← Chapters

စာမေးပွဲရလဒ်များ ကြေညာခြင်း။

Vol. 11 Ch. 124

စာမေးပွဲရလဒ်များ ကြေညာခြင်း။

Vol. 11 Ch. 124

“ သွားမယ် သွားမယ်။ သူ့ကို ဂရုစိုက်မနေနဲ့။ ” ဟု လွီရှို့ချိုက်က ပြောလိုက်သည်။ ဒီစာမေးပွဲကို အရင်ကလည်း အကြိမ်မနည်း ဖြေဆိုဖူးတဲ့ လူဟောင်းတစ်ယောက် ဖြစ်သော သူသည် အဆက်မပြတ် မေးခွန်းထုတ် နှောင့်ယှက်နေတာကို ဂရုမစိုက်ဘဲ ဝမ်အာနှင့် စုန့်ကျယ်ကို စာမေးပွဲခန်းမထဲသို့ ခေါ်လာခဲ့လိုက်၏။

စီရင်စုအဆင့် စာမေးပွဲတွေကို နှစ်ပိုင်းခွဲပြီး ကျင်းပသည်။ ပထမတစ်ပိုင်းကို မူကြမ်းဟု ခေါ်ဆိုပြီး စာဖြေသူတွေက နာမည်အစား ခုံနံပါတ်တွေကိုပဲ ရေးထားရသည်။ ဒုတိယတစ်ပိုင်းကတော့ စာဖြေချိန် တစ်နာရီအတွင်း ပုံမှန်အတိုင်း စာစီစာကုံးတွေ ၊ ကဗျာတွေကို ရေးရတာ ဖြစ်သည်။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကျောင်းသား သုံးယောက်သာ အောင်မြင်နိုင်မှာ ဖြစ်ကာ စာမေးပွဲ ပထမတစ်ပိုင်းကို ဖြေဆိုသူ စုစုပေါင်း ( ၄၈ ) ယောက်ထဲက ( ၆ ) ယောက်ကသာ ဒုတိယတစ်ပိုင်းကို တက်ရောက်နိုင်မှာ ဖြစ်သည်။ ကျန်တဲ့ ကျောင်းသားတွေကိုတော့ စာမေးပွဲအကျအဖြစ် သတ်မှတ်သည်။

ဒီစာမေးပွဲရဲ့ စာမေးပွဲကြီးကြပ်သူတစ်ယောက် ဖြစ်တဲ့ ဆရာလျိုက ခေါင်းဆောင်စာမေးပွဲမှူးထိုင်ခုံမှာ ထိုင်ပြီး ညွှန်ကြားစရာရှိတာတွေကို ညွှန်ကြားနေခဲ့သည်။

ကျောင်းသားတွေ အကုန်လုံးလည်း ထိုင်ခုံမှာ နေရာယူပြီးသွားပြီမို့ အချိန်ကျပါပြီ။ ဆရာလျို့သည် စာမေးပွဲစတင်ကြောင်း ကြေညာဖို့ ဟန်ပြင်နေစဉ်မှာပဲ “ တရားသူကြီးစုန့် ဒီကို ရောက်လာပြီ။ ” လို့ တစ်စုံတစ်ယောက် ပြောလိုက်တာကို ရုတ်တရက် ကြားလိုက်ရလေသည်။

ဆရာလျိုက လန့်ဖျပ်သွားပြီး သူ့ကို အမြန် သွားနှုတ်ဆက်ခဲ့သည်။ “ နှုတ်ခွန်းဆက်သပါတယ် လူကြီးမင်း။ ”

“ လောကဝတ်တွေ လုပ်နေစရာ မလိုပါဘူးဗျာ။ ” ဟု တရားသူကြီးစုန့်က ပြောလိုက်သည်။ “ ကျုပ် ဒီကို တစ်ချက် လာကြည့်တာပါ။ ”

စီရင်စုအဆင့်စာမေးပွဲကို ခရိုင်တရားသူကြီးမင်း လာကြည့်တာ မထူးဆန်းပေမဲ့ တရားသူကြီးစုန့်ဟာ လာကြည့်ရုံတင် မဟုတ်ဘဲ မင်းမှုထမ်း တစ်ဖွဲ့ကိုပါ ခေါ်လာခဲ့တာက ဆရာလျို့ကို အကျပ်ရိုက်စေသည်။ ဒါပေမဲ့လည်း တရားသူကြီးစုန့် ခဏနေရင် ပြန်မှာပါလေ ဟူ၍သာ ဆရာလျို တွေးထားလိုက်သည်။ ထို့နောက် ဘာကိုမှ သိပ်တွေးမနေတော့ဘဲ စာမေးပွဲစတင်ကြောင်း ကြေညာလိုက်သည်။

လွီရှို့ချိုက်ကို စာဖြေသူဟောင်း တစ်ယောက် အနီးကပ် သင်ကြားပေးထားတာကြောင့် ဝမ်အာသည် အိမ်စာတွေကို ကောင်းကောင်း လုပ်ဖြစ်ခဲ့သည်။ သူ့စာစီစာကုံးကို ချောချောမွေ့မွေ့နှင့် အခက်အခဲမရှိ ‌ရေးသားနိုင်ခဲ့ပြီး နောက်ဆုံး ကဗျာကလည်း သူ ဟိုးအရင်ကတည်းက ပြင်ဆင်ထားတဲ့ ကဗျာတစ်ပုဒ်ပင်။ သူ့အမေ ရေးတဲ့ ကဗျာလောက်တော့ မကောင်းပေမဲ့လည်း သူ့ကဗျာကလည်း စာမေးပွဲမှူးရဲ့ အမြင်စူးရှတဲ့ မျက်လုံးကို ဖမ်းစားနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

ပူခြစ်နေတဲ့ နေရောင်အောက်မှာ အချိန်တေ တရွေ့ရွေ့ ကုန်ဆုံးလာခဲ့သည်နှင့်အမျှ စာဖြေသူတွေနှင့် စာမေးပွဲမှူးတွေကလည်း တစ်ကိုယ်လုံး ချွေးတွေ ရွဲနစ်လာခဲ့ကြသည်။

ဆရာလျိုသည် စာဖြေသူတွေကိုအဆက်မပြတ် ကြီးကြပ်ရင်း ၊ တရားသူကြီးစုန့်ကိုလည်း လှည့်ကြည့် လှည့်ကြည့် လုပ်ရင်း သူ မကြာခင် ပြန်သွားပါစေဟု မျှော်လင့်နေမိသည်။

သို့သော် သူ့ကို အံ့ဩသွားစေတာကတော့ တရားသူကြီးစုန့်ဟာ ထွက်သွားဖို့ အရိပ်အယောင် လုံးဝ မပြသလို အမှုထမ်းတွေကလည်း စာမေးပွဲခန်းမထဲမှာ ရပ်ကာ စာဖြေသူတွေ အကုန်လုံးကို စူးစိုက်ကြည့်နေခဲ့ကြသည်။

“ အချိန်စေ့ပြီ။ စာရေးတာ ရပ်လိုက်ကြတော့။ ”

ဆရာလျိုရဲ့ အမိန့်အောက်မှာ ကျောင်းသားတွေ အကုန်လုံး ထိုင်ခုံမှ ထကာ စာမေးပွဲခန်းမထဲက ထွက်သွားကြပြီး စာမေးပွဲမှုူးတွေက အဖြေလွှာတွေကို လိုက်သိမ်းခဲ့ကြသည်။

ဆရာလျိုက “ ကျွန်တော်တို့ အခု စပြီး အမှတ်ပေးတော့မှာပါ တရားသူကြီးစုန့်။ ” ဟု ပြောလိုက်တော့ တရားသူကြီးစုန့်က “ ဒီမှာပဲ အမှတ်ပေးပါ။ ကျုပ်လည်း ဒီမှာပဲ စောင့်ကြည့်နေပါ့မယ်။ ” ဟု ပြန်ပြောသည်။

ဆရာလျိုရဲ့ နှုတ်ခမ်းတွေက ခပ်တင်းတင်း စေ့ပိတ်သွားသော်လည်း တရားသူကြီးစုန့်က ကြည့်ချင်တယ် ဆိုသောကြောင့် သူ့မှာ အဖြေလွှာတွေကို ဒီနေရာမှာပဲ အမှတ်ပေးရုံက လွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။

စာဖြေသူတွေရဲ့ ပညာအရည်အချင်းက တစ်ယောက်နှင့် တစ်ယောက် ကွာဟချက် ကြီးမားကာ မကြာခင်မှာပဲ စာဖြေသူ တစ်ဝက်ကျော်လောက်ကို ထုတ်ပယ်လိုက်ကာ ထူးချွန်ကျောင်းသား ( ၁၂ ) ယောက်ဝန်းကျင်ပဲ ကျန်ခဲ့သည်။ စာမေးပွဲမှုူးတွေက ထိပ်ဆုံးက စာဖြေသူ ( ၆ ) ယောက်ကို ရွေးချယ်လိုက်၏။

“ ဒီတစ်ယောက်က တော်တယ်လို့ ကျွန်တော် ထင်တယ်။ ” ဆရာလျိုက အဖြေလွှာ တစ်ရွက်ကို ထုတ်ယူလိုက်ပြီး အဲ့ဒါက လီရှန်းရဲ့ အဖြေလွှာ ဖြစ်ပါသည်။ သူက လီရှန်းရဲ့ နည်းပြဆရာပီပီ သူ့လက်ရေးနှင့် အသားကျနေလေရာ သူ့အဖြေလွှာကို အရင်ဆုံး ရွေးချယ်ထုတ်ယူလိုက်သည်။ လီရှန်းရဲ့ ဉာဏ်ရည်ကလည်း သိပ်မဆိုးတာကြောင့် သူဟာ ပထမတစ်ဆင့် စာမေးပွဲကို အလွယ်တကူပဲ အောင်မြင်သွားခဲ့ပြီး ခဏအကြာမှာ ကျန်တဲ့ ( ၅ ) ယောက်ကိုလည်း ရွေးချယ်ပြီးသွားခဲ့သည်။

ခေါင်းဆောင်စာမေးပွဲမှုူးဟဲရှန်ကျန်းက စာမေးပွဲအောင်မြင်သူစာရင်းကို တစ်ချက် ကြည့်လိုက်ပြီး ခုံနံပါတ်တွေကို ကြေညာလိုက်သည်။ တက္ကသိုလ်ဂိတ်ပေါက်အပြင်ဘက်မှာလည်း ဆရာတစ်ယောက်က စာရွက်ကို ကိုင်ရင်း ခုံနံပါတ်တွေကို ကျယ်လောင်စွာ စတင် ကြေညာပေးခဲ့သည်။

“ ခုံနံပါတ် A4 ”

လီဝမ်အာက “ အဲ့ဒါ ကျွန်တော်ပါ။ ” ဟု ပြန်ပြောလိုက်သည်။

“ ဂုဏ်ပြုပါတယ် အစ်ကိုလီ။ ဂုဏ်ပြုပါတယ်။ ”

“ ခုံနံပါတ် B9 ”

“ ခုံနံပါတ် A7 ”

“ ခုံနံပါတ် D11 ”

“ ငါ တကယ် အောင်သွားတာလား။ ” စုန့်ကျယ်က သူ့ခုံနံပါတ်ကို ငုံ့ကြည့်ရင်း မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။ “ မဖြစ်နိုင်ဘူး။ ငါ တကယ် စာမေးပွဲအောင်သွားတာလား။ ”

ဝမ်အာကတော့ သူ့တုံ့ပြန်ကို ကြည့်ပြီး ခေါင်းကိုသာ ခါယမ်းလိုက်သည်။

စုန့်ကျယ်က လတ်လျားလတ်လျား လျှောက်သွားရင်း အချိန်ဖြုန်းရတာကို ကြိုက်ပေမဲ့ လီမိသားစုထဲကို သူ စရောက်ကတည်းက ကြိုးကြိုးစားစား စာလေ့လာခဲ့သည်။ ပြီးတော့ လွီရှို့ချိုက်ကလည်း ထိထိရောက်ရောက် သင်ကြားပေးလေရာ သူ စာမေးပွဲ ပထမတစ်ဆင့်ကို အောင်မြင်တာ အံ့ဩစရာမရှိပေ။

“ ခုံနံပါတ် B6 ”

“ ခုံနံပါတ် B6 က ကျွန်တော်ပါ။ ”

ဝမ်အာသည် သူ့ခုံနံပါတ်ကို ကြားတော့မှသာ စိတ်သက်သာရာရသွားတဲ့ သက်ပြင်းမောကြီးကို မှုတ်ထုတ်နိုင်တော့သည်။ ပြောရရင် ဒီစာမေးပွဲကို အခုမှ ပထမဆုံးအကြိမ် ဖြေဖူးတာမို့ သူ အလွန် စိတ်လှုပ်ရှားနေခဲ့တာ ဖြစ်သည်။

“ နောက်ဆုံးတစ်ယောက်ကတော့ ခုံနံပါတ် D1 ပါ။ ”

ခုံနံပါတ် D1 ရဲ့ ပိုင်ရှင်ကတော့ စာဖြေသူဟောင်းကြီး လီရှို့ချိုက်ပဲ ဖြစ်သည်။ သို့သော်လည်း သူက ဒီရလဒ်ကြောင့် နည်းနည်းလေးမှ စိတ်မလှုပ်ရှားတာ သိသိသာသာပင်။ စီရင်စုအဆင့်စာမေးပွဲပေါင်းမြောက်များစွာကို သူ ဝင်ဖြေဖူးပြီး အကြိမ်တိုင်းမှာ ပထမတစ်ဆင့်ကို အောင်မြင်ခဲ့ကာ ဒုတိယတစ်ဆင့်ကို ရောက်မှ ကျရှုံးတာပါ။

“ ဘာမှ ဂုဏ်ပြုမနေနဲ့။ ဒုတိယတစ်ဆင့်ထိ ငါတို့ စောင့်ကြည့်ရမယ်။ ”

“ ဂုဏ်ပြုပါတယ် ဆရာ ၊ ဂုဏ်ပြုပါတယ် အစ်ကိုဝမ်။ ” စုန့်ကျယ်ကတော့ စာမေးပွဲ ပထမတစ်ဆင့်ကို အောင်မြင်တာကိုပဲ ဝမ်းသာလုံးဆို့နေပါပြီ။ “ သွားကြမယ်။ ဒီနေ့ နေ့လယ်စာကို ကျွန်တော် ဒကာခံမယ်။ ”

…

စီရင်စုအဆင့်စာမေးပွဲရဲ့ ဒုတိယအဆင့်က စာစီစာကုံးရေးခြင်းကို စမ်းသပ်တာ ဖြစ်သည်။

စာစီစာကုံး ခေါင်းစဉ်တွေကို ယီကျိုးခရိုင်ရဲ့ ပညာရေးကော်မရှင်အဖွဲ့က ကြိုတင်စီစဉ်ပေးထားပြီး စာအိတ်တွေထဲမှာ ကျပန်း ထည့်ကာ စီရင်စု တစ်ခုစီကို ပေးပို့ခဲ့သည်။

စာမေးပွဲမဖြေခင် မိနစ်ပိုင်းအလိုမှသာ ခေါင်းဆောင်စာမေးပွဲမှူးက စာအိတ်ကို ဖွင့်ဖောက်ပြီး စာစီစာကုံးခေါင်းစဉ်ကို ကြေညာနိုင်သည်။

ပိုင်ချွမ်းခရိုင်အတွက် ဒီတစ်ခေါက် ခေါင်းစဉ်က ‘ အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှု ’ ဖြစ်သည်။ ခေါင်းစဉ်ကို အကဲခတ်ရသလောက် စာဖြေသူတွေဟာ ပြည်နယ်အစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှုအကြောင်း စာစီစာကုံးရေးရမှာ ဖြစ်ပြီး ဒီခေါင်းစဉ်က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုသူတွေအတွက် အတော်လေး ခက်သည်ဟု ပြောလို့ ရသည်။

ဒါပေမဲ့ ဝမ်အာကတော့ ဒီခေါင်းစဉ်ကို ဘယ်လို စာစီစာကုံးရေးရမလဲ ဆိုတာကို ခေါင်းထဲမှာ အတွေးတွေ အစီအစဉ်တကျ ရှိပြီးသား ဖြစ်နေ၏။

သူ့အမေက သူ့ကို သူ အရာရှိတစ်ယောက် ဖြစ်လာတဲ့အခါ ဘယ်လို စီမံခန့်ခွဲရမလဲ ဆိုတာ အကြိမ်ပေါင်းများစွာ သင်ပေးဖူးသည်။ သူ့အမေ ပြောဖူးတဲ့ အခြေခံ အကြောင်းအရာ တချို့ကို အကျဉ်းချုံ့ ထုတ်နှုတ်လိုက်ရုံနှင့် စာစီစာကုံးကောင်း တစ်ပုဒ် ရလာနိုင်သည်။

လွီရှို့ချိုက်ကတော့ ပိုလို့တောင် သွက်လက်နေခဲ့ပြီး စုတ်တံကို ကိုင်ပြီးသည်နှင့် စတင် ရေးတော့သည်။

လီရှန်းကလည်း မနားတမ်း ရေးနေခဲ့သည်။

စုန့်ကျယ်တစ်ယောက်သာ အနည်းငယ် အကြံအိုက်နေခဲ့ပြီး နားရွက်တွေကို ကုတ်လိုက် ၊ ပါးတွေကို ကုတ်လိုက် လုပ်‌နေခဲ့သည်။ ဒါပေမဲ့ သူလည်း တခြား နလပိန်းတုံး‌ စာဖြေသူတွေနှင့် ယှဉ်လျှင်တော့ သိပ်မဆိုးအောင် ရေးနိုင်ခဲ့ပါသည်။

စာဖြေသူ ( ၆ ) ယောက်သည် ( ၂ ) နာရီအကြာမှာ စုတ်တံတွေကို အောက်ချလိုက်ပြီး စာရွက်ထိပ်ဆုံးမှာ နာမည်တွေကို ရေးကာ စာမေးပွဲခန်းမထဲက ထွက်လာခဲ့လိုက်ကြသည်။

အဖြေလွှာတွေကို စုစည်းပြီး,ပြီးချင်းမှာ ချက်ချင်း အမှတ်ပေးလို့ မရပါ။ စာဖြေသူ အသီးသီးရဲ့ လက်ရေးတွေကို အရင်ဆုံး မှတ်တမ်းတင်ရသည်။ အဲ့ဒါ ပြီးတော့မှသာ နာမည်တွေကို ကလစ်လေးတွေနှင့် အုပ်ကာ စာမေးပွဲမှူးတွေရဲ့ လက်ထဲကို ထည့်ပြီး အမှတ်ပေးခိုင်းရသည်။

“ အချိန်လင့်နေပြီ။ မြန်မြန် စစ်ကြမယ်။ ”

စာမေးပွဲမှူးတွေက နေရာခွဲပြီး အမှတ်ပေးကာ ဆွေးနွေးပြီးနောက် နောက်ဆုံးမှာ အကောင်းဆုံး အဖြေလွှာ ( ၃ ) ခုကို ရွေးထုတ်လိုက်သည်။

စာမေးပွဲရလဒ်တွေက လျင်လျင်မြန်မြန်ပဲ ထွက်လာသည်။

လီရှန်းက လစဉ်လတိုင်း ထောက်ပံ့ကြေး ရရှိသွားမယ့် ပထမဆုရ ကျောင်းသား ဖြစ်ပြီး ကျန်းချန်က ဒုတိယဆုရ ကျောင်းသား ၊ ဟူလင်က တတိယဆုရ ကျောင်းသား ဖြစ်သည်။

လွီရှို့ချိုက်က သူတို့နှစ်ယောက်ရဲ့ နောက်မှာ ရှိနေသော်လည်း အစိုးရပညာသင်ထောက်ပံ့ကြေး ရဖို့ သတ်မှတ်ချက် မပြည့်မီပေ။

ဆရာလျိုက တရားသူကြီးစုန့်ရှေ့မှာ ရပ်လိုက်သည်။ “ စာမေးပွဲရလဒ်တွေ ထွက်လာပါပြီ တရားသူကြီးစုန့်။ တရားသူကြီး စာမေးပွဲရလဒ်တွေကိုရော ကြည့်ဦးမလား။ ”

“ ကျုပ် ကြည့်ဖို့ မလိုပါဘူး။ ”

အမှတ်ပေးတာက သူ့တာဝန် မဟုတ်သလို သူ့မှာ ထိုကိစ္စနှင့် ပတ်သက်၍ လုပ်ပိုင်ခွင့်လည်း မရှိပါ။ အဲ့ဒါနဲ့တောင် ဆရာလျို သူ့ကို မေးနေသေးတဲ့ အကြောင်းအရင်းက ကြွားချင်လို့ ဆိုတာ ထင်ရှားသည်။ ဒါပေမဲ့ စာမေးပွဲရလဒ်တွေက မသမာဘူး ဆိုတာကို တရားသူကြီးစုန့် သိသည်။ သံသယဝင်စရာအချက်တွေ များလွန်းသည်လေ။

တက္ကသိုလ်က လီရှန်းက ပထမဆုရတာ မထူးဆန်းပေမဲ့ ကျန်းချန်နှင့် ဟူလင်ကတော့ သာမန် အလယ်အလတ်အဆင့်ပဲ ရှိတယ် ဆိုတာကို ကာကွယ်ရေးခေါင်းဆောင်ကျန်းက သူ့အတွက် စုံစမ်းပေးပြီးသား ဖြစ်သည်။ ထို့ကြောင့် မသမာမှုရှိနိုင်ချေ ရာခိုင်နှုန်း အလွန် များသည်။

နည်းလမ်းမရှိတာတော့ မဟုတ်ပေမဲ့လို့ လောလောဆယ်မှာ သက်သေ ခိုင်ခိုင်လုံလုံ မရှိဘဲ သူ ဘာမှ လုပ်လို့ မရပါ။ တစ်ယောက်ယောက်က စာမေးပွဲမှာ မသမာမှုရှိတယ်လို့ မတိုင်ကြားမချင်း သူ စုံစမ်းစစ်ဆေးလို့ မရပေ။

လီယောင် ဆိုရင်ရော တိုင်ကြားလောက်လား။

တရားသူကြီးစုန့်မှာ ဘာမှ ပြောစရာမရှိတာကို မြင်တော့ ဆရာလျိုက စိတ်ထဲကနေ တိတ်တိတ်လေး ကျိတ်ပျော်သွားသည်။

ခရိုင်တရားသူကြီးတောင် ဘာမှ လုပ်ပိုင်ခွင့် ၊ ပြောပိုင်ခွင့်မရှိတဲ့ ‌ဒီအရေးကိစ္စမှာ သူတစ်ယောက်တည်းပဲ အာဏာရှိတာ မဟုတ်လား။

“ ဒါဆိုလည်း စာရွက်တွေ အကုန်လုံးကို သိမ်းထားပြီး မနက်ကျ ကြေညာကြတာပေါ့။ ”

တရားသူကြီးစုန့်က “ မဟုတ်ဘူး။ အခုပဲ ကြေညာလိုက်ပါ။ ” ဟု ပြောလိုက်သည်။

“ အဲ့လို လုပ်ရိုးလုပ်စဉ် မရှိပါဘူး တရားသူကြီး။ ”

“ စာမေးပွဲရလဒ်တွေက ထွက်နေပြီပဲလေ ၊ ဘယ်လိုပဲဖြစ်ဖြစ် ပြောင်းမှာမှ မဟုတ်တာ။ စောစော ကြေညာရင် စာဖြေသူတွေလည်း စောစော သိရတာပေါ့။ အဲ့ဒါ ဘာမှားနေလို့လဲ။ ”

ဆရာလျိုက ‘ မင်း ဖြစ်ချင်တာ‌တွေချည်းပဲ။ ’ ဟု စိတ်ထဲကနေ ကျိတ်တွေးလိုက်သည်။

…

All Chapters