မသမာမှု။
Vol. 11 Ch. 125
ဆရာလျိုက “ ကောင်းပါပြီ။ ကျုပ် လူလွှတ်ပြီး သူတို့ကို အခုပဲ အသိပေးလိုက်ပါ့မယ်။ ” ဟု ပြောလိုက်သည်။
ထို့နောက် ဆရာလျိုသည် စာမေးပွဲအဖြေလွှာတွေကို သေချာ ချိတ်ပိတ်လိုက်ပြီးနောက် ကျောင်းသားတွေ ရောက်လာမှာကို စောင့်ရင်း စာမေးပွဲမှူးတွေနှင့်အတူ အနားယူဖို့ ထွက်သွားခဲ့သည်။
တရားသူကြီးစုန့်ကလည်း တက္ကသိုလ်ဂိတ်ပေါက်ကို သွားပြီး စာမေးပွဲရလဒ်တွေ ကြေညာမှာကို စောင့်နေခဲ့သည်။
လူတိုင်း ထွက်သွားသောအခါ ဖျတ်လတ်ပေါ့ပေါးတဲ့ လူရိပ် တစ်ခုက ခေါင်မိုးပေါ်ကနေ ဆင်းလာပြီး အခန်းထဲကို ခြေဖော့နင်း ဝင်ရောက်ကာ စာမေးပွဲအဖြေလွှာတွေဆီ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။
လီယောင်က စာမေးပွဲအဖြေလွှာ ခြောက်လွှာကို လှန်လှောရှာဖွေလိုက်ပြီး ထိုအဖြေလွှာတွေကို အမြန် စစ်ဆေးကြည့်ကာ တစ်ခုခု မှားယွင်းနေတာကို သတိထားမိသွားလေသည်။
ဒီလူတွေက တကယ့်ကို အရှက်မရှိတာပဲ။
သူတို့က မသမာမှုကို ပြောင်ပြောင်တင်းတင်း ဆိုးဆိုးဝါးဝါး ကျူးလွန်ထားတာ ဖြစ်သည်။ ကြည့်ရတာ သူမ ဒီနေ့ ပွဲဆူအောင် လုပ်ရတော့မည် ထင်သည်။
လီယောင်သည် စာမေးပွဲအဖြေလွှာတွေကို အပြောင်းအလဲ တချို့ ပြုလုပ်ပြီးနောက် ခပ်သုတ်သုတ် ထွက်လာခဲ့လိုက်သည်။
သူမ ထွက်သွားပြီး သိပ်မကြာခင်မှာပဲ တခြား ခိုးကြောင်ခိုးဝှက် လူရိပ် တစ်ခုကလည်း အခန်းထဲကို ထပ်ဝင်လာကာ စာမေးပွဲအဖြေလွှာ ခြောက်ခုကို လျင်မြန်စွာ ကူးယူပြီး တိတ်တဆိတ်ပဲ ထွက်သွားခဲ့သည်။
…
ကောင်းကင်မှာ မှောင်ရီပျိုးတော့မည်။ တက္ကသိုလ်ဂိတ်ပေါက်မှာတော့ မီးတုတ် ( ၁၀ ) ချောင်းကျော်ကို ထွန်းညှိထားသည်။
ဒုတိယတစ်ဆင့် စာမေးပွဲကို ဖြေဆိုထားတဲ့ ကျောင်းသား ( ၆ ) ယောက်လုံး ရောက်ရှိနေပြီ ဖြစ်ကာ လာရောက်ကြည့်ရှုတွေလည်း အများအပြား ရောက်နေခဲ့ကြသည်။
ပိုင်ချွမ်းခရိုင်မှာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်မြင်သူ အနည်းငယ်သာ ရှိရတဲ့ အကြောင်းအရင်းက ကျောင်းသားအရေအတွက် နည်းလို့ မဟုတ်ဘဲ စာမေးပွဲအောင်မြင်ခွင့်ပေးတဲ့ ကျောင်းသားအရေအတွက်က နည်းလွန်းပြီး စာမေးပွဲကိုလည်း ( ၂) နှစ်မှာ တစ်ကြိမ်သာ ကျင်းပတာကြောင့် ဖြစ်သည်။
ဘယ်သူကမှ အကြောင်းပြချက်ကို မသိပေမဲ့ ယီကျိုးခရိုင် ပညာရေးအရာရှိက ဒီနှစ်တော့ ထူးထူးခြားခြားပင် ကျောင်းသား ( ၃ ) ယောက်ကို စာမေးပွဲအောင်ခွင့်ပေးထားခဲ့သည်။ ဒီနှစ်မှာ ထူးချွန်ကျောင်းသားတွေ အများကြီး ရှိတယ် ဆိုတဲ့ သတင်းကို သူ ကြားထားတာလည်း ဖြစ်နိုင်သည်။
ဘယ်လိုပဲဖြစ်ဖြစ် ဒါက ကောင်းတဲ့ ကိစ္စ ဖြစ်ကာ လာရောက်ကြည့်ရှုသူတွေထဲမှာ သူတို့သမီးတွေအတွက် ခင်ပွန်းကောင်း လာရှာတဲ့ သမီးရှင်တွေလည်း ပါသည်။
သခင်ကြီးဝမ်ကလည်း ထိုသမီးရှင်တွေထဲက တစ်ယောက်ပင်။
သူ့သမီးငယ်လေးက လက်ထပ်ဖို့ သင့်တော်တဲ့ အရွယ်ကို ရောက်နေပါပြီ။ အစတုန်းကတော့ သူမကို ဟဲဝမ်ရွာက လီယောင်ရဲ့သား ဝမ်အာနှင့် အိမ်ထောင်ချပေးချင်ခဲ့ပေမဲ့ မျှော်လင့်မထားစွာဖြင့် တစ်ဖက်က ဘာတုံ့ပြန်မှုကိုမှ မကြားရသောအခါ အလွန် ဒေါသထွက်သွားမိသည်။
ဝူမိသားစုသည် ပိုင်ချွမ်းခရိုင်မှာ အချမ်းသာဆုံး မိသားစု ( ၅ ) စုထဲမှာ ပါဝင်တာမို့ သူ့သမီးငယ်လေးနှင့် လက်ထပ်ချင်သူတွေ ဒုနှင့် ဒေး ရှိသည်။ ဒါပေမဲ့ လီယောင်ကတော့ အဲ့ဒါကို ဂုဏ်ယူရကောင်းမှန်း မသိချေ။
ထို့ကြောင့် ဘယ်သူက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်မြင်လဲ ဆိုတာကို သူ ဒီနေ့ ကိုယ်တိုင်ကိုယ်ကျ ကြည့်ဖို့ ရောက်လာခဲ့တာ ဖြစ်သည်။ ဝမ်အာက စာမေးပွဲကျရင် သူ့သမီးကို သူနှင့် လက်ထပ်ပေးဖို့ အောင်သွယ်တော်က တစ်ဆင့် နားဖောက်ထားတာကို ဖျက်သိမ်းပြီး ဝမ်မိသားစုဟာ အရည်အချင်းမရှိတဲ့ လူတွေကို သဘောမကျကြောင်း သိစေလိုက်မည်။
ခေါင်းဆောင်စာမေးပွဲမှူးနေရာကို တာဝန်ယူထားတဲ့ ဆရာလျိုက အသံကျယ်ကျယ်နှင့် ကြေညာခဲ့သည်။ “ လူတိုင်း ရောက်လာကြပြီ ဆိုတော့ ကျုပ် စာမေးပွဲရလဒ်တွေကို အခု ကြေညာပါတော့မယ်။ ဒီတက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို အောင်မြင်တဲ့ ကျောင်းသား သုံးယောက် ရှိပါတယ်။ ပထမဆုံးတစ်ယောက်ကတော့ လီရှန်းပါ။ ”
လီရှန်းသည် ထိုကြေညာချက်ကို ကြားချိန်မှာ လုံးဝ အံ့အားသင့်သွားပုံမရဘဲ ရှေ့ထွက်လာကာ ဦးညွှတ်လိုက်၏။
သူ့သူငယ်ချင်းတွေကလည်း သူ့ကို အလျင်အမြန် လာရောက်ဂုဏ်ပြုပေးခဲ့သည်။ လီရှန်းက အခုဆို ခရိုင်အဆင့်စာမေးပွဲကိုပါ အောင်မြင်နိုင်မယ့် ထူးချွန်ကျောင်းသား တစ်ယောက် ဖြစ်ဖို့ အလားအလာကောင်းသွားပြီလေ။ သူတို့ လီရှန်းကို သေချာပေါက် မျက်နှာလိုမျက်နှာရ လုပ်သင့်တာပေါ့။
လူအုပ်ထဲမှာ သခင်ကြီးဝူရဲ့ မျက်လုံးတွေကလည်း လက်ခနဲ တောက်ပသွားသည်။ သူ ချက်ချင်းပဲ ရှေ့ထွက်လိုက်သလို သူတို့အိမ်ရဲ့ ဘဏ္ဍာထိန်းကလည်း “ ဂုဏ်ပြုပါတယ် သခင်လေးလီ ၊ ဂုဏ်ပြုပါတယ်။ သခင်လေး စီရင်စုအဆင့်စာမေးပွဲကို အောင်မြင်သွားတာ သိပ်ကို ထိုက်တန်ပါတယ်။ ” ဟု အပြုံးလေးနှင့် ပြောလိုက်သည်။
“ ခင်ဗျားက … ”
“ ကျွန်တော်က သခင်ကြီးဝူတို့မိသားစုရဲ့ ဘဏ္ဍာထိန်းပါ။ ”
“ အိုး ၊ ဒါဆို ခင်ဗျားက ဝူမိသားစုကပေါ့။ ကျုပ် ရိုင်းပျမိတာ စိတ်မရှိပါနဲ့။ ”
“ ရပါတယ်ဗျာ။ ဒါနဲ့ သခင်လေးလီ စေ့စပ်ကြောင်းလမ်းပြီးပြီလား ဆိုတာ မေးလို့ ရမလား။ ”
“ ဟို … ” လီရှန်းက ရှက်ရွံ့စွာ ပြန်ပြောလိုက်သည်။ “ ကျုပ် အခုထိ မစေ့စပ်ရသေးပါဘူး။ ”
“ ဟားဟား … အခန့်သင့်လိုက်လေခြင်း။ ” သခင်ကြီးဝူက ထိုစကားကို ကြားသည်နှင့် စကားဝိုင်းထဲကို ဝင်လာခဲ့သည်။ “ ငါ့ရဲ့ သမီးငယ်လေးက အိမ်ထောင်ပြုဖို့ သင့်တော်တဲ့ အရွယ်ကို ရောက်နေပြီ။ မင်း ငါ့ရဲ့ သားမက် ဖြစ်ချင်လား သခင်လေးလီ။ ”
လီရှန်းတစ်ယောက် ဝမ်သာလုံးဆို့သွားမိလေသည်။ ဝူမိသားစု ဘယ်လောက်တောင် ချမ်းသာလဲ ဆိုတာ သူ ကောင်းကောင်း သိသည်။ သူသာ သခင်ကြီးဝူရဲ့ သမီးနှင့် အမှန်တဥဘ် လက်ထပ်နိုင်ရင် တစ်သက်စားမကုန်တဲ့ ပိုက်ဆံတွေကို ရရှိမျာ ဖြစ်ပြီး စာလေ့လာဖို့ ပိုက်ဆံမရှိမှာကို ဘယ်တော့မှ ထပ်စိတ်ပူစရာ လိုတော့မှာ မဟုတ်။
အနာဂတ်မှာ သူ ခရိုင်အဆင့် ၊ နိုင်ငံအဆင့်စာမေးပွဲတွေကို ဖြေဆိုအောင်မြင်ပြီး အရာရှိတစ်ယောက် ဖြစ်လာတဲ့ အချိန်ထိ ထောက်ပံ့ပေးမယ့် ပိုက်ဆံတွေ အများကြီး လိုအပ်သေးသည်။
ထို့ကြောင့် သူနှင့် ဝူမိသားစုက ပြီးပြည့်စုံစွာ လိုက်ဖက်ညီသည်ဟု ပြောလို့ ရသည်။
“ သခင်ကြီးဝူရဲ့ မျက်နှာသာပေးမှုအတွက် ကျွန်တော် ဂုဏ်ယူမိပါတယ်ခင်ဗျာ။ ” ဟု လီရှန်းက အမြန် ပြန်ပြောလိုက်သည်။ “ မင်္ဂလာပွဲကိစ္စတွေအတွက်ကတော့ ကျွန်တော် အိမ်ပြန်ရောက်ရင် မိဘတွေနဲ့ ဆွေးနွေးကြည့်ပြီး နေ့ကောင်းရက်သာ တစ်ရက်မှာ လာတောင်းရမ်းပါ့မယ်။ ”
“ ဟားဟား … ကောင်းတယ် ကောင်းတယ်။ ငါ သခင်လေးလီဆီက သတင်းကောင်းကို စောင့်နေပါ့မယ်။ ”
မမျှော်လင့်ဘဲ ငွေပုံပေါ်ကို ရောက်သွားတဲ့ အဖြစ်က လီရှန်းရဲ့ ကိုယ်နှုတ်အမူအရာကို အပြောင်းလဲကြီး ပြောင်းလဲသွားစေခဲ့ကာ မီးတုတ်အောက်မှာ ရပ်နေတဲ့ သူ့ပုံရိပ်က တောက်ပနေသလိုပါပဲ။
လီရှန်းသည် အပြုံးဖျော့ဖျော့ဖြင့် ဝမ်အာနှင့် လီယောင်ကို တစ်ချက် လှည့်ကြည့်လိုက်ပြီး ချက်ချင်းပဲ အကြည့်ပြန်လြွှလိုက်သည်။ အခုက စပြီး သူ ဆိုတဲ့ လီရှန်းက စီရင်စုအဆင့်စာမေးပွဲကို အောင်မြင်သွားပြီ ဖြစ်သည်။ သူက အရင်တုန်းက လီရှန်း မဟုတ်တော့ဘဲ အလွန် ချမ်းသာကြီးမြတ်ဖို့ ကံကြမ္မာသတ်မှတ်ထားပြီးသား ဖြစ်သွားသည်။
သူ့အစ်မ လီယောင်မှာ ပိုက်ဆံရှိတော့ရော ဘာအရေးလဲ။ အနာဂတ်မှာ သူ အရာရှိတစ်ယောက် ဖြစ်လာတဲ့ အချိန်ထိ သူမက ချမ်းသာနေသေးရင်တောင် သူ့ကို တွေ့တိုင်း ဒူးထောက်ဦးညွှတ်ရလိမ့်မည်။
ဆရာလျိုက အပြုံးပန်းတွေ ဝေဆာနေခဲ့သည်။ “ ဟဟ … ငါ့မှာ မင်းလို ကျောင်းသားကို တပည့်တော်ခွင့်ရတာက သုံးဘဝစာ ကံကောင်းမှုပဲ လီရှန်း။ ”
“ ဆရာ့ရဲ့ သင်ကြားမှုတွေကို ကျေးဇူးတင်ရမှာပါ။ ဆရာ့ကြောင့်သာ ကျွန်တော်လီရှန်းက ဒီနေ့ ဒီအချိန်မှာ အောင်မြင်နိုင်ခဲ့တာပါ။ ”
ဆရာလျိုတစ်ယောက် အကျေနပ်ကြီး ကျေနပ်သွားသည်။ “ အေး။ အခု သွားနားတော့။ ”
ထို့နောက် ကျန်ရှိနေတဲ့ စာမေးပွဲအောင်မြင်သူနာမည်တွေကို ဆက်လက် ကြေညာလိုက်သည်။
ကျန်းချန်နှင့် ဟွေ့လင်သည် ရလဒ်တွေကို အရင်ကတည်းက သိထားပုံဖြင့် ရှေ့ထွက်လာပြီး သူ့ကို ကျေးဇူးတင်စကားပြောကာ သူငယ်ချင်းတွေရဲ့ ဂုဏ်ပြုစကားတွေ ၊ လာရောက်စူးစမ်းသူတွေရဲ့ အားကျသော အကြည့်တွေကို ခံယူနေခဲ့သည်။
စာမေးပွဲမအောင်တဲ့ ဝမ်အာကတော့ ရေခဲတမျှ အေးစက်နေတဲ့ မြေတိုက်လန်းထဲကို ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။ သူ့မှာ စာလေ့လာချိန် နည်းနည်းပဲ ရခဲ့လို့ စာမေးပွဲမအောင်တာလား … ။
“ ဘာမှ မဖြစ်ဘူး အစ်ကိုဝမ်။ ” စုန့်ကျယ်က သူ့ပခုံးကို ပုတ်သည်။ “ တစ်ကြိမ် မအောင်တာ ဘာအရေးလဲ။ ကျွန်တော်လည်း အောင်လို့လား။ ကျွန်တော်တို့ နောက် ( ၂ ) နှစ် နေရင် ထပ်ကြိုးစားကြတာပေါ့။ ”
( ၂ ) နှစ် နေရင် ….. ။
ဝမ်အာ ခေါင်းခါယမ်းလိုက်မိသည်။ လူတစ်ယောက်က ကိစ္စတစ်ခုကို တစ်ထိုင်တည်း မအောင်မြင်ရင် အရှန်ပျကိသွားတာပဲ ဆိုတဲ့ ဆိုရိုးစကားကို သူ လေးလေးနက်နက် နားလည်သည်။
လွီရှို့ချိုက်က ဝမ်အာကို “ ကောင်လေး ၊ ငါတောင် အားမလျော့တာ မင်းက ဘာလို့ အားလျော့နေတာလဲ။ ငါတို့ နောက် ( ၂ ) နှစ် နေရင် ထပ်ကြိုးစားကြမယ်။ အဲ့အချိန်ကျ သေချာပေါက် အောင်မှာ။ ” ဟု ပြောလိုက်သည်။
“ ဟားဟား … ”
လွီရှို့ချက်ရဲ့ စကားအဆုံးမှာ ကျယ်ကျယ်လောင်လောင် ရယ်သံတွေ ချက်ချင်း ထွက်ပေါ်လာသည်။
“ တစ်သက်လုံး စီရင်စုစာမေးပွဲကို မအောင်တဲ့ လူက အဲ့စကားမျိုး ပြောရဲတယ်နော်။ ”
“ ခင်ဗျားက သူ့ဆရာ ဖြစ်နေလို့ ဝမ်အာလည်း စာမေးပွဲကျတာ နေမယ်။ ”
“ တစ်သက်လုံး စာမေးပွဲမအောင်တဲ့ လူက ဘယ်တော့မှ အောင်မှာ မဟုတ်ဘူး။ ”
“ ငါ မင်းကို တခြား ဆရာ တစ်ယောက် ထပ်ရှာဖို့ အကြံပေးတယ် ဝမ်အာ။ မဟုတ်ရင် မင်းလည်း မင်းရဲ့ ဆရာလိုပဲ တစ်သက်လုံး စာမေးပွဲအောင်မှာ မဟုတ်ဘူး။ ”
“ မင်းတို့အားလုံး တော်လိုက်ကြတော့။ ” လီယောင်က ရုတ်တရက်ပဲ ကျယ်လောင်စွာ အော်ပြောလိုက်သည်။ “ မင်းတို့က ငါ့ဆရာရဲ့ ပညာအရည်အချင်းကို ဘယ်လောက် သိလို့လဲ။ ”
“ အဲ့ဒါဆိုလည်း သူ ဘာလို့ စီရင်စုအဆင့်စာမေးပွဲကိုတောင် ဒီလောက် နှစ်တွေ အများကြီး ကြာသွားတာတောင် မအောင်သေးတာလဲ။ ”
ဝမ်အာ ခဏတာ နှုတ်ဆိတ်သွားရသည်။ အချက်အလက်တွေက စကားလုံးတွေထက် ပိုကျယ်လောင်သည်။ လွီရှို့ချိုက်က အကြိမ်ပေါင်းများစွာ စာမေးဝင်ပွဲဖြေခဲ့ပေမဲ့ ဘယ်တော့မှ မအောင်ခဲ့တာကို ငြင်းဆန်လို့ မရပါ။
သူ ဘယ်လို့ တုံ့ပြန်ရမှန်းမသိ ဖြစ်နေစဉ်မှာပဲ အသံ တစ်သံက ရုတ်တရက် ထွက်ပေါ်လာသည်။ “ ဘာလို့လဲ ဆိုတော့ လူတစ်ယောက်က စာမေးပွဲမှာ မသမာမှုကျူးလွန်ခဲ့လို့ပေါ့။ ”
ထိုစကားက လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။ အထူးသဖြင့် လူအုပ်ထဲကနေ ရှေ့ထွက်လာတဲ့ လီယောင်ကို မြင်ချိန်မှာ မျက်မှောင်ကြုတ်သွားတဲ့ ဆရာလျို ဖြစ်သည်။
“ အမေ … ”
“ ဘာမှ ဆက်ပြောမနေနဲ့။ ဒီကမ္ဘာကြီးမှာ တရားမျှတမှု ဆိုတာ မရှိရင် အမေက တရားမျှတမှုကို ဒီနေ့ ထိန်းသိမ်းပေးမယ်။ ဒီစာမေးပွဲမှာ မသမာမှု ရှိနေတယ်လို့ ဒီအရပ်သူ လီယောင်က တိုင်ကြားပါတယ် တရားသူကြီးမင်း။ စာမေးပွဲမှူးတွေက စာဖြေသူတွေနဲ့ ပေါင်းကြံပြီး မသမာမှုကို ကျူးလွန်ထားပါတယ်။ ”
“ ရဲတင်းပြီး အောက်တန်းကျလိုက်တဲ့ မိန်းမ။ ” ဆရာလျိုက ဒေါသထွက်သွားပြီး ကျယ်လောင်စွာ အော်ပြောခဖြ့သည်။ “ မင်းက ဘာသက်သေမှ မရှိဘဲနဲ့ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောပြီး စာမေးပွဲမှူးတွေကို အပုပ်ချနေတာပဲ။ ငါ မင်းကို အပြစ်ပေးဖို့ တရားသူကြီးစုန့်ကို တောင်းဆိုမယ် ဆိုတာကို မယုံမရှိနဲ့။ ”
သို့သော် လီယောင်ကတော့ သူ့ကို လုံးဝ ဂရုမစိုက်ဘဲ တရားသူကြီးစုန့်ထံကိုသာ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။
“ ဒီကိစ္စကို ရှင် ဖြေရှင်းပေးမှာလား ၊ ဖြေရှင်းမပေးဘူးလား တရားသူကြီးမင်း။ ”
…