← Chapters

ကန်လန်ကြယ်သို့ ပြန်ခြင်း....

Vol. 53 Ch. 776

ကန်လန်ကြယ်သို့ ပြန်ခြင်း....

Vol. 53 Ch. 776

" ငါချီခွန်က ကြီးမြတ်သူတစ်ယောက်ကို သင်ပေးခဲ့တာလား။ " ချီခွန်ကြယ်သခင်က သူ့ဆီသို့ ရောက်လာသော ဂုဏ်ပြုစာများကို ကြည့်ပြီး အလွန်ပျော်ရွှင်ကျေနပ်နေသည်။

သူက လင်းယွမ်ကို အလွှာဆယ့်နှစ် ကြီးမြတ်သူဖြစ်လာရန် အခွင့်အရေးကြီးမားကြောင်း သိရှိထားသော်လည်း ထိုနေ့သို့ ရောက်လာသောအခါ မယုံကြည်နိုင်စရာကောင်းနေဆဲ ဖြစ်သည်။

" ညီငယ်လေးက ကြီးမြတ်သူဖြစ်သွားပြီလား။ "

ချီခွန်ကြယ်သခင်၏ တပည့်များက ခ​ံစားချက်အမျိုးမျိုး ရှိနေကြသည်။ အရင်က သူတို့၏ ညီငယ်လေးက ယခု စကြာဝဠာ၏ ထိပ်ဆုံးမှ အလွှာဆယ့်နှစ် ကြီးမြတ်သူတစ်ယောက် ဖြစ်လာပြီလား။

" အနာဂတ်မှာ သူ့ကို အဲ့လို မခေါ်ကြနဲ့။ " အကြီးဆုံးတပည့်က တစ်စုံတစ်ခုကို စဉ်းစားမိပြီး အခြားသူများကို သတိပေးလိုက်သည်။

" နားလည်ပါပြီ။ "

သူတို့အားလုံးက ချီခွန်ကြယ်သခင်၏ တပည့်များ ဖြစ်ကြသော်လည်း လင်းယွမ်ကို အကူအညီ ကြီးကြီးမားမား မပေးခဲ့ကြပေ။ ထို့အပြင် သူ့ကို ညီငယ်လေးဟု ခေါ်ခြင်းက အတော်ပင် ရဲတင်းလွန်းလှသည်။

လင်းယွမ်က စိတ်သဘောထားကောင်းပြီး အလွှာတစ်ဆယ်၊ အလွှာဆယ့်တစ်သို့ ရောက်သည်အထိ သူ၏ စီနီယာအကိုများကို ယခင်အတိုင်းသာ ခေါ်ခွင့်ပြုခဲ့သည်။ သို့သော် ယခု လင်းယွမ်က အလွှာဆယ့်နှစ်သို့ တက်လှမ်းပြီး ကြီးမြတ်သူတစ်ယောက် ဖြစ်လာသောအခါ သူက ယခင်အတိုင်းခေါ်ခွင့်ပြုလျှင်တောင် သူတို့က ထိုသို့မလုပ်ဝံ့ကြပေ။

စကြာဝဠာ၏ နက်ရှိုင်းသော နေရာမှ လျို့ဝှက်နယ်မြေတစ်ခုအတွင်း မာဒိုခရီးသည်က ဘေးရှိ ရှေးဟောင်းနတ်ဘုရားစစ်ကျုံးကို ကြည့်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

" ဘိုးဘေးရဲ့ ကြိုတင်သိမြင်နိုင်စွမ်းကတော့ တကယ်ထူးခြားတယ်။ အရင် နဂါးငွေ့တန်းကြယ်သခင်ကို မဆန့်ကျင်ဖို့ ကျွန်တော်ကို သတိပေးခဲ့တယ်။ အခု အဲ့ဒါက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ။ " မာဒိုခရီးသည်က အလွန်ပင် ကျေးဇူးတင်မိလေသည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် သူက နဂါးငွေ့တန်းကြယ်သခင်နှင့် ပဋိပက္ခဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် သူ၏ ဘိုးဘေး၏ အကြံအရ နဂါးငွေ့တန်းကြယ်သခင်ကို မဆန့်ကျင်ဘဲ မိတ်ဆွေဖွဲ့ရန် ကြိုးစားခဲ့သည်။ ယခု ပြန်ကြည့်လျှင် ထိုဆုံးဖြတ်ချက်က မည်မျှပညာရှိကြောင်း သိမြင်နိုင်သည်။

" ငါ့ရဲ့ ကြိုတင်သိမြင်နိုင်စွမ်းကို ဂုဏ်ယူစရာမလိုဘူး။ " ရှေးဟောင်းနတ်ဘုရားစစ်ကျုံးက စိတ်ထဲမှ ထိတ်လန့်မှုကို ထိန်းချုပ်ပြီး ပြောလိုက်သည်။

အမှန်တော့ ရှေးဟောင်းနတ်ဘုရားစစ်ကျုံး၏ ထိတ်လန့်မှုက မာဒိုခရီးသည်အောက် မနိမ့်ပေ။ သူက နဂါးငွေ့တန်းကြယ်သခင်ကို အလွှာဆယ့်နှစ်သို့ တက်လှမ်းရန် အလားအလာရှိကြောင်း ခန့်မှန်းခဲ့သော်လည်း ဤမျှ မြန်မြန်ဖြစ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ကန်လန်ကြယ်တွင် လင်းယွမ်၏ ပုံရိပ်ပေါ်လာသည်။

" ကန်လန်ကြယ်..." လင်းယွမ်က မလှမ်းမကမ်းရှိ ဂြိုလ်ကို ကြည့်ပြီး အနည်းငယ် စိတ်လှုပ်ရှားနေသည်။

ကန်လန်ကြယ်က အလယ်အလတ်အဆင့် အသက်ဂြိုလ်တစ်ခုသာ ဖြစ်သည်။ လင််းယွမ်၏ လွှမ်းမိုးမှုကြောင့် အဆင့်မြင့် အသက်ဂြိုလ်အဖြစ် ပြောင်းလဲခဲ့သော်လည်း လင်းယွမ်အတွက် ဖုန်မှုန့်တစ်ခုကဲ့သို့ ခံစားနေရဆဲ ဖြစ်သည်။

သို့သော် ဤနေရာက လင်းယွမ် ကြီးပြင်းခဲ့သော နေရာဖြစ်ပြီး သူ၏ မိဘများကလည်း ဤနေရာတွင်သာ နေထိုင်ကြဆဲ ဖြစ်သည်။

" ပြန်မရောက်တာကြာပြီ။ " လင်းယွမ်က တွေးလိုက်သည်။

ကန်လန်ကြယ်မှထွက်ခွာပြီး ချီခွန်ပင်မကြယ်သို့ သွားကတည်းက လင်းယွမ်က ပြန်မလာခဲ့ပေ။ သူ၏ မိဘများနှင့် VR ကမ္ဘာတွင်သာ တွေ့ဆုံခဲ့သည်။

ကန်လန်ကြယ်၏ ခြံဝင်းတစ်ခုအတွင်း လင်းချောင်ချန်နှင့် သူ၏ ဇနီးလုချုံးတို့က ပန်းပင်များစိုက်ပျိုးနေကြသည်။ လူသားမျိုးနွယ်၏ နည်းပညာဖြင့် မည်သည့်ပန်းမျိုးကိုမဆို လျင်မြန်စွာ စိုက်ပျိုးနိုင်သော်လည်း လုချုံးက ပန်းများကို သဘာဝအတိုင်း စိုက်ပျိုးရသည်ကိုသာ နှစ်သက်သည်။

" လောင်လင်း ရှောင်ယွမ်က ကြီးမြတ်သူဖြစ်သွားပြီးလို့ လူတွေပြောနေကြတယ်။ " လုချုံးက ပန်းများကို ရေလောင်းပြီးနောက် အံ့ဩစွာ ပြောလိုက်သည်။

" ရှောင်ယွမ်က ကြီးမြတ်သူဖြစ်သွားပြီလား။ " လင်းချောင်ချန်က ထိတ်လန့်သွားသည်။

မကြာသေးမီက သူ၏ သားက အခြားကြီးမြတ်သူတစ်ယောက်အား အနိုင်ယူလိုက်သည်ကို သူက အံ့အားသင့်နေတုန်းရှိသေးပြီး ယခုသူ၏ သားက ကြီးမြတ်သူတစ်ယောက်ဖြစ်သွားပြီလား။

" မဖြစ်နိုင်ဘူးထင်တယ်နော်။ " လင်းချောင်ချန်က ပြောလိုက်သည်။

" အဲ့ဒါ အမှန်ပဲ။ အလယ်ပိုင်းကြယ်နယ်မြေကနေ ကြေညာချက်ထုတ်ထားတယ်။ " လုချုံးက သူမ၏ ရှေ့မှ အလင်းမျက်နှာပြင်ကို ကြည့်ပြီး ပြောလိုက်သည်။

ထိုအချိန်တွင် မလှမ်းမကမ်းတွင် ပုံရိပ်တစ်ခု ပေါ်လာပြီး လင်းချောင်ချန်နှင့် လုံချုံးတို့ကို ကြင်နာစွာ ပြုံးပြလိုက်သည်။

" ရှောင်ယွမ်..." ထိုပုံရိပ်ကို မြင်သောအခါ လင်းချောင်ချန်က အံ့ဩစွာ ရေရွတ်လိုက်၏။

ကန်လန်ကြယ်မှ ထွက်သွားချိန်နှင့် ယှဉ်လျှင် လင်းယွမ်က ယခုထိ ဘာမှမပြောင်းလဲပေ။ သူ၏ အကြည့်နှင့် အော်ရာများကသာ နက်ရှိုင်းသွားသည်။

" ရှောင်ယွမ် ပြန်လာပြီလား။ " လုချုံးက ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေသည်။ သူတို့က VR ကမ္ဘာတွင် မကြာခဏ တွေ့ဆုံရသော်လည်း လက်တွေ့နှင့် နှိုင်းယှဉ်၍ မရပေ။

" အဖေ၊ အမေ..." လင်းယွမ်က ပြုံး၍ လျှောက်လာသည်။

" ရှောင်ယွမ် သားက ကြီးမြတ်သူဖြစ်သွားပြီလို့ လူတွေပြောနေကြတယ်။ " လုချုံးက ထိုအ​ကြောင်းကို ဆက်ပြောလိုက်သည်။

လင်းချောင်ချန်ကလည်း လင်းယွမ်ကို ကြည့်လိုက်သည်။

" ဟုတ်ပါတယ်။ " လင်းယွမ်က ပြုံး၍ ခေါင်းညိမ့်လိုက်သည်။

" တကယ် ကြီး​မြတ်သူဖြစ်သွားတာလား။ " လင်းချောင်ချန်နှင့် လုချုံးတို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။

" ရှောင်ယွမ် ကြီးမြတ်သူတွေရဲ့ အသက်အနှစ်သာရက အချိန်မြစ်ကို ကျော်လွန်တယ်လို့ ပြောကြတယ်။ သားရဲ့ မျက်လုံးထဲမှာ အမေတို့က ပုရွက်ဆိတ်တွေနဲ့ တူနေပြီလား။ " လုချုံးက မေးလိုက်သည်။

" ဟားဟားဟား...." လင်းယွမ်က ရယ်မောလိုက်သည်။ " မဟုတ်ပါဘူး။ အမေတို့နှစ်ယောက်က မတူပါဘူး။ "

သက်ရှိဖြစ်နေသမျှ ခံစားချက်များရှိပြီး လင်းယွမ်ကလည်း အတူတူပင်ဖြစ်သည်။ သူ၏ မိဘများက မည်မျှအားနည်းသည်ဖြစ်စေ သူ၏ မိဘများသာ ဖြစ်သည်။

ထိုအချိန်တွင် ယာဉ်ပျံတစ်စင်း ဆင်းသက်လာပြီး လင်းယိနှင့် ရှခွန်ရန်တို့ ထွက်လာကြသည်။

" အဖေ အမေ..." လင်းယိနှင့် ရှခွန်ရန်တို့က လျှောက်လာကြပြီး ဘေးမှ လင်းယွမ်ကို မြင်သောအခါ မှင်သက်သွားကြသည်။

" အကို..." လင်းယိက အလိုလို အော်ခေါ်လိုက်သည်။

လင်းယိ၏ နောက်တွင် ရပ်နေသော ရှခွန်ရန်က ကြောင်ပြီး ကြည့်နေသည်။ နောက်မှ အသိပြန်ဝင်လာပြီး ချက်ချင်း ဦးညွှတ်လိုက်သည်။ " ရှခွန်ရန်က ကြီးမြတ်သူကို အရိုအသေပေးပါတယ်။ "

လူသားမျိုးနွယ်၏ အဓိက ဆင့်ကဲပြောင်းလဲခြင်းမိသားစုတစ်ခုအနေဖြင့် ရှမိသားစုက နဂါးငွေ့တန်းကြယ်သခင် အလွှာဆယ့်နှစ်သို့ တက်လှမ်းသွားပြီဖြစ်ကြောင်း အတည်ပြုချက်ကို ရရှိခဲ့ကြသည်။

ရှခွန်ရန်နှင့်လင်းယိတို့ ကန်လတ်ကြယ်သို့ ပြေးလာရသည့် အကြောင်းရင်းကလည်း ထိုသတင်းကို သူတို့၏ မိဘများကို ပြောပြရန် ဖြစ်သည်။ သူတို့၏ မိဘများက ထိုအကြောင်းကို သိနေလျှင်တောင် သူတို့ကိုယ်တိုင် လာပြောခြင်းက ပိုကောင်းလေသည်။ သို့သော် လင်းယွမ်က ဤနေရာသို့ ကြိုတင်ရောက်ရှိနေခဲ့သည်။

" ထပါ။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။

" ဟုတ်ကဲ့။ " ရှခွန်ရန်က အလွန်ဂရုစိုက်နေဆဲ ဖြစ်သည်။

မလာမီက ရှမိသားစု၏ ဘိုးဘေးက နဂါးငွေ့တန်းကြယ်သခင်၏ ရှေ့တွင် မလေးစားသော အပြုအမူများ မလုပ်ရန် သတိပေးခဲ့သည်။ ရှခွန်ရန်ကလည်း ထိုအချက်ကို သဘောတူပေသည်။ လင်းယွမ်က လူသားမျိုးနွယ်၏ ဆယ်ယောက်မြောက် ကြီးမြတ်သူဖြစ်နေသည်။

" အကို ဘယ်လိုလုပ်ရောက်လာတာလဲ။ " လင်းယိကလည်း သတိထားပြီးမေးလိုက်သည်။ ကြီးမြတ်သူဟူသော ဝေါဟာရက သူမအပေါ် ကြီးမားသော ဖိအားကို ခံစားရစေသည်။

" အချိန်ရလို့ လာခဲ့တာပါ။ " လင်းယွမ်က ပြန်ဖြေလိုက်သည်။

အလွှာဆယ့်နှစ်သို့ မတက်လှမ်းခင်အထိ လင်းယွမ်က လေ့ကျင့်မှုတွင် အာရုံစိုက်ထားခဲ့သည်။ အကြောင်းမှာ အလွှာဆယ့်နှစ်သို့ မရောက်သေးလျှင် အချိန်မြစ်၏ ပြိုလဲမှုနှင့်အတူ သူက သေဆုံးသွားမည်ဖြစ်သည်။ ယခု အလွှာဆယ့်နှစ် ကြီးမြတ်သူဖြစ်လာသောအခါ လင်းယွမ်က အနားယူနိုင်ခဲ့သည်။

ကြီးမြတ်သူများက သက်တမ်းအကန့်အသတ် မရှိပေယ တစ်ခုတည်းသော ပြဿနာမှာ စကြာဝဠာပျက်ဆီးခြင်းကို ရင်ဆိုင်ရန် လိုအပ်သော်လည်း လင်းယွမ်၏ ခွန်အားနှင့် ၎င်းကို အလွယ်တကူ ကျော်လွှားနိုင်သည်။

ခြံဝင်းအတွင်း၌ လင်းချောင်ချန်၊ လုချုံး၊ လင်းယွမ်၊ လင်းယိနှင့် ရှခွန်ရန်တို့က စကားပြောနေကြသည်။ ခြံဝင်း၏ အပြင်ဘက်တွင် အစောင့်များက ဂရုတစိုက် ကင်းလှည့်နေကြသည်။

" မစ်လင်းယိနဲ့ မစ္စတာရှခွန်ရန်တို့ ပြန်ရောက်လာတာပဲ။ " အစောင့်ခေါင်းဆောင်က လင်းယိနှင့် ရှခွန်ရန်တို့ ခြံဝင်းထဲသို့ ဝင်ရောက်ပြီးနောက် စကားသံများကို ကြားလိုက်ရသည်။

" ဟင် " အစောင့်ခေါင်းဆောင်က ခြံဝင်ထဲသို့ ကြည့်ပြီး မှင်သက်သွားသည်။

ခြံဝင်းထဲတွင် လင်းချောင်ချန်နှင့် လုချုံး၊ လင်းယိနှင့် ရှခွန်ရန်တို့အပြင် လူတစ်ယောက်လည်း ရှိနေသောကြောင့် ဖြစ်သည်။

" မကောင်းတော့ဘူး။ လူစိမ်းတစ်ယောက်ကျူးကျော်လာတယ်။ " အစောင့်ခေါင်းဆောင်က ထိတ်လန့်သွားသည်။ သူ၏ ကာကွယ်မှုအောက်တွင် လင်းချောင်ချန်နှင့် လုချုံးတို့ တစ်စုံတစ်ခု ဖြစ်ခဲ့လျှင် အကျိုးဆက်က မတွေးဝံ့စရာပင်ဖြစ်သည်။

" အမြင့်ဆုံးလုံခြုံရေးကို အသက်သွင်း...." အစောင့်ခေါင်းဆောင်က အစောင့်ဆင့်ကဲပြောင်းလဲသူများကို အမိန့်ပေးလိုက်သည်။

ရုတ်တရက် ဆင့်ကဲပြောင်းလဲသူများက ပေါ်လာပြီး ခြံဝင်းအတွင်းသို့ ကြည့်လိုက်ကြသည်။

" ခေါင်း ခေါင်းဆောင်..." ခေါင်းဆောင်က အမိန့်ပေးရန် ပြင်နေစဉ် နောက်မှ အသံတ်သံထွက်ပေါ်လာသည်။

" ဘာလဲ။ " အစောင့်ခေါင်းဆောင်က သူ့ကို ကြည့်လိုက်သည်။

" သူ သူက နဂါးငွေ့တန်းကြယ်သခင် ထင်တယ်။ " အစောင့်က အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

" နဂါးငွေ့တန်းကြယ်သခင်လား။ " အစောင့်ခေါင်းဆောင်က တိတ်ဆိတ်သွားပြီး ခြံဝင်းထဲသို့ သေချာကြည့်လိုက်သည်။

ယခု သေချာသတိထားကြည့်မှ ထိုလူက နဂါးငွေ့တန်းကြယ်သခင်နှင့် အလွန်တူနေသည်။ လင်းချောင်ချန်နှင့် အခြားသူများ၏ စကားသံများကို သေချာနားထောင်ကြည့်မှ အစောင့်ခေါင်းတောင်က နားလည်သွားသည်။

" အဲ့ဒါ တကယ် နဂါးငွေ့တန်းကြယ်သခင်လား။ "

" နဂါးငွေ့တန်းကြယ်သခင်က ဒီကိုတကယ်ရောက်လာတာလား။ "

အစောင့်များက ထိတ်လန့်သွားကြသည်။ သူတို့၏ ဘဝတွင် ကြီးကျယ်မြင့်မြတ်သော နဂါးငွေ့တန်းကြယ်သခင်ကို ပထမဆုံးအကြိမ် မျက်မြင်ကိုယ်တွေ့တွေ့လိုက်ရတော့သည်။

All Chapters