အိမ်အပြန်။
Vol. 11 Ch. 121
သုံးရက်အကြာမှာတော့ တစ်ရက်ကို အသစ်ကူးစက်သူအရေအတွက် ကိန်းဂဏန်း နှစ်ခု လျော့ကျသွားသလို ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်နေတဲ့ လူနာတွေလည်း စတင်သက်သာလာခဲ့ကြသည်။ ပိုကြံ့ခိုင်သန်မာတဲ့ တချို့ဆိုလျှင် အိပ်ရာထဲက ထွက်ပြီး လမ်းလေး ဘာလေးတောင် လျှောက်နိုင်နေပါပြီ။
ဆက်တိုက် ကြားရတဲ့ သတင်းကောင်းတွေက တရားသူကြီးစုန့်ကို လီယောင့်အပေါ် အလွန် ကျေးဇူးတင်သွားစေသည်။
အတိတ်တုန်းက ပလိပ်ရောဂါဖြစ်တိုင်း နေရာတိုင်းမှာ ဝမ်းနည်းမှုတွေ ၊ ပူဆွေးသောကတွေချည်း ဖုံးလွှမ်းခဲ့ရတာပင်။
ဒီတစ်ခေါက်လည်း ဘာမှတော့ မထူး။ အိမ်နီးချင်းခရိုင်တွေမှာ ဒီကပ်ရောဂါကို မနည်း ဖြတ်ကျော်နေရတဲ့ထိ အလူးအလဲ ခံနေရပြီး ခိုလှုံသူအဓိကရုဏ်းတွေတောင် ဖြစ်နေသည်။
ဒါပေမဲ့ သူ အုပ်ချုပ်ရတဲ့ ပိုင်ချွမ်းခရိုင်ကတော့ လီယောင့်ကျေးဇူးကြောင့် ဒီကပ်ဘေးကို ရှောရှောရှူရှူ ကျော်လွှားနိုင်ခဲ့သည်။ ခန္ဓာကိုယ်အားနည်းလွန်းတဲ့ လူနည်းစုလောက်သာ သေဆုံးခဲ့ရပြီး အများစုက ပြန်လည်ကျန်းမာကာ အားအင်ပြည့်ဝနေခဲ့ပြီ ဖြစ်သည်။
လီယောင်က တကယ့်ကို ကောင်းကင်ဘုံက စေလွှတ်လိုက်တဲ့ ကယ်တင်ရှင်ပဲ။
ထိုအချိန်မှာ ကာကွယ်ရေးခေါင်းဆောင်ကျန်းက “ တရားသူကြီးမင်း .. ကျွန်တော်တို့ တခြားဒေသတွေက ခိုလှုံသူတွေ ဝင်လာမှာကို ကာကွယ်ဖို့ လမ်းတွေကို ပိတ်ထားရမလား။ ” ဟု သူ့ကို လာမေးသည်။
“ အဲ့ဒါက … ”
အနည်းငယ် တွန့်ဆုတ်နေတဲ့ တရားသူကြီးစုန့်က လီယောင့်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
“ လမ်းတွေကို ပိတ်ထားစရာ မလိုတော့ပါဘူး။ ကျွန်မတို့ခရိုင်ထဲက လူအများစုက ရောဂါကူးစက်ဖူးပြီးသား လူတွေချည်းပဲ။ သူတို့က ဆေးတွေကို အချိန်မီ သောက်ပြီး အစားအသောက်ကိုလည်း လုံလုံလောက်လောက် စားရတော့ ရောဂါလက္ခဏာတွေက အရမ်း ပျော့တယ် ၊ ဘာရောဂါလက္ခဏာကိုမှ သူတို့ မခံစားခဲ့ရတာတောင် ဖြစ်နိုင်တယ်။ အဲ့ဒါကြောင့် အပြင်လူတွေ မြို့ထဲ ဝင်လာတယ် ဆိုရင်တောင် လူတိုင်းက တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးကို ဂရုစိုက်ရင် ဘယ်သူမှ အလွယ်တကူ ရောဂါကူးကြမှာ မဟုတ်ပါဘူး။ ”
တကယ်ပဲ အဲ့လို ကိစ္စမျိုး ရှိသေးတာလား။
တရားသူကြီးစုန့်နှင့် ခေါင်းဆောင်ကျန်းတို့နှစ်ယောက်လုံး လီယောင် ပြောတဲ့ စကားတွေကို စိတ်ချယုံကြည်သွားကြသည်။ ဒီလို ခက်ခဲနက်နဲတဲ့ အကြောင်းတွေကို သူတို့ အရင်တုန်းက တစ်ခါမှ မကြားဖူးခဲ့ကြပေ။
တရားသူကြီးစုန့်က “ ဒါဆိုရင် လမ်းပြုပြင်ဆောက်လုပ်ရေးကို မြန်မြန်ပဲ အလုပ်ပြန်စလိုက်ကြရအောင်ပါ။ ” ဟု ပြောလိုက်သည်။
ပိုင်ချွမ်းခရိုင်မှာ သိုလှောင်ထားတဲ့ ကောက်ပဲသီးနှံတွေက အကန့်အသတ်ရှိပါသည်။ သူတို့ ကောက်ပဲသီးနှံတွေကို အမြဲတမ်း အလကား ဖြန့်ဝေပေးလို့ မရပါ။ ခိုလှုံသူတွေအနေဖြင့် အစားအသောက် လိုချင်ရင် လမ်းဆောက်လုပ်ရေးမှာ ပါဝင်ဖို့ လိုသည်။
သို့သော်လည်း ဒီတစ်ခေါက်တော့ လီယောင့်ကို သူမရဲ့ ကြီးမြတ်တဲ့ ဆောင်ရွက်မှုတွေကို သူ တရားဝင် လူသိရှင်ကြား ချီးမြှောက်နိုင်ပါလိမ့်မည်။
…
အလုပ်,လုပ်ဖို့ စာရင်းတင်သွင်းသူတွေ တဖြည်းဖြည်း များလာသည်နှင့်အမျှ ပိုင်ချွမ်းခရိုင်ရြဲ ကျောက်လမ်းတွေကလည်း တစ်ရက်ကို မီတာ ( ၁၅၀၀ ) ၊ ( ၂၀၀၀ ) လောက်ထိ ခရီးရောက်လာခဲ့သည်။
လဝက်အတွင်းမှာပဲ ရွာအသီးသီးကို သွားတဲ့ လမ်းတွေ အကုန်လုံး ဆောက်လုပ်ပြီးစီးသွားသလို အချိန်ကလည်း မတ်လကို ရောက်လာခဲ့သည်။
ဂျိမ်း ဂျလိမ်း …
ဝေဟင်တစ်ခွင်မှာ မကြားရတာ ကြာပြီ ဖြစ်တဲ့ မိုးခြိမ်းသံတွေကို ကြားလိုက်ရပြီး ကောင်းကင်မှာ တိမ်ညိုတိမ်မည်းတွေ စုလာတာကို မြင်တဲ့ လူတိုင်းက သတင်းတွေကို ပျော်ရွှင်စွာ ဖြန့်ခဲ့ကြသည်။ “ မိုးရွာတော့မယ်။ နောက်ဆုံးတော့ မိုးရွာတော့မယ်။ ”
မိုးခေါင်မှုဒဏ်ကို ( ၂ ) နှစ်တိတိ ခံစားခဲ့ရပြီးတဲ့နောက်မှာ တာ့လင်တိုင်းပြည်တစ်ခုလုံး ဒီမိုးကို စောင့်မျှော်နေခဲ့ကြတာပင်။ မိုးနတ်မင်းကလည်း လူတွေရဲ့ မျှော်လင့်ချက်တွေကို မပျက်စီးစေဘဲ မကြာခင်မှာ နွေမိုးလေးတွေ ရွာသွန်းလာခဲ့သည်။
သိန်းချီတဲ့ ခိုလှုံသူများလည်း အလျိုလျို အိမ်ပြန်သွားခဲ့ကြသည်။
ခိုလှုံသူတွေ ပြန်သွားသော်လည်း တရားသူကြီးစုန့်ကတော့ ရက်ပိုင်းလောက်တောင် အနားမယူနိုင်ဘဲ ဟဲဝမ်ရွာကို အမှုထမ်းတွေနှင့်အတူ ထွက်လာခဲ့လိုက်သည်။ အခုက ကန်စွန်းဥမျိုးစေ့တွေကို စိုက်ပျိုးဖို့ အချိန်ပဲလို့ လီယောင် ပြောတာ သူ မှတ်မိသည်။
လီယောင်သည် သဘာဝကျစွာပင် မိုးနတ်မင်းရဲ့ မျက်နှာသာပေးမှုကို အလဟဿအဖြစ်မခံဘဲ ကန်စွန်းဥတွေကို မိသားစုနှင့် စတင်စိုက်ပျိုးဖို့ ပြင်ဆင်နေခဲ့သည်။
“ ကြိုးတွေကို တင်းနေအောင် ချည်ထားလိုက်။ ”
လီယောင်နှင့် ဝမ်စန်းအာက ညီညာပြန့်ပြူးတဲ့ မြေကွက်ရဲ့ အဆုံးတစ်ဖက်စီမှာ ရပ်ပြီး ကြိုးပါးပါးရှည်ရှည်လေးတစ်ချောင်းကို ဆွဲထားခဲ့ကြသည်။ မြေကွက်ထဲမှာတော့ တာ့ကျွမ်းက ဝမ်အာ ၊ ဝမ်စန်းနှင့် တက်တက်ကြွကြွ ဝင်လုပ်အားပေးနေတဲ့ စုန့်ကျယ်အပါအဝင် လာကူညီတဲ့ ရွာသား ( ၁၂ ) ယောက်ကို ဦးဆောင်၍ ပေါက်ပြားတွေကို သုံးပြီး ကောက်ပဲသီးနှံတွေ စိုက်ဖို့ မြေမြင့်လေးတွေ ရအောင် လုပ်နေခဲ့သည်။
မြေမြင့်တန်းလေးတွေ ရတော့ သူတို့က ကန်စွန်းဥတစ်လုံးကို ယူကာ ဂေါ်ပြားလေးနှင့် မြေမြင့်တန်းထဲမှာ တွင်းလေးတစ်တွင်း တူးပြီး ဓာတ်မြေဩဇာအနည်းငယ် ထည့်ကာ တွင်းထဲမှာ ကန်စွန်းဥလေးကို မြုပ်လိုက်သည်။
“ ကန်စွန်းဥတွေ စိုက်ရတာက ဒီလောက်တောင် ရိုးရှင်းတာလား။ ”
“ ဒါပေမဲ့ ဒီစိုက်ပျိုးနည်းနဲ့ ဆိုရင် မြေကွက် ဘယ်နှမူလောက် လိုမှာပါလိမ့်။ ”
“ ကတ်တီ သုံး ၊ လေးရာလောက် ဖြစ်မယ် ထင်တယ်။ ”
“ ဒါက မျိုးစေ့တွေကို စိုက်ဖို့အတွက်ပဲ။ ” ဟု လီယောင်က ပြောလိုက်သည်။ “ အပင်ညှောက်လေးတွေ ထွက်လာရင် အဲ့အပင်ညှောက်လေးတွေကို အပိုင်းသေးသေးလေးတွေ လှီးပြီး တစ်ပိုင်းချင်းစီကို ပြန်စိုက်လို့ ရတယ်။ ”
“ ဒါဆို ပင်ပိုင်းဖြတ်နည်းနဲ့ စိုက်ပျိုးမှာပေါ့။ ” တရားသူကြီးစုန့် နားလည်သွားသည်။ “ ဒန်းပန်းတွေနဲ့ မိုးမခပင်တွေကိုပဲ အဲ့လို နည်းနဲ့ စိုက်ပျိုးလို့ ရတယ်လို့ ထင်ထားတာ။ ကန်စွန်းဥတွေကိုလည်း အဲ့ဒီနည်းနဲ့ စိုက်ပျိုးလို့ ရမှန်း မသိခဲ့ဘူး။ ”
လီယောင်က “ မှန်ပါတယ်။ မြေကွက် ( ၁ ) မူမှာ ပင်ပိုင်းဖြတ်စိုက်ပျိုးနည်းနဲ့ ကန်စွန်းဥမျိုးစေ့ ( ၁၀ ) မူကို စိုက်ပျိုးလို့ ရတယ်။ ” ဟု ပြောလိုက်သည်။
ရွာသားတွေက ထိုစကားကို ကြားတော့ အနည်းငယ် စိုးရိမ်သွားကြသည်။ မိသားစု တော်တော်များများမှာ လုံလောက်တဲ့ ကန်စွန်းဥတွေ ရှိပေမဲ့ စိုက်ပျိုးဖို့ မြေကွက်ကတော့ အများကြီး မရှိသောကြောင့် ကန်စွန်းဥတွေ အများကြီး သိုလှောင်ထားတာက အလကားပဲ ဖြစ်သည်။
တရားသူကြီးစုန့်က “ အားလုံးပဲ မစိုးရိမ်ကြပါနဲ့။ ” ဟု ကျယ်လောင်စွာ ပြောလိုက်သည်။ “ ခင်ဗျားတို့အားလုံး ကန်စွန်းဥမျိုးစေ့တွေကိုပဲ ဆက်စိုက်နေကြတာပါ။ ကျုပ် တခြားရွာက လူတွေကို ခေါ်ပြီး အညှောက်ထွက်နေတဲ့ အပင်မျိုးစေ့တွေကို ဝယ်ခိုင်းလိုက်ပါ့မယ်။ ”
“ ကောင်းတယ်။ မြန်မြန် အိမ်ပြန်ပြီး မြေကွက်တွေကို ထွန်ယက်ကြမယ်ဟေ့။ ”
ချက်ချင်းဆိုသလိုပဲ ဟဲဝမ်ရွာရွာသူ ၊ ရွာသားတွေအားလုံးဟာ ကန်စွန်းဥမျိုးစေ့တွေကို စတင် စိုက်ပျိုးခဲ့ကြသည်။ လီယောင်က လက်ကျန် ကန်စွန်းဥတွေကိုတော့ အိမ်မှာ မူ ( ၂၀၀ ) အပြည့်ရအောင် စိုက်ပျိုးထားသည်။
ဒါက သူမတစ်ယောက်တည်း ဘယ်လိုမှ မလုပ်နိုင်တဲ့ ပရောဂျက်ကြီး တစ်ခုမို့ နောက်ဆုံးမှာ အလုပ်သမားတွေအများကြီးကို ငှားရမ်းခဲ့ရသည်။
လီယောင်သည် ကန်စွန်းဥမျိုးစေ့တွေကို စိုက်ပျိုးပြီးသွားတော့ တာ့ကျွမ်းကို အာလူးတွေကိုတော့ ပြန်သယ်လာခိုင်းလိုက်၏။
“ အာလူးစိုက်တာက ကန်စွန်းဥစိုက်တာနဲ့ မတူဘူး။ မင်း သူတို့ကို တစ်ကြိမ်ပဲ စိုက်ဖို့ လိုတယ်။ ”
လီယောင်က အာလူးတစ်လုံးချင်းစီကို အတုံးလေးတွေ လှီးလိုက်ပြီး အာလူးတိုင်းမှာ မျက်စိ နှစ်ခု ၊ သုံးခု ပါတာ သေချာအောင် လုပ်ပြီးမှ မြက်ကို မီးရှို့ပြာချထားတဲ့ သူမဘေးက ပြာပုံကြီးထဲကို လွှင့်ပစ်လိုက်သည်။
ဟဲရှောင်ယာက “ အာလူးတွေကို ပြာတွေနဲ့ ဘာလို့ လူးနေတာလဲ အမေ။ ” ဟု လာမေးသည်။
“ မြက်ပင်တွေကို မီးရှို့ထားတဲ့ ပြာက ဓာတ်မြေဩဇာပဲ။ အဖျက်ပိုးတွေကိုလည်း ကာကွယ်ပေးတယ်။ ”
အာလူးစိုက်တာကတော့ မြေမြင့်တန်းလေးတွေ လုပ်ဖို့ မလိုအပ်ပေ။ ဒီတိုင်း တွင်းလေးတွေထဲမှာ တိုက်ရိုက် စိုက်ပျိုးရုံပါပဲ။ အာလူး ( ၃၀၀၀ ) ကတ်တီကျော်ကို မြေကွက် ( ၁၀ ) မူမှာ စိုက်ပျိုးထားသည်။ အရမ်း မများပေမဲ့လည်း လောလောဆယ် ဒီလောက်ပဲ စိုက်ကာ နောက်ပိုင်းမှ တဖြည်းဖြည်း တိုးချဲ့သွားလို့ ရပါသည်။
ကန်စွန်းဥနှင့် အာလူးစိုက်ဖို့ မြေကွက်တွေကို လျာထားတာတောင် မူ ( ၁၀၀၀ ) ကျော် ကျန်နေသေးတဲ့အတွက် လီယောင်နှင့် တာ့ကျွမ်းက ထိုမြေကွက်တွေမှာ လူဆန်ပဲပင် ၊ ဂေါ်ဖီထုပ်နှင့် ဆီမုန်ညှင်းတွေကို စိုက်ပျိုးလိုက်သည်။ တောင်ပေါ်က သီးပင်စားပင်တွေကြားက မြေကွက်လပ်တွေမှာလည်း လူဆန်ပဲပင်နှင့် ဆီမုန်ညှင်းမျိုးစေ့တွေကိုလည်း ပက်ကျဲထားသည်။
လူဆန်ပဲပင်ကို နွားစာကျွေးလို့ ရပြီး ဂေါ်ဖီထုပ်နှင့် ဆီမုန်ညှင်းကိုတော့ ဝက်စာကျွေးလို့ ရသည်လေ။
အခုဆို လီယောင်တို့မိသားစုမှာ နွား ( ၃၁ ) ကောင်နှင့် ထိုက်သင့်သလောက် အရွယ်ရောက်ပြီးပြီ ဖြစ်တဲ့ ဝက်ပေါက်အကောင် ( ၁၀၀ ) ရှိနေပြီ ဖြစ်ပြီး ထိုတိရစ္ဆာန်လေးတွေအတွက် နေ့တိုင်း အစာတွေ အများကြီး လိုအပ်သည်။
မြေကွက် မူ ( ၁၀၀၀ ) ကျော်ဆိုရင်တောင် တိရစ္ဆာန်အစာအတွက် လုံလောက်ဦးမှာ မဟုတ်ဘူးလို့ လီယောင် တွက်ဆမိသည်။ ဒါပေမဲ့လည်း ကိစ္စမရှိပါ။ ကန်စွန်းဥအပင်ပေါက်လေးတွေ ကြီးထွားလာရင် အပင်တချို့ကို ဖြတ်ပြီး ဝက်စာကျွေးလို့ ရသည်။
ပြီးတော့ မြေကွက် ( ၅ ) မူအပြည့် စိုက်ပျိုးထားတဲ့ ငရုတ်ပင်လေးတွေကလည်း အညွှန့်အညှောက်ထွက်စပြုနေပါပြီ။
နောက်ထပ် လေးလ စောင့်လိုက်ရုံနှင့် သူတို့တောင် မစားနိုင်လောက်အောင် များတဲ့ ငရုတ်သီးတွေ ရလာလိမ့်မည်။ လီယောင်သည် ထိုအချိန်ကို အလွန် မျှော်လင့်စောင့်စားနေမိလေသည်။
…
မျက်စိတစ်မှိတ်အတွင်းမှာပဲ ဧပရယ်လကို ရောက်သွားပြီး ရာသီဥတုက တစ်နေ့တခြား ပူသထက် ပူလာခဲ့သည်။
လယ်ထဲက ကန်စွန်းဥအပင်ညှောက်လေးတွေက ( ၅၀ ) စင်တီမီတာလောက်ထိ ကြီးထွားလာပြီး စိုက်ခင်းတစ်ခုလုံးကို မျက်စိပသာဒဖြစ်ဖွယ် စိမ်းစိမ်းစိုစိုလေးတွေ ဖုံးလွှမ်းထားခဲ့သည်။
လီယောင်က နူးညံ့တဲ့ ကန်စွန်းဥအပင်ပေါက်လေးတွေကို လက်နှင့် ဆိတ်ကြည့်ပြီး အိမ်ကို ယူလာကာ သန့်ရှင်းအောင် ဆေးကြောလိုက်၏။ ထို့နောက် ဒယ်အိုးထဲမှာ ဆီကို အပူပေးပြီးမှ နုပ်နုပ်စဥ်း ၊ ကြိတ်ချေထားတဲ့ ကြက်သွန်ဖြူတွေကို အနံ့မွှေးလာအောင် ဆီသတ်ကာ ကန်စွန်းဥအပင်ပေါက်လေးတွေကို ပစ်ထည့်၍ မွှေကြော်လေး ကြော်လိုက်လေသည်။
တခဏအတွင်းမှာပဲ နူးညံ့တဲ့ ကန်စွန်းဥအပင်ပေါက်မွှေကြော်ဟင်းလျာ တစ်ခွက် ရရှိလာခဲ့သည်။ အပင်ပေါင်လေးတွေကို ပင်ပိုင်းဖြတ်စိုက်ပျိုးနည်းအတွက် ရည်ရွယ်ထားလို့ နေ့တိုင်း ချက်စားလို့ မရတာတော့ နှမြောစရာပဲ။
နွေမိုးလေးတွေ တစ်ပြိုက် ၊ နှစ်ပြိုက် ရွာသွန်းပြီးသောအခါ ကန်စွန်းဥအပင်ပေါက်လေးတွေဟာ လျင်လျင်မြန်မြန် ကြီးထွားလာပြီး နှစ်မီတာကျော်အမြင့်ကိုတောင် ရောက်လာခဲ့၏။
“ ဒီအပင်တွေကို အခု နေရာပြောင်းပြီး စိုက်ပျိုးလို့ ရပြီ။ ”
ကောက်ရိုးဦးထုပ်နှင့် မိုးကာဝတ်ရုံကို ဝတ်ဆင်ထားတဲ့ လီယောင်က သူမရဲ့ မိသားစုကို စိုက်ခင်းတွေထဲကို ခေါ်လာခဲ့လိုက်သည်။
ကန်စွန်းဥအပင်ပေါက်လေးတွေ အကုန်လုံးကို လေးပိုင်း ၊ ငါးပိုင်းလောက် ရတဲ့ အပိုင်းလေးတွေအဖြစ် လှီးဖြတ်နိုင်ပြီး တစ်ပိုင်းကို ( ၅၀ ) စင်တီမီတာနီးပါး ရှည်လျားရမည်။
လှီးဖြတ်ထားတဲ့ အပိုင်းလေးတွေပို စိုက်ခင်းထဲက ကြိုတူးထားတဲ့ တွင်းလေးတွေထဲကို ယူသွားပြီး တွင်းထဲမှာ အရှည်တစ်ဝက်လောက်ကို မြုပ်လိုက်ရုံနှင့် ပြောင်းရွေ့စိုက်ပျိုးပြီးပြီဟု သတ်မှတ်လို့ ရသွားပြီပင်။ အဲ့ဒီနောက် ဓာတ်မြေဩဇာနှင့် ရေကို ပုံမှန်လေး ပက်ဖြန်းပေးရင် ကြီးထွားကောင်းမွန်တဲ့ အပင်လှလှလေးတွေ ရလာမှာ ဖြစ်သည်။
အပင်ပေါက် တချို့တဝက်အတွက် လီယောင်ကိုယ်တိုင် လက်တွေ့ပြသပြီးမှ အကောင်းဆုံးရအောင် တခြားလူတွေကို ငှားရမ်းခဲ့သည်။ သူမတို့မိသားစုက မြေကွက် မူ ( ၃၀၀ ) အတွက် အပင်ပေါက် လုံလုံလောက်လောက် စိုက်ပျိုးထားပေမဲ့ သူတို့ အသုံးပြုဖို့အတွက် အများဆုံး မူ ( ၁၀၀ ) ကို သက်သက် ဖယ်ထားပြီး ကျန်တာတွေကိုတော့ တခြားရွာတွေက လူတွေကို ရောင်းချဖို့ ပြင်ဆင်ထားသည်။
တရားသူကြီးစုန့်က ဒီကိစ္စကို အလွန် အရေးကြီးတယ်လို့ ခံယူထားတာကြောင့် ဟဲဝမ်ရွာကို အခုတလော နေ့တိုင်းနီးပါး ရောက်,ရောက်လာတတ်သည်။
ရွာသူ ၊ ရွာသားတွေအကုန်လုံး သူတို့ရဲ့ ကိုယ်ပိုင်စိုက်ခင်းတွေမှာ ကိုယ်စီ စိုက်ပျိုးပြီးကြပြီ ဖြစ်လေရာ တရားသူကြီးစုန့်က ရွာတစ်ရွာချင်းစီက လူတွေကို ခေါ်ပြီး ပိုလျှံတဲ့ ကန်စွန်းဥအပင်တွေကို ဝယ်ယူခိုင်းခဲ့သည်။ ဒါပေမဲ့ ကန်စွန်းဥအပင်တစ်ပင်ကို ဘယ်လို ဈေးသတ်မှတ်ရမလဲ ဆိုတာ သူ တကယ် မသိပါ။
…