လင်းယွမ်၏ ဆုံးဖြတ်ချက်...
Vol. 53 Ch. 778
အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ စွမ်းရည်အသစ်များက လင်းယွမ်အတွက် များစွာအကျိုးရှိလှသည်။
" ငါစုဆောင်းထားတဲ့ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားက နည်းလွန်းသေးတယ်။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။
လက်ရှိတွင် သူက ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားမျှင် သုံးထောင်အောက်သာ ရှိသည်။ အဓိကပြဿနာမှာ လင်းယွမ်၏ အချိန်က အလွန်တိုတောင်းနေသည်။ သူက အလွှာဆယ့်နှစ်သို့ မရောက်မီ နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့လျှင် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား လုံလောက်စွာ ရရှိပေလိမ့်မည်။
ထို့အပြင် အနန္တကမ္ဘာများ၏ ဂိတ်တံခါမှ လက်ရှိစွမ်းရည်များအရ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား လုံလောက်စွာ ရှိနေသရွေ့ ကျင့်ကြံခြင်းအတွက် လိုအပ်သော အရင်းအမြစ်များကို ပုံတူကူးနိုင်သည်။
လူသားမျိုးနွယ် တတယခံတပ်ရှိ နန်းတော်တစ်ခုထဲတွင် ပလ္လင်တစ်ခုစီ၌ ပုံရိပ်တစ်ခုစီ တည်ရှိနေသည်။ သူတို့က လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်ဖြစ်သည်။
ထိုအချိန်တွင် ပလ္လင်ကိုးခု၏ အလယ်၌ ပလ္လင်တစ်ခုရှိနေသည်။ ထိုအချိန်တွင် လင်းယွမ်၏ ပုံရိပ်က ပေါ်လာပြီး ဆယ်ခုမြောက် ပလ္လင်ပေါ်တွင် ဖြည်းညင်းစွာ ထိုင်လိုက်သည်။
" လင်းယွမ် မင်းရောက်လာပြီ။ " ကြီးမြတ်သူရွှမ်ယွမ်က ပြုံးလိုက်ပြီး အခြားကြီးမြတ်သူများကလည်း လင်းယွမ်ကို ကြည့်လိုက်ကြသည်။
လင်းယွမ်က မကြာသေးမီကမှ ကြီးမြတ်သူဖြစ်လာသော်လည်း သူက လူသားမျိုးနွယ်၏ အရေးပါဆုံး ကြီးမြတ်သူဖြစ်ပြီး လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်စွမ်းအားဖြင့် စကြာဝဠာအတွင်း ပြိုင်ဘက်ကင်းပေသည်။
" လင်းယွမ် ရောက်လာပြီဆိုတော့ အရေးကြီးကိစ္စ ဆွေးနွေးရအောင်။ " ကြီးမြတ်သူရွှမ်ယွမ်က လေးနက်စွာ ပြောလိုက်သည်။
" အရေးကြီးကိစ္စလား။ " လင်းယွမ်က စိတ်ထဲမှ နားလည်သွားသည်။
ကြီးမြတ်သူရွှမ်ယွမ်က အရေးကြီးကိစ္စဟု ဆိုသောကြောင့် ၎င်းက လူသားမျိုးနွယ်တစ်ခုလုံးနှင့် သက်ဆိုင်ပေလိမ့်မည်။ သာမန်ကိစ္စများက ကြီးမြတ်သူများ၏ အကြံဉာဏ်ကို လိုအပ်မည်မဟုတ်ပေ။
" လင်းယွမ် အလွှာဆယ့်နှစ်ကို တက်လှမ်းပြီးတော့ အထွတ်အထိပ်မျိုးနွယ်တွေက သူတို့ရဲ့ နယ်မြေတွေက ဆုတ်ခွာနေကြပြီ။ " ကြီးမြတ်သူရွှမ်ယွမ်က ပြောလိုက်သည်။
အထွတ်အထိပ်မျိုးနွယ် ဆယ့်တစ်ခု၏ လှုပ်ရှားမှုများကို သူတို့က သတိပြုမိကြသည်။ လူသားမျိုးနွယ်က ဘယ်မှမယှဉ်နိုင်သော နဂါးငွေ့တန်းကြယ်သခင်ထွက်ပေါ်လာပြီး သူတို့က ထိုကဲ့သို့ ပြုမူသည်မှာ သဘာဝပင်ဖြစ်သည်။
" သူတို့က နယ်မြေတွေ ချုံ့သွားတဲ့အပြင် အလွှာဆယ့်နှစ် ကြီးမြတ်သူတွေက ငါတို့ကို ဆက်သွယ်ခဲ့တယ်။ သူတို့က သတ်မှတ်ထားတဲ့ တန်ဖိုးတစ်ခုပေးပြီး လူသားမျိုးနွယ်နဲ့ ငြိမ်းချမ်းရေးတည်ဆောက်လိုကြောင်း ပြောခဲ့တယ်။ " ကြီးမြတ်သူရွှမ်ယွမ်က ပြောလိုက်သည်။
" ငြိမ်းချမ်းရေး တည်ဆောက်မှာလား။ " အလွှာဆယ့်နှစ် ကြီးမြတ်သူများက ရယ်လိုက်ကြသည်။
သူတို့က နဂါးငွေ့တန်းကြယ်သခင်ကို မယှဉ်နိုင်ကြောင်း နားလည်ပြီး အညံ့ခံလိုက်ခြင်းက ဉာဏ်ရှိသော ရွေးချယ်မှုပင်ဖြစ်သည်။
" အခြားအင်အားကြီးမျိုးနွယ်တွေ၊ သာမန်မျိုးနွယ်တွေနဲ့ ရှေးဟောင်းနတ်ဘုရားတွေကလည်း ငါတို့ လူသားမျိုးနွယ်ကို အညံ့ခံလိုကြတယ်။ " ကြီးမြတ်သူရွှမ်ယွမ်က ပြောလိုက်သည်။
လင်းယွမ်ရှိနေခြင်းက အလွန်အင်အားကြီးမားလွန်သဖြင့် အလွှာဆယ့်နှစ် ကြီးမြတ်သူများ စောင့်ရှောက်ထားသော အထွတ်အထိပ်မျိုးနွယ်များပင် ဆုတ်ခွာကြသည်။ အင်အားကြီးမျိုးနွယ်များ၊ သာမန်မျိုးနွယ်များနှင့် ရှေးဟောင်းနတ်ဘုရားများကလည်း သဘာဝအတိုင်း ကြောက်ရွံ့ကြသည်။
" လင်းယွမ် ဆုံးဖြတ်ချက်က မင်းအပေါ်မှာ မူတည်တယ်။ " ကြီးမြတ်သူရွှမ်ယွမ်က လင်းယွမ်ကို ပြုံး၍ ကြည့်ပြီး ပြောလိုက်သည်။
ထိုအထွတ်အထိပ်မျိုးနွယ်များက လင်းယွမ်ကြောင့် ထိုသို့ ပြုမူကြခြင်းဖြစ်ပြီး သူတို့ကို မည်သို့ကိုင်တွယ်ရမည်ကိုလည်း နောက်ဆုံးတွင် လင်းယွမ် ဆုံးဖြတ်ခြင်းက ပို၍ သင့်တော်ပေသည်။
" အညံ့ခံဖို့လာတဲ့ အထွတ်အထိပ်မျိုးနွယ်၊ အင်အားကြီးမျိုးနွယ်၊ သာမန်မျိုးနွယ်နဲ့ ရှေးဟောင်းနတ်ဘုရားတွေက လူသားမျိုးနွယ်နဲ့ ရန်ငြိုးကြီးကြီးမားမားမရှိရင် သူတို့ကို လက်ခံသင့်တယ်။ " လင်းယွမ်က ခဏစဉ်းစားပြီး ပြောလိုက်သည်။
ကြယ်စကြာဝဠာတွင် မျိုးနွယ်အမျိုးမျိုး ရှိသော်လည်း အဓိကအားဖြင့် အထွတ်အထိပ်မျိုးနွယ်ဆယ့်နှစ်ခုက လွှမ်းမိုးထားခြင်းဖြစ်ပြီး အင်အားကြီးမျိုးနွယ်နှင့် သာမန်မျိုးနွယ်များက မည်သည့်ဆန့်ကျင်မှုမှ မလုပ်နိုင်ကြပေ။
" ကပ်ဘေးမျိုးနွယ်ကလွဲရင် ငြိမ်းချမ်းရေးဆွေးနွေးလိုတဲ့ အဲ့ဒီအထွတ်အထိပ်မျိုးနွယ်တွေလည်း ပြဿနာမရှိဘူး။ သူတို့က အလွှာဆယ့်နှစ် လက်နက်နဲ့ ရတနာတွေရဲ့ ကိုးဆယ်ရာခိုင်နှုန်းကို ပေးပြီး ကျွန်တော်တို့ လူသားမျိုးနွယ်က သတ်မှတ်ထားတဲ့ နယ်မြေအတွင်း နေထိုင်ရမယ်။ " လင်းယွမ်က ပြောလိုက်သည်။
သူက ကပ်ဘေးမျိုးနွယ်ကို ချန်လှပ်ခဲ့ရသည့် အကြောင်းရင်းမှာ လူသားမျိုးနွယ်က သူတို့နှင့် များစွာတိုက်ခိုက်ခဲ့ခြင်းမရှိသည့်အပြင် သူ့ကိုလည်း သတင်းပေးပို့ခဲ့သောကြောင့် ဖြစ်သည်။ သူတို့က သတင်းမပေးခဲ့လျှင်တောင် လင်းယွမ်အတွက် မထူးခြားသော်လည်း တစ်ဖက်က စိတ်သဘောထားကောင်းကို ပြသခဲ့သည်။
ထို့အပြင် ကပ်ဘေးမျိုးနွယ်၏ မူလဇာတ်မြစ်က ထင်ထားသည်ထက် ပိုမိုကြီးမားပြီး ဖရိုဖရဲအဆင့် သစ်သားအိမ်ကလည်း လင်းယွမ်ကိုင်တွယ်နိုင်သောအရာမဟုတ်ပေ။
" အလွှာဆယ့်နှစ် လက်နက်နဲ့ ရတနာတွေရဲ့ ကိုးဆယ်ရာခိုင်နှုန်းကို ပေးရမှာလား။ " ကြီးမြတ်သူရွှမ်ယွမ်နှင့် အခြားသူများက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
" သူတို့ သဘောတူဖို့ ခက်ခဲလိမ့်မယ်။ " ကြီးမြတ်သူရွှမ်ယွမ်က တုန့်ဆိုင်းစွာ ပြောလိုက်သည်။
" ဘာမှမဖြစ်ဘူး။ သူတို့ သဘောတူလိမ့်မယ်။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။
" ကောင်းပြီ။ ငါသူတို့ကို အကြောင်းကြားလိုက်မယ်။ " ကြီးမြတ်သူရွှမ်ယွမ်က ခေါင်းညိမ့်လိုက်ပြီး အခြားအလွှာဆယ်နှစ် ကြီးမြတ်သူများကို စတင်ဆက်သွယ်လိုက်သည်။
" ကပ်ဘေးမျိုးနွယ်ကို ချန်ထားလိုက်ပါ။ " လင်းယွမ်က ထပ်ပြောလိုက်သည်။
" ကောင်းပြီ။ " ကြီးမြတ်သူရွှမ်ယွမ်က ခေါင်းညိမ့်လိုက်သည်။
" ငါတို့ ကပ်ဘေးမျိုးနွယ်ကို သတိထားသင့်တယ်။ " အခြားကြီးမြတ်သူများကလည်း ခေါင်းညိမ့်လိုက်ကြသည်။
" ကပ်ဘေးမျိုးနွယ်က ဖရိုဖရဲဟင်းလင်းပြင်က လာတာဖြစ်နိုင်တယ်။ " လင်းယွမ်က ပြောလိုက်သည်။
" ဖရိုဖရဲဟင်းလင်းပြင်..." အခြားကြီးမြတ်သူများက အံ့ဩသွားကြသည်။
သူတို့က ကပ်ဘေးမျိုးနွယ်ကို ယခင်စကြာဝဠာခေတ်မှ ဆင်းသက်လာသည်ဟုသာ ရိုးရှင်းစွာ တွေးထားကြသည်။
" မှန်တယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ " ကျွန်တော်ရဲ့ ကိုယ်ပွားတစ်ခုက ကပ်ဘေးမျိုးနွယ်ကို ရောက်နေပြီ။ "
ကပ်ဘေးမျိုးနွယ်၏ နက်ရှိုင်းသော နေရာတစ်ခုတွင် သစ်သားတဲအိမ်လေးတစ်လုံးသာ ရှိနေသည်။
ထိုအချိန်တွင် လင်းယွမ်၏ ပုံရိပ်က တဲအိမ်ရှေ့တွင် စုစည်းလာသည်။
" နဂါးငွေ့တန်းကြယ်သခင်ကို အရိုအသေပေးပါတယ်။ " လင်းယွမ်ရောက်လာသည်နှင့် သစ်သားအိမ်အတွင်းမှ ပုံရိပ်နှစ်ခု ထွက်လာပြီး လင်းယွမ်ကို အနည်းငယ် ဦးညွှတ်လိုက်ကြသည်။
ယခင် ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူတစ်ယောက်က သစ်သားအိမ်အတွင်းသာ နေထိုင်ခဲ့သော်လည်း ယခု နှစ်ယောက်လုံးက လင်းယွမ်ကို ထွက်တွေ့ကြသည်။
"ဒီသစ်သားအိမ်က စကြာဝဠာပျက်ဆီးခြင်းကို ဖြတ်ကျော်ဖို့ မင်းတို့ မှီခိုခဲ့တဲ့အရာဖြစ်မယ်ထင်တယ်။ " လင်းယွမ်က ပြုံး၍ ပြောလိုက်ပြီး သစ်သားအိမ်ကို ကြည့်လိုက်သည်။
ထိုသစ်သားအိမ်က လုံးဝသာမန်ဖြစ်ပြီး သတိထားမိရန် ခက်ခဲသည်။ သို့သော် ၎င်း၏ ဖွဲ့စည်းပုံက အသေးစိတ်တိုင်းတွင် အဆုံးမဲ့စွမ်းအားများ ပါဝင်နေပြီး ဖရိုဖရဲစွမ်းအားများ ပျံ့နှံ့နေသည်။
" မှန်ပါတယ်။ ဒီသစ်သားအိမ်လေးက ငါတို့ကပ်ဘေးမျိုးနွယ်ရဲ့ အဓိကအုတ်မြစ်ပါ။ ငါတို့ဘိုးဘေးတွေက ငါတို့မျိုးနွယ်ကို ထိန်းသိမ်းဖို့ ဒီသစ်သားအိမ်ကို ဆောက်လုပ်ပြီး စကြာဝဠာထဲမှာ မြှုပ်နှံထားခဲ့ကြတယ်။ " ဘယ်ဘက်မှ ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူက ပြောလိုက်သည်။
သူတို့၏ စိတ်ထဲတွင် လင်းယွမ်ကို မဟာသူတော်စင်တစ်ပါး ပြန်လည်ဝင်စားသည်ဟု လက်ခံထားကြသည်။ သူက အလွှာဆယ့်နှစ်သို့ ရောက်သောအခါ သူ၏ မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းကို နိုးထလာပေလိမ့်မည်။
" တကယ်သတိကြီးတာပဲ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ဖရိုဖရဲဟင်းလင်းပြင်တွင် အလုံခြုံဆုံးနေကာက ဘာလဲ။ ဖရိုဖရဲကုန်းမြေ၊ လျို့ဝှက်နယ်မြေ၊ ဖရိုဖရဲသူတော်စင်တစ်ပါး၏ နေရာ တစ်ခုမှမဟုတ်ပေ။
ဖရိုဖရဲဟင်းလင်းပြင်တွင် မရေတွက်နိုင်သော စကြာဝဠာများ မွေးဖွားလာပြီး တစ်ခုစီက ဖရိုဖရဲဟင်းလင်းပြင်၏ မူလရင်းမြစ်နှင့် ချိတ်ဆက်ထားသည်။ စကြာဝဠာကလည်း ပြင်ပစွမ်းအားများ သက်ရောက်နိုင်သည်။
ဥပမာ မဟာသူတော်စင်တစ်ပါး၏ တိုက်ခိုက်မှုက စကြာဝဠာပျက်ဆီးခြင်းကို စောစီးစွာ ကျရောက်စေနိုင်သည်။ သို့သော် ပျက်ဆီးခြင်းကလည်း စကြာဝဠာ၏ လည်ပတ်မှုတစ်ခုသာဖြစ်သည်။ စကြာဝဠာက ပျက်ဆီးပြီးနောက် ပြန်လည်မွေးဖွားလာပေလိမ့်မည်။
အမြင့်ဆုံး မဟာသူတော်စင်တစ်ပါးပင် စကြာဝဠာတစ်ခုကို အပြီးတိုင် မဖျက်ဆီးပစ်နိုင်ပေ။ ၎င်းက ဖရိုဖရဲဟင်းလင်းပြင်နှင့် ယှဉ်ပြိုင်ခြင်းသာ ဖြစ်သည်။
စကြာဝဠာက ပြင်ပသက်ရှိများကို တားမြစ်ထားသည်။ ထိုကန့်သတ်ချက်ကြောင့် စကြာဝဠာထဲတွင် နေထိုင်ခြင်းက ဖရိုဖရဲဟင်းလင်းပြင်ထက် ပို၍ အန္တရာယ်ကင်းလေသည်။
ဧကရာဇ်ရွှမ်ဟွမ်က ရွှမ်ဟွမ်မျိုးနွယ်ကို မပျော်ကွယ်သွားစေရန် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ ၃၃၃၃၃ခုကို စကြာဝဠာများတွင် ပျံ့နှံ့စေခဲ့သည်။ စကြာဝဠာတစ်ခုမှ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတစ်ခုက မတော်တဆ ကြုံတွေ့ခဲ့ရလျှင်တောင် အခြားစကြာဝဠာမှ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေများက ထိခိုက်မည်မဟုတ်ပေ။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ ၃၃၃၃၃ခု၏ တိကျသော တည်နေရာကို ဧကရာဇ်ရွှမ်ဟွမ်ပင် မသိခဲ့ပေ။ မဟာသူတော်စင်များက ရွှမ်ဟွမ်မျိုးနွယ်ကို ဖြတ်တောက်လိုလျှင်တောင် စကြာဝဠာတစ်ခုပြီးတစ်ခု ရှာဖွေရန် မဖြစ်နိုင်ပေ။
ကပ်ဘေးမျိုးနွယ်က စကြာဝဠာအတွင်း အမြဲတမ်းပုန်းအောင်နေပြီး သူတို့၏ အမြင့်ဆုံးကန့်သတ်ချက်က လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်ဖြစ်လျှင်တောင် သူတို့၏ မျိုးနွယ်ကတော့ ပျောက်ကွယ်သွားမည်မဟုတ်ပေ။