ပိုင်ချွမ်းခရိုင်ရဲ့ အပေါက်အဆိုးဆုံး အမျိုးသမီး။
Vol. 10 Ch. 120
လီယောင် မျက်မှောင်ကြုတ်ပြီး “ အဲ့ဒါဆို အဖေ အခုချက်ချင်း တစ်ယောက်တည်း သီးသန့်ခွဲနေသင့်တယ်။ ” ဟု ပြောလိုက်သည်။
ဘာရယ် ၊ ဘာကို တစ်ယောက်တည်း သီးသန့်ခွဲနေရမှာလဲ … ။
လီယောင်က ထပ်ဖြည့်ပြောလိုက်သည်။ “ အခန်းတစ်ခန်းထဲမှာ အဖေ တစ်ယောက်တည်း နေပြီး တခြားလူတွေနဲ့ အဆက်အဆံမလုပ်ရဘူး ဆိုတဲ့ သဘောပါ။ ”
“ အဲ့လို လုပ်စရာ မလိုပါဘူး။ ငါ ခိုလှုံသူတွေ နေတဲ့ ယာယီစခန်းကို မသွားခဲ့ဘူး။ ”
“ လိုရမယ်ရ စိတ်ချရအောင်ပါ။ ” လီယောင်က သူ့သားဘက်ကို လှည့်ပြီး ညွှန်ကြားလိုက်သည်။ “ တတိယသားက ရွာလူကြီးကို အခု သွားရှာပြီး ကျောင်းကို ဒီရက်ပိုင်း ယာယီ ပိတ်ထားမှာမို့လို့ လူတိုင်းကို အပြင်မထွက်ခိုင်းဖို့ ပြောလိုက်ပါ။ ”
လီယောင်သည် ဝမ်ကျားကွေ့ကို တစ်ယောက်တည်း သက်သက်ခွဲနေခိုင်းလိုက်ပြီးနောက် လူတိုင်းရဲ့ လက်တွေကို ဆပ်ပြာနှင့် ဆေးခိုင်းလိုက်ပါသည်။ ထို့နောက် ဝမ်ယွမ်ပန်းရဲ့ အခြေအနေကို သွားစစ်ဆေးကြည့်ခဲ့သည်။
အသက်ရှူမြန်ပြီး မျက်နှာနီရဲနေတဲ့ သူဟာ အဖျားတွေ ဘယ်လောက်တောင် ကြီးနေသလဲဆို အနည်းဆုံး ( ၄၀ ) ဒီဂရီလောက် ရှိလိမ့်မည်။
သူ့ညာလက်လက်မောင်းပေါ်က ဒဏ်ရာက ဆိုးဆိုးဝါးဝါး ပိုးဝင်နေပုံဖြင့် ရောင်ကိုင်းပြီး ပြည်တည်နေ၏။
လီယောင်က ဝမ်ရွှယ်ရှစ်အား သူ့ရဲ့ ခန္ဓာကိုယ်အပူချိန်ကို ကျအောင် အရင်ဆုံး လုပ်ခိုင်းပြီးမှ ဆေးပင်တွေရဲ့ ဆေးဝါးညွှန်ကြားချက်ကို ယူကာ ရှန်းရှီအား ဆေးပင်တွေကို ပြုတ်ခိုင်းလိုက်သည်။
ဝမ်ယွမ်ပန်းရဲ့ ပြင်းထန်နေတဲ့ အခြေအနေကို ဆေးဝါးတွေနှင့် ဖြည်းဖြည်းချင်း သက်သာအောင် လုပ်လို့ ရလျှင်တောင် ဒဏ်ရာကို အမြန် အရောင်ကျအောင် လုပ်နိုင်မယ့် နည်းလမ်းကို ရှာဖို့ လိုပါသည်။ ဒါပေမဲ့ ပင်နီစလင်ကို အချိန်မီ ထုတ်လုပ်ဖို့ ဆိုတာ မဖြစ်နိုင်ပါ။ ပင်နီစလင် ထုတ်ဖို့အတွက် စမ်းသပ်မှုတွေ ၊ စစ်ထုတ်မှုတွေကို အချိန်အကြာကြီး လုပ်ရမှာ ဖြစ်ပြီး လုပ်အားနှင့် စက်ပစ္စည်းအကူအညီကိုလည်း လိုအပ်သည်။
“ အဖြူရောင်ဆေးဝါးကိုပဲ အရင်ဆုံး သုံးကြတာပေါ့။ ”
လီယောင်သည် အိမ်ကို သွားပြီး လိုအပ်တဲ့ ဆေးဝါးတွေကို ရှာဖွေလိုက်သည်။ ဆေးဝါးတွေကို အမှုန့်ဖြစ်သွားအောင် အချိုးကျကျ ကြိတ်ချေပြီးနောက်မှာတော့ တကယ့် အဖြူရောင်ဆေးဝါး အစစ်နှင့် တစ်ထပ်တည်းနီးပါး တူသွားပါပြီ။ ပြီးတော့ သူမ နှစ်ပေါင်းများစွာ အသုံးပြုလာတဲ့ အတွေ့အကြုံအရ အာနိသင်ကလည်း အဖြူရောင်ဆေးဝါးထက်တောင် ပိုကောင်းသည်။
ဝမ်ယွမ်ပန်းရဲ့ အနာကို သန့်ရှင်းရေးလုပ်ပေးပြီးသွားတော့ ဆေးမှုန့် တစ်ထပ် လိမ်းပေးလိုက်ပါသည်။
ခဏအကြာမှာပဲ ဝမ်ယွမ်ပန်းရဲ့ အခြေအနေက အတော်လေး တိုးတက်လာခဲ့ပြီး သူ့ပုံစံက ပြင်းထန်တဲ့ ဝေဒနာကို ခံစားနေရတဲ့ လူမမာတစ်ယောက်နှင့် မတူတော့ပေ။
လီယောင်က စေ့စေ့စပ်စပ် ညွှန်ကြားပေးခဲ့သည်။ “ ဆေးကို တစ်နာရီခြား တစ်ခါ အသစ်လဲပြီး ထည့်ပေး။ ပြည်တွေကို ပုံမှန်လေး ညှစ်ပေးပြီး အရက်နဲ့ ပိုးသတ်ပေး။ နောက်ဆုံးကျရင် ဆေးမှုန့်တွေ ထပ်ပြီး လိမ်းပေးလိုက်။ ”
“ နားလည်ပါပြီ။ ”
ဂရုတစိုက် ပြုစုမှုတွေကြောင့် ခဏကြာတော့ ဝမ်ယွမ်ပန်းတစ်ယောက် သတိပြန်လည်လာခဲ့သည်။ တစ်မိသားစုလုံးလည်း အဲ့ဒီတော့မှ စိတ်သက်သာရာရသွားတဲ့ သက်ပြင်းမောကို မှုတ်ထုတ်နိုင်တော့လေသည်။
ဒီတစ်ခေါက် လီယောင့်ကို ကျေးဇူးတင်ရမည်။ လီယောင့်ကြောင်ကသာ မဟုတ်ရင် ဝမ်ယွမ်ပန်းကို သေမင်းကို စောစောစီးစီး သွားတွေ့နေရပြီပင်။
ဒါပေမဲ့ ကံဆိုးမှု ဆိုတာက အမြဲတမ်း အဖော်အပေါင်းနှင့် လာလေ့ရှိသည်။ တစ်ယောက်တည်း အခန်းသက်သက် သီးသန့် ခွဲနေ,နေတဲ့ ဝမ်ကျားကွေ့ဟာ စတင် ချောင်းဆိုးလာပြီး အဖျားတက်လာခဲ့သည်။ လီယောင်က နှာခေါင်းစည်းဝတ်ပြီး သူ့လက္ခဏာတွေကို စစ်ဆေးကြည့်လိုက်တော့ အဲ့ဒါက တုပ်ကွေးရောဂါတစ်မျိုး ဖြစ်နေသည်။
ကံကောင်းစွာဖြင့် ဟဲဝမ်ရွာမှာ ထိုတုပ်ကွေးမိတဲ့ လူက သူတစ်ယောက်တည်းပဲ ရှိသည်။ သူကနေတစ်ဆင့် ရောဂါကူးစက်တာမျိုး မရှိသလို ရောဂါပိုး သန္ဓေပြောင်းသွားတာမျိုးလည်း မရှိ၍ တစ်ယောက်တည်း သီးသန့် ခွဲနေတာ အချိန်မီသွားသည်ဟု ပြောရမည်။
ရောဂါလက္ခဏာတွေက ပြင်းထန်ပေမဲ့လည်း ဆေးဝါးတွေကို အချိန်မီ သောက်ပြီး တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကို ဂရုစိုက်ရင် သူ လျင်လျင်မြန်မြန် သက်သာလာနိုင်သည်။
ရွာလူကြီးဝမ်သည် ထိုအကြောင်းတွေကို သိသည်နှင့် ရွာထဲက အစောင့်တွေကို အားထပ်ဖြည့်ပြီး လူတိုင်းကို လီယောင်ရဲ့ ညွှန်ကြားချက်တွေအတိုင်း လက်ကို ဆပ်ပြာနှင့် ဆေးဖို့ တိုက်တွန်းနှိုးဆော်ခဲ့သည်။
ရွာသူ ၊ ရွာသားတွေကလည်း လီယောင့်ကို လေးစားကြတဲ့ လူတွေချည်းပဲမို့ သဘာဝကျစွာပင် လီယောင့်စကားကို မြေဝယ်မကျ နားထောင်ခဲ့ကြသည်။ ထို့ပြင် ပြင်ပက လူတွေလည်း ရွာထဲကို ဝင်မလာသောကြောင့် အံ့ဩဖွယ်ကောင်းစွာပင် တုပ်ကွေးရောဂါကူးစက်သူ တစ်ယောက်မှ မရှိပါ။
ဒါပေမဲ့ လီယောင်ကတော့ ဟဲဝမ်ရွာက ဘေးကင်းလုံခြုံနေပေမဲ့ ပိုင်ချွမ်းခရိုင်ထဲက တခြားရွာတွေကတော့ ဒီလောက် ကံမကောင်းလောက်ဘူး ဆိုတာ သိသည်။
သူမ ကြိုတင်သိုလှောင်ထားတဲ့ ဆေးပင်တွေကလည်း အခု အဆင်သင့်ဖြစ်နေပြီမို့ လီယောင်သည် ခန္ဓာကိုယ်ကြံ့ခိုင်သန်မာတဲ့ လူငယ်တွေကို ခေါ်ပြီး နှာခေါင်းစည်းထူထူ တပ်ပေးကာ ဆပ်ပြာတစ်သုတ်ကို ပိုင်ချွမ်းဈေးသို့ နွားလှည်းတစ်စီးနှင့် ပို့ဆောင်လိုက်တော့သည်။
...
“ ဆေးတွေ လုံးဝ ကုန်သွားပါပြီ လူကြီးမင်း။ ”
ခရိုင်တရားရုံးတော်ခြံဝန်းထဲမှာ စုဝေးနေတဲ့ သမားတော်တွေအကုန်လုံး အကျပ်ရိုက်သွားကြသည်။
နှစ်ရက်တိတိ ဆေးကုသပေးပြီးနောက်မှာ ဆေးဆိုင်တွေက ဆေးတွေအကုန်လုံး ကုန်သွားပေမဲ့ အပြင်က ခိုလှုံသူတွေနှင့် ရွာသားတွေကတော့ ဆက်တိုက် ပလိပ်ရောဂါကူးစက်ခံနေခဲ့ရသည်။
ကိုယ်ခံအားနည်းတဲ့ လူတချို့ဆို အသက်ရှူရုံလောက်ပဲ ရှူပြီး အိပ်ရာထဲမှာ ပုံလဲသွားခဲ့ကြသည်။ သေတဲ့ လူတွေလည်း အများကြီးပဲဟု သတင်းတွေ ကြားရသည်။
“ လူကြီးမင်း။ ” အပြင်က ပြန်လာတဲ့ ကာကွယ်ရေးခေါင်းဆောင်ကျန်းရဲ့ မျက်နှာဟာ အလွန် တည်ငြိမ်လေးနက်နေခဲ့သည်။ “ ကျွန်တော် အိမ်နီးချင်းတိုင်းပြည်တွေရဲ့ အခြေအနေကို စုံစမ်းကြည့်ပြီးသွားပြီ ၊ သူတို့အခြေအနေက ကျွန်တော်တို့ထက်တောင် ပိုဆိုးတယ်။ သူတို့ဆို ခိုလှုံသူတွေကို လုံးဝ ဂရုမစိုက်ဘဲနဲ့ ရှင်,ရှင် သေ,သေ ပစ်ထားကြတာ။ သေသွားတဲ့ လူတွေ ရာချီနေပြီလို့ ကျွန်တော် ကြားတယ်။ ”
တရားသူကြီးစုန့်က မျက်ခုံးတန်းနှစ်ခု ထိစပ်လုမတတ် မျက်မှောင်ကြုတ်ရင်း မျက်လုံးထဲမှာ စိုးရိမ်မှုတွေ ပြည့်နှက်သွားသည်။ တကယ်ပဲ ဖြေရှင်းနည်း မရှိတော့ဘူးလား … ။
“ အမျိုးသမီးလီ ရောက်လာပါတယ် လူကြီးမင်း။ ”
လီယောင် …… ။
တရားသူကြီးစုန့်သည် လီယောင် ရောက်လာပြီ ဆိုတဲ့ စကားကို ကြားချိန်မှာ အဆုံးအစမဲ့နေတဲ့ အမှောင်ထုထဲကနေ အလင်းတန်း တစ်ခုကို လှမ်းမြင်လိုက်ရသလို ခံစားလိုက်ရလေသည်။
“ ကျေးဇူးပြုပြီး မြန်မြန် ဝင်ခဲ့ပါ အမျိုးသမီးလီ။ ”
နှာခေါင်းစည်းတပ်ထားတဲ့ လီယောင့်ကို အမြင်မှာ တရားသူကြီးစုန့်နှင့် သူ့လူတွေ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားသည်။ ပူလောင်နေတဲ့ နွေရာသီကြီးမှာ သူမ ဘာလို့ နှာခေါင်းနှင့် ပါးစပ်ကို အဝတ်စနှင့် အုပ်ထားတာလဲ ဆိုတာ နားမလည်ပါ။
“ ဒါကို နှာခေါင်းစည်းလို့ ခေါ်တယ်။ ဒါကို တပ်ထားရင် ကူးစက်ရောဂါတွေကို ထိထိရောက်ရောက် ကာကွယ်လို့ ရတယ်။ ”
“ ဟမ်။ ”
သမားတော်တွေ အံ့အားသင့်သွားခဲ့ကြသည်။ အဝတ်စလေး တစ်စက ပုလိပ်ရောဂါကို ကာကွယ်နိုင်တယ်တဲ့လား … ။ ဒါက သူတို့ ကြားဖူးသမျှထဲမှာ ရယ်စရာအကောင်းဆုံး ဟာသတစ်ပုဒ် ဖြစ်ပါလိမ့်မည်။
သမားတော်မာက ခေါင်းခါရမ်းလိုက်သည်။ “ မင်းက တကယ် တော်တာ မှန်ပေမဲ့ ပလိပ်ရောဂါအကြောင်းကိုတော့ ကျုပ်တို့က မင်းထက် နည်းနည်းလေး ပိုသိမယ် ထင်တယ် အမျိုးသမီးလီ။ ”
တခြားသမားတော်တွေကလည်း သမားတော်မာရဲ့ စကားကို တညီတညာတည်း ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။ လူနာတွေကို ကြည့်ရှုပေးတဲ့ နေရာမှာတော့ ယုံကြည်ရတဲ့ ကျွမ်းကျင်ပညာရှင်တွေကို သူတို့ လိုအပ်ပါသေးသည်။
လီယောင်က သူတို့ကို ဂရုမစိုက်ဘဲ တရားသူကြီးစုန့်ဆီကိုသာ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သာ်။ “ တိုက်ဆိုင်ချင်တော့ ကျွန်မမှာ စုဆောင်းထားတဲ့ ဆေးပင်တချို့ ရှိတယ် လူကြီးမင်း။ အဲ့ဆေးပင်တွေကို အသုံးပြုလို့ ရမလား ဆိုတာ ကျွန်မ သိချင်တယ်။ ”
“ ဆေးပင်တွေ ရှိတယ် … ဟုတ်လား။ ဝမ်းသာစရာ သတင်းကောင်းပဲ။ အဲ့ဆေးပင်တွေက ဘယ်မှာလဲ အမျိုးသမီးလီ။ ”
“ ဈေးထဲက ဆိုင်မှာပါ။ ”
သိပ်မကြာလိုက်ဘဲ သူဌေးကျိုးနှင့် ဆိုင်လက်ထောက်ကောင်လေးတွေက ဆေးပင်တွေ အပြည့်တင်ထားတဲ့ လှည်းတွေကို ဆွဲလာခဲ့ကြသည်။ တရားသူကြီးစုန့်သည် စိတ်လှုပ်ရှား ပျော်ရွှင်လွန်းလို့ လီယောင့်ကို ဦးခိုက်မိတော့မလိုတောင် ဖြစ်သွားသည်။
“ ဒါက ( ၁၀ ) ရာခိုင်နှုန်းပဲ ရှိသေးတာပါ။ ကျန်တာတွေကို အချိန်မရွေး သွားယူလို့ ရတယ်။ ”
“ ကောင်းတယ် ကောင်းတယ်။ ”
စိတ်လှုပ်ရှားနေတဲ့ တရားသူကြီးစုန့်ရဲ့ အသားအရေက အနီရောင်ပင် သန်းနေခဲ့သည်။ ဒီအမျိုးသမီးလီက တကယ့်ကို ကယ်တင်ရှင်ပဲ။
“ သမားတော်တို့ ၊ အခု ဆေးပင်တွေလည်း ရပြီ ဆိုတော့ ကျေးဇူးပြုပြီး ဆေးဝါးညွှန်ကြားချက်တွေကို မြန်မြန်လေး ရေးပေးကြပါဗျာ။ ”
“ အဲ့လို လုပ်ဖို့ မလိုတော့ဘူး။ ” ဟု လီယောင်က ပြောလိုက်သည်။ “ ကျွန်မ ဆေးနည်း ရေးထားတယ်။ လူတွေကို ဒီဆေးနည်းအတိုင်းပဲ မြန်မြန် ဖော်စပ်ခိုင်းလိုက်ပါ။ ”
သမားတော်မာက ထိုစကားကြောင့် လှောင်ပြုံး ပြုံးလိုက်၏။ “ အမျိုးသမီးလီက ဆေးပညာသဘောတရားတွေကိုလည်း နားလည်လိမ့်မယ်လို့ ကျုပ် မထင်ခဲ့ဘူး။ ဒါဆို တရားသူကြီးမင်းက ကျုပ်တို့အကူအညီကို ဘာလို့ လိုတော့မှာလဲ။ ”
တရားသူကြီးစုန့်သည် စက္ကန့်ပိုင်းလောက်ကြာအောင် ဘာပြောလို့ ပြောရမှန်းမသိ ဖြစ်သွားမိသည်။
အကျိုးသင့်အကြောင်းသင့် ပြောရရင် ဒီလို အခြေအနေမှာ သမားတော်ရဲ့ စကားကိုပဲ နားထောင်သင့်ပေမဲ့ သူ့အတွေ့အကြုံအရ ပြဿနာတစ်ခုခု ရှိလာတိုင်း လီယောင့်စကားကို နားထောင်တာက အမှန်ကန်ဆုံး ဖြစ်သည်။
“ အခု အခြေအနေက အရမ်း အရေးကြီးနေတာပါ တရားသူကြီးစုန့်။ အဲ့ဒါကြောင့် အချိန်ဆွဲနေလို့ မရဘူး။ ” ဟု လီယောင်က ပြောလိုက်သည်။ “ လူတိုင်းကို ဆေးပေးတာအပြင် ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်နေတဲ့ လူနာတွေကို သီးသန့်နေရာခွဲထားပြီး ဆေးကုပေးရမယ်။ ကျွန်မ ဆပ်ပြာအချောင်း ( ၁၀၀၀၀၀ ) လည်း ယူလာခဲ့တယ်။ တရားသူကြီးစုန့်က အဲ့ဆပ်ပြာတွေကို အတုံးသေးသေးလေးတွေ ဖြစ်အောင် လှီးခိုင်းပြီးတော့ လူတိုင်းကို မျှဝေပေးလိုက်ပါ။ ကူးစက်ရောဂါကို ကာကွယ်ဖို့ လူတိုင်း ဆပ်ပြာနဲ့ နေ့တိုင်း လက်ဆေးဖို့ လိုတယ်။ ”
ဆပ်ပြာကလည်း ကူးစက်ရောဂါကို ကာကွယ်နိုင်တယ်တဲ့လား … ။
သမားတော်မာသည် ထိုစကားကို ကြားချိန်မှာ အော်ရယ်မိတော့မလိုတောင် ဖြစ်သွားသည်။ “ အမျိုးသမီးလီ … မင်း တိုင်းပြည်နဲ့ချီတဲ့ ကပ်ဘေးကို အသုံးချပြီး အမြတ်ထုတ်ဖို့ ကြိုးစားနေတာတော့ မဟုတ်ပါဘူးနော်။ ”
လီယောင့်မှာ ထိုလူ့ကို အာရုံစိုက်ချင်စိတ်မရှိသော်လည်း သူက ထေ့ငေါ့စကားတွေကို ဆက်တိုက် ပြောနေသောကြောင့် သူမလည်း ဆက်မယဉ်ကျေးနိုင်တော့ပေ။
“ ကျုပ် ဒေါသမထွက်တာ အချိန်တော်တော်လေး ကြာသွားပြီ ဆိုတာနဲ့ပဲ ရှင်က ကျုပ်ကို အစွယ်ကျိုးသွားတဲ့ မြွေလို့ ထင်နေတာလား။ ” လီယောင်ရဲ့ မျက်နှာက တင်းမာနေပြီး သူမအမူအရာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်အပြည့် ရှိနေပါသည်။ “ ရှင် ကျုပ်ရှေ့မှာ ဆက်နှောင့်ယှက်နေမယ် ဆိုရင်တော့ သတိသာ ထားနေလိုက်။ ရှင့်အမေတောင် ရှင့်ကို မမှတ်မိလောက်တဲ့ထိ ရှင့်ကို ရိုက်နှက်ပစ်မယ်။ ”
သမားတော်မာသည် ဒီလောက် ဒေါသကြီးတဲ့ အမျိုးသမီးကို အရင်တုန်းက တစ်ခါမှ မမြင်ဖူးခဲ့တာကြောင့် စကားဆက်မပြောရဲလောက်အောင်ပင် ထိတ်လန့်ကြောက်ရွံ့သွားတော့သည်။
ဟုတ်သားပဲ။ လီယောင်က ပိုင်ချွမ်းခရိုင်ရဲ့ အပေါက်အဆိုးဆုံး အမျိုးသမီး ဖြစ်ခဲ့ဖူးတာပဲ။
တရားသူကြီးစုန့်က ခပ်တိုးတိုး ချောင်းဟန့်ရင်း “ လီယောင် ပြောတဲ့အတိုင်း လုပ်လိုက်ကြပါ။ ” ဟု ဝင်ပြောလိုက်သည်။
လီယောင်သည် စာရေးတွေ ၊ ဆိုင်ရှင်တွေကို နှာခေါင်းစည်းတွေ ကိုယ်စီ တပ်ခိုင်းထားပြီး မြို့ပြင်မှာ ဆေးပင်တွေကို စတင်ကျိုချက်ခဲ့သည်။ လူတစ်ယောက်ချင်းစီကိုလည်း ဆပ်ပြာတုံးလေးတွေ ပေးဝေထားပြီး အချိန်တိုင်း လက်ကို ဆပ်ပြာနှင့် ဆေးဖို့ တိုက်တွန်းနှိုးဆော်နေခဲ့သည်။
ဝါဂွမ်းဆိုင်တွေက ဝါဂွမ်းစတွေကိုလည်း တရားရုံးတော်ရဲ့ တရားဝင် ခွင့်ပြုမိန့်ဖြင့် ယူပြီး ရိုးရှင်းတဲ့ နှာခေါင်းစည်းတွေ ရာချီ ၊ ထောင်ချီ ပြုလုပ်ကာ မျှဝေပေးခဲ့သည်။ ပလိပ်ရောဂါကူးပြီး အသေမခံချင်တဲ့ ခိုလှုံသူတွေအားလုံးကလည်း စည်းကမ်းချက်တွေအတိုင်း နာခံစွာပင် နေ့တိုင်း လက်တွေဆေး ၊ နှာခေါင်းစည်းတွေတပ်ကာ အစားအသောက်တွေကို တန်းစီ၍ ယူခဲ့ကြသည်။
အဖျားကူးခါစ လူတွေကိုတော့ သီးသန့်မြေကွက်လပ်တစ်ခုဆီသို့ ပို့ဆောင်ကာ တင်းတင်းကျပ်ကျပ် စောင့်ကြပ်ထားပြီး ဈေးထဲက သမားတော်တွေက လူနာတစ်ယောက်ချင်းစီကို စစ်ဆေးလျက် ကုသမှုအတွက် ဆေးဝါးညွှန်ကြားချက်တွေ ရေးပေးသည်။
တရားသူကြီးစုန့်ကလည်း ရွာတိုင်းကို ဆေးပင် အနည်းငယ်စီ ပို့ပေးပြီး လီယောင် ချမှတ်ထားတဲ့ စည်းမျဉ်းစည်ကမ်းတွေကို တစ်သွေမတိမ်း လိုက်နာခိုင်းခဲ့သည်။
…