လိုချင်ခဲ့တဲ့ ဘဝ။
Vol. 11 Ch. 129
လီယောင်က ငါးမျှားမယ် ဆိုတာကို အတည်ပေါက် ပြောနေတာ ဖြစ်သည်။
မနေ့ညကတည်းက သူမ တာ့ကျွမ်းကို ဝါးခြင်းတောင်း ခပ်ကြီးကြီး ( ၁၀ ) ခြင်းကျော် ပြုလုပ်ခိုင်းထားခဲ့ပြီး အခု ထိုခြင်းတောင်းတွေ အကုန်လုံးကို သယ်လာခဲ့သည်။ ကောင်းကောင်း အထိုင်ချလို့ ရမယ့် နေရာကောင်း တစ်ခုကို ရှာတွေ့သွားကင် သူတို့ ငါး နည်းနည်းပါးပါးတော့ ဖမ်းလို့ ရသည်။
သူမ အဲ့ဒီလို လုပ်နေတာကို မြင်တော့ လူတိုင်းက စိတ်ချယုံကြည်သွားကြသည်။
“ မြစ်ရေ ထပ်တက်လာဦးမယ်လို့ ထင်လား လီယောင်။ ”
“ မထင်ဘူး။ ”
မိုးက တစ်ရက်နှင့်တစ်ညတိုင်အောင် သည်းထန်စွာ ရွာနေတာမို့ မြစ်ရေသာ ထပ်တက်လာဖို့ ရှိရင် အစောကြီးကတည်းက တက်ပြီးနေပြီ ဖြစ်သည်။
“ ဒါဆို တောင်တန်းတွေဘက်မှာရော ရေကြီးနိုင်လား။ ”
“ အဲ့ဒါက ပိုလို့တောင် မဖြစ်နိုင်သေးတယ်။ ” ဟု လီယောင်က ပြောလိုက်သည်။ “ ကျန်မရဲ့ ရေလှောင်တမံမှာ အများဆုံး ဆန့်တဲ့ ရေပမာဏရဲ့ ( ၂၀ ) ရာခိုင်နှုန်းပဲ ရှိသေးတယ်။ ရေလှောင်တမံ ပြည့်ဖို့ ဆိုရင် အနည်းဆုံး နောက်ထပ် နှစ်ရက်နဲ့ နှစ်ည ကြာလိမ့်ဦးမယ်။ ဒီမိုးက အဲ့လောက် ကြာလိမ့်မယ်လို့ ကျွန်မတော့ မထင်ဘူး။ ”
အိုး … ဟုတ်သားပဲ။ သူတို့ ရေလှောင်တမံကို ဘယ်လိုလုပ် မေ့သွားနိုင်ရတာလဲ။
တောင်တန်းတွေဘက်မှာ ရေကြီးတာက တောင်တန်းတွေဘက်ကပဲ ရေတွေ စီးဆင်းလာကြောင့် ဖြစ်ပြီး မြစ်ရေ အလွန် မြင့်တက်ခဲ့ဖူးတဲ့ အတိတ်တုန်းက တောင်တန်းတွေပေါ်ကနေ တောင်ကျရေတွေ တစ်ဟုန်ထိုး စီးဆင်းလာပြီး မြစ်ကြီးထဲကို ရောနှောပေါင်းစပ်သွားခဲ့ကြသည်။
အခု တောင်တန်းတွေဘက်မှာ ရေကြီးမှာကို ရေလှောင်တမံရ ကာဆီးလိုက်ပြီမို့ တောင်ကျရေတွေ လုံးဝ စီးဆင်းမလာနိုင်တော့ပါ။
တကယ်လို့သာ ဒီမိုး ဒီလေတွေ နှစ်ရက်အတွင်း ရပ်သွားမယ် ဆိုရင် တောင်တန်းတွေဘက်မှာ ရေကြီးမှာကို သူတို့ လုံးဝ စိုးရိမ်စရာ မလိုပေ။
လီယောင်မှာ ငါးဖမ်းဖို့ အားလပ်ချိန် ရှိနေတာ အံ့ဩစရာ မရှိ။ လတ်စသတ်တော့ သူမက အစောကြီးကတည်းက အကုန်လုံးကို စေ့စေ့စပ်စပ် ပြင်ဆင်ထားပြီးသားကိုး။
“ ကျုပ်တို့ မင်းကို ငါးကူဖမ်းပေးမယ် မရီး။ ”
စိုးရိမ်ပူပန်မှုတွေ ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် လူတိုင်းဟာ စိတ်လက်ပေါ့ပါးသွားကြ၏။ ဝမ်ယွမ်ပန်းရဲ့ အကြံပေးမှုအောက်မှာ သူတို့က ဝါးခြင်းတောင်းတွေကို အိမ်ပြန်ယူပြီး လီယောင့်ကို နေရာတိုင်းမှာ ငါးကူဖမ်းပေးခဲ့ကြသည်။
ရလဒ်တွေကလည်း သေချာပေါက်ပင် ကျေနပ်စရာအတိ။ နေ့တစ်ဝက်အတွင်းမှာ သူတို့ ငါး ကတ်တီပေါင်းများစွာကို ဖမ်းမိခဲ့သည်။
ရွှေငါးကြင်း ၊ ငွေငါးကြင်း ၊ မြက်ငါးကြင်း ၊ ရိုးရိုးငါးကြင်း ၊ ခေါင်းကြီးငါးကြင်း … စသည်ဖြင့် ငါးကြင်းမျိုးစုံကို ဖမ်းမိခဲ့သော်လည်း ဖမ်းမိသမျှ ငါးတွေ အကုန်လုံးက အတော်လေး သေးကာ ငါးကြော် ကြော်စားရုံ အရွယ်လောက်သာ ရှိသည်။
လီယောင်သည် ငါးကြင်း ကတ်တီပေါင်းများစွာကို သယ်လျက် ဆည်ရေကာတာသို့ နောက်တစ်ခေါက် ပြန်သွားခဲ့သည်။
ရေလှောင်တမံထဲမှာ ရေတွေက တစ်ဝက်အထိ ရောက်နေပြီ ဖြစ်သည်။ ရေအပြည့်ထိ ရောက်ဖို့ လိုသေးပေမဲ့လည်း သူမ စိတ်ချလက်ချ မနေရဲဘဲ ဒီည လိုရမယ်ရ ဒီနေရာမှာပဲ နေဖို့ စီစဉ်လိုက်သည်။
လီယောင်က ငါးကြင်းပေါက်လေးတွေကို ရေထဲ လွှတ်ပေးလိုက်ပြီးနောက် ရေတံခါးပေါ်က အိမ်ဆီ သွားကာ မြေကြီးပေါ်မှာ မီးမွှေးပြီး သူမရဲ့ စိုစွတ်နေတဲ့ အဝတ်တွေကို အခြောက်ခံလိုက်၏။
ဂျိမ်း ဂျလိမ်း –
အပြင်မှာတော့ သည်းထန်စွာ ရွာသွန်းနေတဲ့ မိုးက အမျှင်မပြတ်သလို မိုးခြိမ်းသံတွေကိုလည်း တဂျိမ်းဂျိမ်း ကြားနေရသည်။
ကောင်းကင်ကို တစ်ခါတရံ ထိုးခွဲသွားတဲ့ လျှပ်စီးတွေက အဆုံးမရှိတဲ့ တောင်တန်းတောအုပ်တွေရဲ့ တောစပ်အထိ နေ့ခင်းကြောင်တောင်အလား လင်းကျင်းသွားစေပြီး အိပ်မက်လို့တောင် ထင်မှတ်မှားရပါသည်။
လီယောင် အချိန်တွေကို ရေတွက်ကြည့်လိုက်တော့ သူမ ဒီခေတ်ကို ရောက်နေတာ ရှစ်လတင်းတင်း ပြည့်သွားပြီ ဖြစ်သည်။
ပြီးခဲ့တဲ့ နှစ်ဝက်အတွင်းမှာ ကိစ္စတွေ အများကြီး ဖြစ်ပျက်သွားခဲ့သလို ဒီခေတ်ကို ရုတ်တရက် အချိန်ကူးပြောင်းလာခဲ့တဲ့ လီယောင်သည်လည်း တုံးအပြီး အတွေးအခေါ်မကောင်းတဲ့ ကျေးတောသူမအဖြစ်ကနေ လူလေးစားခံရတဲ့ မြေပိုင်ရှင်တစ်ယောက် ဖြစ်လာခဲ့ပါပြီ။
ရေလှောင်တမံမှာ လောလောဆယ်တော့ ငါးတွေ အများကြီး မရှိသေး ၊ ရေမျက်နှာပြင်ပေါ်မှာလည်း ကြာရွက်တွေ ပန်းတွေ မဖုံးအုပ်သေး ၊ တောင်ပေါ်က သစ်ပင်တွေ ပန်းပင်တွေလည်း အခုထိ ကြီးထွားမလာသေးပေမဲ့ လက်ရှိ အောင်မြင်မှုတွေကပင် လီယောင့်ကို အတော်လေး စိတ်ကျေနပ်စေသည်။
ဒါက အငြိမ်းစားယူပြီးနောက်ပိုင်းမှာ သူမ လိုချင်တဲ့ ဘဝ ဆိုတာ သေချာပါသည်။
နောက်တစ်ဆင့်အနေဖြင့် သူမရဲ့ ဘဝကို ပိုပြီး အဆင်ပြေလွယ်ကူအောင် လုပ်ပေးနိုင်မယ့် ခေတ်မီနည်းပညာပစ္စည်းကိရိယာတွေကို တီထွင်ရမည်။ အဲ့ဒါမှ သူမလည်း အပြည့်အဝ စိတ်အေးလက်အေး အနားယူနိုင်မှာပင်။
လီယောင်သည် ထိုအကြောင်းကို တွေးမိချိန်မှာ အပြုံးတွေကို မရပ်တန့်နိုင်တော့ပေ။ ဟင်းခတ်အမွှေးအကြိုင်တွေနှင့် သေချာ နှပ်ထားတဲ့ ကြက်ခြေထောက် တစ်ချောင်းကို သူမရဲ့ ကျောပိုးအိတ်ထဲကနေ ထုတ်ယူပြီး မီးပုံပေါ်မှာ ဖြည်းဖြည်းချင်း ကင်လိုက်၏။ တစ်ချိန်တည်းမှာပဲ ကန်စွန်းဥတွေကို ပြာပူထဲမှာ မြုပ်ထားပြီး အပူချိန်ပြင်းပြင်းနှင့် ဖြည်းဖြည်းချင်း ကင်ထားလိုက်သည်။
တစ်ညလုံး သည်းထန်စွာ ရွာသွန်းနေခဲ့တဲ့ မိုးက အရုဏ်တက်ချိန်ရောက်တော့ တဖြည်းဖြည်း စဲသွားသည်။
ရေလှောင်တမံထဲမှာတော့ ရေက တစ်ဝက်ကို ရောက်နေပြီ ဖြစ်သည်။ အပြည့်ထိ ရောက်ဖို့ အဝေးကြီး လိုသေးပေမဲ့ မိုးတွေ အများကြီး ရွာသွန်းထားတာကြောင့် တောင်ပေါ်မှာ စုပုံနေတဲ့ ရေတွေက တောင်အောက်ကို စီးဆင်းလာလိမ့်ဦးမည်။ ထို့ကြောင့် ရေလှောင်တမံမှာ ရေပြည့်သွားဖို့ အချိန်အခိုက်အတန့် တစ်ခုပဲ လိုအပ်သည်။
မုန်တိုင်းစဲသွားသလို မြစ်ရေလည်း ကျသွားသည်နှင့်အမျှ ဟဲဝမ်ရွာသားတွေကလည်း မူလ အခြေအနေကို ပြန်ရောက်သွားခဲ့ကြသည်။
အလုပ်,လုပ်စရာရှိတဲ့ လူတွေက အလုပ်ဆက်လုပ်ကြပြီး စာလေ့လာစရာရှိတဲ့ လူတွေက ဆက်လက် စာလေ့လာကြကာ အလုပ်သွားရမယ့် လူတွေက အလုပ်သွားကြသည်။
လီယောင်ကလည်း ဝမ်စန်းအာကို မြင်းပေါ်ကနေ တိုက်ခိုက်နည်းအတတ်ပညာတွေကို အချိန်ယူ သင်ပေးနေခဲ့ပြီး အဲ့ဒီလိုနှင့် ဝမ်စန်းအာ စစ်မှုထမ်းရမယ့် နေ့က သူတို့ သတိမထားလိုက်မိခင်မှာပဲ ရောက်လာခဲ့သည်။
ဝမ်စန်းအာလို အခုမှ ပထမဆုံးအကြိမ် စစ်မှုထမ်းမယ့် လူတွေကို နယ်စပ်ဒေသတို့ ၊ စစ်မြေပြင်တို့ကို ချက်ချင်း မပို့ဘဲ မွေးရပ်မြေအနီးက စီရင်စုတပ်စခန်းမှာ အရင်ဆုံး ( ၂ ) နှစ်တိတိ လေ့ကျင့်ရေးဆင်းရသည်။
စစ်သားအသစ်တွေကို ယီကျိုးခရိုင်မှာ လေ့ကျင့်ပေးတာမို့ အိမ်နှင့် သိပ်မဝေးပေမဲ့ သူတို့ကို သုံးလ တစ်ကြိမ်သာ အိမ်ပြန်ခွင့်ပြုထားသည်။
ဝမ်စန်းအာက အထုပ်အပိုးတွေပို သိမ်းဆည်းပြီး သူ့အချစ်တော်စစ်မြင်းလေးအပေါ် တက်လိုက်သည်။ သူ့နောက်မှာတော့ လိုအပ်တဲ့ ပစ္စည်းတွေကို ပြည့်သိပ်နေအောင် သယ်ဆောင်ထားတဲ့ လှည်း တစ်စီး ပါသည်။
လှည်းထဲမှာ သူ့လက်နက် ဖြစ်တဲ့ သံမဏိတင်းပုတ်ကြီး တစ်ခုလည်း ပါသည်။ ထိုသံမဏိတင်းပုတ်ကို သူ့အမေရဲ့ ညွှန်ကြားချက်တွေအတိုင်း ပန်းပဲဆရာရှားရှန့် ထုလုပ်ပေးထားတာ ဖြစ်သည်။ အပြင်ပန်း ကြည့်တော့သာ ကြမ်းရှ မညီညာတဲ့ မျက်နှာပြင်နှင့် သာမန် လက်နက် တစ်ခုလို့ ထင်ရပေမဲ့ ဒီသံမဏိတင်းပုတ်က ဘယ်လောက် အင်အားကြီးလဲ ဆိုတာကို ဝမ်စန်းအာတစ်ယောက်ပဲ နားလည်သည်။
ကြမ်းရှတဲ့ မျက်နှာပြင်က မြဲမြဲမြံမြံ ဆုပ်ကိုင်ထားနိုင်ဖို့ အထောက်အကူဖြစ်စေပြီး သုံးထားတဲ့ သံမဏိကလည်း အလွန် မာကျောတဲ့ သံမဏိ အမျိုးအစားမို့ ကာကွယ်ရေးခေါင်းတောင်ကျန်းရဲ့ ဓားကတောင် ဒီတင်းပုတ်ကို အနည်းငယ်မျှ ထိခိုက်အောင် မလုပ်နိုင်ပါ။
သူ့ကျောမှာ လွယ်ထားတဲ့ လေးနှင့် မြှားကိုလည်း သူ့အမေကိုယ်တိုင် သေချာ ပုံစံရေးဆွဲပေးထားတာပင်။ လေးကိုယ်ထည်နှင့် မြှားကြိုးတွေကို အရည်အသွေးမြင့် သံမဏိနှင့် ပြုလုပ်ထားကာ သာမန်လူတွေဆို လေးကြိုးကို ဆွဲတောင် မဆွဲနိုင်ပါ။ သူ့လက်ရှိခွန်အားနှင့်တောင် လေးကြိုး တစ်ဝက်ပဲ ဆွဲနိုင်သည်။
ဒါပေမဲ့ အဲ့လို ဆိုရင်တောင် ဒီလေးဟာ ကြောက်ခမန်းလိလိ ခွန်အားကြီးသည်။
ပြီးတော့ သူ့မှာ ထိုးဖောက်လို့ မရတဲ့ ထိပ်တန်းအရည်အသွေး သံမဏိတွေနှင့် ပြုလုပ်ထားသော သံချပ်ကာတစ်စုံလည်း ရှိသည်။
လီယောင်က သူ့ကို အကောင်းဆုံး ၊ တန်ဖိုးအကြီးဆုံး ပစ္စည်းတွေချည်း ပေးလိုက်သည်ဟု ပြောလို့ ရသည်။ စစ်တပ်ထဲကို ဝင်ရောက်လာတဲ့ တပ်သားအသစ်တွေထဲမှာ သူက ပထမအဆင့်တောင် ဖြစ်ရင် ဖြစ်လောက်သည်။
“ အမေ မင်းကို ပြောထားတဲ့ စကားကို မှတ်ထားပါ။ ” ဟု လီယောင်က ပြောလိုက်သည်။ “ လက်နက်တွေကို အရမ်းကြီး အားမကိုးနဲ့။ မင်းရဲ့ ခွန်အားက အကောင်းဆုံး လက်နက်ပဲ။ ”
“ ကျွန်တော် မှတ်ထားပါ့မယ် အမေ။ ”
“ ဒါဆို မြန်မြန် သွားတော့။ ” လီယောင်က ပုံမှန်အတိုင်းပဲ လက်ဝှေ့ယမ်းပြလိုက်သည်။ “ မင်း ပြန်လာချင်ရင် ခဏတဖြုတ် လာလည်လို့ ရတယ်။ ပြန်မလာချင်ရင်တော့လည်း အမေ့ကို လူကြုံနဲ့ စာပို့လိုက် ၊ အမေ မင်းအတွက် ပစ္စည်းတွေ ပို့ပေးလိုက်မယ်။ ”
“ ဟုတ်ကဲ့ပါ အမေ။ ”
ဝမ်စန်းအာသည် တစ်ခုခု ပြောချင်နေသေးပေမဲ့ လီယောင်က လှည့်ထွက်သွားပြီမို့ ခါးသက်သော အပြုံးတစ်ခုကိုသာ ပြုံးလိုက်ရလေသည်။
ဘာလို့ သူ့ရဲ့ နှလုံးသားတင်းမာလွန်းတဲ့ အမေက သူနဲ့ ခွဲဖို့ နည်းနည်းလေးတောင် မတုံ့ဆိုင်းရတာလဲ။ သူက သုံးလ တစ်ကြိမ်သာ အိမ်ပြန်ခွင့်ပြုထားတဲ့ စစ်မှုထမ်းဖို့ သွားတော့မှာလေ … ။ ဒါပေမဲ့လည်း သူ့အမေက ဇီဇာကြောင်တဲ့ လူမျိုး မဟုတ်မှန်း သူ သိပါသည်။ သူ့ကို တံမြက်စည်းနှင့် မောင်းမထုတ်တာကပဲ သဘောကောင်းလွန်းနေပြီ ဖြစ်သည်။
“ ဟိုင့်ယား။ ”
လီယောင်သည် သူ့မြင်းကို စီးလျက် ဟဲဝမ်ရွာကနေ ယီကျိုးခရိုင်သို့ ဦးတည်ထွက်ခွာလာခဲ့သည်။
လီယောင်ကတော့ တဖြည်းဖြည်း ဝေးကွာသွားတဲ့ သားဖြစ်သူရဲ့ ပုံရိပ်ကို ကြည့်ပြီး နှလုံးသားထဲမှာ တည်ငြိမ်နေတဲ့ ကန်ရေပြင်လို ငြိမ်သက်နေခဲ့သည်။
စစ်ထဲကို သွားပြီး စစ်တိုက်တာက တကယ့်ကို အန္တရာယ်များတဲ့ အလုပ်ပါ။ သူ အချိန်မရွေး ထိခိုက်ဒဏ်ရာရနိုင်သည် ၊ သေရင်တောင် သေသွားနိုင်သည်။ သို့သော် ဒါက ဝမ်စန်းအာကိုယ်တိုင် ရွေးချယ်ထားတဲ့ လမ်းကြောင်း ဖြစ်၍ သူမ အများကြီး ဝင်စွက်ဖက်မှာ မဟုတ်ပါ။ သူ့ကို သင်ပေးဖို့ လိုအပ်တာတွေ တော်တော်များများလည်း သင်ပေးထားပြီးသားမို့ အခုအချိန်မှာ သူ့အနာဂတ်ခရီးလမ်းက သူ့အပေါ်မှာပဲ မူတည်သွားပြီ ဖြစ်သည်။
သူမကတော့ နှလုံးသားတင်းမာတဲ့ အမေပီပီ သူမ ပြုပြင်မွမ်းမံခိုင်းထားတဲ့ ရေနွေးငွေ့အင်ဂျင်ကို ရှားရှန့် ပြုပြင်လို့ ပြီးသွားပြီလား ဆိုတာ မြန်မြန်သွက်သွက် သွားကြည့်ရပါမည်။
…
အချိန်က ဇွန်လကို ရောက်ရှိလို့ လာသည်။
ပူပြင်းတောက်လောင်နေတဲ့ နေမင်းက ကမ္ဘာမြေတစ်ခွင်ကို မီးပြင်းဖိုအဖြစ် အသွင်ပြောင်းလဲသွားစေခဲ့သည်။
ရှားရှန့်ရဲ့ အလုပ်ရုံလေးထဲမှာ နက်မှောင်နေတဲ့ သံမဏိအပိုင်းအစလေး တစ်ခုကို ကြက်သွေးရောင်မီးပြင်းဖိုပေါ်မှာ တင်ထား၏။ ဒီသံမဏိအပိုင်းအစလေးကို ရဖို့ သူ ( ၂၃၂ ) ကြိမ် ကြိုးစားခဲ့ရပြီး ဒါက ( ၂၃၃ ) ကြိမ်မြောက် ကြိုးစားမှု ဖြစ်သည်။ ကျရှုံးတဲ့ အကြိမ်တိုင်းမှာလည်း သံမဏိက လုံလုံလောက်လောက် မမာကျောတာကြောင့် ကျရှုံးခဲ့ရတာ ဖြစ်ပါသည်။
ပစ္စည်းတစ်ခုက မာကျောလေ ၊ ကြွပ်ဆတ်လေပဲ ဖြစ်ပြီး ဒါကိုလည်း ပန်းပဲဆရာတိုင်း အသိပင်။ လီယောင်ကတော့ သူ့ကို အရင်က သိခဲ့တာတွေ အကုန်လုံးကို စွန့်ပစ်ပြီး သူမ လိုချင်တဲ့ မာကျောမှုကို ရအောင် လုပ်ပေးဖို့ ခေါင်းမာစွာ ပြောနေတာက လုံးဝ အဓိပ္ပာယ်မရှိပါ။
ဒါပေမဲ့လည်း သူက ပန်းပဲဆရာတစ်ယောက်မို့ သူ့အလုပ်ရှင် လိုချင်တဲ့အတိုင်း ကြိုးစားပမ်းစား လိုက်လုပ်ရုံပေးရုံသာ တတ်နိုင်သည်။
သံမဏိအပိုင်းအစလေးကို ရေထဲ စိမ်ကာ အအေးခံပြီးမှ ပြန်ထုတ်ယူလိုက်ပြီး သံပြားတစ်ခုနှင့် အကြိမ်အနည်းငယ် ပွတ်တိုက်ကာ ကြမ်းရှတဲ့ မျက်နှာပြင်ကို ချောမွေ့စေခဲ့သည်။ ထောင့်လေးတွေ ပြတ်ကျသွားသည်နှင့် သံပြားပေါ်မှာ ခပ်နက်နက် အမှတ်အသားလေး တစ်ခု ကျန်ရစ်ခဲ့သည်။
“ ဒီတစ်ခေါက် သူ စိတ်တိုင်းကျလောက်မလား။ ”
ရှားရှန့်သည် ( ၂၃၃ ) ကြိမ်မြောက် ကြိုးစားမှုရဲ့ ရလဒ်တွေကို ယူကာ လီယောင်ကို သွားရှာလိုက်၏။
ဒီတစ်ခေါက်တော့ လီယောင်က ရွာသား ( ၁၂ ) ယောက်လောက်ကို ခြံဝန်းထဲမှာ ရေစက်ကြီးတစ်ခု ( အမြန် လည်ပတ်ပြီး ရေအားလျှပ်စစ်ကို ထုတ်ပေးတဲ့ ဘီး ) ကို တည့်မတ်အောင် ထောင်ထားဖို့ ညွှန်ကြားနေခဲ့သည်။
ရေလှောင်တမံထဲမှာ ရေတွေ ရှိသွားကတည်းက သူမက ရေလမ်းကြောင်း တစ်ခုကို တူးပြီး ရေလှောင်တမံထဲကနေ ရေတွေကို တောင်တန်းတွေရဲ့ အနောက်ဘက်နှင့် သူမရဲ့ ခြံထဲကို ရေသွယ်ထားခဲ့သည်။
ဒီရေစက်ကြီးကို မောင်းနှင်ဖို့ သူမ အဲ့ဒီလို လုပ်ခဲ့တာ ဖြစ်သည်။
“ ဘယ်ဘက်ခြမ်းကို သတိထားပြီး နည်းနည်းလေး ပိုမြင့်လိုက်ပါဦး။ အဲ့ဒါကို ကွေးမနေစေနဲ့။ ”
ခပ်လုံးလုံး အသံနှင့်အတူ ဆယ်မီတာ အမြင့်ရှိတဲ့ ရေစက်ကြီးသည် နောက်ဆုံးတော့ ခိုင်မာတဲ့ သံမဏိကိုယ်ထည်ထဲမှာ အံဝင်ခွင်ကျ ဖြစ်သွားခဲ့သည်။ လီယောင်က ကိုယ်ထည်ပေါ်ကို တက်၍ ဂေါ်လီဘောလ်တွေထဲကို ဝက်ဆီတွေ အများကြီး လောင်းထည့်ပြီး အစွပ်လေးတွေ စွပ်ကာ ဝက်အူတွေကို တင်းကျပ်နေအောင် ရစ်ပတ်လှည့်ပိတ်လိုက်သည်။
“ ရေထိန်းတံခါးကို ဖွင့်လိုက်တော့။ ”
…