဟုသုတတွေ မရှိဘဲ အံ့ဩစရာ ပစ္စည်းတွေ အများကြီးကို ဘယ်လို ဖန်တီးနိုင်မှာလဲ။

“ မင်း ဒီအကြောင်းကို ဘယ်သူ့ကိုမှ လျှောက်ပြောလို့ မရဘူးနော် ၊ နားလည်လား။ ”

“ ဘာလို့လဲ အဖေရ။ ”

“ အဒေါ်လီ တခြားသူတွေကို မသိစေချင်တာက သူ့မှာလည်း သူ့အကြောင်းပြချက်နဲ့သူ ရှိမှာပဲ။ မင်း သူ့ကို အခက်တွေ့အောင် လုပ်လို့ မရဘူး။ ”

“ ကျွန်တော် နားလည်ပါပြီ အဖေ။ ”

…

တံဆိပ်တုံးတွေနှင့် ပုံနှိပ်ကူးယူခြင်း နည်းလမ်းကြောင့် ရွာသားတွေအတွက် လိုအပ်တဲ့ ပုံနှိပ်စာအုပ်တွေကို မြန်မြန်ဆန်ဆန်ပဲ ရရှိလာခဲ့သည်။

တရားသူကြီးစုန့်သည် မှင်နံ့သင်းပျံ့နေတဲ့ ပုံနှိပ်စာအုပ်တွေကို ကြည့်ပြီး လီယောင့်အပေါ် သူ့ခန့်မှန်းချက်က မှန်ကန်ကြောင်း နောက်တစ်ခေါက် အတည်ပြုနိုင်သွား၏။

ဒီလို အသံထွက်အတိုင်း အနီးစပ်ဆုံး ရေးသားထားတဲ့ သင်္ကေတတွေ ၊ လက်တွေ့ အသုံးဝင်တဲ့ ပုံနှိပ်စာအုပ်တွေကို တီထွင်နိုင်ဖို့ဆို သူမမှာ များပြားတဲ့ အသိပညာတွေ မရှိဘဲ မရပါ။ လီယောင့်အပေါ် သူ့ရဲ့ အရင်တုန်းက ထင်မြင်ချက်က အတော်လေး နိမ့်ကျခဲ့ပုံရသည်။

“ ကျောင်းသားတွေ အကုန်လုံး ရောက်လာပြီ တရားသူကြီးစုန့်။ ရှင် အရင်ဆုံး စကားနည်းနည်းပါးပါး ပြောလိုက်ရင် ဘယ်လိုလဲ။ ”

“ ကောင်းပါပြီ။ ”

တရားသူကြီးစုန့်သည် ရွာသူ ၊ ရွာသား ( ၃၀၀ ) ကျော်ကို စာကြိုးစားဖို့ အားပေးတိုက်တွန်းပြီးနောက် စိတ်ထဲမှာ ဝမ်းသာမှုဖြင့် မျက်ရည်လည်ချင်လာသည်။

တကယ်လို့ လီယောင့်နည်းလမ်းကိုသာ လူတိုင်း သိအောင် ကြေညာပေးနိုင်ရင် ကောင်းကင်အောက်မှာ ရှိတဲ့ လူတိုင်း စာရေးတတ် စာဖတ်တတ်လာလေမလား ၊ ကြီးမြတ်တဲ့ ဧကရာဇ်လင်ရဲ့ အနာဂတ်ကရော ဘာဆက်ဖြစ်မလဲ ဆိုတဲ့ အတွေးတွေက သူ့ခေါင်းထဲ စိမ့်ဝင်လာသည်။

သူ ဒီအကြောင်းအရာကိုလည်း နန်းတွင်းတရားရုံးတော်ကို အစီရင်ခံပြီး လီယောင့်အတွက် ဆုတော်လာဘ်တော်တွေ တောင်းခံပေးရပါမည်။

…

အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားကာ မျက်စိတစ်မှိတ်အတွင်းမှာပဲ ဖေဖော်ဝါရီကို ရောက်လာခဲ့သည်။

မိုးလေဝသနတ်မင်းကတော့ မိုးကြိုး တစ်လက် ၊ မိုးရေ တစ်စက်တောင် မထွန်းလင်း မရွာသွန်းစေဘဲ မိုးခေါင်ချိန်မှာ အသုံးပြုဖို့ တူးထားတဲ့ ရေတွင်းထဲက ရေ‌တွေတောင် အများကြီး လျော့ကျသွားခဲ့သည်။

တရားသူကြီးစုန့်က အခုတလော ရွာတွေကို လှည့်ပတ်ပြေးလွှားရင်း အလုပ်ရှုပ်နေခဲ့သည်။ ပိုင်ချွမ်းခရိုင်ရဲ့ တရားစီရင်ပိုင်ခွင့်အောက်မှာ ရွာပေါင်း ( ၂၃ ) ရွာ ရှိပြီး ရွာတိုင်းမှာ ‌မိုးခေါင်ချိန်မှာ အသုံးပြုဖို့ တူးထားတဲ့ ရေတွင်းတွေ ရှိသောကြောင့် အခြေခံ နေထိုင်မှုနှင့် စိုက်ပျိုးမွေးမြူရေးအတွက် စိုးရိမ်စရာ မရှိပါ။ မနှစ်တုန်းက ‘ အလုပ်ကြမ်းသမားတွေကို သူတို့ရဲ့ လုပ်အားအတွက် အစားအသောက်တွေ ထောက်ပံ့ပေးခြင်း ’ လုပ်ငန်းစဉ်ကလည်း ဆန်စပါးတချို့ကို ဖြန့်ဝေပေးခဲ့၍ လူတွေက ပုံမှန်လေး ဆက်သွားနေဖို့ပဲ လိုသည်။

ဒါပေမဲ့ တချို့နေရာတွေကတော့ တောင့်ခံမထားနိုင်တော့ပါ။ အထူးသဖြင့် ‌မိုးခေါင်ချိန်မှာ အသုံးပြုဖို့ ရေတွင်းတွေ များများစားစား တူးမထားတဲ့ ယီကျိုးခရိုင်အပြင်ဘက်က ဒေသတွေမှာ ဖြစ်သည်။ ရေတွင်းတွေ တူးထားတဲ့ ဒေသတွေမှာလည်း မြေအောက်ရေ လုံလုံလောက်လောက် မရှိသောကြောင့် သာမန်ပြည်သူတွေမှာ ရှင်သန်ရပ်တည် နေထိုင်ဖို့တောင် အခက်အခဲရှိလာခဲ့သည်။

တရားသူကြီးစုန့်သည် ယီကျိုးခရိုင်ထဲကို ခိုလှုံသူတွေ အများကြီး တဖွဲဖွဲ ဝင်ရောက်လာတယ် ဆိုတဲ့ သတင်းတွေကို ကြားရသည်။

အုပ်ချုပ်ရေးမှူးဟူက နယ်စပ်လမ်းတွေကို ပိတ်ဆို့ထားပေမဲ့လည်း အဲ့ဒါတစ်ခုတည်းနှင့် သူတို့ကို ရပ်တန့်ထားဖို့ ဘယ်လို့မှ မဖြစ်နိုင်ပါ။

ညတွင်းချင်းအတွင်းမှာပဲ မရေမတွက်နိုင်တဲ့ ခိုလှုံသူတွေ ယီကျိုးခရိုင် နေရာအနှံ့အပြားမှာ ရောက်လာခဲ့၏။

ကျေးလက်ဒေသမှာ ရှိတဲ့ ပိုင်ချွမ်းခရိုင်ကိုတော့ အခုထိ ခိုလှုံသူတွေ ရောက်မလာသေးပေမဲ့ အနှေးနှင့်အမြန် ရောက်လာမှာပဲ ဆိုတာကို တရားသူကြီးစုန့် သိသည်။ ထို့ကြောင့် ခိုလှုံသူတွေဟာ အရေးပေါ်ပြဿနာတစ်ရပ် ဖြစ်လာခဲ့ပြီး သူ ထိုပြဿနာကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာ လုံးဝ စဉ်းစားမရတော့။

ဒီတစ်ခေါက်လည်း ထုံးစံအတိုင်းပင် သူ လီယောင့်ကို သတိရသွားသည်။ သူ လီယောင့်ကို အကူအညီတောင်းရင် ကောင်းမလား … ။

တရားသူကြီးစုန့်သည် ထိုသို့ တွေးမိသည်နှင့် ဆက်အချိန်ဆွဲမနေတော့ပေ။ သူ လီယောင့်ကို အရင်တုန်းကလည်း အကူအညီတောင်းဖူးတာပဲ မဟုတ်လား … ။ အဲ့တော့ ဒီတစ်ခေါက် အကူအညီထပ်တောင်းတာလည်း သိပ်တော့ ရှက်စရာကောင်းမယ် မထင်ပါဘူး … ။

ထို့ကြောင့် သူ ခေါင်းဆောင်ကျန်းနှင့် အမှုထမ်းတွေကို ချက်ချင်း ဆင့်ခေါ်ပြီး သူ့ရဲ့ သုံးဘီးတပ် ခြေနင်း အနှေးယာဉ်ပေါ် တက်ကာ ဟဲဝမ်ရွာဆီသို့ ဘဲလ်သံတချွင်ချွင်နှင့်အတူ တက်သုတ်ရိုက် ထွက်လာခဲ့တော့သည်။

…

All Chapters