← Chapters

အိမ်ထောင်ရေးကိစ္စ။

Vol. 11 Ch. 123

အိမ်ထောင်ရေးကိစ္စ။

Vol. 11 Ch. 123

“ ဝေး… အမျိုးသမီးလီ။ နင်က တော်တော့်ကို အလုပ်များတာပဲကွယ့်။ ” အဘွားလျို့က အပြုံးလေးနှင့် ပြောလိုက်သည်။ “ ငါ နင့်အိမ်ကိုလည်း သွားခဲ့သေးတယ် ၊ ဒါပေမဲ့ နင်က ဈေးထဲမှာ ပြန်ရောက်နေတယ်။ ”

“ ကိစ္စ တစ်ခုခုလို့ ရှိလို့လား မသိဘူး။ ”

“ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ နင့်ရဲ့ ဒုတိယသားလေး ဝမ်အာက အခုထိ မိန်းမရှာမတွေ့သေးဘူးလို့ ငါ ကြားတယ်။ သခင်ကြီးဝူရဲ့ သမီးငယ်လေးကလည်း ဒီနှစ်ထဲမှာ လက်ထပ်ဖို့ သင့်တော်တဲ့ အရွယ်ကို ရောက်လာပြီ။ အဲ့ကောင်မလေးက ငယ်ငယ်လေးကတည်းက အရမ်း ဉာဏ်ကောင်းပြီး အရမ်း လှတာ … ”

အဘွားလျို့ရဲ့ ကရားရေလွှတ် တတွတ်တွတ် စကားတွေကို နားထောင်ရင်း လီယောင်သည် ဆင်ခြေ တစ်ခု အမြန် ဖန်တီးကာ ရှောင်ထွက်လာခဲ့လိုက်သည်။

သို့သော် အဘွားလျို့ကို သူမရဲ့ အိမ်အထိ တကောက်ကောက် လိုက်လာနိုင်လောက်အောင် ဇွဲကောင်းလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။

လီယောင်သည် အဘွားလျို့ကို ရှောင်ဖို့ ဟဲရှောင်ယာနှင့် ခေါ်ပြီး သူမနှင့် စကားပြောခိုင်းထားလိုက်၏။

ဟဲရှောင်ယာက ဝမ်အာရဲ့ မရီး ဖြစ်ပြီး မရီး ဆိုတာကလည်း အမေလိုပဲမို့ သူမကလည်း ဝမ်အာရဲ့ အိမ်ထောင်ရေးကိစ္စတွေအတွက် သဘာဝကျစွာပင် တာဝန်ရှိပါသည်။ ဒါပေမဲ့ ဟဲရှောင်ယာက အားနာတတ်တဲ့ လူပီပီ အဘွားလျို့ကို ဘယ်လို ငြင်းဆန်ရမလဲ ဆိုတာ မသိဘဲ အဘွားလျို့ ပြောတဲ့ စကားတွေကို ‌တစ်နေ့ခင်းလုံး ထိုင်နားထောင်ခဲ့ရသည်။

ညနေမှောင်ရီပျိူးခါနီးတော့မှသာ အဘွားလျို့က တပ်ခေါက်ပြန်သွားခဲ့ပြီး ဟဲရှောင်ယာလည်း အဲ့ဒီတော့မှ သက်ပြင်းမောလေး ချနိုင်တော့သည်။

“ အမေ။ ” ဟဲရှောင်ယာက လီယောင့်ဆီ သွားပြီး ပြောလိုက်သည်။ “ တကယ်တော့ ဝမ်အာ့အသက်က အဲ့လောက် မငယ်တော့ဘူးနော်။ ”

လီယောင်က ထိုစကားကို ကြားသည်နှင့် ခေါင်းခါယမ်းလိုက်သည်။

အဲ့လောက် အသက်မငယ်တော့ဘူး ဆိုတာ ဘာအဓိပ္ပာယ်လဲ။ သူက အခုထိ ( ၁၈ ) နှစ်တောင် ပြည့်သေးတာ မဟုတ်ဘူး … ။

ဒါပေမဲ့လည်း အဲ့ဒါက သူမရဲ့ ကိုယ်ပိုင်အမြင်သာပင်။ ဒီခေတ်ရဲ့ ဓလေ့ထုံးတမ်းတွေအရ ဝမ်အာက အိမ်ထောင်ပြုဖို့ သင့်တော်တဲ့ အသက်အရွယ်ကို ရောက်နေပါပြီ။

“ ဒီကိစ္စကို ဝမ်အာကို သူကိုယ်တိုင်ပဲ ရွေးချယ်ခိုင်းလိုက်ပါ။ သူ သဘောကျတဲ့ မိန်းကလေး ရှိလာမှ သူ အိမ်ထောင်ပြုလိမ့်မယ်။ ”

“ အယ်။ ”

ဟဲရှောင်ယာသည် ‌ဆွံ့အသွားကာ အချိန်အတော်ကြာသည်ထိ ဘာပြောလို့ ပြောရမှန်း မသိတော့ပါ။ ဒီအမေက တကယ့်ကို ထူးဆန်းတာပဲ။ ဝမ်အာရဲ့ အိမ်ထောင်ရေးကို မိဘတွေရဲ့ ဆန္ဒကို နာခံခိုင်းရမယ့်အစား ဘာလို့ သူကိုယ်တိုင် ဆုံးဖြတ်ခွင့်ပေးလိုက်ရတာလဲ … ။

အမေ ပြောသမျှ စကားတွေက ပြောင်းလဲမှာ မဟုတ်မှန်း သိနေတာကြောင့် မရီး ဖြစ်တဲ့ သူမကပဲ ဒီကိစ္စကို ကိုင်တွယ်ရမှာ ဖြစ်သည်။

အဲ့ဒီည ထမင်းစားဝိုင်းမှာ ဟဲရှောင်ယာက ထိုကိစ္စကို ပြောပြလိုက်တော့ ဝမ်အာရဲ့ မျက်နှာက ချက်ချင်း နီရဲသွားသည်။

“ အစ်ကို နည်းနည်းလေး ပိုယောက်ျားပီသပေးလို့ မရဘူးလား အစ်ကိုဝမ်။ ” သူ့ဘေးမှာ ထိုင်နေတဲ့ စုန့်ကျယ်ကတော့ ဘာကိုမှ အရေးစိုက်မနေဘဲ ဝင်ပြောလိုက်သည်။ “ လူကြီးတွေ စီစဉ်ပေးတဲ့ လက်ထပ်ပွဲလေးပဲကို ဘာများ ထူးခြားနေလို့လဲ။ ဟုတ်သားပဲ မရီး ၊ မိန်းကလေးက ဘယ်သူလဲ။ ”

“ သခင်ကြီးဝူရဲ့ သမီးအငယ်လေးတဲ့။ ”

“ ကျွန်တော် သူ့ကိုတော့ မသိဘူး။ ဒါပေမဲ့ အမေ့ကို မေးပြီး စုံစမ်းလို့ ရပါတယ်။ ကဲပါ ၊ စကားမများဘဲနဲ့ စားကြမယ်။ စီရင်စုအရာရှိစာမေးပွဲက မကြာခင် ‌လာတော့မှာ။ ကျွန်တော်တို့ မြန်မြန် စားပြီး စာလေ့လာရမယ်။ ”

“ အိုး။ ”

အကြောင်းပြချက် တချို့ကြောင့် စုန့်ကျယ်သည် ဝမ်အာရှေ့မှာ စိတ်ရှိတိုင်း မနေရဲပါ။ ဒါက စာတော်တဲ့ ကျောင်းသားတွေရှေ့မှာ သူတို့လောက် စာမတော်တဲ့ ကျောင်းသားတွေ ပြုမူနေထိုင်တဲ့ ပုံစံမျိုး ဖြစ်မည်။

ဝမ်အာ ထွက်သွားတော့ တုရှောင်ဟွေ့က ပန်းကန်တွေကို သန့်ရှင်းဆေးကြောနေခဲ့သည်။ ဘာကြောင့်မှန်းမသိ သူမ ဒီနေ့ နည်းနည်းလေး အာရုံပျံ့လွင့်နေကာ သူမကြောင့် ပန်းကန်လုံး တစ်ခု ကြမ်းပြင်ပေါ် မတော်တဆ ကျကွဲသွားခဲ့သည်။

ဟဲရှောင်ယာက သူမကို “ နင် ဒီရက်ပိုင်း အရမ်း ပင်ပန်းနေတာလား ရှောင်ဟွေ့။ ” ဟု မေးလိုက်တော့ သူမက “ ကျွန်မ အဆင်ပြေပါတယ်။ ” ဟူ၍သာ ပြန်ပြောသည်။

တုရှောင်ဟွေ့သည် ပန်းကန်တွေကို အမြန် ဆေးကြော သန့်ရှင်းရေးလုပ်ပြီး ဟဲရှောင်ယာနှင့်လည်း ခါတိုင်းလို အလ္လာပသလ္လာပ စကားတွေ မပြောတော့ဘဲ အိမ်တန်းပြန်သွားသဖြင့် ဟဲရှောင်ယာ တစ်ယောက်လည်း ဇဝေဇဝါ ကျန်ခဲ့ရလေသည်။

“ နင် အခုထိ သဘောမပေါက်သေးဘူးလား။ ” လီယောင်က အတင်းပြောတာ ရှားပါးသည်။ “ အဲ့ကောင်မလေးက ဝမ်အာကို သဘောကျနေတာလေ။ ”

“ အယ်။ ”

ဟဲရှောင်ယာတစ်ယောက် သူမကိုယ်သူမ တော်တော်လေး တုံးအမှန်း နားလည်သွားသည်။ တုရှောင်ဟွေ့က ဝမ်အာကို ( ၂ ) နှစ် ၊ ( ၃ ) နှစ်လောက် သဘောကျလာခဲ့တာတောင် သူမကတော့ အဲ့ဒါကို လုံးဝ သတိမပြုမိခဲ့ပေ။

“ သူတို့က ကလေးဘဝကတည်းက အတူတူ ကြီးပြင်းလာခဲ့လို့ ရင်းနှီးနေတာလို့ ကျွန်မ ထင်နေတာ။ ”

လီယောင် : …… နင်နဲ့ တာ့ကျွမ်းတောင် ဘယ်သူ့သဘောမှ ဝင်မစွက်ဖက်တဲ့ လွတ်လပ်တဲ့ အိမ်ထောင်ရေးကို ထူထောင်ထားကြတာလေ။

“ ဒါဆို ကျွန်မတို့ ဘာလုပ်သင့်လဲ အမေ။ ” ဟု ဟဲရှောင်ယာက မေးလိုက်သည်။ “ ကျွန်မ အဘွားလျို့ကို ဝမ်အာက စေ့စပ်ပြီးသားလို့ မနက်ဖြန်ကျ ပြန်ပြောလိုက်ရမလား။ ”

“ ဝမ်အာကရော ဘယ်လို တွေးလဲ ဆိုတာကို ငါတို့ ကြည့်ရဦးမယ်။ ဒါပေမဲ့ ငါကတော့ ရှောင်ဟွေ့က မိန်းမကောင်းလေး တစ်ယောက်လို့ ထင်တယ်။ မဟုတ်ရင် ငါ သူ့ကို ဆပ်ပြာအလုပ်ရုံမှာ ငွေကိုင်အဖြစ် အလုပ်ခန့်ခဲ့မှာ မဟုတ်ဘူး။ ”

ဟဲရှောင်ယာ ချက်ချင်း နားလည်သွားသည်။

ဒါဆို အမေက တုရှောင်ဟွေ့ကို ချွေးမတော်မယ်လို့ ဟိုးအရင်ကတည်းက ဆုံးဖြတ်ပြီးသားပေါ့။

အိုး .. ဝမ်အာရေ ၊ နင်တော့ နင့်အမေ ကြိုးစားထားတာတွေကို နားလည်ပြီး ရှောင်ဟွေ့ရဲ့ ခံစားချက်တွေကို မဆုံးရှုံးစေနဲ့နော်။

…

နောက်တစ်နေ့မနက်စောစောမှာ တုရှောင်ဟွေ့က ဝမ်အာ ကျောင်းသွားတဲ့ လမ်းမှာ ဝမ်အာ့ကို တားလိုက်သည်။

“ အစ်ကိုဝမ်အာ ၊ ညီ … ညီမ အစ်ကို့ကို မေးစရာလေး တစ်ခု ရှိလို့ပါ။ ”

“ ဘာမေးမှာလဲ။ မေးလေ။ ”

“ မနေ့တုန်းက အဒေါ်လီက အစ်ကို့ကို အိမ်ထောင်ချပေးချင်တယ်လို့ ညီမ ကြားခဲ့တယ်။ ” တုရှောင်ဟွေ့က သူမရဲ့ အင်္ကျီစလေးကို ဆွဲဆုပ်ရင်း အားယူနေခဲ့သည်။ “ အစ်ကိုရော အဲ့ကိစ္စကို ဘယ်လို သဘောရလဲ ဆိုတာ ညီမ သိချင်လို့ပါ။ ”

“ ငါက ဘာပြောလို့ ရမှာလဲ။ အိမ်ထောင်ရေးလို အရေးကြီးတဲ့ ကိစ္စတွေက ငါ့အမေသဘောပဲလေ။ နောက်ကျနေပြီ ဆိုတော့ ငါ ကျောင်းမြန်မြန်သွားရမယ် ၊ မဟုတ်ရင် အပြစ်ပေးခံရတော့မယ်။ ”

အလောတကြီး ထွက်ခွာသွားတဲ့ ဝမ်အာကို ငေးကြည့်ရင်း တုရှောင်ဟွေ့က လမ်းမဘေးမှာ ကြေကွဲအားငယ်စွာ ကျန်ရစ်ခဲ့သည်။

ခဏကြာတော့ စုန့်ကျယ်က လမ်းပေါ်ကနေ ဖြတ်သွားရင်း သူမကို မြင်သွားသည်။ အစတုန်းကတော့ ဒီကိစ္စကို သူ ဘာမှ ဝင်မစွက်ဖက်ချင်သော်လည်း အဆုံးသတ်မှာတော့ “ နင် ဘာဖြစ်လို့ အဲ့လောက်တောင် ကြောက်နေတာလဲ ညီမလေးရှောင်ဟွေ့။ ” ဟု မနေနိုင် မထိုင်နိုင် ပြောမိသွားသည်။

“ ညီမက ဘာကို ကြောက်နေလို့လဲ။ ”

“ နင် ဝမ်အာကို သဘောကျရင် သူ့ကို သတ္တိရှိရှိ ပြောလိုက်စမ်းပါ။ ဒါမှမဟုတ် နင့်အမေကို အောင်သွယ်တော် ရှာခိုင်းလိုက်။ မဟုတ်ရင် ဝမ်အာ တခြား မိန်းကလေးနဲ့ စေ့စပ်သွားတဲ့အခါ နင် ငိုနေရုံက လွဲလို့ တခြား ရှိမှာ မဟုတ်ဘူး။ ”

“ အစ်ကိုစုန့်ကလည်း ဘာတွေ လာပြောနေတာလဲ။ ရှက်စရာကောင်းလိုက်တာ။ ”

စုန့်ကျယ် …… ငါက အမှန်တရားကို ပြောနေတာလေ။ တကယ့် လက်တွေ့ကျကျ အမှန်တရားကို ပြောနေတာ။

စီရင်စုအရာရှိစာမေးပွဲက နောက်တစ်ပတ်လောက်ဆို ဖြေပြီးပြီ ဆိုတော့ ငါ အဲ့ဒီတောင်ကြီးကို ဖြတ်ကျော်ပြီးသွားရင် ဒီနှစ်ယောက်အတွက် အောင်သွယ်တော် လုပ်ပေးရမယ် … ။

...

ကလင် ကလင် ကလင် …

ဘဲလ်သံ စီစီဝေဝေနှင့်အတူ လံချားများစွာသည် ပိုင်ချွမ်းဈေးသို့ နေမင်းကြီးကို မျက်နှာမူ၍ အရှိန်တင် ချီတက်မောင်းနှင်လာခဲ့ကြသည်။

ဒီနေ့က စီရင်စုအရာရှိစာမေးပွဲရဲ့ ပထမဆုံးနေ့ ဖြစ်ပြီး ထိုစာမေးပွဲမှာ ဟဲဝမ်ရွာက ‌ကျောင်းသား နှစ်ယောက် ဖြစ်သော ဝမ်အာနှင့် ဆရာလွီတို့ ဝင်ရောက်ဖြေဆိုကြသည်။

မှန်ပါသည်။ ဆရာလွီက ဝမ်အာရဲ့ ဆရာ ဖြစ်ပေမဲ့ သူလည်း ကျောင်းသားတစ်ယောက်ပဲမို့ ဂုဏ်သတင်းတက်စေရန် စီရင်စုအရာရှိစာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့ လိုအပ်ချက်ပြည့်မီသည်။ သူ့ရည်ရွယ်ချက်က အရာရှိ ဖြစ်ချင်တာထက် သူ့ကိုယ်သူ သက်သေပြချင်တာက ပိုသည်။

ဆရာနှင့် ကျောင်းသား စာမေးပွဲ အတူတူ ဝင်ဖြေတဲ့ ကိစ္စမျိုးက ပိုင်ချွမ်းခရိုင်မှာ တစ်ခါမှ မဖြစ်ဖူးတာကြောင့် လျင်လျင်မြန်မြန်ပဲ လူပြောများတဲ့ အတင်းအဖျင်း ဖြစ်သွားခဲ့သည်။

စာမေးပွဲကျင်းပရာ နေရာကတော့ ပိုင်ချွမ်းတက္ကသိုလ်မှာ ဖြစ်ပြီး ခေါင်းဆောင်စာမေးပွဲမှူးကတော့ လီ ( ၅၀၀ ) ဝေးတဲ့ တက္ကသိုလ် တစ်ခုက ဌာနမှူး တစ်ယောက် ဖြစ်သည်။ သူက ဒီနှစ်ထဲမှာ အသက် ( ၇၀ ) နီးပါး ရှိနေပြီ ဖြစ်ပြီး နားကလည်း နည်းနည်း ဝေး ၊ မျက်လုံးကလည်း မှုန်လေရာ သူက စာမေးပွဲအတွက် ဘာမှ စစ်ဆေး‌မပေးနိုင်ပါ။

ပိုင်ချွမ်းတက္ကသိုလ်ဌာနမှူးကတော့ စည်းမျဉ်းအရ တခြားတက္ကသိုလ် တစ်ခုမှာ ခေါင်းဆောင်စာမေးပွဲမှူး သွားလုပ်ပေးနေရသဖြင့် တက္ကသိုလ်မှာ ကျန်ခဲ့တဲ့ ဆရာတွေက ဒီစာမေးပွဲအတွက် ခေါင်းဆောင်စာမေးပွဲမှူးတွေလို ဖြစ်နေသည်။

အထူးသဖြင့် တက္ကသိုလ်မှာ ဂုဏ်သတင်းအရှိဆုံး ဖြစ်တဲ့ ဆရာလျှိုက ဒီစာမေးပွဲကို စီမံခန့်ခွဲရေးမှာ တာဝန်ယူထားသည်။

ဒီတစ်ခေါက် စီရင်စုအရာရှိစာမေးပွဲ ဝင်ဖြေတဲ့ ကျောင်းသား ( ၅၆ ) ယောက် ရှိပေမဲ့ ( ၃ ) ယောက်ကသာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို အောင်မြင်မှာ ဖြစ်၍ ပြိုင်ပွဲက ပြင်းထန်လှသည်။

“ စာဖြေသူတွေ အကုန်လုံး စာမေးပွဲခန်းမထဲကို အတန်းလိုက် စနစ်တကျ ဝင်ခဲ့ပါ။ ”

တက္ကသိုလ်ဂိတ်ပေါက်ဝ အပြင်ဘက်မှာ နေရာယူထားတဲ့ စာမေးပွဲမှူးတွေက ကျောင်းသားတွေကို ဝင်ခဲ့ဖို့ ကြေညာလိုက်သည်။

ဝမ်အာက ကိုယ့်ကိုယ်ကိုယ် သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်ရင်း “ ကျွန်တော် သွားပြီနော် အမေ။ ” ဟု ပြောလိုက်သည်။

“ သွား သွား။ အရမ်းကြီး ဖိအားမထားဘဲနဲ့ မင်း လုပ်နိုင်သလောက် အကောင်းဆုံး လုပ်ခဲ့။ အမေ နေ့ခင်းကျ မင်းအတွက် အရသာရှိတာတွေ စားဖို့ အပြင်ကို ခေါ်သွားပေးမယ်။ ”

ဝမ်အာသည် စိတ်ထဲကပဲ သက်ပြင်းချလိုက်၏။ တခြားမိဘတွေက သူတို့ကလေးတွေကို စာမေးပွဲမှာ အကောင်းဆုံး ဖြေဆိုခဲ့ဖို့ တိုက်တွန်းနေခဲ့ပေမဲ့ သူ့အမေကတော့ သူ့စာမေးပွဲကို လုံးဝ ဂရုစိုက်ပုံတောင် မရဘဲ သူ့ကို အရသာရှိတာတွေ ကျွေးဖို့ပင် အပြင်ခေါ်သွားချင်နေသေးရဲ့။ သူ့အမေရဲ့ အတွေးတွေကို သူ တကယ် လိုက်မမီ။

ထိုအချိန်မှာ လီရှန်းကလည်း သူတို့နားကို ရောက်လာသည်။ ဝမ်အာ ဒီနှစ် စာမေးပွဲဝင်ဖြေမှာကို မြင်တော့ သူ့မျက်နှာမှာ လှောင်ပြောင်ချင်ဟန် စွန်းထင်းသွားသည်။

လီရှန်းက ဝမ်အာကို “ ဒီနှစ်ကတော့ မင်း ကံဆိုးတဲ့ နှစ် ထင်တယ် ငါ့တူ။ စာမေးပွဲအောင်မယ့် ကျောင်းသားက စုစုပေါင်းမှ သုံးယောက်ပဲ ရှိမှာ ဆိုတော့ မင်း မအောင်လောက်ဘူး။ ” ဟု ခပ်တည်တည် ပြောလိုက်ပြီးနောက် ဆရာလွီကို ကြည့်ကာ “ ခင်ဗျားလို တစ်သက်လုံး ကျောင်းသားပဲ ဖြစ်နေမယ့် လူကတော့ ဘာမှ မျှော်လင့်မထားတာ အကောင်းဆုံးပဲ ဖြစ်လိမ့်မယ်။ ” ဟု ပြောလိုက်သည်။

“ မင်း ဘာတွေ လာပြောနေတာလဲ။ ” စုန့်ကျယ်က ဒေါသတကြီး ပြန်ပြောလိုက်သည်။ “ တကယ့်ဟာသပဲ။ ငါ့အစ်ကိုဝမ်က လုံးဝ စာမေးပွဲကျမှာ မဟုတ်ဘူး။ ”

“ ဒါဆိုလည်း စောင့်ကြည့်ရသေးတာပေါ့။ ”

လီရှန်းက အချိန်ကုန်ခံပြီး စကားပြောမနေတော့ဘဲ တက္ကသိုလ်ထဲကို ဝင်လာခဲ့လိုက်သည်။

…

All Chapters