← Chapters

မိုးကြီးလေကြီး။

Vol. 11 Ch. 128

မိုးကြီးလေကြီး။

Vol. 11 Ch. 128

“ ကောင်းပြီ။ အဲ့အတိုင်းပဲ လုပ်ကြတာပေါ့။ ”

ဟဲရှန်သည် တုန်ယင်စွာ မတ်တပ်ရပ်ပြီး ကြေညာလိုက်သည်။ “ ဒီစီရင်စုစာမေးပွဲကို ဝမ်အာက ပထမအဆင့်နဲ့ အောင်မြင်တယ် ၊ လီရှို့ချိုက်က ဒုတိယအဆင့်နဲ့ အောင်မြင်တယ် ၊ စုန့်ကျယ်‌ကတော့ တတိယအဆင့်နဲ့ အောင်မြင်တယ်။ ”

လွီရှို့ချိုက်နှင့် စုန့်ကျယ်သည် ဒီရလဒ်ကို လုံးဝ မယုံကြည်ရဲဘဲ တစ်ယောက်ကို တစ်ယောက် မယုံကြည်နိုင်စွာ ကြည့်လိုက်မိကြသည်။

“ ဆရာ .. ကျွန်တော်တို့နှစ်ယောက်လုံး စာမေးပွဲအောင်သွားတာလား။ ”

“ ဆရာ့ကို ဂုဏ်ပြုပါတယ်။ အစ်ကိုစုန့်ကို ဂုဏ်ပြုပါတယ်။ ” ဝမ်အာက သူတို့နှစ်ယောက်လုံးကို ဂုဏ်ပြုလိုက်သည်။ “ ဆရာ နောက်ဆုံးတော့ တကယ့် သီးသန့်နည်းပြဆရာ တစ်ယောက် ဖြစ်လာပြီပဲ။ ”

“ ဟားဟား … ငါ စာမေးပွဲအောင်သွားပြီကွ။ ” လွီရှို့ချိုက်သည် သရဲဝင်ပူးခံရသလိုပင် အဆက်အပြတ် ရယ်မောကာ ထွက်ပြေးသွားလေသည်။ “ ငါ စာမေးပွဲအောင်ပြီ။ ငါ စာမေးပွဲအောင်ပြီ။ ဒီနေ့က စပြီး ငါ တကယ့် သီးသန့်နည်းပြဆရာ ဖြစ်သွားပြီကွ။ ဟားဟား … ”

ဝမ်အာ : …

စုန့်ကျယ် : …

ဒီဆရာ ရူးသွားတာလား။

အခြေအနေတွေ ပြေလည်သွားသည်နှင့် လာရောက်စူးစမ်းသူတွေလည်း အလျိုလျို ပြန်သွားခဲ့ကြသည်။

ဒီလို စီရင်စုစာမေးပွဲမှာ အံ့မခန်း အဖြစ်အပျက်မျိုးကို ကြုံရလိမ့်မည်ဟု ဘယ်သူမျှ မျှော်လင့်မထားခဲ့ကြပါ။ အထူးသဖြင့် အမျိုးသမီးလီဟာ ဆရာလျိုရဲ့ မသမာမှုတွေ အကုန်လုံးကို သူမ တစ်ယောက်တည်း ဖော်ထုတ်ကာ ဟိုးအရင် နှစ်တွေကတည်းက ကိစ္စဟောင်းကိုပါ တူးဖော်နိုင်ခဲ့သည်။ သူမအကြောင်းက တကယ့်ကို အတင်းတုပ်ချင်စရာကောင်းတဲ့ သတင်းပါပဲ။

လီရှန်းကို သားမက်တော်ဖို့ ခုနလေးကမှ ပြောထားတဲ့ သခင်ကြီးဝူသည်လည်း မျက်နှာကြီး မည်းပုပ်သွားတဲ့ထိ ဒေါသထွက်သွားခဲ့သည်။ သူ့အတွက် အာဏာရှိတဲ့ သားမက် ဖြစ်မလာနိုင်သော အသုံးမကျတဲ့ လီရှန်းကို ထပ်ခါတလဲလဲ ကျိန်ဆဲနေမိသလို အခုတော့ သူ့သမီးငယ်နှင့် ဝမ်အာကို စေ့စပ်ကြောင်းလမ်းဖို့အတွက် အလွန် ရှက်ရွံ့သွားခဲ့ရပြီ ဖြစ်သည်။

…

ဝမ်အာရော ၊ လွီရှို့ချိုက်ရော သီးသန့် နည်းပြဆရာတွေ ဖြစ်သွားတဲ့ သတင်းက ဟဲဝမ်ရွာကို လေအလျင်ထက်ပင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

လီယောင်နှင့် ကျန်လူတွေက ရွာအဝင်ဝကို ရောက်ရုံရှိသေး ၊ တစ်ရွာလုံးမှာ ရှိသမျှ ရွာသားတွေ စုဝေးလာကြတာကို မြင်လိုက်ရသည်။

တာ့ကျွမ်းက သူတို့ဆီကို အရင်ဆုံး ပြေးလာပြီး နှုတ်ဆက်သည်။ “ ဝမ်းသာတယ် ဒုတိယညီလေးရေ။ မင်း လုပ်နိုင်မယ် ဆိုတာ ငါ အစကတည်းက သိသားပဲ။ ”

ဝမ်ရွှယ်ရှစ်ရဲ့ အသံကလည်း အသံချဲ့စက်လိုပင် စီစီဝေနေခဲ့သည်။ “ ဒါပေါ့။ ဝမ်အာမှာ ငါတို့ဝမ်မိသားစုရဲ့ သွေးတွေ စီးဆင်းနေတာ ဆိုတော့ သူက အနာဂတ်မှာ သေချာပေါက်ကို အရာရှိကြီး တစ်ယောက် ဖြစ်လာဦးမှာ။ ”

…

လူတိုင်းရဲ့ အတောမသတ်နိုင်သော ဂုဏ်ပြုစကားသံတွေကြားမှာ လွီရှို့ချိုက်က ခပ်တိုးတိုး ချောင်းဟန့်လိုက်သည်။

“ ငါတို့ရွာကနေ နောက်ထပ် စီရင်စုစာမေးပွဲအောင်မြင်သူ တစ်ယောက်ကို မွေးထုတ်ပေးလိုက်တယ် ဆိုတာကို မင်းတို့အားလုံး မေ့နေကြတယ်နဲ့ တူတယ်။ ”

“ ဟားဟား ၊ မင်းလည်း နောက်ဆုံးတော့ သီးသန့်နည်းပြဆရာ ဖြစ်သွားပြီပဲ လွီရှို့ချိုက်။ ”

“ ပြင်ပကျောင်းသား မဟုတ်တော့ဘူးပေါ့လေ။ ”

“ မင်းက တော်တော်လေး အသက်ကြီးနေပြီ ဆိုတော့ မင်းမှာ ထိပ်တန်းပညာသင် ဖြစ်ဖို့ အခွင့်အရေး သိပ်မကျန်တော့ဘူး ထင်တယ်နော်။ ”

…

လွီရှိူ့ချိုက်ရဲ့ မျက်နှာကြီး မည်းမှောင်ကျသွား၏။ သူတို့နှစ်ယောက်လုံး သီးသန့်နည်းပြဆရာတွေ ဖြစ်သွားတာတောင် လူတွေရဲ့ ဆက်ဆံမှုက ဘာလို့ ဒီလောက်တောင် မတူကွဲပြားနေရတာပါလိမ့် … ။

ဒါပေမဲ့လည်း သူ ဒါတွေကို အများကြီး ကြုံတွေ့ဖူးခဲ့ပြီ ဖြစ်သည်။ သူ့အတွက်က စာမေးပွဲအောင်မြင်သည်ဖြစ်စေ ၊ ကျရှုံးသည်ဖြစ်စေ အထူးအထွေ မဟုတ်ပါ။ သူ့မှာ ခရိုင်အဆင့်စာမေးပွဲကို ဝင်ဖြေဖို့ အစီအစဉ်မရှိသလို ထိပ်တန်း ပညာသင်တစ်ယောက် လုပ်ဖို့လည်း အစီအစဉ်မရှိ။ ဒီနေ့က စပြီး ဟဲဝမ်ရွာရဲ့ နည်းပြဆရာအိုကြီးတစ်ယောက် လုပ်ရတာက အရာရှိကြီးတစ်ယောက် လုပ်ရတာထက် အများကြီး ပိုသက်သောင့်သက်သာရှိလိမ့်မည်။

ဟဲဝမ်ရွာထဲမှာ အောင်ပွဲခံနေကြချိန်မှာ အသစ်စက်စက် ဆောက်လုပ်ထားတဲ့ ခရိုင်တရားရုံတော်ကလည်း မီးအလင်းရောင်တွေ တောက်ပဖြာထွက်နေခဲ့သည်။

အခန်းကျယ် တစ်ခန်းထဲမှာ တရားသူကြီးစုန့်နှင့် သူ့ဇနီးက ခပ်မတ်မတ် ထိုင်နေခဲ့ပြီး စုန့်ကျယ်ကတော့ သူတို့နှစ်ယောက်ရှေ့မှာ နာခံစွာ ရပ်နေခဲ့သည်။

“ မင်း … ” တရားသူကြီးစုန့်က အကြာကြီး တွေးနေပြီးမှ စကားသံထွက်လာသည်။ “ မင်း ဘယ်လိုလုပ် စာမေးပွဲအောင်ပြီး သီးသန့်နည်းပြဆရာ ဖြစ်သွားတာလဲ။ ”

စုန့်ကျယ် အတော်လေး ဆွံ့အသွားရသည်။ ဒါက သေချာပေါက်ကို ဝမ်းသာရမယ့် ကိစ္စလေ။ ဒါပေမဲ့ သူ့မိဘတွေရှေ့မှာ သူက အမှားလုပ်မိထားတဲ့ လူ တစ်ယောက်လို ဖြစ်နေပါရောလား … ။

“ ဒါတွေ အားလုံးက ဆရာလွီ ၊ ဝမ်အာနဲ့ အဒေါ်လီရဲ့ ကျေးဇူးတွေကြောင့်ပါ။ သူတို့ကြောင့်သာ မဟုတ်ရင် အဖေတို့သားက ဘယ်တော့မှ စာမေးပွဲအောင်မှာ မဟုတ်ဘူး။ ”

တရားသူကြီးစုန်တို့လင်မယားသည် တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ကြည့်လိုက်မိကြသည်။

စုန့်ကျယ်ကို လီယောင်တို့အိမ်မှာ အကြာကြီး သွားနေခိုင်းတုန်းက သူ့ကို ဘဝကို တွေ့ကြုံခံစားခိုင်းဖို့ ရည်ရွယ်ချက်နှင့် လွှတ်လိုက်တာ ဖြစ်ပြီး ရောက်လေရာအရပ်မှာ သူတို့သား ပြဿနာမရှာပါစေနဲ့ဟု ဆုတောင်းခဲ့ရသည်။ ဒါပေမဲ့ သူတို့သားကို လုံးဝ မတူညီတဲ့ လူအသစ် တစ်ယောက်လို ပြောင်းလဲသွားလိမ့်မည်လို့တော့ ထင်မထားခဲ့။

ကိုယ့်သားအကြောင်းကို ကိုယ် အသိဆုံးမို့ သူတို့သားကို သီးသန့်နည်းပြဆရာ တစ်ယောက် ဖြစ်လာနိုင်လိမ့်မည်ဟု သူတို့ မထင်ခဲ့ကြပါ။

လီယောင်က သူတို့မိသားစုရဲ့ ကံကောင်းမှုကြယ်ပွင့်လေးပဲ။

“ မနက်ဖြန်ကျ လက်ဆောင်တွေ အများကြီး ပြင်ဆင်ပြီး မင်းရဲ့ ဆရာနဲ့ အဒေါ်လီကို ကျေးဇူးတင်စကား သေချာ သွားပြောချေ။ ”

“ ဟုတ်ကဲ့ပါ အဖေနဲ့ အမေ။ ”

…

တင် – တင် –

တောင်တန်းဘေးက မြေကွက်လပ်မှာ လူနှစ်ယောက်သည် သတ္ထုတွေကို ပွတ်တိုက်ရာကနေ မရပ်မနား ထွက်ပေါ်နေတဲ့ တဒင်ဒင် တဒေါင်ဒေါင် မြည်သံတွေနှင့်အတူ အကျိတ်အနယ် တိုက်ခိုက်နေခဲ့ကြသည်။

လီယောင်က သံမဏိဓားပါး တစ်လက်ကို အသုံးပြုနေပြီး ဝမ်စန်းအာရဲ့ လက်နက်က လေးလံတဲ့ သံတုတ် တစ်ချောင်း ဖြစ်သည်။ အပေါ်ယံ ကြည့်လိုက်ရင် ဝမ်စန်းအာရဲ့ လက်နက်က အသာစီးရပုံပေါ်ပေမဲ့ အမေက သူ့ကို တမင် အလျှော့ပေးနေတယ် ဆိုတာကို သူကိုယ်တိုင်သာ သိသည်။

အမေ့ရဲ့ သံမဏိဓားက အလွန် ပေါ့ပါးပြီး စိတ်ဝိညာဉ်နှင့် ထိန်းချုပ်နေတဲ့ မြွေတစ်ကောင်လိုပင် လှုပ်ရှားနေခဲ့ပြီး အမေသာ သူ့ကို မညှာဘဲ တိုက်ခိုက်ရင် သူ ဓားကွက် သုံးကွက်လောက်တောင် ခံလိုက်မှာ မဟုတ်ပါ။

သူ လေးအတတ်ကိုလည်း ကြိုးကြိုးစားစား လေ့ကျင့်နေခဲ့လို့သာ လျင်မြန်သွက်လက်နေတာ ဖြစ်ကာ မဟုတ်ရင် သူက အသက်ရှင်နေတဲ့ ပစ်မှတ် တစ်ခုသာ ဖြစ်သွားပါလိမ့်မည်။

လက်ရှိအချိန်မှာ ဝမ်စန်းအာက သံတုတ်ကို လက်နက်အဖြစ် အနေထားတစ်ခုထိ ကျွမ်းကျင်စွယ အသုံးချနိုင်နေပြီ ဖြစ်ကာ သူ့ရဲ့ လျင်မြန်သွက်လက်မှုကလည်း အချိန်တိုအတွင်း တိုးတက်လာခဲ့သည်။ နောက်ထပ် လဝက်ဆို သူ စစ်မှုထမ်းရတော့မှာမို့ လီယောင်က သူ့ကို တခြားအရာတွေ သင်ပေးဖို့ ပြင်ဆင်ထားသည်။

“ မင်းရဲ့ မြင်းကို ဒီကို ခေါ်လာခဲ့။ ”

“ အမေက မြင်းနဲ့ ဘာလုပ်မလို့လဲ။ ”

“ ဒီနေ့က စပြီး အမေ မင်းကို မြင်းစီးရင်းနဲ့ တိုက်ခိုက်တတ်အောင် သင်ပေးမယ်။ ”

ဝမ်စန်းအာက ထိုစကားကို ကြားသည်နှင့် သံတုတ်ကို ချက်ချင်း လွှတ်ချပြီး မြင်းဇောင်းထဲက မြင်း နှစ်ကောင်ကို ခေါ်ထုတ်လာခဲ့လိုက်၏။ သူ ဒီနေ့ကို ရောက်ဖို့ စောင့်ဆိုင်းနေခဲ့တာပါ။ သူ့အတွက်တော့ စစ်မြင်းပေါ်က မြင်းစီးတပ်သားတွေက သတ္တိအရှိဆုံးပဲ ဖြစ်သည်။

လီယောင်က သူ့ကို မြင်းစီးကျွမ်းကျင်အောင် အရင်ဆုံး သင်ကြားပေးပြီး သေချာ လေ့ကျင့်ခိုင်းသည်။ နောက် သုံး ၊ လေးရက်နေမှ သူ့ကို မြင်းစီးရင်း တိုက်ခိုက်နည်းအတတ်ပညာကို သင်ကြားပေးဖို့ တွေးထားသည်။

ဒါပေမဲ့ ဘယ်လောက်မှတောင် မလေ့ကျင့်ရသေးခင်မှာပဲ မှိုင်းညို့နေတဲ့ ကောင်းကင်ပေါ်ကနေ မိုးခြိမ်းသံသဲ့သဲ့ကို ကြားလိုက်ရလေသည်။

လီယောင်သည် ကောင်းကင်ကို မော့ကြည့်လိုက်တော့ တိမ်ညိုတိမ်မည်းတွေ ဖုံးအုပ်နေတဲ့ ကောင်းကင်ကို မြင်သွားသည်။ လေထုကလည်း စိုစွတ်ပူအိုက်လာပြီ ဖြစ်၍ မကြာခင် မိုးကြီးလေကြီး လာတော့မည် ထင်သည်။

အသေအချာပဲ သူမ ခန့်မှန်းပြီး သိပ်မကြာခင်မှာပဲ တောင်တန်းတွေဘက်က လေအေးတွေ စတင် တိုက်ခတ်လာကာ သည်းထန်စွာ မိုးရွာသွန်းခဲ့သည်။

မိုးပြိုနေသကဲ့သို့ပင် ပိန်းပိတ်အောင် မှောင်မည်းနေတဲ့ ကောင်းကင်မှာ မိုးခြိမ်းသံတွေ ဆူညံနေကာ ( ၂ ) နှစ်တာနှင့် ညီမျှတဲ့ မိုးရေတွေကို ဒလဟော ရွာသွန်းချခဲ့သည်။

မိုးက နည်းနည်းလေးတောင် စဲမည့် အရိပ်အယောင်မပြဘဲ နေ့ရော ၊ ညရော မရပ်မနား သည်းသည်းထန်ထန် ရွာသွန်းနေခဲ့သည်။ မိုးရွာလို့ အစပိုင်းမှာ ပျော်ရွှင်နေခဲ့တဲ့ ရွာသားတွေက ရုတ်တရက်ပဲ တစ်ခုခု မှားယွင်းနေတာကို သဘောပေါက်သွားခဲ့ကြသည်။

ရေကြီးမှုကြောင့် တောင်တန်းတွေပေါ်ကနေ တောင်ကျရေတွေ လိမ့်ဆင်းလာခဲ့ပြီး ဟဲဝမ်ရွာရှေ့က မြစ်သည် အမြင့်ဆုံးအမှတ်ထိ မြင့်တက်ကာ လယ်ကွင်းတွေကိုပင် ရေဖုံးလွှမ်းလုနီးပါး ဖြစ်လာခဲ့သည်။

မိုးကာဝတ်၍ ကတော့ချွန်ခါးမောက်ကို ဆောင်းထားတဲ့ ဝမ်ကျားဖူက ရွာသား တစ်ဖွဲ့ကို မြစ်ကမ်းပါးမှာ စုဝေးခိုင်းလိုက်သည်။

“ မြစ်ရေ ဒီ့ထက် မြင့်တက်လာရင် ဆန်စပါးတွေ ပျက်စီးသွားလိမ့်မယ်။ ”

“ ဟုတ်တယ်။ ရာသီဥတုက အလွန်အကြူးပဲ။ မိုးမရွာရင်လည်း လုံးဝ မရွာဘူး ၊ ရွာမယ် ရွာတော့လည်း ရေပါ ကြီးတယ်။ ငါတို့ကို အသက်ရှင်စရာလမ်းမရှိအောင် လုပ်နေတာပဲ။ ”

ရွာသားတစ်ယောက်က “ အရမ်းကြီးလည်း စိတ်မပျက်ပါနဲ့။ ရေကြီးလို့ ဆန်စပါးတွေ ပျက်သွားလည်း ငါတို့်မှာ ကန်စွန်းဥတွေ ရှိသေးတယ် မဟုတ်လား။ ”

လူတိုင်းက အဲ့ဒါကို တွေးမိသွားပြီး ခေါင်းညိတ်ထောက်ခံခဲ့ကြသည်။ ကန်စွန်းဥစိုက်ခင်းတွေက တောင်ခါးပန်းတွေဘက်မှာ ဖြစ်၍ ရေကြီးရင်တောင် ထိုနေရာကို ရေမရောက်ပါ။ သို့သော်လည်း ဆန်စပါးတွေ ပျက်သွားရင်တော့ သူတို့ ဝမ်းနည်းရပါလိမ့်ဦးမည်။

“ မရီး ဒီကို ရောက်လာပြီ။ ”

ဝမ်ယွမ်ပန်းက ခပ်လှမ်းလှမ်းက လီယောင်ကို စူးရှသော မျက်လုံးများဖြင့် လှမ်းမြင်လိုက်သည်။

ရွာလူကြီးဝမ်ကျားဖူက “ ဒီလောက် မိုးကြီးလေကြီးနေတာကို နင် ဘာလို့ မြစ်ကမ်းပါးကို ပြေးလာတာလဲ လီယောင်။ ” ဟု မေးလိုက်တော့ လီယောင်က “ ကျွန်မမှာ လုပ်စရာမရှိဘဲ အားနေလို့ပါ။ ပြီးတော့ ရေလှောင်တမံထဲမှာ မွေးဖို့ ငါးလေး ဘာလေးများ ဖမ်းလို့ ရမလား ဆိုတာ ကျွန်မ ကြည့်ချင်တယ်။ ” ဟု ပြန်ပြောသည်။

“ ငါး … ဖမ်းမယ် ….. ”

လူတိုင်း လီယောင့်ကို ဘာပြန်ပြောရမှန်း မသိတော့ပါ။ ဒီလောက် ရေကြီးနေလို့ လယ်ကွင်းတွေတောင် ရေလွှမ်းခံရတော့မယ့် အချိန်မှာ မင်းက မြစ်ကမ်းပါးကို ငါးဖမ်းဖို့ လာခဲ့တာတဲ့လား … ။

…

All Chapters