ထောင်ချောက်မိသွားပြီ။
Vol. 10 Ch. 118
ခပ်လှမ်းလှမ်းကနေ သူတို့နောက်ကို လိုက်လာတဲ့ လီယောင်သည် လမ်းသွယ် ( ၇ ) ခု ၊ လမ်းကျဉ်း ( ၈ ) ခုကို ချိုးလိုက်ကွေ့လိုက် ဖြတ်ကျော်ပြီးနောက်မှာတော့ သူတို့က လိုင်ယွမ်ရဲ့ အိမ်အပြင်မှာ အချိန်တစ်ခုကြာအောင် ဝေ့လည်ကြောင်ပတ် လုပ်နေတာကို တွေ့လိုက်ရလေသည်။ ခဏကြာတော့ ကျူးယိုကွေ့က သူနှင့်အတူ ပါလာတဲ့ လူစိမ်းနှစ်ယောက်ကို ခေါ်ပြီး မြို့ပြင်ကို ပြန်ထွက်သွားသည်။
သူနှင့်အတူ ထွက်သွားတဲ့ လူနှစ်ယောက်ဟာ ခိုလှုံသူတွေ နေတဲ့ မြို့ပြင်က ယာယီတဲအိမ်တွေထဲကို ဝင်သွားကို မြင်ချိန်မှာတော့ ဒီလူတွေ ဘာလုပ်ဖို့ ကြံနေတာလဲ ဆိုတာကို လီယောင် မှန်းဆလို့ ရသွားပါပြီ။
ခိုလှုံသူတွေကို ကိုင်တွယ်ရခက်တဲ့ အဓိက အကြောင်းအရင်းက သူတို့ဟာ တောပုန်းဓားပြတွေအဖြစ် အချိန်မရွေး ပြောင်းလဲသွားနိုင်ပြီး ပိုလို့တောင် ကြောက်စရာကောင်းတာကတော့ ဒေသခံတွေနှင့် အတူတူ ပေါင်းပြီး ကြံစည်နိုင်တာပဲ ဖြစ်သည်။
ဒီနေ့ ကျိုးယိုကွေ့ရဲ့ လုပ်ရပ်ကို အကဲခတ်ရသလောက် သူတို့ လိုင်ယွမ်ရဲ့ အိမ်ကို လုယက်ဖို့ စီစဉ်နေတာလား … ။ မသေချာပေမဲ့ သတိရှိတာက အကောင်းဆုံးပဲ ဖြစ်သည်။
ထို့ကြောင့် ခရိုင်တရားရုံးတော်ကို သွားပြီး တရားသူကြီးစုန့်ကို ထိုအကြောင်း ပြောပြလိုက်သောအခါ သူက ဒီကိစ္စကို လေးလေးနက်နက် ကိုင်တွယ်ခဲ့သည်။
ဒီလို အကုန်လုံး ဒုက္ခရောက်နေချိန်ကို အခွင့်ကောင်းယူပြီး မကောင်းမှုကျူးလွန်ချင်သူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးရပါမည်။
ဒီကိစ္စကို ဥပမာပေးထားရမည်။ မဟုတ်ရင် တစ်ယောက်ယောက်က လုယက်မှုကို အောင်အောင်မြင်မြင် ကျူးလွန်လို့ ရသွားလို့ တခြား ခိုလှုံသူတွေလည်း သူတို့ကို အတုခိုးလျှင် ပိုင်ချွမ်းတစ်ခရိုင်လုံး ဒုက္ခရောက်သွားလိမ့်မည်။
တရားသူကြီးစုန့်က ခေါင်းဆောင်ကျန်းကို ပြန်လည်ဆင့်ခေါ်ပြီး လိုင်ယွမ်ရဲ့ အိမ်ပတ်ဝန်းကျင်မှာ သူ့လူတွေကို ချောင်းမြောင်းစောင့်ကြည့်ခိုင်းထားလိုက်၏။ ဒီစစ်ဆင်ရေးကို သူကိုယ်တိုင် ကြီးကြပ်ပြီး ကျူးယိုကွေ့နှင့် တခြားလူတွေ သူ့ထောင်ချောက်ထဲ ဝင်လာမယ့် အချိန်ကို စောင့်နေခဲ့သည်။
ညသန်းခေါင်ယံအချိန်မှာ ပိုင်ချွမ်းခရိုင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ နံရံပေါ်ကို အနက်ရောင်လူရိပ်တွေ ခုန်တက်သွားပြီး လိုင်ယွမ်ရဲ့ အိမ်အပြင်မှာ လျင်မြန်စွာ စုဝေးသွားခဲ့ကြသည်။ ဒါပေမဲ့ သူတို့ နံရံပေါ်ကို လက်တောင် မတင်နိုင်သေးခင်မှာပဲ သူတို့ဘေးပတ်လည်မှာ မီးတုတ်တွေ အများကြီး ရုတ်တရက် လင်းလာခဲ့သည်။ ခေါင်းဆောင်ကျန်းက သူ့အမှုထမ်းတွေကို အမိန့်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် ထိုလူတွေ အကုန်လုံးကို မြေပြင်ပေါ်မှာ ဖိလှဲချပြီးသားပင်။
သို့သော်လည်း သူတို့မျက်နှာကို အုပ်ထားတဲ့ အဝတ်စတွေကို ဖယ်ရှားပြီးနောက်မှာတော့ ခေါင်းဆောင်ကျန်း မျက်မှောင်ကြုတ်သွားရတော့သည်။ “ ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။ ဒီလူတွေထဲမှာ ဘာလို့ ကျိုးယိုကွေ့ မပါတာလဲ။ ”
“ ဘယ်လို … ”
တရားသူကြီးစုန့်သည် ထိတ်လန့်သွားကာ တစ်ခုခုတော့ မှားနေပြီ ဆိုတာကို ရုတ်တရက် သဘောပေါက်သွားသည်။
“ မြန်မြန်။ ဟဲဝမ်ရွာကို မြန်မြန် သွားရမယ်။ ”
…
ဟဲဝမ်ရွာတွင် အနက်ရောင်လူရိပ်တွေက လီယောင့်အိမ်နားကို ပုန်းလျှိုးကွယ်လျှိုး ချဉ်းကပ်လာခဲ့ကြသည်။
“ ခင်ဗျားက သိပ်တော်တာပဲ သူဌေးကျန်း။ အရှေ့ဘက်ကို တိုက်ခိုက်တော့မလို အယောင်ပြပြီးမှ အနောက်ဘက်ကို တိုက်ခိုက်တာ တကယ့်ကို ဉာဏ်ကောင်းလွန်းပါပေတယ်။ ” ဟု ကျိုးယိုကွေ့က အသံတိုးတိုးဖြင့် ပြောလိုက်သည်။ “ တရားရုံးတော်က ခွေးတွေ အကုန်လုံး လိုင်အိမ်တော်ကို ရောက်တော့ ကျုပ်တို့ရဲ့ အစီအစဥ်ကို အေးအေးဆေးဆေး လုပ်လို့ ရပြီ။ ”
ကျန်းကူက ကျူးယိုကွေ့ရဲ့ မြှောက်ပင့်စကားတွေကို မသိချင်ယောင်ဆောင်ထားသည်။ ဟိုးအစကတည်းကနေ အခုချိန်ထိ သူ့ပစ်မှတ်က လီယောင်တစ်ယောက်တည်းပဲ ဖြစ်ခဲ့တာပါ။
ယိကျိုးစီရင်စုထဲကို ခိုလှုံသူတွေ တဖွဲဖွဲ စတင်ဝင်ရောက်လာတဲ့ လွန်ခဲ့တဲ့ ဆယ်ရက်ကျော်ကတည်းက အုပ်ချုပ်ရေးမှူးဟူက သူ့အား ‘ ပိုင်ချွမ်းခရိုင်ထဲကို ခိုလှုံသူအဖြစ် အယောင်ဆောင်ကာ ထိုးဖောက်ဝင်ရောက်ပြီး လီယောင်ကို လုပ်ကြံဖို့ ’ စစ်ဆင်ရေးကို တာဝန်ပေးထားခဲ့သည်။
ဒီလို သာမန်အရပ်သူ အမျိုးသမီးတစ်ယောက်ကို အုပ်ချုပ်ရေးမှူးဟူ ဘာလို့ သတ်ချင်နေမှန်း မသိပေမဲ့လည်း သူကတော့ ဘာပဲဖြစ်ဖြစ် တာဝန်ကို အစွမ်းကုန် ကျေပွန်အောင် လုပ်ဆောင်သွားမှာပါပဲ။ ထို့ကြောင့် လုပ်ရဲကိုင်ရဲတဲ့ ခိုလှုံသူအဖွဲ့ တစ်ဖွဲ့ကို တိတ်တဆိတ် စုဆောင်းခဲ့ပြီး ဟဲဝမ်ရွာက ကျူးယိုကွေ့ကိုလည်း ရှာတွေ့သွားခဲ့သည်။
အခုအချိန်မှာ တရားရုံးတော်က လူတွေ အကုန်လုံး လိုင်ယွမ်ရဲ့ အိမ်မှာ စုပုံနေကြတာမို့ ဟဲဝမ်ရွာလို ရွာသေးသေးလေးထဲကို သူ အလွယ်တကူ ဝင်ရောက်လာနိုင်ခဲ့သည်။
ကျန်းကူက “ အချိန်ကျပြီ။ မြန်မြန်ဆန်ဆန် လှုပ်ရှားဖို့ မမေ့နဲ့နော်။ ဘယ်သူ့ကိုမှ အရှင်မထားနဲ့။ ” ဟု ပြောလိုက်သည်။
“ ဟုတ်ကဲ့။ ”
သူနှင့်အတူ ပါလာတဲ့ ခိုလှုံသူ ( ၁၂ ) ယောက်ကျော်ဟာ ရာဇဝတ်မှုကျူးလွန်ဖို့ ဝန်မလေးတဲ့ လူတွေချည်း ဖြစ်သည်။ သူတို့အားလုံး ဓါးရှည်ကြီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း လီယောင့်ရဲ့ ခြံတံတိုင်းပေါ်ကို ခုန်တက်လိုက်ကြသည်။
အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေပြီး မီးအလင်းရောင် လုံးဝ မရှိတဲ့ ခြံဝန်းက သူတို့ကို ရယ်ချင်သွားစေသည်။ ဒီလောက် ချမ်းသာတဲ့ လူတွေက အိမ်မှာ ခွေးတစ်ကောင်တောင် မွေးမထားတာကလည်း သူတို့ကို လာလုယက်လှည့်ပါဟု ဖိတ်ခေါ်နေသလားတောင် ထင်ရသည်။
ကျန်းကူက ပင်မအိမ်ရဲ့ တံခါးဝဆီ ခေါ်သွားပြီး တံခါးကို ဝုန်းခနဲ တွန်းဖွင့်ဖို့ လုပ်နေစဉ်မှာပဲ သူတို့နောက်ကနေ “ ဒီကောင်တွေကို မြန်မြန် ဖမ်းလိုက်ကြစမ်း။ ” ဆိုတဲ့ အသံ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ သူတို့တစ်ဖွဲ့လုံး ထိတ်လန့်သွားပြီး အမြန် လှည့်ကြည့်လိုက်တော့ တခြားအိမ်တွေထဲကနေ လူရိပ်တွေ အများကြီး ထွက်လာတာကို မြင်လိုက်ရသည်။
လျင်မြန်စွာ ထွန်းညှိလိုက်တဲ့ မီးတုတ်တွေက ခြံဝန်းထဲမှာ နေ့အချိန်အလား လင်းကျင်းသွားစေသည်။
ကျန်းကူသည် တောက်ပတဲ့ မီးရောင်တွေအောက်ဝယ် လက်ထဲမှာ တံစဉ်တွေ ၊ သံတုတ်တွေ ၊ ပေါက်ပြားတွေ ကိုင်ထားတဲ့ ရွာသား တစ်ရာကျော်ကို မြင်လိုက်ရလေသည်။
ဒါ ထောင်ချောက်ပဲ … ။
ကျန်းကူနှင့်အတူ ပါလာတဲ့ လူတွေလည်း ကြက်သေ,သေသွားကြပြီး ဘာလုပ်လို့ လုပ်ရမှန်းမသိ ခဏ ကြောင်အသွားကြသည်။
“ ငါ့နောက်ကို လိုက်ခဲ့။ ငါတို့အတူတူ ဖောက်ထွက်မယ်။ ” ကျန်းကူက လက်ထဲမှာ ဓားရှည်တစ်လက်ကို ဆုပ်ကိုင်ထားလျက် သူ့လူတွေကို ဆာလောင်မွတ်သိပ်နေတဲ့ ဝံပုလွေတစ်ကောင်ပမာ ညာသံပေးလိုက်သည်။
သူက လူသတ်ပွဲတွေကို အရေထူနေတဲ့ ဝါရင့်စစ်သည်တော်တစ်ယောက် ဖြစ်ပြီး သူ့ဓားသွားအောက်မှာ အသက်ပေါင်းများစွာ စွန်းထင်းဖူးလေရာ ဒီရွာသားတွေလောက်ကို လုံးဝ မမှုပါ။ သူ့ဓားသွား ယိမ်းတဲ့ နေရာကို ဘယ်သူမှ တားဆီးနိုင်မှာ မဟုတ်။
ဒါပေမဲ့ ရွာသားတွေကလည်း ငတုံးတွေ မဟုတ်ပါ။ သူတို့က သူ့ကို သူတို့နားကပ်ခွင့်မပေးဘဲ ခပ်ဝေးဝေးကနေ ကျောက်တုံးတွေနှင့် ပစ်ပေါက်ကြသည်။
လက်သီးဆုပ် နှစ်ခုက လက်လေးဖက်နှင့် ဘယ်လိုမှ မညီမျှပါ။ ကျန်းကူသည် အစွမ်းကုန် ရှောင်ရှားခုခံနေတာတောင် ကျောက်တုံးတွေ အများကြီး မှန်တာ ခံရဆဲပင်။
သူ လီယောင့်အခန်းဘက်ကို ဆတ်ခနဲ လှည်ကြည့်ရင်း သူတို့ရဲ့ ဒီနေ့ အစီအစဉ်က လုံးဝ ကျရှုံးသွားပြီ ဆိုတာ သိလိုက်သည်။
သူတို့ ပြန်ဆုတ်ခွာရမည်။
ကျန်းကူက ကျယ်လောင်စွာ အော်ပြီး သူ့ရှေ့က ရွာသားတွေကို ဘေးကို ရှဲသွားအောင် လုပ်ကာ နံရံပေါ်ကို လေလိုအလျင်ဖြင့် ခုန်တက်သွားလိုက်သော်လည်း တခြားသူတွေမှာတော့ သူ့လို အရည်အချင်းမရှိ၍ ပျံဝဲလာတဲ့ ကျောက်တုံးတွေဆီမှာ သွေးအလိမ်းလိမ်းထွက်အောင် ရိုက်နှက်ခံရပြီး ခဏအကြာမှာတော့ မြေကြီးပေါ် ဖိလှဲချပြီး ကြိုးတုပ်ခံလိုက်ကြရသည်။
ကျန်းကူသည် ခြံဝန်းထဲကနေ ခုန်ထွက်လာပြီးနောက် တောင်တန်းတွေပေါ်ကို တန်းတန်းမတ်မတ် ပြေးလာခဲ့လိုက်သည်။ ဒါပေမဲ့ သူ ဘယ်လောက်မှ မရောက်သေးခင်မှာပဲ လူရိပ်တစ်ရိပ်က သူ့ကို လမ်းပိတ်လိုက်သည်။
“ ခင်ဗျား အဲ့မှာ ရပ်လိုက်။ ”
လူရိပ်ပိုင်ရှင်ကို ကျန်းကူ ကြည့်လိုက်တော့ အလွန်ဆုံးမှ ( ၁၃ ) ၊ ( ၁၄ ) လောက်သာ ရှိဦးမယ့် ခွေးကောင်လေးတစ်ယောက် ဆိုတာ မြင်သွားသည်။ သူ အေးစက်စွာ လှောင်ရယ်ရင်း သူ့ဓားရှည်ကို တစ်ချက် ဝှေ့ရမ်းလိုက်သည်။
ဝမ်စန်းအာသည် ကျန်းကူရဲ့ ဓားရှည်ကြီးကို မြင်သည်နှင့် ရင်တုန်ကာ အသက်ရှူမြန်လာခဲ့သည်။ သူ့အမေနှင့် သိုင်းလေ့ကျင့်တိုင်း သူ အရိုက်ခံရပေမဲ့ တစ်ခါမှ အသက်အန္တရာယ်နှင့် မနီးကပ်ဖူးဘူး ဆိုတာကို သိပါသည်။ ဒါပေမဲ့ ဒီတစ်ခေါက်ကတော့ မတူပါ။ ဒါက သေမလား ၊ ရှင်မလား … နှစ်ခုထဲက တစ်ခုပဲ ရှိတဲ့ အခြေအနေ ဖြစ်သည်။
ပြီးတော့ သူ့ပြိုင်ဖက်ကလည်း လူသတ်ဖို့ လက်မရွံ့တဲ့ ၊ ရက်စက်တဲ့ လူတစ်ယောက် … ။
ဝမ်စန်းအာသည် သူ့ပေါ်ကို ဝဲလာတဲ့ ဓားရှည်ကြောင့် ဘာမှ ဆက်တွေးမနေနိုင်တော့ဘဲ သူ့လက်ထဲက သံချောင်းကို မြှောက်ကာ ကာဆီးလိုက်လေသည်။
ချလွမ် … ။
ကျန်းကူတစ်ယောက် အနောက်ကို ယိမ်းယိုင်သွားသလို သူ့စိတ်ထဲမှာလည်း အလွန် အံ့ဩသွားသည်။ သူ့ဓားချက်ကို ဘယ်သူမှ ကာဆီးနိုင်မှာ မဟုတ်ဘူးလို့ပဲ သူ အမြဲတမ်း ထင်ခဲ့တာပါ။ ဒါပေမဲ့ အခုမှ ( ၁၃ ) ၊ ( ၁၄ ) လောက်ပဲ ရှိဦးမယ့် ဒီခွေးကောင်လေးက ခွန်အားတစ်ခုတည်းနှင့် အလွယ်တကူ ကာဆီးသွားသည်။
မဟုတ်ဘူး ၊ ခွန်အားတစ်ခုတည်းနဲ့ ကာလိုက်တာ မဟုတ်ဘူး … ။ သူ့လက်ထဲမှာ သံချောင်းတစ်ချောင်း ရှိနေတာပဲ … ။
ကျန်းကူ အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။ ဘယ်မိသားစုက ကလေးက ဒီလို ညသန်းခေါင်ကြီးမှာ သံချောင်းတစ်ချောင်း ကိုင်ပြီး လမ်းသလားနေတာလဲ … ။ ဒါပေမဲ့ အခု သူ ဒီခွေးကောင်လေးကို တန်ပြန် တိုက်ခိုက်ဖို့ လိုလာပြီမှန်း နားလည်သွားပြီ ဖြစ်သည်။
ကျန်းကူသည် ခြေထောက်တွေကို ဖျတ်ဖျတ်လတ်လတ် လှုပ်ရှားလိုက်ပြီး သူ့ရဲ့ လျင်မြန်ဖျတ်လတ်မှုကို သုံးကာ ပြိုင်ဖက်ကို ရင်ဆိုင်ဖို့ ပြင်ဆင်လိုက်သည်။
ဝမ်စန်းအာက သူ့ရန်သူ ရုတ်တရက် လျင်မြန်လာတာကို မြင်တော့ သူ့အမေ သင်ပေးထားတဲ့ ရှောင်တိမ်းနည်းတွေကို သုံးကာ ကျန်းကူရဲ့ တိုက်ခိုက်မှုတွေကို ရှောင်တိမ်းရင်း တန်ပြန်တိုက်ခိုက်ဖို့ အခွင့်အရေးရှာနေခဲ့သည်။
ချက်ချင်းဆိုသလိုပဲ သံနှင့်သံ ထိခတ်ပွတ်တိုက်သံတွေ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
အခု ကျန်းကူရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ချွေးတွေ စိုရွဲနေပါပြီ။ ဓားရေးကျွမ်းကျင်ပြီး လျင်မြန်ဖျတ်လတ်တဲ့ ဗိုလ်မှူးတစ်ယောက်နှင့် ရင်ဆိုင်တုန်းကတောင် အနိုင်ရဖူးပေမဲ့ ဒီနေ့တော့ သူနှင့် ဒီခွေးကောင်လေးက လက်ရည်ညီနေခဲ့သည်။
ထိုအချိန်မှာပဲ သူ့ဘေးကနေ “ နင့်တိုက်ခိုက်နည်းတွေက အရမ်း ခေတ်နောက်ကျနေတယ်။ ” ဆိုတဲ့ အသံ တစ်သံ ထွက်ပေါ်လာ၍ ကျန်းကူ တုန်လှုပ်သွားကာ အသံပိုင်ရှင်ကို ထိတ်လန့်တကြား လှည့်ကြည့်မိသည်။
သူ ဘယ်အချိန်ကတည်းက ရောက်နေတာလဲ။ ပြီးတော့ အသံကို နားထောင်ရသလောက် အသံပိုင်ရှင်က အမျိုးသမီးတစ်ယောက် … ။
“ ကျွန်တော့်ကို နည်းနည်းလောက် ထပ်ကြိုးစားခွင့်ပေးပါဦး အမေ။ ” ဟု ဝမ်စန်းအာက ပြောလိုက်သည်။ “ နောက်တစ်ချက်လောက်ဆို ကျွန်တော် သူ့ကို အနိုင်ယူနိုင်ပြီလို့ ခံစားရတယ်။ ”
ကျန်းကူ : … ငါ့ကို တစ်ချက်တည်းနဲ့ အနိုင်ယူနိုင်မယ်တဲ့လား။ ဘယ်လောက်တောင် လေလုံးထွားလိုက်သလဲ။ ဒီခွေးကောင်လေး ငါ့ကို လွယ်လွယ်လေးနဲ့ နိုင်မယ်လို့ တကယ် ထင်နေတာလား။
“ သေလိုက်တော့။ ”
ကျန်းကူသည် ရားခနဲ ဟိန်းဟောက်ရင်း တောင်ပေါ်ကနေ ကျားဆိုးတစ်ကောင်လို ပြေးဆင်းလာကာ ဓါးရှည်ကြီးနှင့် ဝမ်စန်းအာကို ခုတ်ပိုင်းချလိုက်သည်။
“ ကွက်တိပဲ။ ”
ဝမ်စန်းအာက နည်းနည်းလေးတောင် မရှောင်သလို ခုလည်း မခုခံဘဲ သူ့သံတုတ်ကို မြှောက်ကာ ဓါးရှည်ကို ကာဆီးလိုက်ပြီးနောက် ခန္ဓာကိုယ်ကို တစ်ပတ်လှည့်၍ သံတုတ်ကို စက်ဝိုင်းပုံသဏ္ဍာန် ဝှေ့ရမ်းကာ ကျန်းကူကို အားကုန်သုံးပြီး ဖြတ်ရိုက်ပစ်လိုက်လေသည်။
“ ငါတော့ သွားပြီ။ ”
ကျန်းကူသည် သံတုတ်ရဲ့ အရှိန်နှုန်းကို ဒီလောက် မြန်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ ဘယ်လိုမှ ရှောင်တိမ်းလို့ အချိန်မရလိုက်ဘဲ သူ့ခန္ဓာကိုယ်နှင့် သံတုတ်နှင့် တည့်တည့်ကြီး မိတ်ဆက်သွားသည်။
ဖြောင်း … ။
သံတုတ်က ကျန်းကူရဲ့ ခါးကို တည့်တည့်မတ်မတ် ဖြတ်ရိုက်သွားကာ ချက်ချင်းပဲ နံရိုးတွေ အများကြီး ကျိုးကြေသွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး ဝရုန်းသုန်းကား လွှင့်ထွက်သွားခဲ့သည်။
ပြင်းထန်သော နာကျင်မှုက ကျန်းကူရဲ့ စိတ်ကို ဗလာဟင်းလင်း ဖြစ်သွားစေပေမဲ့ စကားသံတွေကိုတော့ သူ ကြားနေရပါသေးသည်။
…