မင်းကိုပဲ အားကိုးမယ်။
Vol. 10 Ch. 116
ထိုအချိန်မှာ လီယောင်ကတော့ စက်ဘီးအလုပ်ရုံမှာပဲ ရှိနေသေးသည်။
အချိန်တစ်ခုကြာ ကုန်ထုတ်လုပ်ပြီးတဲ့နောက် ကုန်လှောင်ရုံထဲမှာ စက်ဘီးတွေ ရာချီ ရှိနေခဲ့ပြီ ဖြစ်ပြီး ခေတ်မီစတိုးဆိုင်တွေမှာလည်း မကြာခင် ဝယ်ယူရရှိနိုင်ပါလိမ့်မည်။
ဒါပေမဲ့ လက်ရှိ ကြိုတင်အမှာစာတွေကို ကြည့်ရသလောက် သုံးဘီးစက်ဘီးဟာ နှစ်ဘီးစက်ဘီးထက် အရေအတွက် သိသိသာသာ ပိုများနေ၏။ တရားသူကြီးစုန့်ရဲ့ သုံးဘီးစက်ဘီးက လူတိုင်းရဲ့ စိတ်ကို ဆွဲဆောင်နိုင်ခဲ့ပုံပေါ်သည်။
“ အဒေါ့်ကို ခရိုင်တရားသူကြီးစုန့် လိုက်ရှာနေတယ် အဒေါ်လီ။ သူ အဒေါ့်အိမ်မှာ စောင့်နေတယ်။ ”
လီယောင် အိမ်ပြန်ရောက်တော့ တရားသူကြီးစုန့်က သူမကို သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ပြောပြခဲ့သည်။
“ ခိုလှုံသူတွေ ဒီနယ်ကို တရားမဝင် ဝင်ရောက်လာတဲ့ ပြဿနာက ကိုင်တွယ်ရခက်ပေမဲ့လည်း ဖြေရှင်းနည်းတွေတော့ ရှိပါတယ်။ ” ဟု လီယောင်က ပြောလိုက်သည်။
“ ဘယ်လို ဖြေရှင်းရမှာလဲ။ ”
“ အဲ့ဒါက လူအရေအတွက်ပေါ် မူတည်တယ်။ ပိုင်ချွမ်းခရိုင်က အများဆုံး အိမ်ထောင်စု ( ၃၀၀၀ ) ကို နေစရာပေးနိုင်ပေမဲ့ အဲ့ထက် ပိုလာရင်တော့ အဆင်ပြေမှာ မဟုတ်ဘူး။ ”
အိမ်ထောင်စု ( ၃၀၀၀ ) မှာ ပျှမ်းမျှ လူ ( ၂၀၀၀၀ ) ဝန်းကျင် ရှိသည်။
ပိုင်ချွမ်းခရိုင်က အစကတည်းက အရင်းအမြစ်တွေ အများကြီး မရှိတဲ့ ဒေသမို့ အဲ့ဒီလောက် လူပမာဏကို နေစရာပေးနိုင်တာကပင် အတော် များနေပြီ ဖြစ်သည်။
“ ဒါဆို အမျိုးသမီးလီက ဘယ်လို ဖြေရှင်းမယ်လို့ တွေးထားလဲ။ ”
“ ထုံးစံအတိုင်း အလုပ်လက်မဲ့တွေကို အလုပ်အကိုင် တစ်ခုခု ပေးရမှာပေါ့။ ခိုလှုံသူအိမ်ထောင်စု ( ၃၀၀၀ ) မှာ ကောင်းကောင်း အလုပ်,လုပ်နိုင်တဲ့ ၊ ကျန်းမာတဲ့ ခန္ဓာကိုယ်ရှိတဲ့ လူ ( ၁၀၀၀၀ ) ကျော်တော့ သေချာပေါက် ပါမှာပဲ မဟုတ်လား။ အဲ့လူတွေကို လမ်းတွေ ဆက်ဆောက်ခိုင်းလိုက်ပါ။ ”
တရားသူကြီးစုန့် အနည်းငယ် အူကြောင်ကြောင် ဖြစ်သွားသည်။ လမ်းတွေကို ပြီးခဲ့တဲ့ ဆောင်းရာသီတုန်းကမှ ဆောက်ထားတာလေ ၊ ဘာလို့ ထပ်ဆောက်ရမှာလဲ … ။
လီယောင်က “ မနှစ်တုန်းက ဆောက်ထားတဲ့ လမ်းတွေက အကြမ်းအဆင့်ပဲ ရှိတယ်။ ကျွန်မတို့ ဒီတစ်ခေါက် အနည်းဆုံး ကျောက်လမ်းတွေကို ဆောက်ရမယ်။ ” ဟု ဆက်ပြောလိုက်သည်။
“ အဲ့ဒါက ပိုက်ဆံ အများကြီး ကုန်လိမ့်မယ်။ ” တရားသူကြီးစုန့်က ထိုစကားကို ကြားသည်နှင့် ခေါင်းခါရမ်းလိုက်ပါသည်။ “ ကျုပ်တို့ သူတို့ကို အစားအသောက်ပဲ ပေးပြီး လုပ်အားခ ပေးစရာမလိုဘူး ဆိုရင်တောင် လူ ( ၂၀၀၀၀ ) ကျော်အတွက် တစ်ရက်ကို အနည်းဆုံး ငွေချောင်း ( ၂၀၀ ) ကုန်ကျလိမ့်မယ်။ ”
“ အဲ့ဒီငွေကို ကျွန်မ ချေးပေးလို့ ရပါတယ်။ ကျွန်မ တစ်ရက်ကို ငွေချောင်း ( ၃၀၀ ) ပေးနိုင်တယ်။ ”
တရားသူကြီးစုန့်က “ ဘုရားရေ … ” ဟု အံ့ဩတကြီး ရေရွတ်လိုက်သည်။ တစ်ရက်ကို ငွေချောင်း ( ၃၀၀ ) နှုန်းနှင့် တွက်ရင် တစ်လကို ငွေချောင်း ( ၁၀၀၀၀ ) တောင်ပင်။
“ မင်း တကယ်ရော အဲ့လောက် အများကြီး တတ်နိုင်လို့လား။ ”
“ တတ်နိုင်လောက်ပါတယ်။ ”
အရှိန်အဟုန်ကောင်းကောင်းနှင့် လည်ပတ်နေတဲ့ ဆပ်ပြာအလုပ်ရုံက ဆပ်ပြာအချောင်း ( ၃၀၀၀ ) ကို နေ့စဉ် ထုတ်လုပ်နေပြီး တစ်ချောင်းကို ဝမ် ( ၄၀ ) အမြတ်အစွန်းထွက်ကာ စုစုပေါင်း အမြတ်အစွန်းအနေဖြင့် ငွေချောင်း ( ၁၂၀ ) ရသည်။ ဆပ်ပြာမွှေးကိုလည်း တစ်ရက်ကို အချောင်း ( ၂၀၀ ) ပုံမှန် ထုတ်လုပ်နေတာမို့ တစ်ချောင်းကို ဝမ် ( ၉၉၀ ) နှုန်းနှင့် စုစုပေါင်း ငွေချောင်း ( ၁၉၈ ) ချောင်း အမြတ်အစွန်းထွက်သည်။
အမြတ်အစွန်းတွေ အကုန်လုံးကို ပေါင်းလိုက်ရင် ငွေချောင်း ( ၃၁၈ ) ချောင်း ရှိသည်။
ပြီးတော့ စက်ဘီး ဒုတိယအသုတ်ကိုလည်း မကြာခင် ဖြန့်ဝေရောင်းချတော့မည် ဖြစ်လေရာ အနည်းဆုံး ငွေချောင်း ( ၁၀၀၀ ) ၊ ( ၂၀၀၀ ) ကတော့ ပြေးမလွတ်ပါ။
လက်ထဲမှာ ထိုငွေတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ဒီကပ်ဘေးကို ဖြေရှင်းလို့ ရသည်။
“ မင်း အဲ့ငွေတွေကို ထုတ်ချေးနိုင်တယ် ဆိုရင်တောင် ကျုပ် ပြန်မဆပ်နိုင်မှာကို စိတ်မပူဘူးလား။ မင်း သိတဲ့အတိုင်း ပိုင်ချွမ်းခရိုင်က ဆင်းရဲတယ်။ နှစ်တိုင်း အခွန်ဘဏ္ဍာတွေကလည်း အများကြီး ရတာ မဟုတ်ဘူး။ ”
“ အခုအချိန်မှာ ဆင်းရဲနေပေမဲ့ အနာဂတ်မှာတော့ ဆင်းရဲတော့မှာ မဟုတ်ပါဘူး။ ”
လီယောင်ရဲ့ “ စက်မှုလုပ်ငန်း ” က ဟဲဝမ်ရွာကို ပြောင်းလဲပေးရုံသာမက မကြာခင် ပြင်ပကိုပါ ပျံ့နှံ့သက်ရောက်လာလိမ့်မည်။
တရားသူကြီးစုန့်သာ ရှေ့ကနေ နည်းနည်းပါးပါး ဦးဆောင်လမ်းညွှန်ပေးနေရင် ပိုင်ချွမ်းခရိုင် စက်မှုလုပ်ငန်းတိုးတက်ထွန်းကားသော ခရိုင်ကြီးတစ်ခု ဖြစ်လာဖို့ မဖြစ်နိုင်စရာ အကြောင်း မရှိပါ။ အဲ့ဒီအခါ ငွေချောင်း ငွေချောင်း သိန်းချီ ၊ သန်းချီလောက်ကတော့ အသေးအဖွဲပဲ ဖြစ်သည်။
တကယ်လို့ သူမ ချေးထားတဲ့ ငွေတွေကို တရားသူကြီးစုန့် ပြန်မဆပ်နိုင်ရင်တောင် ကိစ္စမရှိပေ။
သူ့ရဲ့ လူထုအကျိုးပြုလုပ်ဆောင်မှုတွေနှင့် ဆိုလျှင် ပိုင်ချွမ်းဒေသ အောင်မြင်တိုးတက်ဖို့ ဆိုတာ လက်တစ်ကမ်းအလိုမှာပါ။ သူမ သက်သောင့်သက်သာ အငြိမ်းစားယူချင်ရင် ပိုက်ဆံတစ်ခုတည်းနှင့် မလုံလောက်ဘဲ ရာထူးကြီးပုဂ္ဂိုလ် တစ်ယောက်ယောက်ရဲ့ ကျောထောက်နောက်ခံကိုလည်း လိုအပ်သည်။
တရားသူကြီးစုန့် အလွန် စိတ်လှုပ်ရှားသွားသည်။ “ ဒါဆို ဒီတစ်ခေါက် ကျုပ် မင်းကိုပဲ လုံးလုံး အားကိုးထားလိုက်တော့မယ်နော် အမျိုးသမီးလီ။ ”
တရားသူကြီးစုန့်သည် လီယောင် ပေးတဲ့ “ ပထမချေးငွေ ” ကို ရသည်နှင့် ကာကွယ်ရေးခေါင်းဆောင်ကျန်းကို ချက်ချင်း ခေါ်ကာ လူစုပြီး ဆန်တွေ ၊ လမ်းဆောက်လုပ်ရေးပစ္စည်းကိရိယာတွေ ဝယ်ခိုင်းလိုက်လေသည်။ လီယောင်ကလည်း အရောင်းကိုယ်စားလှယ် ကျားကျန်းလျန့်နှင့် လျှို့ယွမ်ကို ကုန်ပစ္စည်းတွေ လာယူတဲ့အခါ တခြားဒေသတွေက ဆန်တွေကိုပါ ဝယ်လာခိုင်းလိုက်၏။
…
သုံးရက်အကြာမှာတော့ ပိုင်ချွမ်းခရိုင်ကို ခိုလှုံသူ ပထမအသုတ် ရောက်လာခဲ့သည်။
တရားသူကြီးစုန့်က အစစအရာရာ ထောင့်စေ့အောင် ပြင်ဆင်ထားသည်။ ပိုင်ချွမ်ဈေးရဲ့ ဂိတ်ပေါက်တွေကို ပိတ်ပြီး လူ ( ၁၀၀ ) ကို စေလွှတ်၍ လုံခြုံရေးအဖွဲ့တွေ ဖွဲ့ထားသည်။ ခိုလှုံသူတွေကို မြို့ပြင်က မြေကွက်လပ်မှာ နေရာချထားပြီး တစ်ရက်ကို ဆန်ပြုတ် တစ်ကြိမ် အလကား တိုက်သည်။
ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ရှောင်ပြေးဖို့ ပိုင်ချွမ်းခရိုင်ကို ခိုလှုံလာတဲ့ ခိုလှုံသူ အများစုဟာ ထမင်းငတ်နေတာ ရက်ပေါင်း အတော် ကြာပါပြီ။ ဆန်ပြုတ် အလကားက သောက်ရခြင်းကပင် သူတို့အတွက် ကျေးဇူးတင်လွန်းလှပြီ ဖြစ်သည်။
ထိုအချိန်မှာပဲ ပိုင်ချွမ်းခရိုင်မှာ ဆန်ပြုတ်တွေ အလကား ပေးဝေနေတယ် ဆိုတဲ့ သတင်းက လျင်မြန်စွာ ပျံ့နှံ့သွားကာ ခိုလှုံသူတွေ တဖွဲဖွဲ ရောက်လာကြသည်။ မြို့ပြင်က မြေကွက်လပ်ကလည်း သူတို့အားလုံးကို ထိန်းထားနိုင်တယ် ဆိုရုံလောက်သာ ရှိပါသည်။
အချိန်ကျလာပြီမှန်း သိလိုက်တဲ့ တရားသူကြီးစုန့်က သူ့လူတွေကို ဒီနေ့က စပြီး ဆန်ပြုတ် အလကား တိုက်တော့မှာ မဟုတ်ကြောင်း အသိပေးစာတွေ လိုက်ကပ်ခိုင်းလိုက်သည်။
“ ခင်ဗျား ဘယ်လိုလုပ် လုပ်ရက်ရတာလဲ။ ”
“ ဆန်ပြုတ် အလကား မတိုက်တော့ဘူးလို့ အစောကြီးကတည်းကသာ ပြောခဲ့ရင် ကျုပ်တို့လည်း ဒီနေရာကို လာခဲ့ပါ့မလား။ ”
“ အခု ကျုပ်တို့ ဘာလုပ်ရမှာလဲ။ တခြားနေရာတွေမှာလည်း စားစရာ မရှိတော့ဘူး။ ”
...
ခိုလှုံသူတွေ ထိုကဲ့သို့ ငိုကြွေးမြည်တမ်းနေစဉ်မှာပဲ ဒုတိယအသိပေးစာ တစ်စောင်ကို ထပ်ထုတ်ပြန်ခဲ့သည်။
‘ ပိုင်ချွမ်းခရိုင်ရဲ့ လမ်းဆောက်တဲ့ နေရာမှာ ဝင်ကူပေးရင် တစ်ရက်ကို ပေါင်မုန့် ( ၃ ) လုံးနဲ့ ဆန်ပြုတ် ( ၂ ) ပန်းကန် ရပါမယ်။ ’
ထိုအသိပေးစာကို မြင်သောအခါ လူတိုင်း ခေါင်းခါယမ်းလိုက်ကြသည်။
လူတစ်ယောက်က “ ဒီတရားသူကြီးက လူတွေကို ဘယ်လို လှည့်စားရမလဲ ဆိုတာ ကောင်းကောင်း သိတာပဲ။ သူတို့ ပြောသလို အလုပ်,လုပ်ပြီးသွားရင် ငါတို့ကို ဘာမှ ပေးမှာ မဟုတ်ဘူး ဆိုတာ ငါ လောင်းရဲတယ်။ ” ဟု ထပြောလိုက်သည်။
“ အဲ့လို အတိအကျကြီးတော့ ပြောလို့ မရဘူးလေ။ ငါတို့ကို စားစရာတွေ တကယ် ပေးရင်လည်း ပေးနိုင်တာပဲ။ ”
“ အဲ့ဒါဆိုလည်း စမ်းသပ်ကြည့်ရမှာပေါ့။ ငါတို့ကို လှည့်စားတာ ဆိုရင်တောင် တစ်ရက်တည်းပါပဲ။ ”
…
ဆူဆူညံညံ စကားသံတွေအလယ်မှာ ခန္ဓာကိုယ်ကြံ့ခိုင်သန်မာတဲ့ လူငယ် တချို့က တရားရုံးတော်အမှုထမ်းတွေနှင့်အတူ လိုက်သွားပြီး အလုပ်,လုပ်ဖို့ မှတ်ပုံတင်ခဲ့ကြသည်။
ခေါင်းဆောင်ကျန်းရဲ့ ကြီးကြပ်မှုအောက်မှာ ထိုလူတွေအကုန်လုံး ချက်ချင်း ဆိုသလို အလုပ်စခဲ့ကြပြီး ခေါင်းဆောင်ကျန်းက သူတို့ကို သဲတွေ ကျောက်တွေကို သယ်တဲ့ အဖွဲ့ ၊ တခြားနေရာကို ပို့ဆောင်တဲ့ အဖွဲ့ ၊ လမ်းမျက်နှာပြင်ကို ပြန့်ပြူးအောင် လုပ်တဲ့ အဖွဲ့ ၊ လမ်းနှစ်ဖက်စလုံးမှာ ရေမြောင်းဖောက်တဲ့ အဖွဲ့ စသည်ဖြင့် အဖွဲ့ လေးဖွဲ့ ခွဲလိုက်သည်။
တာဝန်အသီးသီး ခွဲပေးပြီးသွားတော့ အမှုထမ်းတစ်ယောက်က ကျောက်တွေ ၊ သဲတွေကို သယ်ယူပို့ဆောင်မယ့် အဖွဲ့ နှစ်ဖွဲ့ကို ခေါ်သွားကာ ခေါင်းဆောင်ကျန်းက ကျန်နှစ်ဖွဲ့ကို ဟဲဝမ်ရွာသို့ ခေါ်လာခဲ့လိုက်သည်။
တရားသူကြီးစုန့်နှင့် လီယောင်တို့က ဟဲဝမ်ရွာမှာ အဆင်သင့် စောင့်နေခဲ့ကြသည်။
တရားသူကြီးကိုယ်တိုင် ရောက်နေတာကို မြင်တော့မှ ခုနတုန်းက ဆူဆူညံညံ မကျေမနပ်ပြောနေကြတဲ့ ခိုလှုံသူတွေ အကုန်လုံး ချက်ချင်း ပါးစပ်ပိတ်သွားကြသည်။
“ မင်း ဒီတစ်ခေါက် လမ်းဆောက်တဲ့ နေရာမှာ နည်းလမ်းအသစ်ကို သုံးမယ်လို့ ပြောထားတယ်နော် လီယောင်။ မင်း အခု ရှင်းပြလို့ ရမလား။ ”
“ ခဏလောက် စောင့်ပါဦး။ သူတို့တွေ မကြာခင် ရောက်တော့မှာပါ။ ”
သိပ်မကြာခင်မှာပဲ သူတို့မြင်ကွင်းထဲကို နွားထီးတွေ ရောက်လာကာ အနီးကပ် ကြည့်လိုက်တော့ ထိုနွားထီးတွေက ဒလိမ့်တုံးကြီး တစ်ခုကို ဆွဲလာနေတယ် ဆိုတာကို လူတိုင်း မြင်သွားကြ၏။
ထိုဒလိမ့်တုံးကို ကျောက်သားနှင့် လုပ်ထားတာ မဟုတ်ဘဲ သံကြွပ်နှင့် လုပ်ထားတာ ဖြစ်သည်။ မြေပြင်နှင့် တစ်ပြေးညီ လှဲချထားတဲ့အခါ ထိုဒလိမ့်တုံးက လူတစ်ယောက်နီးပါးကို မြင့်သည်။ ဒလိမ့်တုံး လှိမ့်သွားတဲ့အောက်က မြေကြီးတွေက ညက်ညက်ကျေကာ ဖိချခံလိုက်ရသည်။
တရားသူကြီးစုန့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ဒီလို သံဒလိမ့်တုံးကြီးကို ရဖို့ သံမဏိတွေ ဘယ်လောက်တောင် ကုန်သွားပါလိမ့်။
“ ဒါက သံစစ်စစ်ချည်းပဲတော့ မဟုတ်ပါဘူး။ အထဲမှာ မြေကျစ်တွေလည်း ပါတယ်။ ” ဟု လီယောင်က ပြောလိုက်သည်။ “ ကျောက်သားအလွှာကို မခင်းခင် မြေကြီးပေါ်ကို ဒီဒလိမ့်တုံးနဲ့ အကြိမ်ပေါင်းများစွာ လှိမ့်ရမယ်။ ကျောက်သားအလွှာကို ခင်းပြီးရင်လည်း အပေါ်ကနေ အကြိမ်ပေါင်းများစွာ ထပ်ပြီး လှိမ့်ရမယ်။ အဲ့ဒါမှ လမ်းမျက်နှာပြင်က လွယ်လွယ်နဲ့ မပျက်စီးဘဲ တည်မြဲနိုင်မှာ။ ”
လီယောင်က ခိုလှူံတွေကို လမ်းမျက်နှာပြင်ပေါ်မှာ ဒလိမ့်တုံးကို ဘယ်လို လှိမ့်ရမလဲ ဆိုတာ သင်ပေးရင်း နောက်တစ်ခေါက် ထပ်လှိမ့်ပြလိုက်သည်။ နေ့တစ်ဝက်ကြာ ပင်ပင်ပန်းပန်း အလုပ်,လုပ်ပြီးတဲ့နောက်မှာတော့ ကျောက်လမ်း မီတာ ( ၅၀ ) ကို သူတို့ ခင်းပြီးသွားခဲ့ကြသည်။
လမ်းတစ်ဖက်တစ်ချက်စီမှာလည်း နှစ်ပေအနက်ရှိတဲ့ ရေနုတ်မြောင်းတွေကို တူးထားပြီး ကြားထဲမှာ မြေအောက်ပိုက်လိုင်းတွေကို မြုပ်နှံထားသည်။ ဒီလိုဆို မြေမြင့်ဘက်က ရေတွေ လမ်းပေါ်ကို စီးဆင်းလာမှာ မဟုတ်တော့ပါ။
တရားသူကြီးစုန့်က ဖြောင့်ဖြူးညီညာနေတဲ့ လမ်းပေါ်မှာ လျှောက်ရင်း အတောမသတ်နိုင်အောင် ချီးကျူးနေခဲ့သည်။ မင်းနေပြည်တော်မှာက လွဲလို့ ဒီလောက် ကောင်းတဲ့ လမ်းကို တစ်ခါမှ မတွေ့ဖူး။
“ ဒီလမ်းက သိပ်ကောင်းတယ်။ အခုက စပြီး ပိုင်ချွမ်းခရိုင်က လမ်းတွေ အကုန်လုံးကို ဒီပုံစံအတိုင်းပဲ တည်ဆောက်ရမယ်။ ”
လီယောင်က “ မဟုတ်သေး။ ဒါက အုတ်မြစ်အကြမ်းအဆင့်ပဲ ရှိသေးတာ။ နောက်ဆုံးအဆင့် မဟုတ်သေးဘူး။ ” ဟု ပြောလိုက်တော့ တရားသူကြီးစုန့် အံ့ဩသွားသည်။
“ ဒါ … ဒါက အုတ်မြစ်အကြမ်းပဲ ရှိသေးတာ … ”
“ နောက်ပိုင်းမှာ ဘိလပ်မြေထုတ်လုပ်လို့ ရရင် ကျွန်မတို့ လမ်းတွေ အကုန်လုံးကို ကွန်ကရစ်လမ်းခင်းလို့ ရတယ်။ ”
တရားသူကြီးစုန့် ပိုလို့တောင် အံ့ဩသွား၏။ ဘိလပ်မြေက ဘယ်လို အရာမျိုးလဲ ဆိုတာ သူ သိသလို ဘယ်လောက်တောင် မာကျောလဲ ဆိုတာကိုလည်း သိသည်။ ဒါပေမဲ့ လမ်းတိုင်းကို ကွန်ကရစ်လမ်းခင်းမယ်ဆို ဘယ်လောက်တောင် ကုန်ကျမှာပါလိမ့် … ။ စိတ်တောင် ကူးမကြည့်ရဲ။
ထိုအချိန်မှာပဲ ခိုလှုံသူတွေဆီက အသံတွေ ထွက်လာသည်။ “ ခရိုင်တရားသူကြီးမင်း ၊ အခုက ထမင်းစားချိန်ရောက်နေပြီ မဟုတ်ဘူးလား။ ကျုပ်တို့ ဗိုက်ဆာလွန်းလို့ အလုပ်ဆက်လုပ်ဖို့ အင်အားမရှိတော့ဘူးဗျ။ ”
“ ဟုတ်တယ်။ ကျုပ်တို့ ဗိုက်ဆာလွန်းလို့ သေတော့မလားပဲ။ အဲ့လို ပုံစံနဲ့ ဘယ်လို အလုပ်ဆက်လုပ်ရမှာလဲ။ ”
တရားသူကြီးစုန့်က ခေါင်းဆောင်ကျန်းကို ခေါင်းညိတ်ပြကာ ထမင်းကျွေးဖို့ အချိန်ကျပြီဖြစ်ကြောင်း အချက်ပေးလိုက်သည်။
ခဏအကြာမှာတော့ အငွေ့တထောင်းထောင်းထကာ မွှေးကြိုင်နေတဲ့ အစားအသောက်တွေ ၊ ရေပုံးတွေ ၊ အိုးခွက်ပန်းကန်တွေ ၊ လက်ဆေးဇလုံတွေကို အပြည့်အသိပ် သယ်ဆောင်ထားတဲ့ နွားလှည်းကြီး တစ်စင်း ရောက်လာပါသည်။
အစားအသောက်တွေရဲ့ မွှေးရနံ့တွေကြောင့် ခိုလှုံသူတွေရဲ့ အစာအိမ်က တဂွီဂွီမြည်သံတွေ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
…