← Chapters

နေပြည်တော်။

Vol. 11 Ch. 130

နေပြည်တော်။

Vol. 11 Ch. 130

ဝေါခနဲ ဆိုတဲ့ ရေသံတွေနှင့်အတူ တစ်မီတာ ကျယ်ဝန်းပြီး နှစ်မီတာ အနက်ရှိတဲ့ တူးမြောင်းထဲမှာ ကြည်လင်နေတဲ့ ရေတွေ ချက်ချင်း စီးဆင်းပြည့်လျှံသွားသည်။

ရေစီးအားကြောင့် ရေစက်ကြီးက တဖြည်းဖြည်း စတင်လည်ပတ်လာခဲ့ပြီး နောက်ဆုံးမှာတော့ အလွန် လျင်မြန်သော အရှိန်နှုန်းအတိုင်း ပုံမှန် လည်ပတ်နေခဲ့လေသည်။

“ ဒီလောက်တောင် မြန်တယ်လား။ ”

ရေစက်တွေ အများကြီးကို အရင်ကတည်းက ရှားရှန့် မြင်ဖူးပေမဲ့ ဒီလောက် မြန်တဲ့ ရေစက်ကိုတော့ အခုမှ ပထမဆုံးအကြိမ် တွေ့ဖူးတာ ဖြစ်သည်။ ဒါတွေ အကုန်လုံးက ဟိုတစ်ခေါက်တုန်းက သူ ဖန်တီးခဲ့တဲ့ ဂေါ်လီဘောလ်ရဲ့ ကျေးဇူးကြောင့်ပဲ ဖြစ်သည်။

လီယောင့်ပြောစကားအရ ထိုသံမဏိအပိုင်းအစလေးဟာ ပွတ်တိုက်အားကို လျှော့ချနိုင်သည်ဟု ဆိုသည်။ ဒါပေမဲ့ ပွတ်တိုက်အား ဆိုတာ ဘာမှန်း သူ နားမလည်ပါ။ ဘာပဲဖြစ်ဖြစ် ထိုသံမဏိအပိုင်းအစလေးကတော့ ရေစက်ကို ချောချောမွေ့မွေ့ မြန်မြန်ဆန်ဆန် လည်ပတ်နိုင်အောင် လုပ်ပေးသည်။

“ ရေထိန်းတံခါးကို ပိတ်လိုက်တော့။ ”

ရေထိန်းတံခါးက ပြန်ကျလာကာ တောင်တန်း‌တွေပေါ်က စီးဆင်းလာတဲ့ ရေတွေက ရေပြည့်လျှံနေတဲ့ ရေကန်ကို ဖြတ်ကျော်၍ ရေကန်ဘေးက တူးမြောင်းထဲကနေတစ်ဆင့် တောင်အောက်ကို စီးဆင်းသွားခဲ့သည်။

လီယောင်က ရေစက်ကြီးကို အတော်လေး ကျေနပ်သွားသည်။ ငွေချောင်း ( ၃၀၀၀ ) နီးပါး အကုန်ခံပြီး တစ်လကျော် တည်ဆောက်ထားရကျိုးနပ်သည်ဟု ခံစားရသည်။

ဒီရေစက်ကြီးနှင့်ဆို သူမ လုပ်ချင်တာတွေ တော်တော်များများ လုပ်လို့ ရသွားပြီ ဖြစ်သည်။

အရင်ဆုံး သူမ အလိုအလျောက် လည်ပတ်တဲ့ ပန်ကာကို ဖန်တီးဖို့ တွေးထားသည်။ သူမရဲ့ လူတွေကို အရှိန်နှုန်းထိန်းသည့် စက်ပစ္စည်းကို ယူလာခိုင်းပြီး ရေစက်ကြီးရဲ့ အလယ်ပိုင်းမှာ တပ်ဆင်ကာ ပန်ကာနှင့် ချိတ်ဆက်လိုက်သည်။

အလိုအလျောက် လည်ပတ်မယ့် ဒီပန်ကာဆီက အေးမြတဲ့ လေတွေကို သူတို့ ခံစားနိုင်မလား ဆိုတာကတော့ သိပ်မသေချာပေ။

“ ရေတံခါးကို ဖွင့်ချလိုက်တော့။ ”

ရေတွေက ရေကန်ထဲကို ပြန်စီးဆင်းသွားပေမဲ့ ဒီတစ်ခေါက်တော့ ရေစက်က အတော်လေး နှေးကွေးစွာ လည်ပတ်နေခဲ့သည်။

လီယောင်သည် ပန်ကာအသွားတွေကို ကြည့်ရင်း ဒီပန်ကာအသွားတွေမှာ အရှိန်ပါလာဖို့ ဆုတောင်းနေမိ၏။ ဒါပေမဲ့ ခဏအကြာမှာတော့ ပန်ကာအသွားတွေက တဝီဝီ အသံတွေနှင့် တဖြည်းဖြည်း မြန်သထက် မြန်လာခဲ့ပြီး ထိုမြန်ဆန်မှုကို သာမန်လူတစ်ယောက်ရဲ့ မျက်လုံးတွေနှင့်တောင် သေချာ မမြင်နိုင်တော့ပေ။

အရှိန်ပြင်းပြင်း လည်ပတ်နေတဲ့ ပန်ကာအသွားတွေကြောင့် လေပြင်းတွေ တိုက်ခတ်လာပြီး လီယောင့်ရဲ့ ဆံပင်တွေကို လွင့်ဝဲသွားစေကာ အဝတ်အစားတွေကိုလည်း အသံကျယ်လောင်စွာ တဖတ်ဖတ် မြည်စေသည်။

“ သိပ်ကို ပြင်းလိုက်တဲ့ လေပဲ။ ”

“ ဟုတ်တယ်။ ဒီပန်ကာအသွားတွေက ဘယ်လိုလုပ် အဲ့လောက်တောင် မြန်မြန် လည်ပတ်နိုင်နေတာလဲ ဆိုတာ ကျုပ် အံ့ဩလိုက်တာ။ ” လူတစ်ယောက်က စူးစူးစမ်းစမ်း မေးလိုက်သည်။ “ ရေစက်ထက် အနည်းဆုံး ဆယ်ဆ ပိုမြန်တယ်။ ”

တိတိကျကျ ပြောရရင်တော့ ( ၁၃.၂ ) ဆ ပိုမြန်တာ ဖြစ်သည်။ အဲ့ဒီလောက် မြန်ရတဲ့ အကြောင်းပြချက်က အရှိန်နှုန်းထိန်းညှိပေးသည့် စက်ပစ္စည်းကို ဂီယာတွေနှင့် ပေါင်းစပ်ထားတာကြောင့် ဖြစ်ပြီး ဒါက မော်ဒန်ခေတ်က လူတွေအတွက်တော့ အံ့ဖွယ်နည်းပညာ မဟုတ်ပေမဲ့ ဒီရှေးခေတ်က လူတွေအတွက်တော့ အံ့ဖွယ် မှော်ပညာပါပဲ။

“ လေက အေးနေတာပဲ။ ”

ပန်ကာ တီထွင်ဖန်တီးတာ အောင်မြင်သွားတဲ့ သတင်းကို ကြားတော့ ဟဲရှောင်ယာကလည်း မို့ဖောင်းပူထွက်နေတဲ့ ဗိုက်ကြီးနှင့် ထွက်လာပြီး လေအေးအေးလေးတွေကို လာရောက်ခံယူခဲ့သည်။

“ အရမ်း အအေးမခံနဲ့။ နင် အအေးမိသွားမယ်။ ”

ဟဲရှောင်ယာက လေအေးကို ခံစားချင်သေးပေမဲ့ သိပ်ကြာကြာမနေနိုင်ဘဲ အိမ်ထဲကို ပြန်ဝင်သွားခဲ့ရသည်။ ဒါပေမဲ့ လီယောင်က သူမအတွက် ပြတင်းပေါက်လေးတွေကို ဖွင့်ထားပြီး လေအေး အနည်းငယ်ကို အိမ်ထဲ ဝင်စေခဲ့သည်။

“ ရှောင်စစ်ရေ။ ”

“ ဟုတ်ကဲ့။ ဒီမှာ ရှိပါတယ်။ ” ဝမ်ရှောင်စစ်က လီယောင်ကို သွက်လက်စွာ ပြန်ထူးလိုက်သည်။

“ ငါ နင့်ကို ခေါ်တာ မဟုတ်ဘူး။ နင့်ဦးလေးစစ်ကို ခေါ်တာ။ ”

ဝမ်ရှောင်စစ်တစ်ယောက် နှုတ်ခမ်းစူသွားသည်။ ဟိုသုံးယောက်က စစ်မှုထမ်းနေပြီမို့ အိမ်မှာ သူနှင့်အတူ ဆော့ဖို့ ဘယ်သူမှ မကျန်တော့ဘဲ သူ့ကို တစ်ယောက်တည်း အလွန် ပျင်းရိသွားစေခဲ့သည်။

ဝမ်ယွမ်ပန်းက လူအုပ်ထဲက လျှောက်ထွက်လာသည်။ “ ဘာပြောစရာရှိလို့လဲ မရီး။ ”

“ ကျွန်မ ဒီပန်ကာကို အသေးစား ပုံစံ နှစ်ခု လုပ်ပြီး စက်ဘီးအလုပ်ရုံမှာ တပ်ဆင်မယ်။ အလုပ်ရုံကို သွားပြီး ဘယ်နေရာမှ တပ်ဆင်ဖို့ သင့်တော်မလဲ ဆိုတာ နင် သွားကြည့်ချေ။ လိုအပ်တာတွေကိုပါ တစ်ခါတည်း ကြိုပြင်လာခဲ့လိုက်။ ”

နွေလလယ်ကို ရောက်နေပြီမို့ မကြာခင် ရာသီဥတုက အပူဆုံးအချိန်ကို ရောက်တော့မည် ဖြစါသည်။ အထူးသဖြင့် စက်ဘီးအလုပ်ရုံမှာ သည်းမခံနိုင်စရာကောင်းလောက်အောင်ကို ပူလောင်နေကာ မကြာခဏ အပူရှပ်သူတွေ ရှိသည်။

အလုပ်ရုံမှာ ပန်ကာကြီးတွေ တပ်ဆင်လိုက်တာက အလုပ်သမားတွေကို သေချာပေါက် ဝမ်းသာစေပါလိမ့်မည်။

“ သူဌေး။ ” ရှားရှန့်က လီယောင် လုပ်စရာတွေ ပြီးသွားတာကို မြင်တော့ သံမဏိအပိုင်းအစလေးကို ထုတ်ယူပြီး သူမရှေ့မှာ ပြလိုက်သည်။ “ ဒီတစ်ခေါက်ရော ဘယ်လို နေလဲ ဆိုတာ တစ်ချက်လောက် ကြည့်ပါဦး။ ”

လီယောက်သည် ရှားရှန့်နှင့်အတူ ပန်းပဲအလုပ်ရုံထဲကို လိုက်လာခဲ့လိုက်၏။ ရှားရှန့်က ရေနွေးအိုးအောက်ကို ကျောက်မီးသွေးတွေ ထပ်ဖြည့်ပြီး ယပ်တောင်နှင့် တဖျတ်ဖျတ် ခပ်လိုက်သည်။ ရေနွေးငွေ့တွေက ရေနွေးငွေ့အင်ဂျင်ကို စွမ်းအင်ပေးပြီး ‌ဓားသွေးကျောက်ကို လျင်မြန်စွာ လည်ပတ်စေခဲ့လေသည်။

ဒါက နှမ်းဖတ်ကျောက်နှင့် လုပ်ထားတဲ့ အကြမ်းထည် ဓားသွေးကျောက် ဖြစ်ပြီး မဖြစ်ညစ်ကျယ် သုံးလို့ ရတဲ့ အနေအထားသာ ရှိပါသည်။

လီယောင်က ရှည်မျောမျော သံလုံးလေး တစ်လုံးကို သံမဏိပြားလေး တစ်ပြား ဖြစ်အောင် ဓားသွေးကျောက်မှာ သွေးလိုက်သည်။ ဒီတစ်ခေါက်တော့ အောင်မြင်မယ်လို့ သူမ ခံစားနေရသည်။

တွင်ခုံ အဆင်သင့်ဖြစ်သွားသောအခါ လီယောင်က သံမဏိပြားလေးကို မြဲမြံစွာ ညှပ်တွယ်ပြီး သံလုံးလေး တစ်လုံး ဖြစ်သွားအောင် ပုံစံသွန်းလိုက်သည်။ သံထည်ပစ္စည်းတွေ ပွတ်တိုက်တဲ့ မြည်သံတွေနှသ့်အတူ သံမှုန်သံစတွေ နေရာတိုင်းမှာ ပြန့်ကျဲသွားပြီးနောက် လုံးဝန်းချောမွေ့တဲ့ သံမဏိလုံးလေး တစ်လုံးကို ရရှိလာခဲ့သည်။ သံမဏိပြားလေးကတော့ သူ့နဂိုမူလအတိုင်း ကျန်ရစ်ခဲ့သည်။

“ အောင်မြင်သွားပြီ။ ”

ရှားရှန့်သည် အလွန် ပျော်ရွှင်သွားပြီး ငိုချမိတော့မလိုတောင် ဖြစ်သွားခဲ့သည်။

သူ့မှာ အရည်အချင်းရှိပါလျက်နှင့် အပြည့်အဝ အသုံးမချနိုင်တဲ့ ပစ္စည်းတွေကို ဆက်မလုပ်ချင်တော့ပါ။ တခြား ဘာမှ မလုပ်ရရင်တောင် … တူကြီး တစ်ချောင်းကို လွှဲကာ လွှဲကာဖြင့် သံမဏိဓားတွေ ပြုလုပ်ချင်သည် ၊ မီးဖိုချောင်သုံးဓားတွေ လုပ်ရမယ် ဆိုရင်တောင် သူ့အတွက် အဆင်ပြေသည်။

သို့သော်လည်း အဲ့ဒါက မဖြစ်နိုင်မှန်း သူ သိပါသည်။ သူ့သူဌေးရဲ့ စိတ်ထဲမှာ မရေမတွက်နိုင်တဲ့ စိတ်ကူး‌တွေ ၊အကြံဉာဏ်တွေ အများကြီး ရှိပြီး ထိုအကြံတွေအတွက် ထူးပြီး အနုစိတ်အတွက် အစိတ်အပိုင်းလေးတွေကို ပြုလုပ်ဖို့ လိုအပ်သည်။

“ နောက်ဘာထပ်လုပ်မှာလဲ သူဌေး။ ”

“ ရှင် အရင်တုန်းက ဘာလုပ်ပြီးပြီလဲ။ အခု ပွတ်ခုံနဲ့ သံပြားလေး တစ်ပြားကို သုံးပြီး ဂေါ်လီဘောလ်တွေရဲ့ အတွင်းအပြင် နှုတ်ခမ်းတွေကို ပိုချောမွေ့အောင် ၊ ပိုတိကျမှုရှိအောင် လုပ်လို့ ရတယ်။ ”

ဂေါ်လီဘောလ်တွေကို အဆင့်မြှင့်မယ် … ။

လီယောင်က လွယ်လွယ်လေး ပြောသွားပေမဲ့ သူကတော့ အဲ့လောက် လွယ်လိမ့်မည်ဟု မထင်ပါ။

“ ပြီးတော့ ဘာလုပ်ရဦးမှာလဲ။ ”

“ တွင်ခုံက ရလာတဲ့ ပိုတိကျမှုရှိတဲ့ ဂေါ်လီဘောလ်တွေကို အရင်အဟောင်းတွေနဲ့ အစားထိုးရမယ်။ ပြီးရင် တိကျမှုအားကောင်းတဲ့ ဂေါ်လီဘောလ်တွေကို ဆက်ထုတ်လုပ်ရမယ်။ ”

ရှားရှန့် : …

“ တွင်ခုံရဲ့ တိကျမှုက အမြင့်ဆုံးအနေအထားကို ရောက်သွားတဲ့အခါ စက်လုံးတွေ ၊ ပစ္စတင်တွေ ၊ တံဆိပ်တုံးတွေနဲ့ ဝက်အူတွေလိုမျိုး တိကျမှုအားကောင်းတဲ့ အစိတ်အပိုင်းတွေကို ထုတ်လုပ်နိုင်ပြီ။ ” ဟု လီယောင်က ပြောလိုက်သည်။ “ အဲ့အချိန်ကျ ပိုပေါ့ပါးတဲ့ ရေနွေးငွေအင်ဂျင်ကို တီထွင်ရမယ်။ ”

ရှားရှန့်သည် လီယောင် သူ့အတွက် စီစဉ်‌ထားတဲ့ အလုပ်တွေက ပျင်းရိငြီးငွေ့ဖွယ်ကောင်းပြီး ပျော်စရာမကောင်းသလို ခံစားရသည်။

“ ရှင် ခက်ခဲမယ်လို့ ထင်ရင် အလုပ်သင်တွေ ဘာတွေ ခေါ်လို့ ရတယ်။ ကျွန်မတို့ရွာမှာ ညကျောင်းတက်ပြီး သင်္ချာလည်း သိပ်မဆိုးတဲ့ လူငယ်တွေ အများကြီး ရှိတယ်။ သူတို့ကို အလုပ်သင်ခန့်ပြီး ရှင် ပိုအနားယူလို့ ရတာပေါ့။ ”

အဲ့လို အလုပ်သင်ခန့်လိုက်မှ တပည့်က ဆရာ့ထက် လက်ဇောင်းပိုထက်ပြီး သူ စားပေါက်ပိတ်သွားမှာ မဟုတ်ဘူးလား။

လီယောင်က သူ့အတွေးကို သိနေသည့်အလား ပြောလိုက်သည်။ “ တစ်ယောက်ယောက်က ရှင့်နေရာကို လုယူသွားမှာကိုတော့ မစိုးရိမ်ပါနဲ့။ ရေနွေးငွေ့အင်ဂျင်ကို အတိုင်းအတာ တစ်ခုထိ အဆင့်မြှင့်ပြီးသွားရင် ရှင်က သတ္ထုစပ် အမျိုးအစားပေါင်းစုံကို သုတေသနလုပ်ဖို့ တာဝန်ယူရတော့မှာပါ။ အဲ့ဒါက တကယ့်ကို ကြာညောင်းပြီး ပျင်းစရာကောင်းတဲ့ အလုပ် ဖြစ်လိမ့်မယ်။ အဲ့ဒါကြောင့် အခုကတည်းက စိတ်ပိုင်းဆိုင်ရာအရ ကြိုတင် ပြင်ဆင်ထားပါ။ ”

ရှားရှန့် : …

…

နေပြည်တော်။

တာ့လင်းမင်းဆက်ရဲ့ ဧကရာဇ်လျှို့လင်းသည် အသက်အရွယ်ကြီးရင့်နေပြီမို့ တစ်နေ့တခြား ကျန်းမာရေး ဆုတ်ယုတ်လာခဲ့သည်။ သူက ပူပြင်းလွန်းတဲ့ နွေရာသီတိုင်း သူ့ရဲ့ တော်ဝင် နွေရာသီအပန်းဖြေဆောင်မှာပဲ နေလေ့ ရှိသည်။

ဒီနေ့က လျှို့လင်းရဲ့ မွေးနေ့ ဖြစ်သည်။ တရားရုံးတော်အရာရှိတွေက ချွေးပြိုက်ပြိုက်ကျအောင် ပူလောင်နေတဲ့ ရာသီဥတုကို အံတုကာ အပန်းဖြေဆောင်ကို လာပြီး သူ့မွေးနေ့ကို ဂုဏ်ပြုပေးခဲ့ကြသည်။

အိမ်ရှေ့စံမင်းသားလျှို့ချန်က သူ့ခမည်းတော်ရဲ့ ကျန်းမာရေးအရ လူတွေ အများကြီးနှင့် မတွေ့ဆုံနိုင်မှာ စိုးတာကြောင့် အရေးကြီးတဲ့ အရာရှိ အနည်းငယ်ကို မွေးနေ့လက်ဆောင်တွေ ဆက်သခိုင်းပြီးနောက် အကုန်လုံးကို ပြန်လွှတ်လိုက်သည်။

“ နေဦး။ ”

လျှို့လင်းက ဒီ‌နေ့ ကျန်းမာရေးလည်း ကောင်း ၊ စိတ်အခြေအနေလည်း ကြည်လင်နေလေရာ အရာရှိ အနည်းငယ်ကို ခေါ်ထားပြီး တိုင်းရေးပြည်ရေးကိစ္စ‌တွေ ဆွေးနွေးချင်နေသည်။

“ အဲ့ဒါကို မနက်ဖြန်မှ လုပ်ပါလား ခမည်းတော်။ ” အိမ်ရှေ့စံက ဖြောင်းဖြပြောဆိုလိုက်သည်။ “ ဒီနေ့က ခမည်းတော်ရဲ့ မွေးနေ့ ဆိုတော့ တိုင်းပြည်ရေးတွေအကြောင်း ဆွေးနွေးတာက ခမည်းတော်ရဲ့ ကြည်လင်နေတဲ့ စိတ်ကို နောက်ကျသွားစေမှာကို စိုးရွံ့မိပါတယ်။ ”

“ အခုပဲ ဆွေးနွေးမယ်။ မနက်ဖြန်က စပြီး ငါ တစ်ယောက်တည်းပဲ အေးအေးဆေးဆေး အနားယူတော့မှာ။ ”

လျှို့လင်ရဲ့ စကားကြောင့် လက်ဝဲအမတ်ကြီး ၊ လက်ယာအမတ်ကြီး ၊ တော်ဝင်တပ်မှူးချုပ်နှင့် တခြား အရေးကြီးတဲ့ အရာရှိတွေ အကုန်လုံး နွေရာသီအပန်းဖြေဆောင် ဥယျာဉ်တော်ထဲကို စုဝေးရောက်ရှိလာခဲ့ကြသည်။

ဥယျာဉ်တော် တစ်ခုလုံးကို မိုးဖြာထားတဲ့ သစ်ပင်တွေ ၊ စိမ်းစိမ်းစိုစို အကိုင်းအခက်တွေနှင့် သစ်ရွက်တွေက နေရောင် အများကြီးကို ကာဆီးပိတ်ဆို့ပေးထားသည်။ တောင်တန်းတွေဘက်က တိုက်ခတ်လာတဲ့ လေနုအေးလေးတွေနှင့်ပါ ပေါင်းစပ်လိုက်တော့ နွေရာသီအပူဒဏ်ကို လုံးဝ မခံစားရတော့ပေ။

“ ထိုင်ပါ။ ”

“ ထိုင်ခုံမှာ ထိုင်ခွင့်ပေးတဲ့အတွက် ကျေးဇူးကြီးမြတ်လှကြောင်းပါ အရှင်မင်းမြတ်။ ”

“ တိုင်းပြည်ထဲမှာ အခုတလော ဘယ်လို အာရုံစိုက်စရာကောင်းတဲ့ အဖြစ်အပျက်တွေ ဖြစ်နေသလဲ ဆိုတာ ငါကိုယ်တော့်ကို ပြောပါ။ ”

လက်ယာအမတ်ကြီးက အရင်ဆုံး ပြောလိုက်သည်။ “ မိုးခေါင်မှု ပြီးဆုံးသွားတဲ့အတွက် မြေယာတွေဟာ ကောင်းမွန်တဲ့ ရာသီဥတုကြောင့် ကောက်ပဲသီးနှံတွေ ဖြစ်ထွန်းနေကြောင်းပါ အရှင်မင်းမြတ်။ ခရိုင်တရားသူကြီးတွေကလည်း ထိထိရောက်ရောက် ကြီးကြပ်နေတဲ့အတွက် ပြဿနာ အထူးအထွေ မရှိကြောင်းပါ။ ”

“ ဒါဆို တိုင်းပြည်က စီးပွားဖြစ်ထွန်းပြီး ပြည်သူတွေကလည်း အေးအေးချမ်းချမ်း နေထိုင်နေကြတယ်ပေါ့။ ”

ကျူးကျစ်လင်က “ အရှင်မင်းမြတ်ရဲ့ ကြီးမြတ်တဲ့ ဘုန်တန်ခိုးအရှိန်အဝါကို ကျေးဇူးတင်ရမှာပါ။ မြောက်ပိုင်းက လူမျိုးစုတွေရဲ့ ရမ်းကားမှုကလည်း ဒီနှစ်ထဲမှာ တော်တော်လေး အားလျော့လာတဲ့အတွက် ကျွန်တော့်ရဲ့ နယ်စပ်တပ်ဖွဲ့တွေလည်း အနားယူနိုင်နေပါတယ်။ ” ဟု ပြောလိုက်သည်။

…

All Chapters