အဖြေလွှာအတုပြုလုပ်ခြင်း။
Vol. 11 Ch. 126
တရားသူကြီးစုန့်က စိတ်ထဲကနေပဲ ပြန်ပြောလိုက်သည်။ မဖြေရှင်းပေးနိုင်ဘဲ နေမလား ၊ သူ ဒီအချိန်ကို စောင့်နေခဲ့တာလေ … ပန်းတွေ ညိုးနွမ်းခြောက်သွေ့သွားမယ့် အချိန်ကို စောင့်နေခဲ့တာ …။
ဆရာလျိုက အမြန် ရှေ့ထွက်လာပြီး ပြောလိုက်သည်။ “ ဒီမိန်းမယုတ်ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို မယုံပါနဲ့ တရားသူကြီးမင်း။ ”
တခြား စာမေးပွဲမှူးတွေကလည်း တစ်ယောက်ပြီး တစ်ယောက် ရှေ့ထွက်လာကြသည်။ “ ဟုတ်ပါတယ် တရားသူကြီးမင်း။ ဒီမိန်းမက သူ့သား စာမေးပွဲမအောင်တာနဲ့ လူတွေကို ရည်ရွယ်ချက်ရှိရှိ ယုန်ထင်ကြောင်ထင် ဖြစ်အောင် လုပ်နေတာပါ။ တရားသူကြီးမင်းရဲ့ ပညာဉာဏ်နဲ့ ဒီကိစ္စကို ကွဲကွဲပြားပြား မြင်နိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ”
“ ဒါက … ”
တရားသူကြီးစုန့်က ဝေခွဲရခက်နေသလို ဟန်ဆောင်လိုက်ပြီး နောက်ဆုံးမှာတော့ စဉ်းစားရကျပ်နေတဲ့ ကြီးကြပ်ရေးမှူးဟဲကို လှမ်းကြည့်လိုက်သည်။
“ ဒီကိစ္စကို ခင်ဗျားရော ဘယ်လို ထင်လဲ ကြီးကြပ်ရေးမှူးဟဲ။ ”
“ တရားသူကြီးမင်း ဘာပြောလိုက်တာလဲ။ ” ကြီးကြပ်ရေးမှူးဟဲက သူ့ကို လှည့်ကြည့်ကာ လက်ကို နားရွက်နားမှာ ကပ်၍ ကျယ်လောင်စွာ မေးလိုက်သည်။ “ ကျယ်ကျယ် ပြောပေးပါလား တရားသူကြီးမင်း။ ကျွန်တော် ခင်ဗျား ပြောတဲ့ စကားကို မကြားရဘူး ဖြစ်နေတယ်။ ”
အဲ့ဒါကို မြင်တဲ့ ကာကွယ်ရေးခေါင်းဆောင်ကျန်းက သူ့နားရွက်နားကို ကပ်ပြီး အော်ထည့်ပစ်လိုက်သည်။ “ တရားသူကြီးစုန့်က ဒီမသမာမှုကို ခင်ဗျား စစ်ဆေးချင်လားတဲ့။ ”
“ မင်း ဘာလို့ အဲ့လောက်တောင် အော်နေတာလဲ။ ” ကြီးကြပ်ရေးမှူးဟဲက မျက်မှောင်ကြုတ်ပြီး မျက်နှာကို တစ်ဖက် လွှဲလိုက်၏။ “ မင်းကြောင့် ငါ နားအူသွားပြီ။ ”
ကာကွယ်ရေးခေါင်းဆောင်ကျန်း : …
နေရာမှာ ရှိနေတဲ့ လူများ : …
“ ဒါပေမဲ့ တစ်စုံတစ်ယောက်က မသမာမှုကို တိတ်တဆိတ် ကျူးလွန်ထားတယ်လို့ မင်းပဲ ပြောထားတာ မဟုတ်ဘူးလား။ ” ကြီးကြပ်ရေးမှူးဟဲက ဆက်ပြောလိုက်သည်။ “ အဲ့ဒါက ကြီးလေးတဲ့ ရာဇဝတ်မှုပဲ။ တရားသူကြီးမင်းက ဒီရာဇဝတ်မှုကို ဒီတိုင်း လက်ပိုက်ကြည့်နေလို့ ဘယ်ရမလဲ။ ”
နေရာမှာ ရှိနေတဲ့ လူများ : …
“ ကောင်းတယ်။ ” တရားသူကြီးစုန့်သည် ဘယ်သူ့ရဲ့ တုံ့ပြန်မှုကိုမှ စောင့်မနေဘဲ “ ကြီးကြပ်ရေးမှူးဟဲက သဘောတူလိုက်ပြီ ဆိုတော့ စပြီး စစ်ဆေးကြမယ်။ ” ဟု အော်ပြောလိုက်လေသည်။
ဆရာလျို : …
ဆရာလျိုသည် ဒီလို အရေးပေါ် အခြေအနေမှာမှ နမော်နမဲ့နိုင်လွန်းတဲ့ မျက်မမြင်နားမကြား ကြီးကြပ်ရေးမှူးဟဲကို စိတ်ထဲကနေ တိတ်တိတ်လေး ကျိန်ဆဲလိုက်သည်။
အခု တရားသူကြီးစုန့်က ကြီးကြပ်ရေးမှူးဟဲရဲ့ စကားအမှားကို ဖုံးကွယ်ပြီး မသမာမှုကို စစ်ဆေးချင်နေပြီမို့ သူတော့ ပြဿနာတက်ပြီဟု ပြောလို့ ရသည်။ ဒါပေမဲ့ သိပ်စိုးရိမ်စရာ မလိုပါ။
လီရှန်းနှင့် ကျန်သုံးယောက်ရဲ့ အဖြေလွှာတွေကို သူကိုယ်တိုင် တိတ်တဆိတ် အစားထိုးထားခဲ့ပြီး အစားထိုးထားတဲ့ အဖြေလွှာတွေကို ကူးယူကာ သူတို့ကို မှတ်မိအောင် ကျက်ထားဖို့ မှာထားခဲ့သည်။ ပြီးတော့ ကျောင်းသားတွေရဲ့ မူလအဖြေလွှာပေါ်က နာမည်တွေကိုလည်း ပြောင်းလဲထားသည်။
ထို့ကြောင့် နှံ့နှံ့စပ်စပ် စစ်ဆေးမည် ဆိုလျှင်တောင် မသမာမှုကို ကျူးလွန်သူတွေက စာမေးပွဲကျတဲ့ ဝမ်အာနှင့် ကျန်နှစ်ယောက်ပဲ ဖြစ်ပါလိမ့်မည်။ သူတို့ စာမေးပွဲအဖြေလွှာတွေကို ဘယ်လို လဲလှယ်လိုက်လဲ ဆိုတာကိုတော့ ဘယ်သူမှ မသိ။
ဆရာလျိုသည် ထိုအကာအကွယ်ကြောင့် စိတ်အေးလက်အေး ရှိနေနိုင်ခဲ့သည်။ “ အဲ့လို ဆိုရင်လည်း စစ်ဆေးပါ။ တရားသူကြီး ဘာကို စစ်ဆေးချင်နေတာလဲတော့ ကျုပ် မသိဘူး။ ”
“ ရိုးရှင်းပါတယ်။ ကျောင်းသားတွေရဲ့ အဖြေလွှာ နှစ်ရွက်ကို ယူပြီး ယှဉ်ကြည့်ရုံပေါ့ … ”
“ အဲ့လို လုပ်ဖို့ မလိုဘူး။ ”
တရားသူကြီးစုန့်ရဲ့ စကားမဆုံးသေးခင်မှာပဲ လီယောင်က စကားဖြတ်ပြောလိုက်သည်။
ဆရာလျိုရဲ့ ကောက်ကျစ်ယုတ်မာတဲ့ အစီအမံတွေကို သူမ မြင်ပြီးပြီမို့ ပုံသေကားကျ စစ်ဆေးနည်းတွေက အသုံးမဝင်ဘဲ သူ မှန်ကန်ကြောင်း တွန်းပို့ပေးလိုက်သလိုသာ ရှိလိမ့်မည်ကို နားလည်သည်။
“ အဲ့လို လုပ်ဖို့ မလိုဘူး ဆိုတာ ဘာအဓိပ္ပာယ်လဲ အမျိုးသမီးလီ။ ” ဟု တရားသူကြီးစုန့်က မေးလိုက်သည်။ “ မသမာမှုလား ဘာလား ဆိုတာကို စာမေးပွဲအဖြေလွှာ နှစ်ရွက်ကို ယှဉ်မကြည့်ဘဲနဲ့ ဘယ်လိုလုပ် ခွဲခြမ်းစိပ်ဖြာလို့ ရမှာလဲ။ ”
“ စာမေးပွဲအဖြေလွှာတွေ ဆိုတာ အတုပြုလုပ်လို့ ရပါတယ်။ ”
“ အခြေအမြစ် မရှိလိုက်တာ။ ” ဆရာလျိုက အေးစက်စွာ လှောင်ရယ်လိုက်သည်။ “ မင်း ပြောသလိုသာဆို ဒီကိစ္စကို စစ်ဆေးဖို့ နည်းလမ်း မရှိတော့တဲ့ သဘောလား။ ”
“ နည်းလမ်း တစ်ခုတော့ ရှိပါတယ်။ စာမေးပွဲအဖြေလွှာတွေကို အတုလုပ်လို့ ရပေမဲ့ လူတွေကိုတော့ အတုလုပ်လို့ မရဘူးလေ။ ကျောင်းသားတွေကို သူတို့ ဖြေခဲ့တဲ့ အဖြေလွှာထဲကအတိုင်း နောက်တစ်ကြိမ် ထပ်ရေးခိုင်းပြီး မူရင်းအဖြေလွှာတွေနဲ့ ယှဉ်ကြည့်ဖို့ပဲ လိုပါတယ်။ သဟဇာတဖြစ်အောင် မရေးနိုင်တဲ့ ကျောင်းသားက မသမာမှုကို ကျူးလွန်ထားတဲ့ ကျောင်းသားပဲ။ ”
တရားသူကြီးစုန့်က ခဏလောက် တွေးနေပြီးမှ ကြီးကြပ်ရေးမှူးဟဲကို လှမ်းကြည့်လိုက်ပြန်သည်။ “ ကြီးကြပ်ရေးမှူးဟဲရော ဘယ်လို ထင်လဲ။ ”
“ ဟမ်။ ” ကြီးကြပ်ရေးမှူးဟဲလည်း အူကြောင်ကြောင် ဖြစ်သွားရပြန်၏။ “ တရားသူကြီးမင်း ပြန်လည်သင့်မြတ်ချင်လည်း သင့်မြတ်လိုက်ပါ။ ကမ္ဘာပေါ်က နေရာတိုင်းမှာ သဟဇာတဖြစ်ဖို့ အရေးကြီးတယ်။ ”
နေရာမှာ ရှိနေတဲ့ လူများ : …
“ ကောင်းတယ်။ ဒါဆို အမျိုးသမီးလီ ပြောတဲ့ နည်းလမ်းနဲ့ စစ်ဆေးကြမယ်။ ”
ခဏအကြာမှာပဲ လူတစ်ယောက်က ထိုင်ခုံတွေ ၊ စားပွဲတွေ ၊ ခဲတံတွေ ၊ စာရွက်တွေကို ယူလာခဲ့ပြီး ကျောင်းသား ခြောက်ယောက်အား စာမေးပွဲအတွင်းမှာ သူတို့ ဖြေဆိုခဲ့တဲ့ စာစီစာကုံးကို မှတ်ဉာဏ်ထဲကနေ နှိုက်ထုတ်ကာ နောက်တစ်ကြိမ် ပြန်ရေးခိုင်းစေခဲ့သည်။
ဒီမှားနိုင်စရာမရှိတဲ့ ကိစ္စက အခုလို အခြေအနေကို ရောက်လာလိမ့်မည်ဟု လီရှန်း မျှော်လင့်မထားခဲ့ပေ။ သူ လီယောင်ကို အေးစက်စက် ကြည့်လိုက်ပြီးနောက် ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ ဒါပေမဲ့ ဆရာလျိုရဲ့ မျက်ရိပ်မျက်ကဲဖြင့် အချက်ပြတာကို သူ မြင်လိုက်တာမို့ ဘာဆက်လုပ်ရမလဲ ဆိုတာကို နားလည်သွားသည်။ ထိုင်ခုံမှာ ထိုင်ပြီးသည်နှင့် သူ့မှတ်ဉာဏ်ထဲက စာစီစာကုံးကို ခပ်သွက်သွက်ပဲ ချရေးလိုက်သည်။
လူတိုင်း ရေးပြီးသွားတော့ တရားသူကြီးစုန့်က သူ့လူတွေအား စာမေးပွဲအဖြေလွှာတွေကို စုဆောင်းခိုင်းလိုက်လျှင် လူတိုင်း ဆွံ့အသွား၏။
အဖြေလွှာ ခြောက်ခုလုံးက မတူကွဲပြားနေရမှာ ဆိုပေမဲ့ အဖြေလွှာတွေကို စုဆောင်းပြီးတဲ့နောက်မှာ ဝမ်အာနှင့် လီရှန်းရဲ့ အဖြေလွှာတွေ ၊ ကျန်းချန်နှင့် လွီရှို့ချက်ရဲ့ အဖြေလွှာတွေ ၊ စုန့်ကျယ်နှင့် ဟူလင်ရဲ့ အဖြေလွှာတွေဟာ တစ်ပုံစံတည်း ဖြစ်နေတာကို သူတို့ မြင်လိုက်ရလေသည်။
လူခြောက်ယောက်က စာမေးပွဲအဖြေလွှာ သုံးခုကိုသာ ရေးထားတာကို မသမာမှုကျူးလွန်ထားတာ မရှိဘူးလို့ ဘယ်သူက ယုံကြည်မှာလဲ။
“ ဟမ့်။ ” တရားသူကြီးစုန့်က အေးစက်စွာ လှောင်ရယ်လိုက်သည်။ “ ဒီအဖြေလွှာတွေ အကုန်လုံးကို လာပြီးတော့ ချိပ်ပိတ်လိုက်။ ဒီနေ့ ငါတို့ ဒီကိစ္စကို ဟိုးအောက်ခြေအထိ စစ်ဆေးမယ်။ ”
“ ဟုတ်ကဲ့ပါ။ ”
ကာကွယ်ရေးခေါင်းဆောင်ကျန်းက အမှုထမ်း တစ်ဖွဲ့ကို ခေါ်ပြီး စာမေးပွဲအဖြေလွှာတွေ အကုန်လုံးကို စုစည်းခိုင်းလိုက်တဲ့ အချိန်မှာ ဆရာလျိုကတော့ စိတ်ထဲကနေ သရော်တော်တော် ပြုံးနေခဲ့ပါသည်။
မြန်မြန် စစ်ဆေးကြ။ မြန်မြန်လေး စစ်ဆေးလိုက်ကြ။ ခဏနေရင် ဝမ်အာ ၊ လွီရှို့ချိုက်နဲ့ စုန့်ကျယ်ကပဲ မသမာမှုကို ကျူးလွန်တဲ့ လူတွေ ဖြစ်သွားမှာ။ အဲ့အချိန်ကျ မင်း ဒီပြဿနာကို ဘယ်လို အဆုံးသတ်မလဲ ဆိုတာ ကြည့်ရသေးတာပေါ့။
ကာကွယ်ရေးခေါင်းဆောင်ကျန်းက “ စာမေးပွဲအဖြေလွှာတွေ အကုန်လုံးကို စုစည်းပြီးပါပြီ တရားသူကြီးမင်း။ ” ဟု ပြောလိုက်သည်။
“ အဲ့အဖြေလွှာတွေကို အခုချက်ချင်း ယှဉ်ကြည့်လိုက်။ ” တရားသူကြီးစုန့်က ခဏလောက် စဉ်းစားနေပြီးမှ ဆက်ပြောလိုက်သည်။ “ လီရှန်းနဲ့ ဝမ်အာကနေ စပြီး နှိုင်းယှဉ်စစ်ဆေးကြမယ်။ ”
ဒါပေမဲ့ ခဏအကြာမှာတော့ သူ မျက်မှောင်ကြုတ်သွားရသည်။
“ တရားသူကြီးမင်း … ဒါက … ”
“ ရလဒ်တွေက ဘာတဲ့လဲ။ ”
ကာကွယ်ရေးခေါင်းဆောင်ကျန်းက လီယောင်ကို လှည့်ကြည့်လိုက်တော့ လီယောင်က သူ့ကို ခေါင်းညိတ်ပြတာကို မြင်လိုက်ရသည်။ “ နှိုင်းယှဉ်စစ်ဆေးကြည့်လိုက်တဲ့ အချိန်မှာ လီရှန်းရဲ့ မူလ စာမေးပွဲအဖြေလွှာက သူ အခု ထပ်ရေးထားတဲ့ အဖြေလွှာနဲ့ တစ်ထပ်တည်းပါပဲ။ ဝမ်အာရဲ့ မူလ အဖြေလွှာကတော့ သူ အခု ထပ်ရေးထားတဲ့ အဖြေလွှာနဲ့ မတူဘူး။ အဲ့ဒါကြောင့် သက်သေတွေအရ ဝမ်အာက … မသမာမှု ကျူးလွန်ထားတဲ့လူအဖြစ် သံသယဝင်စရာအကောင်းဆုံးပဲ။ ”
“ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
လူတိုင်း ထိတ်လန့်သွားကြသည်။
ဒီပြဿနာကို စတင်ခဲ့တဲ့ လီယောင်ရဲ့ သားက မသမာမှုကျူးလွန်သူ ဖြစ်မေလိမ်ပမည်ဟု ဘယ်သူမှ မျှော်လင့်မထားခဲ့ကြပေ။
ဒီမှာ ဘာတွေ ဖြစ်နေတာလဲ … ။
ဆရာလျိုကတော့ သူတို့ကို အေးစက်စွာပင် စိုက်ကြည့်နေခဲ့ပြီး စိတ်ထဲကနေ တစ်ချိန်လုံး လှောင်ရယ်နေခဲ့သည်။
မင်းတို့တွေက ငါနဲ့ ယှဉ်ဖို့ အတွေ့အကြုံနုလွန်းပါသေးတယ်။ ဒါက အစပဲ ရှိသေးတာ ၊ ဒီစိတ်ဝင်စားစရာ ပွဲက ဘယ်လို အဆုံးသတ်သွားမလဲ ဆိုတာ ကြည့်နေလိုက်။
“ တခြား စာမေးပွဲအဖြေလွှာတွေကိုလည်း ဆက်စစ်ဆေးလိုက်ပါ။ ”
“ ဟုတ်ကဲ့ပါ။ ”
ကာကွယ်ရေးခေါင်းဆောင်ကျန်းနှင့် တခြားလူတွေက ကျန်တဲ့ အဖြေလွှာတွေကို ဆက်နှိုင်းယှဉ်ကြည့်ခဲ့ပြီး သူတို့မျက်နှာတွေက ပိုလို့တောင် မည်းမှောင်သွားခဲ့ကြသည်။
ကျန်းချန်နှင့် လွီရှို့ချိုက်မှာ လွီရှို့ချိုက်က မူလ အဖြေလွှာနှင့် မကိုက်ညီသူ ဖြစ်ပြီး စုန့်ကျယ်နှင့် ဟူလင်မှာလည်း ဟူလင်က မူလ အဖြေလွှာနှင့် မကိုက်ညီသူ ဖြစ်နေသည်။
စုန့်ကျယ်က တရားသူကြီးစုန့်ရဲ့ တစ်ဦးတည်းသောသား ဖြစ်နေတာမို့ ထိုရလဒ်က လူတိုင်းကို စကားတစ်ခွန်းမှ မပြောရဲအောင် ဖြစ်သွားစေခဲ့သည်။ သားဖြစ်သူ မသမာမှုကျူးလွန်တာကို အဖေကိုယ်တိုင် လက်ပူးလက်ကြပ် ဖမ်းမိတဲ့ အဖြစ်ဟာ တကယ့်ကို ဟိုးလေးတကြော်ကြော် ဖြစ်သွားတော့မည်ပင်။
ဆရာလျိုက ရယ်ချင်စိတ်ကို ထိန်းထားလျက် “ ကျုပ်တို့ ဒီကိစ္စကို ဒီတိုင်းလေးပဲ ပြီးသွားလိုက်ရင် မကောင်းဘူးလား တရားသူကြီးမင်း။ ဘာပဲဖြစ်ဖြစ် မသမာမှုကျူးလွန်သူ သုံးယောက်ကလည်း စာမေးပွဲအောင်တာမှ မဟုတ်တာ။ စာမေးပွဲရလဒ်က ဘာမှ ပြောင်းလဲမသွားပါဘူး။ ” ဟု ပြောလိုက်သည်။
သူက တရားသူကြီးစုန့်ကို ထွက်ပေါက်ပေးတာမို့ တရားသူကြီးစုန့်က သူ့စကားကို သေချာပေါက် လက်ခံလိမ့်မည်ဟု တွက်ဆထားခဲ့သည်။ ပြောရရင် သူ့သား မသမာမှုကျူးလွန်တာက ဂုဏ်ယူစရာ ကိစ္စလည်း မဟုတ်ပါ။
သို့သော် မျှော်လင့်မထားစွာဖြင့် တရားသူကြီးစုန့်ရဲ့ မျက်နှာက မည်းမှောင်သွားပြီး အေးစက်စွာ အမိန့်ပေးလိုက်သည်။ “ ဘာကို ဒီတိုင်း ပြီးရမှာလဲ။ မသမာမှုကို ကျူးလွန်ရဲတဲ့ လူတွေကို မဖြစ်မနေ အပြစ်ပေးရမှာပေါ့။ အဲ့အပြစ်သား သုံးယောက်ကို ကျုပ်ရှေ့ကို ဖမ်းခေါ်လာခဲ့လိုက်ပါ။ ”
“ နေပါဦး တရားသူကြီးစုန့်။ ”
ဝမ်အာနှင့် ကျန်နှစ်ယောက်က ဘာဖြစ်လို့ ဖြစ်သွားမှန်းမသိ ဖြစ်နေစဉ်မှာပဲ လီယောင်က ရှေ့ထွက်လာခဲ့လိုက်သည်။
ဆရာလျိုက လီယောင့်ကို ကျယ်လောင်စွာ ကြိမ်းမောင်းလိုက်သည်။ “ ရာရာစစ ဒီမိန်းမယုတ်က ပြဿနာရှာပြန်ပြီ။ မင်းကများ တရားသူကြီးမင်းရဲ့ စီရင်ချက်ကို မေးခွန်းထုတ်ရဲတာလား။ ”
လီယောင်ကတော့ သူ့ကို ဂရုမစိုက်ဘဲ “ တရားသူကြီးမင်းနဲ့ စာမေးပွဲမှူးတွေ … ရှင်တို့ အဖြေလွှာတွေကို သေချာ နှံ့နှံ့စပ်စပ် ကြည့်ပြီးတာရော ဟုတ်ရဲ့လား။ ” ဟု အော်ပြောလိုက်သည်။
“ အဲ့ဒါ ဘာအဓိပ္ပာယ်လဲ။ ”
“ လီရှန်းနဲ့ ဝမ်အာ ဒုတိယအကြိမ် ရေးထားတဲ့ စာစီစာကုံးတွေကို ကျွန်မ အခု ခပ်ဝေးဝေးကနေ ကြည့်တာတောင် မတူဘူး ဆိုတာ မြင်နေရတယ်။ ”
“ ဘာရယ်။ ” စာမေးပွဲမှူးတွေ အံ့ဩသွားသည်။ “ ဘယ်နေရာမှာ မတူတာလဲ။ ”
“ လီရှန်း ရေးထားတဲ့ စာစီစာကုံးကို ဝမ်အာရဲ့ စာစီစာကုံးနဲ့ ယှဉ်လိုက်ရင် ဝါကျ တစ်ကြောင်း ကွာနေတယ်။ ” ဟု လီယောင်က ပြောလိုက်သည်။ “ ကျွန်မ ပြောတာကို မယုံရင် ရှင်တို့ကိုယ်တိုင်ပဲ ကြည့်ကြပါ။ ”
စာမေးပွဲမှူးတွေက အလျင်အမြန် စစ်ဆေးကြည့်ခဲ့ပြီးနောက် အမှန်တကယ်ပဲ ဝါကျ တစ်ကြောင်း ကွာနေတာကို သတိထားမိသွားသည်။
ဆရာလျိုကတော့ သည်းမခံနိုင်တော့။ “ ဝါကျ တစ်ကြောင်း ကွာနေတော့ရော ဘာလုပ်ရမှာလဲ။ လီရှန်း ဒုတိယအကြိမ် ထပ်ရေးတဲ့ စာစီစာကုံးနဲ့ မူလအဖြေလွှာထဲက စာစီစာကုံးနဲ့ ကိုက်ညီတယ်လေ။ ဝါကျ တစ်ကြောင်း ထပ်ဖြည့်ခဲ့တဲ့ လူက ဝမ်အာပဲ။ ဝါကျ တစ်ကြောင်း ထည့်ဖြည့်ရုံနဲ့ ဒီကိစ္စက ဘာမှ ကွာခြားမသွားဘူး။ ”
…