အမှန်တရား ထွက်ပေါ်လာပြီ။
Vol. 11 Ch. 127
လီယောင်က ဆရာလျိုကို “ ဟုတ်လား။ တကယ်က မူလ အဖြေလွှာနဲ့ ဒုတိယအကြိမ် ထပ်ဖြေထားတဲ့ အဖြေလွှာမှာ အဲ့ဝါကျ တစ်ကြောင်း ကွာမနေဘူး ဆိုတာကို ရှင်တို့ထဲက ဘယ်သူမှ သတိမထားမိတာရော မဖြစ်နိုင်ဘူးလား။ စာရွက်အပိုင်းလေး တစ်ခုက အဲ့ဝါကျကို အုပ်ထားလို့ ရှင်တို့ မမြင်တာလေ။ ” ဟု ပြန်ပြောလိုက်သည်။
ဘယ်လို … ။
စာမေးပွဲမှူးတွေက အမြန် သွားကြည့်လိုက်ချိန်မှာတော့ အဖြေလွှာ နှစ်ရွက်လုံးရဲ့ အောက်ခြေမှာ အဖြူရောင် စာရွက်ပါးလေး တစ်လွှာ ကပ်ထားတာကို နောက်ဆုံးမှာ သူတို့ သတိထားမိသွားကြသည်။
အဖြူရောင် စာရွက်လေးက ပါးလွှာလွန်းပြီး တကယ့်ကို သဘာဝကျကျ ပိပိရိရိ ကပ်ထားတာ ဖြစ်သည်။ မီးရောင်မှိန်မှိန်နှင့် ပေါင်းစပ်လိုက်တော့ သေချာ မစစ်ဆေးရင် သတိပြုမိဖို့ မလွယ်ပါ။
“ အဲ့စာရွက်လေးကို ခွာပြီး ကြည့်ကြမလား လူကြီးမင်းတို့။ ”
ဆရာလျိုရဲ့ မျက်နှာပေါ်မှာ ချွေးစေးတွေ စီးကျနေခဲ့ပြီဖြစ်သည်။ “ မင်း … မင်း အဲ့နေရာမှာ စာရွက်ကပ်ထားတယ် ဆိုတာ ဘယ်လိုလုပ် သိတာလဲ။ အဲ့စာရွက်ကို ကပ်ထားတဲ့ လူက မင်းရော မဖြစ်နိုင်ဘူးလား။ ”
“ ဆရာလျိုကတော့ ဟာသတွေ ပြောနေပြန်ပါပြီ။ စာမေးပွဲအဖြေလွှာတွေကို တက္ကသိုလ်ထဲမှာပဲ ရှင်တို့လူကြီးမင်းတွေရဲ့ တင်းကျပ်တဲ့ စောင့်ကြည့်မှုအောက်မှာ တစ်ချိန်လုံး သိမ်းဆည်းထားတာလေ။ ကျွန်မက တက္ကသိုလ်ဂိတ်ပေါက်ကိုတောင် မဖြတ်ကျော်နိုင်တဲ့ သာမန် အရပ်သူ တစ်ယောက်ပါ။ ရှင်တို့ရဲ့ စောင့်ကြည့်နေတဲ့ မျက်လုံးတွေအောက်မှာ အဲ့စာရွက်ကို ဘယ်လိုလုပ် ကပ်နိုင်မှာလဲ။ မသမာမှုအကြောင်းကို သိနေတဲ့ စာမေးပွဲကြီးကြပ်သူတွေထဲက တစ်ယောက်က ဒီပြစ်မှုထဲမှာ ဆွဲထည့်မခံချင်လို့ ဒါကို တမင် လုပ်ခဲ့တာ ဖြစ်လိမ့်မယ်။ အဲ့နေရာမှာ စာရွက်ကပ်ထားတာကို ဘယ်လို သိတာလဲ ဆိုရင်တော့ ကျွန်မက မျက်လုံးအားကောင်းတယ်လေ ၊ တော်တော်များများထက် ကျွန်မက အမြင်စူးရှတယ်။ ”
ဆရာလျိုမှာ ပြန်လည်ချေပစရာ စကား မရှိပါ။ တကယ်လို့ စာရွက်ကို လီယောင် ကပ်ခဲ့တာလို့ သူ ခေါင်းမာစွာ စွပ်စွဲနေရရင် စာမေးပွဲအဖြေလွှာတွေကို သူ ပေါ့လျော့စွာ ထိန်းသိမ်းခဲ့တယ် ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်သွားပြီး သူမအတွက် အခွင့်အရေးပေးသလို ဖြစ်သွားပါလိမ့်မည်။
ဒါပေမဲ့ လီယောင်ရဲ့ လက်ချက်သာ မဟုတ်ရင် ဒီစာရွက်ကို ခွာတာက …
တရားသူကြီးစုန့်က “ ကျုပ်တို့ ဘာကို စောင့်နေကြသေးတာလဲ။ ဒီစာရွက်ကို မြန်မြန် ခွာမယ်။ ” ဟု အော်ပြောလိုက်သည်။
ဒီအခြေအနေကို ရောက်လာချိန်မှာတော့ ဆရာလျိုသည် ဒူးတုန်နေပြီ ဖြစ်သည်။ သူ့အမူအရာကို သတိထားမိတဲ့ တခြား စာမေးပွဲကြီးကြပ်သူတွေကလည်း မသမာတဲ့ ကိစ္စ တစ်ခုခု ရှိနေပြီ ဆိုတာ နားလည်လိုက်သည်။ စာမေးပွဲကြီးကြပ်သူ တစ်ယောက်ရဲ့ တာဝန်ကို အလွဲသုံးစားလုပ်တဲ့ ပြစ်မှုကို တာဝန်ယူရမှာ စိုး၍ သူတို့ရဲ့ အပြစ်တွေကို ချက်ချင်း ဝန်ခံခဲ့ကြသည်။
“ အဖြေလွှာအောက်ခြေမှာ တကယ်ပဲ နောက်ထပ် ဝါကျ တစ်ကြောင်း ထပ်ရှိနေပါတယ် တရားသူကြီးမင်း။ အဲ့ဝါကျက မူလ အဖြေလွှာမှာရော ၊ ဒုတိယ အဖြေလွှာမှာရော ရှိနေတာပါ။ ”
ဆရာလျိုက စိတ်လှုပ်ရှားစွာ တံတွေးမျိုချလိုက်ပြီး သူ့ခန္ဓာကိုယ် တစ်ခုလုံးမှာ ချွေးတွေ ရွဲနစ်နေသည်။
သွားပြီလေ ၊ အကုန် သွားပြီ။ အခုမှတော့ သူ ဘာလုပ်လို့ ရဦးမှာလဲ။
တရားသူကြီးစုန့်ရဲ့ နှလုံးသားထဲက ကြိုးထုံးလေးဟာ နောက်ဆုံးတော့ အနည်းငယ် ပြေလျော့သွားသည်။ “ မင်း ဘာပြောမလဲ လီရှန်း။ ”
“ ဒါက … ” လီရှန်းရဲ့ စိတ်ထဲမှာ ယောက်ယက်ခတ်သွား၏။ “ တရားသူကြီးမင်းကို အစီရင်ခံပါတယ်။ ဒီအမှားက ကျောင်းသားက ခုနတုန်းက စိတ်လှုပ်ရှားနေတဲ့အတွက် နောက်ဆုံး ဝါကျကို ရေးဖို့ မေ့လျော့သွားခဲ့တာပါ။ ”
“ အဲ့လိုလား။ ” လီယောင်က အေးစက်စွာ ပြောလိုက်သည်။ “ ဒါဆို နင် အဲ့ဝါကျကို အခုရော မှတ်မိလား။ ”
နောက်ဆုံး ဝါကျကို လီရှန်း ကြည့်တောင် မကြည့်ရသေးတာမို့ မှတ်မိနိုင်စရာအကြောင်းမရှိပါ။ သို့သော်လည်း သူ့မှာ “ ကျွန်တော် မှတ်မိပါတယ်။ ” လို့ ပြောရုံက လွဲလို့ တခြား ရွေးချယ်စရာ မရှိပေ။
သူ ဝင်ပြောဖို့ အချိန်ကျပြီ ဆိုတာကို နားလည်လိုက်တဲ့ ဝမ်အာက ရှေ့ထွက်လိုက်သည်။ “ ကျွန်တော့်စာစီစာကုံးရဲ့ နောက်ဆုံး ဝါကျက ‘ ကမ္ဘာကြီးရဲ့ စိုးရိမ်ပူပန်မှုတွေကို သင့်ရဲ့ ကိုယ်ပိုင် စိုးရိမ်ပူပန်မှုတွေရှေ့မှာ ထားလိုက်ပါ ၊ ကမ္ဘာကြီးရဲ့ ပျော်ရွှင်မှုတွေကိုလည်း သင့်ရဲ့ ကိုယ်ပိုင် ပျော်ရွှင်မှုတွေရှေ့မှာ ထားလိုက်ပါ ’ ဆိုတာပါ။ အဲ့ဒါက ကျွန်တော့်အမေ ကျွန်တော့်ကို အမြဲတမ်း သင်ကြားပေးခဲ့တာပါ။ အဓိပ္ပာယ်ကတော့ ကျွန်တော်သာ အရာရှိတစ်ယောက် ဖြစ်လာခဲ့ရင် သာမန်ပြည်သူတွေကို နှလုံးသားထဲမှာ အမြဲတမ်း ထည့်ပြီး သူတို့အကျိုးအတွက် အများကြီး ဆောင်ရွက်ပေးရမယ် ဆိုတဲ့ အဓိပ္ပာယ်ပါ။ ”
ဝမ်အာက လီရှန်းကို တစ်ချက် လှည့်ကြည့်ပြီးမှ ဆက်ပြောလိုက်သည်။ “ ကိုယ့်အတွက်ကိုယ်ပဲ သိတဲ့ အခွင့်အရေးသမား တစ်ယောက် ဖြစ်လို့ မရပါဘူး။ ”
“ ကောင်းတယ် ၊ သိပ်ကို ကောင်းတဲ့ စကားပဲ။ ” တရားသူကြီးစုန့်က တအံ့တဩ ရေရွတ်လိုက်သည်။ “ ဒါဆို မသမာမှုကို ကျူးလွန်တာက ဝမ်အာ မဟုတ်ဘဲ လီရှန်းပေါ့။ ”
တရားသူကြီးစုန့်သည် စားပွဲကို ဖြန်းခနဲ ရိုက်ချလိုက်ပြီး ဒေါသတကြီး အော်ပြောလိုက်လေသည်။ “ အကုန်လုံးကို အမှန်အတိုင်း ဝန်ခံစမ်း လီရှန်း။ မင်း ဘယ်သူနဲ့ ပူးပေါင်းပြီး မသမာမှုကို ကျူးလွန်ခဲ့တာလဲ။ ”
လီရှန်းရဲ့ ခြေထောက်တွေက ယိုင်နဲ့လာပြီး မြေကြီးပေါ်ကို ဒူးထောက် ထိုင်ချလိုက်မိသည်။ “ ကျွန်တော့်ကို သက်ညှာပေးပါ တရားသူကြီးမင်း။ ကျွန်တော် အားလုံး ပြောပြပါ့မယ်။ ဆရာလျိုက ကျွန်တော့်အတွက် စာမေးပွဲအဖြေလွှာချင်း လဲပေးမယ်လို့ ကတိပေးခဲ့တာပါ။ ”
ဆရာလျိုရဲ့ ခြေထောက်တွေကလည်း ယိုင်နဲ့လာပြီး မြေကြီးပေါ်ကို လဲကျတော့မလို ဖြစ်သွားခဲ့သည်။
တရားသူကြီးစုန့်က “ လီရှန်း .. မင်းမှာ သင့်တင့်တဲ့ ပညာအရည်အချင်း ရှိရက်သားနဲ့ ဘာလို့ ဒီလို လုပ်ရပ်မျိုး လုပ်ရတာလဲ။ ” ဟု မေးလိုက်သည်။
“ ဒါတွေ အကုန်လုံးက ဆရာလျိုရဲ့ စိတ်ကူးတွေပါ။ ကျွန်တော် ပထမဆုရ ကျောင်းသား ဖြစ်သွားရင် သူ့ကိုလည်း ဂုဏ်တက်စေမှာမို့လို့ ကျွန်တော့်ကို သေချာပေါက် ပထမဆုရအောင် လုပ်ပေးမယ်လို့ ပြောခဲ့တာပါ။ ”
“ ကောက်ကျစ်ယုတ်မာလိုက်တဲ့ လူ။ ”
တရားသူကြီးစုန့်သည် ပါးသိုင်းမွေးတွေ ထောင်ထလာအောင်ပင် ဒေါသထွက်သွားခဲ့သည်။ လီရှန်းဟာ စီရင်စုအဆင့်စာမေးပွဲကို အောင်မြင်ဖို့ သေချာပေါက် အရည်အချင်းရှိသော်လည်း ဆရာလျိုက သူ့ကို ပထမဆုရစေဖို့ ဝမ်အာနှင့် အဖြေလွှာချင်း လဲခဲ့ရုံသာမက ဝမ်အာကိုလည်း စာမေးပွဲကျအောင် လုပ်ခဲ့သည်။
ဒါက ခွင့်မလွှတ်နိုင်လောက်အောင်ကို ဆိုးဝါးတဲ့ လုပ်ရပ်ပဲ။
“ ကျန်းချန်နဲ့ ဟူလင် … မင်းတို့မှာရော ဘာပြောစရာရှိလဲ။ ” ဟု တရားသူကြီးစုန့်က မေးလိုက်သည်။
သူတို့နှစ်ယောက်လုံး မျက်နှာဖြူရော်သွားပြီး အလျင်အမြန် ဒူးထောက်ကာ သက်ညှာပေးဖို့ တောင်းပန်ခဲ့ကြသည်။ “ တရားသူကြီးမင်းက စဉ်းစားတွေးခေါ်တတ်တဲ့ လူပါ။ ဒါတွေ အကုန်လုံးက ဆရာလျိုရဲ့ အကြံအစည်တွေပါပဲ။ သူ့ကို ငွေချောင်း ( ၅၀ ) ပေးရင် ကျွန်တော်တို့ သေချာပေါက် စာမေးပွဲအောင်စေရမယ်လို့ သူ ပြောခဲ့တာပါ။ ”
အခုတော့ အမှန်တရားက လယ်ပြင်မှာ ဆင်သွားသလို ထင်းထင်းလင်းလင်း ထွက်ပေါ်လာခဲ့ပြီ ဖြစ်လေသည်။
ကာကွယ်ရေးခေါင်းဆောင်ကျန်းက အပြစ်သား လေးယောကါကို ခေါ်ထုတ်သွားဖို့ သူ့လူတွေကို အမိန့်ပေးဖို့ ပြင်နေစဉ်မှာပဲ တရားသူကြီးစုန့်က “ ခင်ဗျားမှာ မနှစ်တုန်းက အဖြေလွှာတွေ ရှိသေးလား ဆရာလျို။ ” ဟု ရုတ်တရက် မေးလိုက်သည်။
အစကတည်းက တုန်လှုပ်ခြောက်ခြားနေတဲ့ ဆရာလျိုကို ထိုမေးခွန်းက ပိုလို့တောင် တုန်လှုပ်သွားစေခဲ့သည်။ သူ ဘာမှ ပြန်မပြောပေမဲ့ ကြီးကြပ်ရေးမှူးဟဲက သူ့အစား ဝင်ပြောသည်။ “ ထုံးစံအရ မနှစ်တုန်းက စာမေးပွဲအဖြေလွှာတွေ အကုန်လုံးကိုလည်း သိမ်းဆည်းထားမှာ သေချာတယ်။ ပိုင်ချွမ်းခရိုင်မှာ အဲ့ဒီအဖြေလွှာတွေ အကုန်လုံး ရှိလောက်ဦးမယ် ထင်တယ်။ ”
“ အဲ့အဖြေလွှာတွေကိုပါ ယူလာခဲ့။ ”
လူတိုင်း နားမလည်နိုင် ဖြစ်သွားကြသော်လည်း စာမေးပွဲမှူးတွေကတော့ ဗီရိုတွေထဲကို မွှေနှောက် ရှာဖွေကာ ယခင်နှစ်တွေတုန်းက စာမေးပွဲအဖြေလွှာတွေကို ထုတ်ယူလာခဲ့ကြသည်။
တရားသူကြီးစုန့်က သူ့လူတွေကို လွီရှို့ချိုက်ရဲ့ ယခင်နှစ်တွေတုန်းက အဖြေလွှာတွေကို ရှာဖွေခိုင်းလိုက်ကာ နှံ့နှံ့စပ်စပ် စစ်ဆေးပြီးနောက် ဒေါသထွက်လွန်း၍ စားပွဲကိုတောင် တဖုန်းဖုန်း ထုရိုက်မိလိုက်တော့သည်။
“ လွီရှို့ချိုက်ရဲ့ အဖြေလွှာတွေထဲက လက်ရေးက သူ့လက်ရေးနဲ့ ဘာဖြစ်လို့ မတူရတာလဲ။ ” တရားသူကြီးစုန့်သည် ပြတ်သားတင်းမာသော လေသံဖြင့် အမိန့်ပေးလိုက်သည်။ “ ခင်ဗျားက နှစ်တိုင်း ခေါင်းဆောင်စာမေးပွဲမှူး လုပ်လာတဲ့ လူပဲ ဆရာလျို။ ခင်ဗျား ဒီကိစ္စကို ဘယ်လို ရှင်းမှာလဲ။ ”
ဆရာလျိုက သူတော့ ပွဲသိမ်းပြီမှန်း နားလည်လိုက်သည်။ ဒီတစ်ခေါက် ဘာကိုမှ ဖုံးကွယ်ထားစရာ မရှိတော့ပါ။
တကယ်တော့ ဆရာလျိုက ဒီနှစ်တွေ တစ်လျှောက်လုံး ရာထူးကို အလွဲသုံးစားလုပ်ပြီး လွီရှို့ချိုက်ရဲ့ အဖြေလွှာတွေကို တခြားသူတွေရဲ့ အဖြေလွှာတွေနှင့် လွှဲပြောင်းပေးရင်း အကျိုးအမြတ်များစွာ ဖြစ်ထွန်းခဲ့သည်။
လွီရှို့ချိုက်ရဲ့ မိသားစုမှာ အာဏာမရှိတဲ့အပြင် သူက စီရင်စုစာမေးပွဲတွေ အကုန်လုံးကို အုပ်ချုပ်ရတဲ့ ခေါင်းဆောင်စာမေးပွဲမှူး ဖြစ်၍ ဘယ်တော့မှ အမှန်တရား ထွက်ပေါ်လာမှာ မဟုတ်ဘူးလို့သာ ထင်ထားခဲ့တာ ဖြစ်သည်။
ဒီနှစ်ထဲမှာ ခရိုင်တရားသူကြီး အသစ် ၊ ဒီလီယောင် ဆိုတဲ့ မိန်းမနဲ့ တကယ် နားမကြားတာလား ၊ တမင် မျက်စိကန်းချင်ယောင်ဆောင်နေတာလား မသိတဲ့ ဟဲရှန်ကျန်း ဆိုတဲ့ လူတွေ ရောက်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ။ အခုတော့ သူ့လုပ်ရပ်တွေ အကုန်လုံး ပေါ်သွားပါပြီ။
“ သူ့ကို ချက်ချင်း ဆွဲထုတ်သွားပြီး အပြစ်ပေးဖို့အတွက် ခရိုင်မြို့တော်ကို သတင်းပို့လိုက်။ ”
ဆရာလျိုကို ဆွဲထုတ်ထားသကဲ့သို့ပင် လီရှန်းနှင့် ကျန်နှစ်ယောက်သည်လည်း သဘာဝကျစွာပင် အပြစ်ဒဏ်ကနေ မလွတ်မြောက်နိုင်ဘဲ နောင်လာမယ့် စာမေးပွဲ သုံးခုအထိ ၊ ရှစ်နှစ်တိုင်တိုင် စာမေးပွဲဝင်ရောက်ဖြေဆိုခွင့် ပိတ်ပင်ခံလိုက်ရသည်။
ဒီလို တိုင်းနှင့်ပြည်နယ်အဆင့် စာမေးပွဲတွေကို ( ၂ ) နှစ်မှာ တစ်ကြိမ် ကျင်းပတာမို့ ပြောရရင် သူတို့ စီရင်စုအဆင့်စာမေးပွဲကို ထပ်ဖြေချင်ရင် ရှစ်နှစ် စောင့်ရမည် ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
ဘဝမှာ ရှစ်နှစ် ဆိုတဲ့ အချိန်အပိုင်းအခြားက ဘယ်လောက်များ ရှိနိုင်မှာမို့လို့လဲ။
သူ့ကိုယ်ပိုင်အရည်အချင်းနှင့် စာမေးပွဲအောင်မြင်နိုင်ပါလျက်နှင့် မတော်လောဘတက်ခဲ့မိတဲ့ လီရှန်းလည်း အခုတော့ နောင်တရနေခဲ့ပြီ ဖြစ်သည်။
စာမေးပွဲအောင်မြင်တဲ့ စာဖြေသူ သုံးယောက်ကို ပယ်ဖျက်ပြီးသောအခါ နောက်ပိုင်းကိစ္စတွေကို ဘယ်လို ဆက်ဖြေရှင်းမလဲ ဆိုတာကို ဆွေးနွေးဖို့ အချိန်ကျလာသည်။
တရားသူကြီးစုန့်က “ ကျုပ်တို့ စာဖြေသူတွေ အကုန်လုံးကို စုဝေးပြီး စာမေးပွဲ ပြန်ဖြေခိုင်းရင် ကောင်းမလား ကြီးကြပ်ရေးမှူးဟဲ။ ကြီးကြပ်ရေးမှူးဟဲရော ဘယ်လို သဘောရလဲ။ ” ဟု မေးလိုက်သည်။
“ စာမေးပွဲပြန်ဖြေခိုင်းတယ် ဆိုတာ ဘယ်မှာ ထုံးစံရှိလို့လဲ။ ” ဘာ့ကြောင့်ရယ်မသိဘဲ ကြီးကြပ်ရေးမှူးဟဲရဲ့ နားလေးမှုက တစ်မဟုတ်ချင်း သူ့အလိုလို ပျောက်ကင်းသွားခဲ့သည်။ “ လီရှန်း ၊ ကျန်းချန်နဲ့ ဟူလင်ရဲ့ စာမေးပွဲရလဒ်တွေကို ပယ်ဖျက်ပြီး ကျန်တဲ့ လူတွေကို အသီးသီး အဆင့်သတ်မှတ်ပေးလိုက်ပါ။ ဝမ်အာက ပထမ ၊ လွီရှို့ချိုက်က ဒုတိယ ၊ စုန့်ကျယ်က တတိယ။ ဒီအတိုင်းပဲ လုပ်ကြရအောင်။ ”
“ ဒါက … ” တရားသူကြီးစုန့် အနည်းငယ် တုံ့ဆိုင်းသွားမိသည်။ “ သိပ်အဆင်မပြေဘူး မဟုတ်ဘူးလား။ ”
ဒါက သူ့သား စုန့်ကျယ် စီရင်စုအဆင့်စာမေးပွဲကို အောင်မြင်သွားတယ် ဆိုတဲ့ အဓိပ္ပာယ်ပါ။ သူ့သားအကြောင်းကို သူ အသိဆုံး ဖြစ်သည်။ ဒင်းလို ကောင်က စာမေးပွဲအောင်တယ် ဆိုတာ ဘယ်လို ဖြစ်နိုင်မှာလဲ။
“ တရားသူကြီးမင်း။ ” ပြဿနာအရှုပ်ထုပ်ထဲကနေ လွတ်မြောက်သွားတဲ့ တခြား စာမေးပွဲမှူးတွေက အခုတော့ အတော်လေး စိတ်အေးသွားကာ ကြီးကြပ်ရေးမှူးဟဲရဲ့ စကားတွေအတိုင်း သံယောင်လိုက်ကာ မျက်နှာချိုသွေးဖို့ ကြိုးစားခဲ့ကြသည်။ “ ကြီးကြပ်ရေးမှူးဟဲက ဒီလို ပြောနေကြပြီ ဆိုမှတော့ သူ့ဆုံးဖြတ်ချက်အတိုင်းပဲ လုပ်ကြတာပေါ့။ ”
“ တရားသူကြီးမင်းက စုန့်ကျယ်ကို တရားသူကြီးမင်းရဲ့ သားမို့လို့ စာမေးပွဲအအောင်ပေးတာမျိုး မဖြစ်စေချင်မှန်း သိပေမဲ့ သခင်လေးစုန့်ရဲ့ စာစီစာကုံးကလည်း မဆိုးပါဘူး။ မသမာမှုကြောင့်သာ မဟုတ်ရင် သူက တတိယဆုရမှာပါ။ ”
တရားသူကြီးစုန့် အနည်းငယ် ဆွံ့အသွားသည်။ ငါ့သားက အခု အဲ့လောက်တောင် တော်နေပြီလား။
…