← Chapters

ဆင်းရဲမှုနှင့် ရင်ဆိုင်ရချိန်မှာ အတွေးများ ပြောင်းလဲသွားခြင်း။

Vol. 10 Ch. 117

ဆင်းရဲမှုနှင့် ရင်ဆိုင်ရချိန်မှာ အတွေးများ ပြောင်းလဲသွားခြင်း။

Vol. 10 Ch. 117

ပန်းကန်တွေက နှင်းလို စွတ်စွတ်ဖြူမနေပေမဲ့ အရင်တုန်းက သူတို့ စားခဲ့တဲ့ ထမင်းပန်းကန်တွေနီးပါးလောက်ကို ကြီးသည်။

ဆန်ပြုတ်ကလည်း ဆန်ကိုတောင် မနည်း မွှေနှောက်ရှာရတဲ့ အရည်ကျဲကျဲ ဆန်ပြုတ်မျိုး မဟုတ်ဘဲ ပျစ်ပျစ်နှစ်နှစ် ဆန်ပြုတ် ဖြစ်သည်။

လူတိုင်းကို အံ့ဩသွားစေတာကတော့ ဂေါ်ဖီနှပ်ပန်းကန်လေးတွေပါပဲ။ ဂေါ်ဖီထဲမှာ ဆီစက်လေးတွေတောင် ပါသေးရဲ့။

ခိုလှုံသူအုပ်စုသည် သူတို့မျက်လုံးကိုတောင် မယုံကြည်နိုင်အောင် ဖြစ်သွားကြသည်။ ဆီစက်လေးတွေတဲ့လား … ။

“ ခင်ဗျားတို့ ခံတွင်းတွေ့ရဲ့လား။ ” တရားသူကြီးစုန့်က သူတို့နား သွားပြီး မေးလိုက်၏။

“ အင်း။ သိပ်ကို စားကောင်းတယ်။ ” ခိုလှုံသူတွေအားလုံးက တညီတညွှတ်တည်း ခေါင်းညိတ်ပြကြသည်။ “ ဒီဂေါ်ဖီထုပ်နှပ်ဟင်းကလည်း မွှေးနေတာပဲ။ ”

“ ကျေးဇူးတင်ပါတယ် လူကြီးမင်း။ ကျွန်‌တော်တို့ အလုပ်ကြိုးစားပါ့မယ်။ ”

“ လောစရာ မလိုပါဘူး။ ဖြည်းဖြည်းချင်း စားပါ။ ဒီည အလုပ်ပြီးသွားရင် လူတိုင်း တစ်‌ယောက်ကို ပေါင်မုန့် တစ်လုံး ၊ ဆန်ပြုတ် တစ်ပန်းကန်နဲ့ အသီးအရွက်ဟင်း တစ်ပန်းကန် ရပါလိမ့်ဦးမယ်။ ”

“ လူကြီးမင်း လူတွေ ထပ်လိုသေးလား။ ”

တရားသူကြီးစုန့် ခေါင်းညိတ်ပြလိုက်သည်။ “ လိုတယ်။ မင်းတို့ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေကိုလည်း သွားခေါ်လိုက်ပါ။ အလုပ်,လုပ်တဲ့ လူတွေအကုန်လုံး နေ့တိုင်း စားဖို့သောက်ဖို့ စိတ်ပူစရာမလိုဘူး။ ”

“ ကျေးဇူးတင်ပါတယ် လူကြီးမင်း။ ”

“ လူကြီးမင်းက ကျွန်တော်တို့ တွေ့ဖူးသမျှ အရာရှိတွေထဲမှာ အကောင်းဆုံးပဲ။ ”

…

ချီးမွမ်းသံတွေ တရစပ် ထွက်ပေါ်လာဆဲမှာ တရားသူကြီးစုန့်သည် လီယောင့်ကို လှမ်းကြည့်လိုက်၏။ ဒါတွေ အကုန်လုံးက သူ့ကို ချီးမွမ်းရမှာ မဟုတ်ဘဲ လီယောင့်ကို ချီးမွမ်းရမှာပါ။

ထိုနေ့က အလုပ်ပြီးသွားတော့ ခိုလှုံသူလူစုဟာ မြို့ပြင်က မြေကွက်လပ်ကို ပေါင်မုန့်တွေနှင့် ပြန်သွားခဲ့ကြလေသည်။

“ ငါ မင်းတို့ကို ပြောပြမယ်။ သူတို့က ငါတို့ကို ပေါင်မုန့်တွေ တကယ် ပေးတာကွ။ ”

“ ဒီလို ပေါင်မုန့်ကြီးတွေကို နေ့လယ်စာစားချိန်မှာ နှစ်လုံး ၊ ညစာစားချိန်မှာ တစ်လုံး ကျွေးတဲ့အပြင် အသီးအရွက် တစ်ပန်းကန်လည်း ပေးသေးတယ်။ ”

“ အသီးအရွက်ဟင်းတွေမှာလည်း ဆီစက်လေးတွေ အများကြီး ပါတယ်။ ”

“ တကယ်လား။ ” တချို့ကတော့ ဘယ်ကိစ္စကိုမဆို အလွယ်တကူ မယုံကြည်တတ်ပေ။

“ ငါ မင်းတို့ကို လိမ်ပြောနေရင် လူမဟုတ်လို့ပဲ။ ”

မြေကွက်လပ်မှာ ထိုင်နေတဲ့ လူတစ်ယောက်က ရုတ်တရက် ထပြောလိုက်သည်။ “ ငါ မင်းတို့ကို ဒီနေ့ လိမ်ပြောနေတာ မဟုတ်ဘူး။ နောက်ထပ် လူတွေကို သူတို့ လှည့်စားပြီး အလုပ်,လုပ်ခိုင်းမှာကို စောင့်ကြည့်နေလိုက်။ အဲ့အချိန်ကျ ဒီလို ကောင်းတဲ့ ကိစ္စလေးတွေ ရှိနေဦးမယ်လို့ မင်း ထင်လား။ မင်းတို့ ပိုက်ဆံရှာနိုင်ဦးမယ်လို့ရော ထင်လား။ ”

“ မင်း ဘာပြောချင်တာလဲ ကျန်းကူ။ ”

“ စဉ်းစားကြည့်စမ်းပါ။ ပုံမှန်ဆို ခရိုင်မြို့တော်ဝန်က ငါတို့ကို တစ်ခုခု ခိုင်းချင်ရင် တစ်ရက်ကို အနည်းဆုံး ( ၁၀ ) ဝမ်နဲ့ ထမင်းတစ်နပ် ကျွေးရတယ် မဟုတ်လား။ အခုတော့ သူတို့က မင်းတို့ကို ပေါင်မုန့်လေး နည်းနည်းနဲ့ ပြန်လွှတ်လိုက်တာ ၊ မင်းတို့ အနည်းဆုံး ထက်ဝက်လောက် နစ်နာနေတာပဲကွ။ ”

“ ငါတို့ မသွားရင် ငါတို့မှာ စားစရာရှိမှာ မဟုတ်ဘူး။ ”

“ မင်းတို့ သွားချင်ရင်လည်း သွားပေါ့။ ” ကျန်းကူက မြက်ပင် တစ်ပင်ကို ပါးစပ်ထဲမှာ ကိုက်ထားရင်း မတ်တပ်ရပ်လိုက်သည်။ “ ငါကတော့ သူများဒေသက လမ်းတွေကို ကောင်းအောင် ပြုပြင်ပေးနိုင်တဲ့ထိ ခန္တီပါရမီမကောင်းဘူး။ ”

ကျန်းကူက ထိုစကားကို ပြောပြီးနောက် သူ့ဘေးက ခန္ဓာကိုယ်ကြံ့ခိုင်သန်မာတဲ့ လူတွေကို အချက်ပြလိုက်ကာ ခဏကြာတော့ သူနှင့်အတူ ကြံ့ခိုင်သန်မာသော ခိုလှုံသူ ( ၁၅ ) ယောက်လောက် ထွက်ခွာသွားကြသည်။

“ ကျေးဇူးမသိတတ်တဲ့ လူတွေပဲ။ သူတို့ဘာသာသူတို့ သွားချင်တဲ့ နေရာ သွားပါစေ။ ”

“ ဟုတ်တယ်။ ဘာပဲဖြစ်ဖြစ် ငါကတော့ အလုပ်သွားလုပ်တော့မှာ။ ”

“ အသိပေးစာထဲမှာ မိန်းကလေးတွေလည်း လာလို့ ရတယ်လို့ ပြောထားတယ်။ တစ်ရက်ကို ယောက်ျားတွေထက် ပေါင်မုန့် တစ်လုံး လျော့ရုံပဲတဲ့။ ”

“ အဲ့ဒါကလည်း မက်လောက်စရာပဲလေ။ အကုန်လုံး အလုပ်သွားလုပ်ကြရအောင်။ မဟုတ်ရင် လူမလိုတော့ဘဲ နေဦးမယ်။ ”

…

ရှေ့ကနေ ဦးဆောင်ပေးမယ့် လူတစ်ယောက် ရှိပြီး အစားအသောက်တွေလည်း အမှန်တကယ် ရနေသောအခါ လမ်းဆောက်လုပ်ရေးမှာ အလုပ်,လုပ်ဖို့ စာရင်းတင်သွင်းတဲ့ ခိုလှုံသူအရေအတွက်ကလည်း တဟုန်ထိုး မြင့်တက်သွားကာ နောက်တစ်နေ့မှာ လူ ( ၂၀၀၀ ) ကျော်အထိ ရောက်သွားခဲ့သည်။

တရားသူကြီးစုန့်က ရွာပေါင်းစုံက ရွာလူကြီးတွေကို စုဝေးခိုင်းကာ သူတို့ရွာတွေက လမ်းတွေကို ပြုပြင်ဖို့ လူတွေ ခေါ်သွားခိုင်းလိုက်ပြီး ခေါင်းဆောင်ကျန်းကိုတော့ အစားအသောက်ဖြန့်ဝေရေး တာဝန်ပေးထားသည်။

ပိုင်ချွမ်းခရိုင်ရှိ ခိုလှုံသူကပ်ဘေးကို ကြီးထွားမလာခင်ကတည်းက ဖြေရှင်းနိုင်ခဲ့၍ အိမ်နီးချင်းခရိုင်များရှိ တရားသူကြီးတွေဟာ အလွန် မနာလိုဖြစ်သွားခဲ့ကြသည်။

ဒါပေမဲ့လည်း သူတို့ တတ်နိုင်တာ ဘာမှ မရှိပါ။

လီယောင်ရဲ့ နှိုးဆော်မှုကြောင့် ကုန်သည်လိုင်နှင့် ပိုင်ချွမ်းခရိုင်ထဲက တခြား ကြေးရတတ်တွေကလည်း သူတို့ သိုလှောင်ထားတဲ့ ကောက်ပဲသီးနှံတွေကို ထုတ်ယူလာခဲ့ကြ‌သည်။

တခြားသူတွေအတွက်တော့ ဒါက လုံးဝ ရူးမိုက်ရာကျ‌နိုင်ပေမဲ့ ကုန်သည်လိုင်ကတော့ အနာဂတ်မှာ ပိုင်ချွမ်းခရိုင်ဟာ တခြား ပစ္စည်းတွေသာ ပြတ်လပ်ရင် ပြတ်လပ်နိုင်သော်လည်း ကောက်ပဲသီးနှံကတော့ အမြဲတမ်း ပေါကြွယ်ဝနေမှာကို သိသည်။

ပိုင်ချွမ်းခရိုင်မှာ ဒီနှစ်ထဲ ကန်စွန်းဥတွေ အများကြီး စိုက်ပျိုးထားပြီးပြီ ဆိုတဲ့ သတင်းကိုလည်း သူ ရထားပြီးသားပင်။

အိမ်ထောင်စု တစ်စုကို ( ၁၀ ) မူပဲ ပေးလျှင်တောင် အနည်းဆုံး ( ၁၀၀၀၀ ) ကတ်တီကျော် ကုန်ကျမှာမို့ ကောက်ပဲသီးနှံတွေကို သိုလှောင်ထားတာက အဓိပ္ပာယ်မရှိတော့ပါ။ ပိုင်ချွမ်းခရိုင်က ကောက်ပဲသီးနှံတွေကို ပြင်ပကိုပဲ ရောင်းလိမ့်မည်။

ထို့ကြောင့် ကုန်သည်လိုင်သည်လည်း အလုပ်ကြမ်းသမားတွေကို ငှားပြီး သူ ပိုင်ဆိုင်တဲပ မြေရိုင်းတွေကို ပြုပြင်ကာ အကြီးအကျယ် စိုက်ပျိုးထွန်ယက်ဖို့ စီစဉ်ထားလေသည်။

ဒါပေမဲ့ ခိုလှုံသူတိုင်းက လမ်းဆောက်လုပ်ရေးမှာ တစ်ရက်ကို ထမင်း ( ၂ ) နပ်ဖြင့် အလုပ်,လုပ်ချင်နေကြတာ မဟုတ်ပါ။ အများစုက မြို့ပြင်က မြေကွက်လပ်မှာ ဒီတိုင်း ထိုင်ပြီး ခရိုင်တရားသူကြီးမင်းက ဆန်ပြုတ်တွေ ထပ်ဝေပေးမယ့် အချိန်ကို စောင့်နေခဲ့ကြသည်။ လူနည်းစုက ထမင်းတစ်လုတ် စားရဖို့ အလုပ်,လုပ်နေစဉ်မှာ တချို့ကတော့ ငုတ်တုတ်ထိုင်နေဖို့ပဲ ရွေးချယ်ခဲ့ကြသည်။

ကျူးယိုကွေ့က မြို့ပြင်က တောအုပ်လေးထဲမှာ ခိုလှုံသူအဖွဲ့ တစ်ဖွဲ့ကို ပြောလိုက်သည်။ “ ငါ မင်းတို့ကို ပြောပြမယ်။ ငါတို့ပိုင်ချွမ်းခရိုင်ကို အထင်မသေးနဲ့နော်။ ငါတို့ခရိုင်မှာ လူချမ်းသာတွေ အများကြီး ရှိတယ်။ ”

ကျးန်ကူကတော့ သူ့ရဲ့ ကြွားဝါးပြောဆိုမှုကို စိတ်မဝင်စားပါ။ “ အရေးမပါတဲ့ စကားတွေ လာပြောမနေနဲ့။ ဘယ်သူက အချမ်းသာဆုံးလဲ ၊ လုယက်ဖို့ အသင့်တော်ဆုံးလဲ ဆိုတာသာ ပြော။ ”

“ အချမ်းသာဆုံးကတော့ သေချာပေါက် ဟဲဝမ်ရွာက လီယောင်ပေါ့။ ဒါပေမဲ့ သူတို့မိသားစုမှာ ငွေသား မရှိသလို ကောက်ပဲသီးနှံတွေလည်း သိုလှောင်ထားတာ မရှိဘူး ၊ ပြီးတော့ ဟဲဝမ်ရွာကို သွားရတာကလည်း မလွယ်ဘူး။ အဲ့တော့ အကောင်းဆုံး ပစ်မှတ်က မြိုထဲက ဈေးထဲက ကုန်သည်လိုင်ရဲ့ အိမ်ပဲ။ ”

ကျန်းကူက “ ဒါဆို သူ့ကိုပဲ ပစ်မှတ်ထားတာပေါ့။ ပတ်ဝန်းကျင်ကို လေ့လာဖို့ ငါတို့ကို သူ့အိမ်နားကို ခေါ်သွားပေး။ ငါတို့ ဒီညပဲ လုပ်ငန်းစမယ်။ ” ဟု ပြောလိုက်သည်။

…

လီယောင်သည် သူမရဲ့ မြန်နှုန်းမြင့်စက်ဘီးကို ပိုင်ချွမ်းဈေးထဲသို့ မောင်းလာခဲ့လိုက်၏။

ခိုလှုံသူအဓိကရုဏ်းတွေကို ကာကွယ်ဖို့ မြို့တံခါးတွေကို တင်းတင်းကျပ်ကျပ် ပိတ်ထားပြီး အစောင့် နှစ်ယောက်နှင့် အမှုထမ်းဖို့ ဆင့်ခေါ်ထားတဲ့ ယာယီ ကင်းသမားတွေက မြို့တံခါးတွေမှာ စောင့်ကြပ်နေကြသည်။

အဝေးက လာနေတဲ့ သူမကို လှမ်းမြင်တဲ့ အစောင့်ခေါင်းဆောင်က မြို့တံခါးကို အမြန် ဖွင့်ပေးသည်။ “ အမျိုးသမီးလီ ရောက်လာတာပဲ။ ”

လီယောင်က “ ကျွန်မ ဆိုင်ကို တစ်ချက်လောက် လာကြည့်တာပါ။ ရှင်တို့လည်း အလုပ်ကြိုးစားနေကြတာပဲ။ ” ဟု ပြောလိုက်သည်။

“ ဘာမှ မပင်ပန်းပါဘူးဗျာ။ ဒီတစ်ခေါက် အမျိုးသမီးလီကို ကျွန်‌တော်တို့ အကြွေးတင်သွားတာပါ။ အမျိုးသမီးလီကြောင့်သာ မဟုတ်ရင် ခိုလှုံသူတွေအများကြီးနဲ့ ဘာလုပ်ရမလဲ ဆိုတာ ကျုပ်တို့ သိမှာ မဟုတ်ဘူး။ အိမ်နီးချင်းခရိုင် တစ်ခုမှာ ဆိုရင် တရားသူကြီးရဲ့ အိမ်တံခါးကိုတောင် ခိုလှုံသူတွေက ဖျက်ဝင်ကြတယ်လို့ ကျွန်တော် ကြားတယ်။ ”

လီယောင်က အစောင့်တွေနှင့် စကားနည်းနည်းပါးပါး ပြောပြီးသွားတော့မှ လီယောင်က အထူးထုတ်ကုန်တွေ ရောင်းချတဲ့ ဆိုင်ကို ထွက်လာခဲ့လိုက်သည်။

မြို့တံခါးတွေကို ပိတ်ထားသောကြောင့် ဈေးထဲမှာ သဘာဝကျစွာပင် လူနည်းနည်းပဲ ရှိသလို အထူးထုတ်ကုန်ဆိုင်တံခါးသည်လည်း တစ်ဝက်တစ်ပျက်သာ ဖွင့်ထားတာကို တွေ့ရသည်။

ဘီးနှစ်ဘီး စက်ဘီး အသစ်တွေ ၊ သုံးဘီးစက်ဘီး အသစ်တွေကို ဖြန့်ဝေရောင်း‌ချမယ့် အစီအစဉ်ကိုလည်း ရွေ့ဆိုင်းထားရပါသည်။

ပြီးခဲ့တဲ့ ရက်တွေတုန်းက သူဌေးကျိုးတစ်ယောက် အလွန် ထိတ်လန့်ကြောက်ရွံ့နေခဲ့ရသည်။ ဆိုင်ထဲမှာ ကုန်ပစ္စည်းတွေက အပြည့်မို့ တကယ်လို့သာ ခိုလှုံသူတွေက လုယက်ဖို့ အတင်း ချိုးဖျက်ဝင်ရောက်လာရင် ဆိုင်က လက်ထောက်တွေနှင့်အတူ သူကိုယ်တိုင် ခုခံတားဆီးဖို့က လွဲလို့ ရွေးချယ်စရာ မရှိပေ။

“ ဒီပြဿနာ ဘယ်တော့မှ ပြီးမှာလဲ။ ”

“ မိုးရွာမှပဲ ပြီးမှာ။ ရှင့်ကို ကျွန်မ ဝယ်ခိုင်းထားတဲ့ ပစ္စည်းတွေရော အကုန်လုံး ဝယ်ထားရဲ့လား။ ”

“ အများကြီး ဝယ်ထားပါတယ် အမျိုးသမီးလီ။ နောက်ဖေးခြံထဲမှယ အခြောက်ခံထားတယ်။ ဒါပေမဲ့ ကျုပ် နားမလည်တာက အမျိုးသမီးလီ ကျုပ်ကို ဘာလို့ ဆေးပင်တွေ အများကြီး ဝယ်လှောင်ခိုင်းတာလဲ။ ”

“ ကပ်ရောဂါကို ကာကွယ်ဖို့ပါ။ ”

နွေခေါင်ခေါင်မှာ မိုးခေါင်နေတဲ့အပြင် မြို့ပြင်မှာလည်း ခိုလှုံသူတွေ သိန်းချီ ရောက်ရှိနေကြသည်။ ထိုခိုလှုံသူတွေမှာ နေစရာအိမ်လည်း မရှိဘဲ ရရာကြုံရာ စားပြီး ဝမ်းရေးကို ဖြေရှင်းနေရလေရာ ကပ်ရောဂါတစ်ခုခု ပျံ့နှံ့လာခဲ့ရင် အကျိုးဆက်တွေကို တွေးတောင် တွေးမကြည့်ရဲပါ။

ထိုပြဿနာတွေကို လီယောင် မဖြေရှင်း‌နိုင်ပေမဲ့ ကြိုတင်ကာကွယ်မှုအနေဖြင့် ဆေးပင်တချို့ကို ဝယ်လှောင်ပြီး ပြင်ဆင်ထားလို့ ရသာ်။

“ အခုတလော အရောင်းလည်း ကျဲနေတာ ဆိုတော့ ဆိုင်လက်ထောက်တွေ အကုန်လုံးကို အိမ်ပြန်ခိုင်းလိုက်ပါ။ ”

ဆိုင်က လက်ထောက်ကောင်လေးတွေ အကုန်လုံးကို ငြင်းဆန်သည်။ “ ကျွန်တော်တို့ အိမ်မပြန်ချင်ဘူး အမျိုးသမီးလီ။ အိမ်မှာလည်း ဘာမှ လုပ်စရာမရှိတဲ့အတူတူ ဒီမှာပဲ နေပြီး ဆိုင်ကို ဂရုစိုက်ပေးပါ့မယ်။ ”

လီယောင်က သူတို့ဆန္ဒကို လိုက်လျောပေးရုံသာ တတ်နိုင်ပါသည်။

ဆေးပင်တွေ အကုန်လုံးကို သူမ လိုအပ်တဲ့ ဆေးပင်တွေဖြစ်ကြောင်း သေချာအောင် စစ်ဆေးကြည့်ပြီးနောက် အိမ်ပြန်ဖို့ ပြင်လိုက်နေချိန်မှာပဲ လူနှစ်ယောက်နှင့်အတူ လမ်းသွယ်လေး တစ်ခုထဲကို မသင်္ကာစရာကောင်းတဲ့ ခိုးကြောင်ခိုးဝှက်အမူအရာဖြင့် ဝင်သွားသည့် ကျူးယိုကွေ့ကို လီယောင် လှမ်းမြင်လိုက်သည်။

သူ ဘာလုပ်ဖို့ ကြံနေတာလဲ … ။

သူမအတွက် အလုပ်,လုပ်ပေးတာကို ကျေးဇူးတုံ့ပြန်သောအားဖြင့် ပေးတဲ့ ဆုလက်ဆောင်တွေကို ရထားသော ဟဲဝမ်ရွာက ရွာသူ ၊ ရွာသား‌အများစုက ဒီလို ခက်ခဲနေတဲ့ အချိန်ကို ဖြတ်ကျော်နိုင်ခဲ့ပေမဲ့ ကျိုးယိုကွေ့လို ဘဝရည်မှန်းချက်မရှိ ပျင်းရိနေတဲ့ လူကတော့ အခုဆို အိမ်မှာ ထမင်းချက်စရာ ဆန်တောင် ရှိလောက်တော့မည် မထင်ပါ။

လူတွေက ဆင်းရဲတွင်းထဲ ရောက်နေချိန်မှာ အတွေးတွေ ပြောင်းလဲသွားတတ်ပေမဲ့ တချို့လူတွေရဲ့ အတွေးပြောင်းလဲခြင်းက အကောင်းဘက်ကို ဦးတည်တာတော့ မဟုတ်။

…

All Chapters