← Chapters

အောင်သွယ်တော်။

Vol. 11 Ch. 122

အောင်သွယ်တော်။

Vol. 11 Ch. 122

နောက်ဆုံးမှာတော့ လီယောင်က ဈေးတစ်ခု သတ်မှတ်ပေးလိုက်သည်။ “ တစ်ကတ်တီကို ငွေပြား သုံးပြားနဲ့ ရောင်းကြမယ်။ ”

မြေကွက် တစ်မူမှာ သုံးရာကတ်တီ အလေးချိန်ရှိတဲ့ အပင်ပေါက် သုံးထောင် စိုက်ပျိုးဖို့ လိုအပ်တာမို့ စုစုပေါင်း ငွေပြား ကိုးရာ ကျသင့်မှာ ဖြစ်သည်။

ဒါက ဈေးကြီးတယ်လို့ ထင်ရပေမဲ့ မြေကွက် တစ်မူမှာ ကန်စွန်းဥ ( ၂၀၀၀ ) ကတ်တီကို စိုက်ပျိုးခူးဆွတ်နိုင်ရင် အနည်းဆုံး ငွေပြား ( ၁၀၀၀၀ ) ဖြင့် ရောင်းချရလိမ့်မည်။ အာမခံချက်ရှိတဲ့ အကျိုးအမြတ်ပါပဲ။ ရွာသူ ၊ ရွာသားတွေကလည်း အလုပ်ဝင်လုပ်ပြီး ပိုက်ဆံရှာနိုင်သောကြောင့် ဘယ်သူမှ မနစ်နာပေ။

“ ဟုတ်ပြီ။ ဒါဆို ဒီဈေးနှုန်းနဲ့ပဲ ရောင်းချကြမယ်။ ” ဟု တရားသူကြီးစုန့်က ပြောပြီး တာဝန်ကို လက်စသတ်လိုက်သည်။ ကျန်တဲ့ ရွာ ( ၂၂ ) ရွာက ဟဲဝမ်ရွာရဲ့ ကန်စွန်းဥအပင်ပေါက်တွေ အကုန်လုံးကို ဝယ်ယူပြီး လီယောင်ရဲ့ နည်းလမ်းတွေအတိုင်း တစ်သွေမတိမ်း လိုက်နာစိုက်ပျိုးခဲ့သည်။

တွင်တွင်ကျယ်ကျယ် စိုက်ပျိုးခြင်းကသာ လူတွေကို အကျိုးအမြတ်တွေ ပိုရစေမှာ ဖြစ်ပြီး ဒီသီးနှံကို အချိန်တိုအတွင်း လူသိများ ကျော်ကြားအောင် ပြုလုပ်ပေးပါလိမ့်မည်။

နှစ်ရက် ၊ သုံးရက်တည်းနှင့် ဟဲဝမ်ရွာရဲ့ ကန်စွန်းဥအပင်ပေါက်တွေ အကုန်လုံး ရောင်းထွက်သွား၏။

တရားသူကြီးစုန့်သည် ရောင်းချလိုက်တဲ့ အပင်ပေါက်တွေက မြေကွက် ( ၁၂၀၀၀ ) မူမှာ စိုက်ပျိုးဖို့ လုံလောက်တာမို့ ရွာတစ်ရွာကို ပျှမ်းမျှ ( ၅၅၀ ) မူ ဝန်းကျင် စိုက်ပျိုးနိုင်လိမ့်မည်ဟု အကြမ်းဖျင်း ခန့်မှန်းခဲ့လေသည်။

တကယ်လို့သာ လီယောင် ပြောသလို သီးနှံထွက်နှုန်းကောင်းရင် ပိုင်ချွမ်းခရိုင်ဟာ ဒီတစ်ရာသီထဲမှာပင် ကန်စွန်းဥ ကတ်တီပေါင်း ( ၂၈ ) သန်းကျော် စိုက်ပျိုးခူးဆွတ်နိုင်မှာပင်။

ဒါပေမဲ့ အဲ့ဒါက တကယ်ရော ဖြစ်နိုင်လို့လား … ။

သေချာတဲ့ အဖြေကို တရားသူကြီးစုန့် မသိသော်လည်း အဲ့ဒီလောက် သီးနှံထွက်နှုန်း အားကောင်းရင် ပိုင်ချွမ်းခရိုင်ဟာ အနာဂတ်မှာ ဘယ်တော့မှ စားနပ်ရိက္ခာရှားပါးတော့မှာ မဟုတ်ဘူး ဆိုတာကိုတော့ သိသည်။

ဆောင်းရာသီ ကောက်ရိတ်သိမ်းချိန်ကိုသာ စောင့်ကြည့်ရပါမည်။

…

အိမ်ထောင်စုတိုင်းဟာ ကန်စွန်းဥတွေ ၊ အာလူးတွေကို စိုက်ပျိုးပြီးသွားတော့ စပါးစိုက်ဖို့ စတင် ပြင်ဆင်ခဲ့ကြလေသည်။

လီယောင်တို့မိသားစုမှာ လယ်ကွင်း ( ၁၀ ) မူကျော် ရှိပြီး လီယောင်ကတော့ ထိုလယ်ကွင်းတွေကို ဦးစီးဦးဆောင်ဖို့ အစီအစဉ်မရှိသောကြောင့် အကုန်လုံးကို တာ့ကျွမ်းနှင့်သာ လွှဲထားသည်။

သို့သော်လည်းလည်း အပင်ပေါက်တွေကို အရင် ပျိုးထောင်ပြီးမှ ပြောင်းရွေ့စိုက်ပျိုးတာတို့ ၊ ပြေင်းရွေ့စိုက်ပျိုးတဲ့ နေရာမှာလည်း အပင်တွေကို ကြိုးတန်းကာ တစ်ပြေးညီတည်းဖြစ်အောင် စိုက်ပြီးမှ ကြားထဲက နေရာလွတ်ကို နေထွက်ရာအရပ်နှင့် မျက်နှာချင်းဆိုင်ပြီး အလင်းမှီအစာချက်လုပ်စေတာတို့လို ခေတ်မီလယ်စိုက်နည်းဗဟုသု‌တ တချို့ကိုတော့ လီယောင် သင်ပေးခဲ့သည်။

တာ့ကျွမ်းကလည်း သူမရဲ့ ပြောစကားတွေကို ကြိုးကြိုးစားစား လိုက်နာပြီး နေ့တိုင်း လယ်ကွင်းတွေထဲမှာပဲ အချိန်ကုန်ဆုံးခဲ့သည်။

ဟဲရှောင်ယာရဲ့ ဗိုက်ကလည်း အခုဆို သိသိသာသာကို ပူထွက်နေပြီမို့ လီယောင်က သူမကို အပြင်မသွားခိုင်တော့ပါ။ သူမက ခြံထဲမှာ နေ့တိုင်း လမ်းလျှောက်ရင်း ၊ ဟင်းချက်ရင်းဖြင့်သာ နေ့ရက်များကို အချိန်ကုန်ဆုံးစေခဲ့သည်။

စိုက်ပျိုးရေးကိစ္စတွေ ပြီးသွားချိန်မှာတော့ အလုပ်ရုံနှစ်ရုံသည်လည်း ကုန်ထုတ်လုပ်ရေးတွေကို ပြန်လည်စတင်နိုင်ခဲ့ပြီပင်။ မတွေ့ရတာ လချီနေပြီ ဖြစ်တဲ့ ကျားကျန်းလျန့်နှင့် လျှို့ယွမ်က ဟဲဝမ်ရွာကို နွားလှည်းတွေ အများကြီးဖြင့် ရောက်လာသည်။

ဆပ်ပြာထုတ်လုပ်တာက ဝက်ဆီတွေ အများကြီး လိုအပ်သည်။ ဝမ်ယွမ်ကောက ယိကျိုးခရိုင်မှာ ရှိသမျှ ဝက်ဆီတွေ အကုန်လုံးနီးပါးကို ဝယ်ယူခဲ့တာတောင် ကုန်ထုတ်လုပ်ရေးလိုအပ်ချက်တွေကို အမီမလိုက်နိုင်ပေ။

ကျားကျန်းလျန့်နှင့် လျှို့ယွမ်သည် ဆပ်ပြာတွေ ပိုများများ ထုတ်လုပ်နိုင်ဖို့အတွက် ဝက်ဆီတွေကို တိုက်ရိုက် ဝယ်ယူပြီး ဟဲဝမ်ရွာကို အဆက်မပြတ် ပို့ပေးနေခဲ့သည်။ ကုန်ကျစရိတ်က မနည်းပေမဲ့ ကုန်ပစ္စည်း မရှိတာထက်တော့ ပိုကောင်းပါသည်။

“ ဒီတစ်ခေါက် ကျုပ် ( ၃၀၀၀ ) ကတ်တီ ဝယ်လာခဲ့တယ်။ ” ဟု ကျားကျန်းလျန့်က ပြောလိုက်သည်။ “ အခုက စပြီး ကျုပ် လတိုင်း ဒီပမာဏဝန်းကျင် ရအောင် ဝယ်ပေးပါ့မယ်။ ”

“ ကျုပ်ကတော့ ( ၂၀၀၀ ) ကတ်တီ ဝယ်လာခဲ့တယ်။ ”

လစဉ်လတိုင်း တခြားနယ်တွေက ရတဲ့ ( ၅၀၀၀ ) ကတ်တီနှင့် ဒေသတွင်းက ဝယ်ယူတဲ့ ( ၃၀၀၀ ) ကတ်တီကို ပေါင်းလိုက်ရင် ဆပ်ပြာအချောင်း ( ၁၂၀၀၀၀ ) ကို ထုတ်လုပ်ဖို့ လုံလောက်သည်။ ဒါပေမဲ့ ကျားကျန်းလျန့်နှင့် လျှို့ယွမ်ကတော့ အဲ့ဒါက မလုံလောက်သေးဘူးလို့ ခံစားနေရဆဲ။

ကျားကျန်းလျန့်က “ ဘယ်သူ ပြောတာလဲတော့ မသိပေမဲ့ လက်တွေကို ဆပ်ပြာနဲ့ မကြာခဏ ဆေးတာက အသေးအဖွဲ ဖျားနာမှုလေးတွေကို ကာကွယ်ပေးနိုင်ရုံတင် မဟုတ်ဘူး ၊ ပလိပ်ရောဂါကိုလည်း ကာကွယ်ပေးနိုင်တယ်တဲ့။ အဲ့ဒါကြောင့် အခု နေရာတိုင်းမှာ ဆပ်ပြာတွေက အရမ်း အဝယ်များနေတယ်။ ” ဟု ပြောလိုက်သည်။

“ ဟုတ်တယ်။ ငါလည်း အဲ့ဒါက တကယ်လား ၊ တကယ် မဟုတ်ဘူးလား ဆိုတာတော့ မသိဘူး။ ”

လီ‌ယောင်က “ အဲ့ဒါက တကယ်ပါ။ ပြီးတော့ အဲ့စကားကို ပြောခဲ့တဲ့ လူကလည်း ကျွန်မပဲ။ ” ဟု ပြောလိုက်တော့ သူတို့နှစ်ယောက် မျက်လုံးပြူးသွားသည်။

ဆပ်ပြာတစ်ချောင်းမှာ အဲ့ဒီလောက် အကျိုးအာနိသင်တွေ ရှိနေလိမ့်မည်ဟု ကျားကျန်းလျန့် ထင်မထားခဲ့တာ အမှန်ပါ။

“ ဒါဆို … ဆပ်ပြာတွေက အဲ့ဒီလောက် တန်ဖိုးရှိရင် ဘာလို့ ဈေးကြီးကြီးနဲ့ မရောင်းတာလဲ။ ”

လီယောင် ခေါင်းခါယမ်းလိုက်သည်။ သူမက ဆပ်ပြာတွေကို ဈေးနှုန်းမြှင့်တင်ဖို့အစား လူတွေ ပိုအသုံးပြုနိုင်စေရေးအတွက် သင့်တော်တဲ့ အချိန် တစ်ခုကို ရောက်ရင် ဈေးနှုန်းလျှော့ချဖို့တောင် တွေးနေတာ ဖြစ်လေသည်။

အဆမတန် မြင့်တက်လွန်းတဲ့ ကုန်‌ဈေးနှုန်းတွေ ၊ ဈေးကွက်ကို တစ်ယောက်တည်း လက်ဝါးကြီးအုပ်ထားချင်တာတွေက ရေတိုမှာ အကျိုးအမြတ်ဖြစ်ထွန်းတယ်လို့ ထင်ရပေမဲ့ ရေရှည်မှာ မတည်မြဲတာကို သူမလောက် ဘယ်သူမှ နားလည်မည် မထင်ပါ။ ဆပ်ပြာထုတ်လုပ်နည်းကို တခြားလူတွေ သိသွားသည်နှင့်တစ်ပြိုင်နက် သူတို့ကလည်း ဈေးကွက်ထိုးဖောက်လာလိမ့်မည်။

ထိုအချိန်ကျမှ ဈေးနှုန်းလျှော့ချတာက လူတွေရဲ့ နှလုံးသားတွေကို ဆုံးရှုံးရသလိုပဲ ဖြစ်ပြီး ကျရှုံးခန်းကို သေချာပေါက် ရင်ဆိုင်ရလိမ့်မည်။

“ အိုး ၊ ကျွန်မ အခုမှ သတိရတယ်။ ” လီယောင်က ထိုအကြောင်းကို ဆက်မဆွေးနွေးချင်တော့၍ စကားလမ်းကြောင်းပြောင်းလိုက်သည်။ “ ဒီတစ်ခေါက် ထုတ်ကုန်အသစ်တွေ ရှိတယ်။ ”

“ တကယ်လား။ သတင်းကောင်းပဲ။ အဲ့ထုတ်ကုန်အသစ်တွေ ဘာတွေလဲ။ ”

“ အမွှေးရည်နဲ့ အဖြူရောင်လိမ်းဆေး။ ”

အမွှေးရည်ထုတ်လုပ်ဖို့အတွက် တန်ဖိုးကြီးပြီး အကန့်အသတ်ဖြင့်သာ ရနိုင်တဲ့ ဆေးဖက်ဝင်ပစ္စည်း တစ်မျိုး ဖြစ်သော ကျောက်အမြုတေ လိုအပ်သည်။ လီယောင်က အမွှေးရည်ကို ဆပ်ပြာမွှေးကဲ့သို့ တန်ဖိုးကြီး ဇိမ်ဇံပစ္စည်းအဖြစ် သတ်မှတ်ထားကာ ကုန်ကျစရိတ်နည်းပြီး ပါဝင်ပစ္စည်းတွေကိုလည်း အလွယ်တကူ ရနိုင်တဲ့ အဖြူရောင်လိမ်းဆေးကိုတော့ ဈေးနှိမ့်ထားသည်။

လီ‌ယောင်က သူတို့အတွက် လုံလောက်တဲ့ အကျိုးအမြတ်ကို ပေးထာတာမို့ ကျားကျန်းလျန့်နှင့် လျှို့ယွမ်ကတော့ ဈေးကြီးတာ ၊ ဈေးသက်သာတာတွေကို ဂရုမစိုက်ပေ။ ကုန်ပစ္စည်းတွေ ပိုများလေ ၊ အကျိုးအမြတ်တွေကလည်း ပိုများလေပင်။

ကိုယ်စားလှယ်နှစ်ယောက်သည် ကုန်ပစ္စည်းတွေကို ယူဖို့ မစောင့်နိုင်တော့ဘဲ ပါးနပ်တဲ့ ဈေးကွက်မြှင့်တင်နည်းတွေကိုတောင် အစီအစဉ်ဆွဲနေခဲ့ကြသည်။

လီယောင်က ကိုယ်စားလှယ်တွေ အကုန်လုံးကို ခြံဝအထိ လိုက်ပို့ပေးပြီးသွားတော့ ယိကျိုးခရိုင်မှာ ရှိတဲ့ စတိုးဆိုင်တိုင်းမှာ စက်ဘီးတွေ ၊ သုံးဘီးစက်ဘီးတွေကို စတင်ရောင်းချခဲ့သည်။

အကြာကြီး စောင့်ဆိုင်းနေခဲ့ရတဲ့ ဈေးဝယ်သူတွေက ငွေချောင်းတွေနှင့် စိတ်အားထက်သန်စွာ ရောက်လာပြီး သူတို့ရဲ့ ကုန်ပစ္စည်းတွေကို လာယူကြသည်။ ထို့နောက် မြို့တစ်ခွင်မှာ စက်ဘီးတွေ တဝီဝီနှင့် ကြွားလုံးထုတ်တော့သည်။

လောလောဆယ်မှာတော့ ယိကျိုးခရိုင်ရဲ့ ဈေးတွေ အကုန်လုံးမှာ စက်ဘီးဘဲလ်သံ ကလင် ကလင်ကို နေရာတိုင်းမှာ ကြားနေရသည်။

အထူးသဖြင့် ပိုင်ချွမ်းဈေးထဲက လူအများစုက လီယောင်ရဲ့ လွှမ်းမိုးမှုအောက်မှာ နိုးနိုးကြားကြား ဖြစ်လာခဲ့ကြသည်။ တော်တော်များများက ပိုက်ဆံချေးကာ စက်ဘီးဝယ်ခဲ့ကြပြီး တခြားစီရင်စုတွေနှင့် ယိကျိုးခရိုင်ထဲဝယ် စက်ဘီးတစ်စီးဖြင့် လှည့်လည်ကာ စီးပွားရေးအသေးစားလေးတွေ လုပ်ခဲ့ကြသည်။

ထို့ကြောင့် မြို့ထဲကို လီယောင် ထပ်ရောက်သွားချိန်မှာ စက်ဘီးတွေ ၊ သုံးဘီးစက်ဘီးတွေကို စီးနေကြတဲ့ လူတွေကို တစ်ယောက်ပြီး တစ်ယောက် မြင်လိုက်ရပြီး သူမကိုယ်သူမ မော်ဒန်ခေတ်ကို ပြန်ရောက်သွားသလို ခံစားလိုက်ရလေသည်။

“ စက်ဘီးတွေနဲ့ သုံးဘီးစက်ဘီးတွေက အရမ်း ရောင်းအားကောင်းနေတယ် သခင်မလီ။ ” ဟု ဘော့စ်ကျိုးက ပြောလိုက်သည်။ စက်ဘီး တစ်စီး ရောင်းရတိုင်း ငွေချောင်းတွေ အမြောက်အမြား ရလေရာ အခုတလော သူ့မျက်နှာက ပျော်ရွှင်မှုကြောင့် ပန်းတွေ ပွင့်တော့မည်ဟု ထင်ရသည်။ “ ဝယ်လို့ စောင့်နေတဲ့ လူတွေလည်း အများကြီး ကျန်သေးတယ်။ သူတို့ကို စောစော ‌ပို့ပေးပါ ဆိုပြီး လောဆော်နေကြတာ။ ”

“ အလွန်ဆုံး နောက်သုံးရက်လောက်ဆို သူတို့ ကုန်ပစ္စည်းတွေ လာယူလို့ ရပြီ။ ”

ဘော့စ်ကျိုးက “ ကောင်းတယ်။ ကျွန်တော် သူတို့ကို လူလွှတ်ပြီး အသိပေးလိုက်ပါ့မယ်။ ” ဟု ပြောလိုက်သည်။ “ သခင်မလီ … ကျွန်တော်တို့မှာ အခု စီရင်စုတိုင်းမှာ စတိုးဆိုင်ခွဲတွေ ရှိနေပြီ ဆိုပေမဲ့ ယိကျိုးခရိုင်မှာတော့ မရှိသေးဘူးနော်။ ”

သူ့အမြင်အရ ယိကျိုးခရိုင်မှာသာ စတိုးဆိုင် ဖွင့်လိုက်ရင် ဝက်ဝက်ကွဲ ရောင်းရလိမ့်မည်။ ဒါပေမဲ့ လီယောင်က အုပ်ချုပ်ရေးမှူးဟူကြောင့် ယိကျိုးခရိုင်မှာ ဆိုင်ခွဲ မဖွင့်ခဲ့တာ ဖြစ်သည်။

အဲ့ဒီမှာ ဖွင့်တဲ့ စတိုးဆိုင်က အုပ်ချုပ်ရေးမှူးဟူ စီစဉ်ထားတဲ့ ပြဿနာပေါင်းစုံ ၊ ဖိနှိပ်ချုပ်ချယ်ခြင်းပေါင်းစုံကို မလွဲမသွေ ရင်ဆိုင်ရမှာမို့ ထိုနေရာမှာ စတိုးဆိုင် မဖွင့်တာက ပိုကောင်းပါသည်။

ယိကျိုးခရိုင်က လူတွေက သူမရဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူချင်ရင် စီရင်စုတွေကို သွားဝယ်လို့ ရသည် ၊ မဟုတ်ရင်လည်း ကိုယ်စားလှယ်တွေကို ရှာပြီး ဝယ်လို့ ရသည်။ သူတို့ဘာသာ ပိုက်ဆံပိုကုန်တာ ၊ မကုန်တာကိုတော့ သူမ လိုက်တွေးပေးနေစရာ မလိုပါ။

“ မဖွင့်တာလည်း ကောင်းပါတယ်လေ။ ဪ .. ဒါနဲ့ ခုနတုန်းက အဘွားလျို့က မင်းကို စတိုးဆိုင်မှာ လာရှာသွားတယ် သခင်မလီ။ ”

“ အဘွားလျို့ … ဟုတ်လား။ သူက ဘာလုပ်တဲ့ လူလဲ။ ”

“ မင်းက အဘွားလျို့ကို မသိဘူးကိုး။ ” ဘော့စ်ကျိုးက ရယ်မောလိုက်သည်။ “ သူက ပိုင်ချွမ်းခရိုင်မှာ နာမည်အကြီးဆုံး အောင်သွယ်တော်ပဲ။ လူချမ်းသာမိသားစု တော်တော်များများရဲ့ မင်္ဂလာပွဲတွေကို သူပဲ စီစဉ်ပေးခဲ့တာ။ သူ မင်းကို လာရှာတယ် ဆိုတာ သခင်လေးအာအတွက် သင့်တော်တဲ့ မိန်းကလေး တစ်ယောက်ကို ရှာပေးချင်လို့နဲ့ တူတယ်။ ”

လီယောင် ဒီခေတ်ကို စရောက်လာကတည်းကနေ အခုချိန်ထိ အောင်သွယ်တော် ဆိုတဲ့ လူတွေကို တစ်ခါမှ မတွေ့ဖူးပါ။

ပြောရင်းဆိုရင်းပဲ တောက်တောက်ပပ ဝတ်ဆင်ထားတဲ့ အမျိုးသမီးကြီးတစ်ယောက်ဟာ ခေတ်မီစတိုးဆိုင်ထဲကို ဝင်လာခဲ့ပါသည်။

…

All Chapters