← Chapters

အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ ပြောင်းလဲမှုများ...

Vol. 53 Ch. 777

အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ ပြောင်းလဲမှုများ...

Vol. 53 Ch. 777

လင်းယွမ် အလွှာဆယ့်နှစ်သို့ တက်လှမ်းသွားခြင်းက ကြယ်စကြာဝဠာထဲရှိ မျိုးနွယ်များစွာကို သက်ရောက်မှုရှိစေခဲ့သည်။

ယုမျိုးနွယ်၏ နယ်မြေ။

ဂြိုလ်တစ်ခုပေါ်တွင် ယုမျိုးနွယ်၏ အဖွဲ့ဝင်များက ရွေ့ပြောင်းနေကြသည်။ အထွတ်အထိပ်မျိုးနွယ်များက နဂါးငွေ့တန်းကြယ်သခင်၏ ​ဒေါသနှင့် လက်စားချေမှုကို ရင်ဆိုင်နိုင်ရန်အတွက် သူတို့၏ နယ်မြေအများစုကို စွန့်လွှတ်ခဲ့ကြသည်။

" အဖေ အမေ ကျွန်တော်တို့ တကယ်ထွက်သွားရမှာလား။ " လူငယ်တစ်​ယောက်က မသွားချင်ဖြစ်နေသည်။

ယုမျိုးနွယ်၏ အင်အားကြီးသူများက အဓိက နယ်​မြေများသို့ ပြောင်းရွှေ့ခြင်းက ပိုမိုကောင်းမွန်သော ဘဝတစ်ခုကို ရရှိနိုင်မည်ဟု ဆိုသော်လည်း အဆုံးတွင် ဤနေရာက သူတို့ မွေးဖွားကြီးပြင်းရာ ဖြစ်သည်။ ထို့ကြောင့် သူတို့၏ ဇာတိမြေကို အလွန်တန်ဖိုးထားကြသည်။

" ငါတို့ ထွက်သွားရမယ်။ " အကြီးအကဲတစ်ယောက်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။ " နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်နှစ်ကို တက်လှမ်းသွားပြီ။ ငါတို့အခုထွက်မသွားရင် နဂါးငွေ့တန်းကြယ်သခင် ရောက်လာတဲ့အခါ ထွက်သွားနိုင်မှာမဟုတ်ဘူး။ "

" နဂါးငွေ့တန်းကြယ်သခင်က ကျွန်တော်တို့ ဧကရာဇ်ထက် ပိုကြောက်စရာကောင်းလား။ " လူငယ်က မေးလိုက်၏။

၎င်းကို ကြားသောအခါ အကြီးအကဲက ပြန်မဖြေပေ။ သူက မည်သူ ပိုသန်မာသည်ကို မသိသော်လည်း ယုမျိုးနွယ်တစ်ခုလုံး ဆုတ်ခွာနေသည်ကို ကြည့်ခြင်းဖြင့် နဂါးငွေ့တန်းကြယ်သခင်က ပိုသန်မာသည်မှာ ထင်ရှားနေသည်။

ယုမျိုးနွယ်သာမက ထျန်းယုမျိုးနွယ်၊ ကျိုးမျိုးနွယ်နှင့် အခြားမျိုးနွယ်များကလည်း စတင်ဆုတ်ခွာနေကြသည်။ လင်းယွမ်က အလွှာဆယ့်နှစ်သို့ တက်လှမ်းပြီး မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ရသေးသော်လည်း အထွတ်အထိပ်မျိုးနွယ်များက ထိုကဲ့သို့ တုန့်ပြခဲ့ကြသည်။

ကန်လန်ကြယ်တွင် လင်းယွမ်က သူ၏ မိဘများနှင့် စကားပြောနေပြီး ခြံဝင်အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ သူ၏ အာရုံထဲတွင် ခြံဝင်၏ အပြင်ဘက်သာမက လူသားမျိုးနွယ်တစ်ခုလုံးကပင် သူ၏ စောင့်ကြည့်မှုအောက်တွင် ရှိနေသည်။

" ကျွန်တော် ပြန်တော့မယ်။ " လင်းယွမ်က သူ၏ မိဘများနှင့် လင်းယိတို့ကို နှုတ်ဆက်ပြီး နေရာမှ ပျောက်ကွယ်သွားခဲ့သည်။

ကြယ်စကြာဝဠာထဲတွင် လင်းယွမ်၏ ပုံရိပ်က ပြန်ပေါ်လာသည်။

" အနန္တကမ္ဘာတွေရဲ့ ဂိတ်တံခါး။ " လင်းယွမ်၏ စိတ်က အနည်းငယ် တုန်လှုပ်သွားသည်။

အလွှာဆယ့်နှစ်သို့ အောင်မြင်စွာ တက်လှမ်းပြီးနောက် လင်းယွမ်၏ ဘူးသီးခြောက်သာမက အနန္တကမ္ဘာများ၏ ဂိတ်တံခါးကလည်း ပြောင်းလဲသွားခဲ့သည်။ လင်းယွမ်က သူ၏ စိတ်ထဲမှ ဂိတ်တံခါးနှင့် ချိတ်ဆက်နေသော ခမ်းနားထည်ဝါသည့် စွမ်းအားရင်းမြစ်တစ်ခုကို ခံစားခဲ့ရသည်။

လင်းယွမ်က အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှာ အသွင်ပြောင်းလဲမှုပြီးဆုံးသွားပြီဖြစ်ကြောင်းသိလိုက်သည်။ သူ၏ စိတ်အသိက စိတ်ထဲမှ အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို ကြည့်လိုက်သည်။

" အဲ့ဒါဘာလဲ။ " လင်းယွမ်၏ သူငယ်အိမ်များ ကျုံ့သွားသည်။

အလွှာဆယ့်နှစ်သို့ မဝင်ရောက်မီနှင့်ယှဉ်လျှင် ဂိတ်တံခါး၏ အရွယ်အစားက ပြောင်းလဲခြင်းမရှိပေ။ သို့သော် အသေးစိတ်အချက်အလက်များက ပိုမိုပြည့်နှက်လာသည်။ မှိန်ဖျော့သော ရှေးဟောင်းပုံစံများ ထွက်ပေါ်လာပြီး လျို့ဝှက်ဆန်းကြယ်သော အော်ရာတစ်ခု ပျံ့နှံ့နေသည်။

" ဒီဂိတ်တံခါးက အစစ်အမှန်နဲ့ ပိုတူလာပြီ။ " လင်းယွမ်က စိတ်လှုပ်ရှားသွားသည်။

ဤအချိန်တွင် အနန္တကမ္ဘာများ၏ ဂိတ်တံခါးက အရားအားလုံးကို ကျော်လွန်ပြီး လွှမ်းမိုးထားသော ခံစားချက်တစ်ခုကို ပေးနေသည်။ ယခု လင်းယွမ်၏ အသက်အဆင့်က အလွှာဆယ့်နှစ်သို့ တက်လှမ်းသွားသောကြောင့် အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ အချက်အလက်များကို ပိုမိုလက်ခံနိုင်လာသည်။

" အနန္တကမ္ဘာတွေရဲ့ ဂိတ်တံခါးက အချိန်အတိုင်းအတာရဲ့ အပြင်ဘက်မှာ တည်ရှိနေတယ်။ အတိတ်နဲ့ အနာဂတ်ရဲ့ အချိန်တွေကို ကြည့်နိုင်တဲ့ ပြည့်စုံတဲ့ အချိန်သက်ရှိတွေတောင် ဒါကို ရှာမတွေ့နိုင်လောက်ဘူး။ " လင်းယွမ်က တွေးလိုက်သည်။

အလွှာဆယ့်သုံး အချိန်သက်ရှိများက ပြည့်စုံသော အချိန်သက်ရှိများ၏ စွမ်းရည်အချို့ကို ပိုင်ဆိုင်ထားပြီး အချိန်အတိုင်းအတာများစွာကို စောင့်ကြည့်နိုင်စွမ်းရှိကြသည်။ သူတို့အတွက် အခြေခံအားဖြင့် မည်သည့်လျို့ဝှက်ချက်မှ မရှိတော့ပေ။ သူတို့သာ ဆန္ဒရှိသရွေ့ အချိန်အတိုင်းအတာမှ တစ်ဆင့် အပြည့်အဝ ခြေရာခံနိုင်ကြသည်။

သို့သော် အနန္တကမ္ဘာများ၏ ဂိတ်တံခါးက အချိန်အတိုင်းအတာ အားလုံးထက် ကျော်လွန်နေသည်။ အလွှာဆယ့်သုံး အချိန်သက်ရှိများက လင်းယွမ်၏ စိတ်ထဲသို့ ဝင်ရောက်လျှင်တောင် တစ်စုံတစ်ခုကို ခြေရာခံနိုင်မည်မဟုတ်ပေ။

လင်းယွမ်က အနန္တကမ္ဘာများ၏ ဂိတ်တံခါး၏ အော်ရာကို ခံစားပြီး မြင်နိုင်သည်မှာ ၎င်း၏ ပိုင်ရှင်ဖြစ်သောကြောင့် ဖြစ်သည်။ လင်းယွမ်မှလွဲ၍ အခြားသူများက အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို မမြ​င်နိုင်ကြပေ။

" အရင်နဲ့ ဘာကွာလဲကြည့်ရအောင်။ " လင်းယွမ်က သူ၏ စိတ်အသိကို ဂိတ်တံခါးသို့ ဖြန့်ကျက်လိုက်ပြီး အတွင်းမှအချက်အလက်များကို စတင်လက်ခံလိုက်သည်။

အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ ပြောင်းလဲမှုများက လင်းယွမ်အတွက် သိပ်အရေးမကြီးပေ။ အရေးကြီးသည်မှာ အနန္တကမ္ဘာများ၏ ဂိတ်တံခါးတွင် မည်သည့်လုပ်​ဆောင်ချက်အသစ်များ ရှိသည်ကို ဖြစ်သည်။

အချက်အလက်များစွာက လင်းယွမ်၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။ သူ၏ အသက်အဆင့် မြင့်တက်လာခြင်းနှင့်အတူ ဂိတ်တံခါး၏ စွမ်းရည်များကိုလည်း ပိုမိုအသုံးချနိုင်သည်။

အချိန်အနည်းငယ် ကြာပြီးနောက် လင်းယွမ်က မျက်လုံးများဖွင့်ပြီး အတွေးနက်နေသည်။

" ဒီလိုကိုး။ " လင်းယွမ်က ဂိတ်တံခါး၏ စွမ်းရည်အသစ်များကို အကြမ်းဖျင်းနားလည်လိုက်သည်။

ပထမအချက်မှာ လင်းယွမ်က အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ ဆင်းသက်ခဲ့သော ကမ္ဘာများစွာ၏ ဆုံမှတ်များကို လုံးဝသတ်မှတ်ထားပြီဖြစ်သည်။ အနာဂတ်တွင် လင်းယွမ်က ထိုကမ္ဘာများကို ဆင်းသက်ခဲ့လျှင် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားများကို အသုံးပြုစရာမလိုဘဲ တိုက်ရိုက်ဆင်းသက်နိုင်သည်။

ထို့အပြင် ဆင်းသက်ချိန်တွင်လည်း စိတ်အသိအနည်းငယ်သာ လိုအပ်ပြီး စိတ်အသိတစ်ခုလုံး အပြည့်အဝ မလိုအပ်တော့ပေ။ လင်းယွမ်က အခြားကမ္ဘာများသို့ ဆင်းသက်ချိန်တွင် ကိုယ်ပွားတစ်ခု စေလွှတ်ခြင်းနှင့် ပိုတူပြီး မူလခန္ဓာကလည်း တစ်ပြိုင်နက် လှုပ်ရှားနိုင်ပေလိမ့်မည်။

" အဲ့ဒါ တကယ်ကောင်းတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

အလွှာဆယ့်နှစ်သို့ မတက်လှမ်းမီ လင်းယွမ်က ရင်းမြစ်ကမ္ဘာများသို့ ဆင်းသက်ရန် မဝံ့ရဲခဲ့ပေ။ အကြောင်းမှာ ဆင်းသက်နေစဉ် သူ၏ မူလခန္ဓာကိုယ်က အရေးပေါ်အခြေအနေတစ်ခု ကြုံတွေ့ခဲ့လျှင် ချက်ချင်း ပြန်လာရမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

" ရင်းမြစ်ကမ္ဘာ..." လင်းယွမ်က အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ ရင်းမြစ်ကမ္ဘာများ၏ ဆုံမှတ်၃၃ခုကို ကြည့်လိုက်သည်။ အလွှာဆယ့်နှစ်သို့ တက်လှမ်းပြီးနောက် ရင်းမြစ်ကမ္ဘာများ၏ ဆုံမှတ်ဆယ်ခုကျော်က ပို၍ ရှင်းလင်းလာခဲ့သည်။

" ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား.... " လင်းယွမ်က ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားများကို အသုံးပြုသော နည်းလမ်းများမှာ အနည်းငယ်သာ ရှိသည်။

တစ်ခုမှာ ဆင်းသက်ခြင်းဖြစ်ပြီး အခြားတစ်ခုမှ ဆင်းသက်ခဲ့သော ကမ္ဘာများသို့ ပင်မစကြာဝဠာမှ ပစ္စည်းများကို ယူဆောင်ခြင်းဖြစ်သည်။ သို့သော် ယခုအခါ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားများ၏ အသုံးပြုမှုက ပိုများလာခဲ့သည်။

လင်းယွမ်က ရင်းမြစ်ကမ္ဘာသို့ ဆင်းသက်ခဲ့လျှင် အားနည်းသော အချိန်တွင် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကို အသုံးပြု၍ ခွန်အားကို လျင်မြန်စွာ ပြန်လည်ရရှိနိုင်သည်။ သီအိုရီအရ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား အလုံလောက်ရှိနေလျှင် သူ၏ ခွန်အား အပြည့်အဝကို ချက်ချင်း ပြန်လည်ရရှိနိုင်ပြီး ပင်မစကြာဝဠာမှ မူလခန္ဓာကိုယ်ကို ရင်းမြစ်ကမ္ဘာသို့ ပုံတူကူးနိုင်သည်။

အမှန်တော့ မူလခန္ဓာကိုယ်သာမက လင်းယွမ်သာ ကောင်းစွာ နားလည်ထားလျှင် မည်သည့်လက်နက်၊ မည်သည့်ရတနာမဆို ပုံတူကူးနိုင်သည်။ လိုအပ်သော ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကသာ အဓိကဖြစ်သည်။

" ဒီစွမ်းရည်က တကယ် ကြောက်စရာကောင်းတယ်။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။

ကမ္ဘာပေါ်ရှိ မည်သည့်အရာကိုမဆို ပုံတူကူးနိုင်လေသည်။ တစ်နေ့ လင်းယွမ်က ဖရိုဖရဲဟင်းလင်းပြင်ကို အပြည့်အဝ နားလည်ခဲ့လျှင် ဖရိုဖရဲဟင်းလင်းပြင်တစ်ခုကိုလည်း ပုံတူကူးနိုင်မှာလား။

" ငါ့ရဲ့ လက်ရှိ မူလခန္ဓာကိုယ်ကို ပုံတူကူးဖို့ဆိုရင် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား ၂၇၃၃၀၀၀ လိုအပ်တယ်။ " လင်းယွမ်က နှုတ်ခမ်းများ တွန့်သွားသည်။

ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားမျှင် ၂၇၃၃၀၀၀က သိပ်မများလှပေ။ တစ်မျှင်လျှင် ရက်ကိုးဆယ်နှုန်းနှင့်တွက်လျှင် ခန့်မှန်းခြေအားဖြင့် နှစ်ခုနှစ်သိန်းသာ ကြာပေလိမ့်မည်။

" မူလခန္ဓာကိုယ်ကို တိုက်ရိုက် ပုံတူကူးဖို့ မလိုပါဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

အခြားကမ္ဘာများသို့ ဆင်းသက်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ ထိုကမ္ဘာများမှ ထူးခြားသော နိယာမများကို နားလည်ရန်နှင့် ကျင့်စဉ်များကို လေ့လာရန်ဖြစ်သည်။

လင်းယွမ်က သူ၏ မူလခန္ဓာကိုယ်ကို ပုံတူကူးခဲ့လျှင် သူ၏ လမ်းကြောင်းအများစုက သတ်မှတ်ပြီးသားဖြစ်ပြီး အခြားကမ္ဘာများသို့ ဆင်းသက်ခြင်း၏ အကြီးမားဆုံး အားသာချက်ကို ဆုံးရှုံးသွားမည်ဖြစ်သည်။

သို့သော် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားက အသုံးပြုခြင်းကလည်း သူ၏ အသက်ကယ်နိုင်စွမ်းကို များစွာမြှင့်တင်ပေးသည်။ သူက စတင်ဆင်းသက်ချိန်တွင် အားနည်းသော ကာလအတွင်း အန္တရာယ်များနှင့် ကြုံတွေ့ခဲ့လျှင် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကို အသုံးပြုပြီး လွတ်မြောက်နိုင်သည်။

" အခုဆိုရင် ငါက ဂိတ်တံခါးကို အသုံးပြုနိုင်ပြီ။ " လင်းယွမ်က တွေးလိုက်သည်။

ပင်မစကြာဝဠာတွင်ဖြစ်စေ ဖရိုဖရဲဟင်းလင်းပြင်တွင်ဖြစ်စေ လင်းယွမ်က ကမ္ဘာဖျက်ဆီးခြင်း မူလစွမ်းအားကို အသုံးပြု၍ အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို အနည်းငယ် လှုံ့ဆော်ပြီး သူအလိုရှိသော နေရာသို့ သွားနိုင်ပေလိမ့်မည်။

" ဒီစွမ်းရည်ကို မလိုအပ်ရင် မသုံးတာ ပိုကောင်းတယ်။ " လင်းယွမ်က စဉ်းစားလိုက်သည်။

အနန္တကမ္ဘာများ၏ ဂိတ်တံခါးက အချိန်အတိုင်းအတာများထက် ကျော်လွန်သော အရာဖြစ်သည်။ ထို့ကြောင့် အလွှာဆယ့်သုံး အချိန်သက်ရှိများပင် ဂိတ်တံခါးကို မတွေ့နိုင်ကြပေ။ သို့သော် ဖရိုဖရဲဟင်းလင်းပြင်တွင် အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို အသုံးပြုခဲ့လျှင် သဲလွန်စများ ကျန်နေခဲ့နိုင်သည်။

အနန္တကမ္ဘာများ၏ ဂိတ်တံခါးက အချိန်အတိုင်းအတာအတွင်း မရှိသော်လည်း လင်းယွမ်က ရှိနေဆဲ ဖြစ်သည်။ သဲလွန်စများကို လိုက်၍ သူတို့က လင်းယွမ်ကို ရှာဖွေနိုင်လျှင် ပြဿနာများ ဖြစ်လာနိုင်သည်။

All Chapters