← Chapters

လုပ်ကြံသတ်ဖြတ်မှု။

Vol. 10 Ch. 119

လုပ်ကြံသတ်ဖြတ်မှု။

Vol. 10 Ch. 119

“ အမေ .. ကျွန်တော် နိုင်သွားပြီ။ ”

လီယောင်က ဝမ်စန်းအာကို “ ကိုယ့်ကိုယ်ကိုယ် အရမ်း ကျေနပ်မနေနဲ့။ ဒီလူက အားနည်းလွန်းတယ် ၊ အမေတို့နဲ့ လူရိုင်းရန်သူတွေနဲ့ ဘာမှ မဆိုင်ဘူး။ မင်း စစ်မြေပြင်ကို သွားချင်ရင် ကြိုးကြိုးစားစား လေ့ကျင့်ဖို့ လိုသေးတယ်။ ” ဟု ပြန်ပြောလိုက်သည်။

“ ကျွန်တော် နားလည်ပါပြီ အမေ။ ”

ကျန်းကူသည် သူ့စိတ်ခံစားချက်ကို ဘယ်လို ဖော်ပြရမလဲတောင် မသိတော့ပါ။ သူ့ဓားအောက်မှာ သေသွားခဲ့တဲ့ လူရိုင်း ( ၃၂ ) ယောက်က အဲ့လောက်တောင် အားနည်းတာလား။ ဒီသားအမိနှစ်ယောက်က ဘယ်လို မကောင်းဆိုးဝါးတွေလဲ … ။

ဗွမ်း … ။

ထိုအချိန်မှာပဲ သူ့မျက်နှာပေါ်ကို ရေ‌အေးတွေ ဗွမ်းခနဲ လောင်းချခံလိုက်ရကာ ကျန်းကူတစ်ယောက် သတိမေ့အံ့ဆဲဆဲမှ သတိပြန်ဝင်လာခဲ့သည်။ တောက်ပတဲ့ ဖယောင်းတိုင်မီးရောင်လေးကို စူးစိုက် ကြည့်လိုက်တော့ လှပသိမ်မွေ့တဲ့ မျက်နှာလေးတစ်ခုကို မြင်လိုက်ရသည်။

“ မင်း ဘယ်သူလဲ။ ”

“ ရှင်က ကျွန်မကို သတ်ချင်ပြီးတော့ ကျွန်မ ဘယ်သူလဲ ဆိုတာတောင် မသိဘူးလား။ ”

“ လီယောင်လား ….. ”

ကျန်းကူသည် အသံပိုင်ရှင်ဟာ သူ ခုနတုန်းက ရင်ဆိုင်ခဲ့ရတဲ့ မကောင်းဆိုးဝါးအမေဖြစ်ကြောင်း မှတ်မိသွားသည်။ ပြီးတော့ သူ့ဘေးမှာ ရပ်နေတာက သူ့ကို သံချောင်းတစ်ချောင်းနှင့် အနိုင်ယူသွားခဲ့တဲ့ မကောင်းဆိုးဝါးလေး။

“ ကလေးတစ်ယောက်ဆီမှာ အရှုံးပေးလိုက်ရလိမ့်မယ်လို့ ကျုပ်ကိုယ်ကျုပ် တစ်ခါမှ မတွေးခဲ့ဖူးဘူး။ ”

“ ခင်ဗျား ကျွန်တော်နဲ့ တွေ့လို့ ကံကောင်းသွားတာ။ ” ဟု ဝမ်စန်းအာက ပြောလိုက်သည်။ “ ကျုပ်အမေနဲ့သာ တိုက်ခိုက်ရရင် ခင်ဗျား အကြည့်တစ်ချက်တည်းနဲ့တင် ဇီဝိန်ကြွေသွားမှာ။ ”

ကျန်းကူ : ……

“ ကျွန်မကို ပြော။ ရှင့်ကို ဘယ်သူ လွှတ်လိုက်တာလဲ။

“ ဘယ်သူမှ လွှတ်လိုက်တာ မဟုတ်ဘူး။ ကျုပ်က ဗိုက်ဆာလွန်းလို့ သေတော့မလို ဖြစ်နေတဲ့ သာမန် ခိုလှုံသူတစ်ယောက်ပဲ။ အစားအသောက် နည်းနည်းပါးပါး ခိုးချင်လို့ ခင်ဗျားရဲ့ အိမ်ထဲကို ဖောက်ဝင်ခဲ့တာ … ”

“ ကဲပါလေ ၊ ဘာပဲဖြစ်ဖြစ် ရှင် ပြောပြစရာလည်း မလိုပါဘူး။ ကျွန်မ ရှင့်ကို ယိကျိုးတရားရုံးတော်ကို အခုချက်ချင်း ခေါ်သွားပြီး ရုံးတော်ဝင်ပေါက်မှာ တွဲလောင်းချိတ်ထားလိုက်မယ်။ အဲ့အချိန်ကျ အုပ်ချုပ်ရေးမှူးဟူက ရှင်နဲ့ ရှင့်မိသားစုကို ဘာလုပ်မလဲ ဆိုတာ စောင့်ကြည့်ကြတာပေါ့။ ”

“ မင်း … ” ကျန်းကူက စိတ်ထဲကပဲ ပင့်သက်ရှိုက်လိုက်သည်။ “ မင်း သိနေပြီးသား ဆိုရင်လည်း ဘာလို့ မေးနေသေးတာလဲ။ ”

ဒါဆို တကယ်ပဲ အုပ်ချုပ်ရေးမှူးဟူပေါ့။

လီယောင်သည် သူမ သူ့အပေါ် ဘာလုပ်မိလို့ ဒီလောက်တောင် အငြိုးထားနေတာလဲ ဆိုတာကို မသိတော့ပါ။ ကံကောင်းစွာဖြင့် အုပ်ချုပ်ရေးမှူးဟူက သူမကို ပေါ်ပေါ်တင်တင် မတိုက်ခိုက်ရဲဘဲ ခိုးကြောင်ခိုးဝှက်သာ တိုက်ခိုက်ရဲသည်။ နောက်ပြီး ဒီလို အန္တရာယ်များတဲ့ စွမ်းရည်တွေမှာ သူမကို ယှဉ်နိုင်တဲ့ လူက လက်ချိုးရေလို့ ရသည်ဟု ယုံကြည်ချက်ရှိသည်။

“ သူ့ကို အပြစ်ပေးဖို့ တရားသူကြီးစုန့်ဆီ လွှဲပြောင်းပေးလိုက်ပါ ”

......

ဟဲဝမ်ရွာကို တရားသူကြီးစုန့် ရောက်တော့ ကောင်းကင်မှာ မှောင်မဲနေဆဲသာ ရှိသေးသည်။

လီယောင်က ပြဿနာလာရှာတဲ့ ခိုလှုံသူတွေအကုန်လုံးကို ရွာသားတွေရဲ့ အကူအညီဖြင့် ဖမ်းဆီးပြီးပြီ ဆိုတာကို မြင်လျှင် နောက်ဆုံးတော့ သူ စိတ်သက်သာရာရသွား၏။ တရားသူကြီးစုန့်က “ ငါ စိတ်မပူခဲ့သင့်တာ။ လီယောင်ရဲ့ ထက်မြတ်မှုနဲ့ ဆိုရင် သူ့ကို ဘယ်သူမှ ဒုက္ခပေးနိုင်မှာ မဟုတ်ဘူး။ ” ဟု စိတ်ထဲကနေ တစ်ယောက်တည်း တွေးနေမိသည်။

နေထွက်လာတဲ့နောက်မှာ ဟဲဝမ်ရွာသားတွေ အကုန်လုံး မြေကွက်လပ်ထဲမှာ စုရုံးခဲ့ကြသည်။ ကျူးယိုကွေ့အပါအဝင် မနေ့ညက လုယက်ဖို့ လာခဲ့တဲ့ လူတွေအကုန်လုံးကိုလည်း ကြိုးတုပ်ထားသည်။

တရားသူကြီးစုန့်က လူတိုင်းရှေ့မှာပဲ သူတို့ကို “ မီတာ ( ၁၅၀၀၀ ) ကွာဝေးသော နေရာသို့ ပြည်နှင်ဒဏ်ချမှတ်လိုက်သည် ” ဟု အပြစ်ဒဏ်ကြေညာခဲ့သည်။

“ အား … ”

တရားသူကြီးစုန့် အမိန့်ချမှတ်ပြီးသည်နှင့် လူအုပ်ထဲကနေ ဆွဲဆွဲငင်ငင် ငိုကြွေးသံ ထွက်ပေါ်လာခဲ့သည်။ ငိုသံပိုင်ရှင်က ကျူးယိုကွေ့ရဲ့ အမေအိုကြီး ဖြစ်ပြီး သူမဟာ သားဖြစ်သူကို မီတာ ( ၁၅၀၀၀ ) ကွာဝေးသော နေရာသို့ ပြည်နှင်ဒဏ်ချမှတ်လိုက်ကြောင်း ကြားသောအခါ နေရာမှာတင် မေ့လဲလုနီး ဖြစ်သွားသည်။

“ ကျုပ်သားကို ပြည်နှင်ဒဏ်မချမှတ်ပါနဲ့ တရားသူကြီးမင်းရယ် … ”

“ ကျုပ် တောင်းပန်ပါတယ်။ သူ့ကို ဒီတစ်ကြိမ်ပဲ သက်ညှာပေးပါနော်။ ”

ဒီလို လူတွေ အများကြီးကို မြင်ဖူးတာမို့ ကျူးယိုကွေ့အမေရဲ့ အရူးမီးဝိုင်း အခြေအနေကို ကြည့်ပြီး တရားသူကြီးစုန့်ရဲ့ စိတ်ထဲမှာ ဘယ်လိုမှ မခံစားရပါ။ သူသာ သားဖြစ်သူကို ကောင်းကောင်းမွန်မွန် ပျိုးထောင်လာခဲ့ရင် ကျူးယိုကွေ့လည်း ဒီလို ဇာတ်သိမ်းရမှာ မဟုတ်။

“ သူတို့ကို ခေါ်သွားတော့။ ”

ဝမ်းနည်းပက်လက် ငိုကြွေးသံတွေကြားထဲမှာ ကျူးယိုကွေ့နှင့် သူ့အဖွဲ့ကတော့ ရာဇဝတ်သားလှည်းပေါ် ရောက်သွားပြီး မြင်ကွင်းထဲကနေ လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။

စိတ်လွတ်သွားပုံဖြင့် ရာဇဝတ်သားလှည်းတွေနောက်ကို ပြေးလိုက်သွားတဲ့ ကျူးယိုကွေ့ရဲ့ အမနောက်ကို ဘယ်သူမှ လိုက်မသွားသလို ဘယ်သူမှလည်း သူမကို မတားကြပါ။ အကြောင်းကတော့ သူတို့ သူမကို ဘယ်လောက်ပဲ ဖျောင်းဖြပါစေ အသုံးမဝင်ဘူး ဆိုတာ သိလို့ ဖြစ်သည်။ ဒီတိုင်းလေးပဲ သူ့အရှိန်နှင့်သူ ဆက်လွှတ်ထားတာက အကောင်းဆုံးပင်။

......

“ အဟွတ် အဟွတ် … ”

တရားရုံးတော်ကို တရားသူကြီးစုန့် ပြန်ရောက်သည်နှင့် သူ့ဇနီးရဲ့ အဆက်မပြတ် ချောင်းဆိုးသံကို ကြားလိုက်ရ၍ အခန်းထဲ အမြန် ပြေးဝင်လာခဲ့လိုက်သည်။

“ ရောဂါကူးတာလား။ မင်း သမားတော်ကိုရော ပင့်ပြီးပြီးလား။ ”

“ သမားတော် ရောက်လာပေမဲ့ သူ သောက်ခိုင်းတဲ့ ဆေးက ဘယ်မှာမှ ဝယ်မရဘူး ဖြစ်နေတယ်။ ”

နေမကောင်းဖြစ်နေတဲ့ ဇနီးသည်ကို ကြည့်ပြီး တရားသူကြီးစုန့်လည်း ထပ်တူ ပူပင်သောကဖြစ်ရသည်။ ဒါပေမဲ့ သူ့ခေါင်းပေါ်မှာ ခရိုင်တရားသူကြီး ဆိုတဲ့ တာဝန်ထုပ်ကြီးကလည်း ရှိနေသေးတာမို့ သူမကို ခဏလောက် နှစ်သိမ့်ပေးပြီး အပြင်ပြန်ထွက်လာခဲ့ရသည်။

လမ်းဆောက်လုပ်ရေးလုက်ငန်းခွင်ကို ရောက်ချိန်မှာတော့ ခိုလှုံသူ တော်တော်များများမှာ ညတွင်းချင်းပဲ အအေးမိသွားခဲ့ကြပြီး ချောင်းတဟွတ်ဟွတ်ဆိုးတဲ့ လူက ဆိုး ၊ တချို့ဆို အဖျားတွေတောင် တက်နေကြတယ် ဆိုတာကို သိလိုက်ရသည်။

ဤမြင်ကွင်းက သူ့ကို တစ်ခုခုတော့ မှားနေပြီဖြစ်ကြောင်း သတိပေးနေသည်။ ဒါက ကပ်ရောဂါရဲ့ ရှေ့ပြေးလက္ခဏာတွေပဲ။

“ သူတို့တွေအကုန်လုံးကို မြန်မြန် ပြန်ခိုင်းလိုက်တော့။ ဟိုနေရာ ဒီနေရာတွေကို လျှောက်မသွားခိုင်းနဲ့။ ”

“ ရွာလူကြီးတွေအကုန်လုံးကို အသိပေးစာပို့လိုက်ကြ။ လူတိုင်း အပြင်မထွက်ဘဲ အိမ်ထဲမှာ နေတာ အကောင်းဆုံးပဲ။ ”

ဒါပေမဲ့ အချိန်က နောက်ကျလွန်းသွားပါပြီ။

တရားရုံးတော်ဆီ ပြန်တဲ့ အပြန်လမ်းမှာ ‌ကာကွယ်ရေးခေါင်းဆောင်ကျန်းနှင့် မင်းမှုထမ်းအဖွဲ့မှာလည်း အဖျားလက္ခဏာတွေပြကာ စတင် ချောင်းဆိုးလာခဲ့ကြသည်။

ပိုင်ချွမ်းဈေးထဲမှာ ခိုလှုံသူတွေအတွက် ဆောက်ထားပေးတဲ့ ယာယီစခန်းမှာဆိုရင် နေရာတိုင်းမှာ ချောင်းဆိုးသံတွေ ဆူညံနေပြီး အဖျားကြီးနေတဲ့ လူတွေ ရာချီနေကာ တချို့ ဆိုလျှင် သတိတောင် မကပ်ကြတော့ပေ။

“ တရားသူကြီးမင်း။ ” ခေါင်းဆောင်ကျန်းက သူ့ဝေဒနာကို မျိုသိပ်ရင်း လာသတင်းပို့လိုက်သည်။ “ ရွာအသီးသီးက ရွာလူကြီးတွေက သူတို့ရွာသားတွေမှာလည်း ချောင်းတွေ စဆိုးပြီး အဖျားတက်နေကြပြီလို့ အခုပဲ ပြောလာတယ်။ ”

တရားသူကြီးစုန့်သည် ရေခဲတမျှ အေးစက်နေသော မြေတိုက်ခန်းထဲကို ပြုတ်ကျသွားသလို ခံစားလိုက်ရပါသည်။ ခိုလှုံသူပြဿနာကိုတောင် အပြည့်အဝ မဖြေရှင်းနိုင်သေးတာ ၊ အခု ကပ်ရောဂါကလည်း ပျံ့နှံ့လာပြန်ပြီတဲ့လား … ။

မိုးနတ်မင်းကြီးရယ် ၊ ပြည်သူတွေကို အသက်ဆက်ရှင်ခွင့်မပေးတော့ဘူးလား။

“ အခုချက်ချင်း သမားတော်တွေအကုန်လုံးကို စုဝေးလိုက် ၊ ဆေးဆိုင်တွေက လိုအပ်တဲ့ ဆေးဝါးတွေကို တရားရုံးတော်ရဲ့ တရားဝင်အမိန့်နဲ့ ယူလာခဲ့။ ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်နေတဲ့ ခိုလှုံသူတွေကို အဓိက ဦးစားပေးပြီး ကုသမယ်။ ”

“ ဟုတ်ကဲ့ပါ တရားသူကြီးမင်း။ ”

လောလောဆယ် ဒါက သူ လုပ်နိုင်သမျှ အကုန်ပါပဲ။ ကူးစက်ပျံ့နှံ့လွယ်တဲ့ ကပ်ရောဂါဘေးနှင့် ရင်ဆိုင်နေရချိန်မှာ ဒါက ရေပုံးထဲကို ရေတစ်စက် ထည့်ရုံလောက်ပဲ ရှိတာကို တရားသူကြီးစုန့် နားလည်သည်။

......

ရွာလူကြီးဝမ်သည် မနေ့ညက အဖြစ်အပျက်တွေ ပြီးသွားကတည်းက ရွာထဲက သန်သန်မာမာ လူငယ်အယောက် ( ၃၀ ) ကို စုရုံးပြီး ဟဲဝမ်ရွာအတွက် ကင်းတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ဟဲဝမ်ရွာထဲကို ဝင်ချင်တဲ့ လူမှန်သမျှ ဘယ်သူပဲဖြစ်ပါစေ ၊ စစ်ဆေးမေးမြန်းခံရမည်။

ပြီးတော့ ဝမ်စန်းအာကလည်း သူ့အရွယ် ကောင်လေးတချို့ကို ဦးဆောင်ပြီး ရွာနီးချုပ်စပ်တစ်ဝိုက်ကို လှည့်လည်စောင့်ကြပ်ကာ အနောက်ဘက်တောင်တန်းတွေကနေ ရွာထဲကို ဘယ်သူမှ မဝင်နိုင်အောင် ကာကွယ်ပေးနေသည်။

ဝေးလံခေါင်ဖျားတဲ့ ဟဲဝမ်ရွာကို ခိုလှုံသူတွေလည်း ရောက်မလာလောက်သေးတာမို့ ရွာထဲမှာ အခုထိ ဘယ်သူမှ ရောဂါကူးစက်မခံရသေးပေ။

ခိုလှုံသူပြဿနာကြောင့် အလုပ်ရုံ နှစ်ရုံမှာလည်း ကုန်ပစ္စည်းတွေကို ပို့ဆောင်လို့ မရ ၊ ကုန်ကြမ်းပစ္စည်းတွေကို ဝယ်ယူလို့ မရလေရာ လီယောင်က အလုပ်ရုံ နှစ်ရုံကို ခဏ ပိတ်ထားပြီး ရက်ပိုင်းလောက် အနားယူကာ ထုတ်ကုန်အသစ်တွေကို တိုးချဲ့ထုတ်လုပ်ဖို့ စီစဉ်နေခဲ့သည်။

“ အမေ ဘာတွေ လုပ်နေတာလဲဟင်။ ”

ဆေးပင်တွေနှင့် တစ်ယောက်တည်း အလုပ်ရှုပ်နေပြီး ဆန်အရက်ပြင်းပြင်းကိုပါ သုံးနေတဲ့ လီယောင်ကို ကြည့်ကာ ဟဲရှောင်ယာ စိတ်ဝင်စားသွားသည်။

“ ပန်းရေ လုပ်နေတာ။ ”

နွေရာသီရောက်ခါနီးပြီ ဖြစ်၍ ပန်းရေက သေချာပေါက် ရောင်းအားကောင်းပါလိမ့်မည်။ ဖရဲသီးနှင့် ပင်စိမ်းတွေကို စိုက်ပျိုးပြီး ဖရဲသီးအနှစ်ကို အစာသွပ်ထားတဲ့ ပူရှိန်းသကြားလုံးတွေလို ထုတ်ကုန်တွေ ထုတ်လုပ်ဖို့လည်း သူမ စီစဉ်ထားသည်။

ဒါပေမဲ့ ပန်းရေလုပ်လို့တောင် မပြီးသေးခင်မှာပဲ ကျိုးက သုတ်သုတ်ပြာပြာ ရောက်လာခဲ့သည်။

“ ပြဿနာတက်နေပြီ မရီးရေ။ စတုတ္ထအစ်ကို သတိလစ်သွားတယ်။ ”

စတုတ္ထအစ်ကို … ။

စတုတ္ထအစ်ကို ဆိုတာက ဝမ်မိသားစုရဲ့ စတုတ္ထသား ဝမ်ယွမ်ပန်းကို ရည်ညွှန်းတယ် ဆိုတာကို လီယောင် ဖျတ်ခနဲ မှတ်မိသွားသည်။

“ သူ ဘာဖြစ်တာလဲ။ ”

“ ဟိုတစ်ညတုန်းက သူ နည်းနည်းလေး ထိခိုက်သွားပေမဲ့ အဲ့ဒီတုန်းက ဘာမှ သိပ်မတွေးဘဲ ကျွန်မတို့ကိုတောင် ပြောမပြခဲ့ဘူး။ ” ဟု ကျိုးက ပြောလိုက်သည်။ “ မနေ့ညတုန်းကမှ ဒဏ်ရာပိုးဝင်ပြီးတော့ အနာရင်းနေတယ် ဆိုတာကို ကျွန်မတို့ သတိထားမိသွားကြတာ။ သူ အဖျားတွေလည်း တက်နေတယ်။ အခုဆို သတိပါ လစ်သွားပြီ။ ”

လီယောင် ဆွံ့အသွားသည်။

ဒီခေတ်ရဲ့ ဆိုးဆိုးဝါးဝါး သန့်ရှင်းရေးအားနည်းမှုကြောင့် ပိုးဝင်နေတဲ့ ဒဏ်ရာကနေ အဖျားတက်ပြီး သတိလစ်သွားတယ် ဆိုတာ ပေါ့သေးသေး ပြဿနာ မဟုတ်ပါ။ သေချာ မကုသရင် အလွယ်တကူ အသက်ဆုံးရှုံးနိုင်သည်။

လီယောင်သည် ဝမ်မိသားစုအိမ်တော်သို့ စိုးရိမ်တကြီး ပြေးလာခဲ့ချိန်မှာ ဝမ်ရွှယ်ရှစ်နှင့် ဝမ်ကျားကွေ့တို့ကတော့ မီးအပူပေးထားတဲ့ ဒယ်ပြားပေါ်က ပုရွက်ဆိတ်တွေလို ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေခဲ့ကြပြီ ဖြစ်သည်။

“ ငါတို့ အခု ဘာလုပ်ရမလဲ လီယောင်။ ”

“ သမားတော်ရော ပင့်ပြီးသွားပြီလား။ ”

“ ပင့်ထားတယ်။ ဒါပေမဲ့ အခု မြို့တံခါးတွေက ဘယ်သူ့ကိုမှ အဝင်မခံဘဲနဲ့ ပိတ်ထားတယ်။ ပလိပ်ရောဂါ တစ်မျိုး ပျံ့နေတယ်တဲ့။ ”

ပလိပ်ရောဂါ ….. ။

လီယောင်ရဲ့ နှလုံးသားထဲမှာ ထိတ်ခနဲ တုန်လှုပ်သွားကာ “ မြို့ထဲကို ဘယ်သူ သွားတာလဲ။ ” ဟု အလောတကြီး မေးလိုက်တော့ ဝမ်ကျား‌ကွေ့က “ ငါ သွားတာလေ။ ” ဟူ၍ ပြန်ပြောသည်။

…

All Chapters