နိယာမများ၏ လမ်းကြောင်း....
Vol. 53 Ch. 779
ကပ်ဘေးမျိုးနွယ်က ဖရိုဖရဲဟင်းလင်းပြင်ရှိ အစွမ်းထက် အင်အားစုတစ်ခု၏ မျိုးနွယ်ခွဲတစ်ခုဖြစ်ပြီး ထိုအင်အားစု၏ အမွေအနှစ် ပြတ်တောက်ခြင်းမှ ကာကွယ်ရန် အထူးဖန်တီးထားခြင်းဖြစ်သည်။
" မင်းတို့ဘိုးဘေးက ဘယ်အင်အားစုက လာတာလဲ။ " လင်းယွမ်က သိလိုစိတ်နှင့် မေးလိုက်သည်။
စကြာဝဠာတွင် နည်းလမ်းများ ဖြန့်ပျက်ရန် အနည်းဆုံး ဖရိုဖရဲမဟာသူတော်စင်ဖြစ်ပေလိမ့်မည်။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကို ဖန်တီးခဲ့သော ဧကရာဇ်ရွှမ်ဟွမ်ကဲ့သို့ ဖြစ်သည်။
" ငါတို့မသိပါဘူး။ " ညာဘက်မှ ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူက ခေါင်းခါပြီး ပြောလိုက်သည်။ " ငါတို့ သွေးမျိုးဆက်ထဲမှာ ဘိုးဘေးတွေနဲ့ ပက်သက်တဲ့ မှတ်ဉာဏ်တွေကို ချိတ်ပိတ်ထားတယ်။ စကြာဝဠာထဲက ထွက်ခွာပြီး ဖရိုဖရဲဟင်းလင်းပြင်မှာ နေထိုင်မှသာ ချိပ်စည်းတွေ ပွင့်လာမှာပါ။ "
" နားလည်ပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ဧကရာဇ်ရွှမ်ဟွမ်နှင့် နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်တို့ ချန်ခဲ့သော အချက်အလက်များအရ ၎င်းက ဖရိုဖရဲ မဟာသူတော်စင်များ ပြုလုပ်တတ်သော အစီအစဉ်တစ်ခုဖြစ်သည်။
" စကြာဝဠာခေတ်အတွင်းမှာ ငါတို့ကပ်ဘေးမျိုးနွယ်က အလွှာဆယ့်နှစ် တစ်ယောက် မွေးဖွားနိုင်ခဲ့ရင် စကြာဝဠာပျက်ဆီးချိန်မှာ ငါတို့က လူအချို့ကို ခေါ်ပြီး စကြာဝဠာထဲကနေ ထွက်သွားနိုင်လိမ့်မယ်။ စကြာဝဠာထဲမှ ကျန်ခဲ့တဲ့သူတွေကို အလွှာဆယ့်နှစ်အသစ်က စောင့်ရှောက်လိမ့်မယ်။ " ဘယ်ဘက်မှ ကြီးမြတ်သူက ရှင်းပြလိုက်သည်။ သူတို့၏ ဘိုးဘေးများက အခြားစကြာဝဠာများတွင်လည်း အလားတူအစီအစဉ်များ ပြုလုပ်ခဲ့ကြသည်။
" နဂါးငွေ့တန်းကြယ်သခင်သာ ဆန္ဒရှိရင် လူသားအချို့ကို ဒီစကြာဝဠာခေတ်ကို ကျော်ဖြတ်နိုင်အောင် ငါတို့ ခေါ်သွားနိုင်ပါတယ်။ ဒါပေမယ့် နောက်လာမယ့်စကြာဝဠာခေတ်မှာတော့ စကြာဝဠာရဲ့ ပစ်မှတ်ထားခြင်းကို ခံရလိမ့်မယ်။ " ညာဘက်မှ ကြီးမြတ်သူက ပြောလိုက်သည်။
လင်းယွမ်က အမှန်တကယ် မဟာသူတော်စင်တစ်ပါး မွေးဖွားခြင်းဖြစ်လျှင် ကပ်ဘေးမျိုးနွယ်ကို အားမကိုးဘဲ လူသားမျိုးနွယ်ကို စကြာဝဠာခေတ်များစွာကို ကျော်လွန်အောင် လုပ်နိုင်ပေလိမ့်မည်။ ထိုသို့ကမ်းလှမ်းရခြင်းမှာ ကပ်ဘေးမျိုးနွယ်က သူတို့၏ သဘောထားကို ပြသခြင်းဖြစ်သည်။
" အချိန်ကျရင် ကြည့်ရမှာပေါ့။ " လင်းယွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ယခုအချိန်တွင် နောင်လာမည့် စကြာဝဠာခေတ်အကြောင်းပြောရန် စောလွန်းနေသည်။ ထို့အပြင် လင်းယွမ်ကိုယ်တိုင်က ထိုအချိန်တွင် ခံနိုင်ရည်ရှိစေမည့် နည်းလမ်းများရှိသည်။ ဥပမာ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမြေသည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက စကြာဝဠာနှင့် ယှဉ်တွဲတည်ရှိပြီး ကပ်ဘေးမျိုးနွယ်၏ သစ်သားအိမ်ထက်ပင် သာလွန်သည်။ သစ်သားအိမ်ဖြစ်စေ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေဖြစ်စေ နောက်လာမည့် စကြာဝဠာခတ်အထိ အသက်ရှင်ကျန်ရစ်သူ မည်သူမဆို စကြာဝဠာစိတ်အသိ၏ ပစ်မှတ်ထားခြင်းကို ခံရမည်ဖြစ်သည်။
" ကောင်းပါပြီ။ နဂါးငွေ့တန်းကြယ်သခင် လိုအပ်တာရှိရင် ပြောလို့ရပါတယ်။ " ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူနှစ်ယောက်က ပြောလိုက်ကြသည်။
စကြာဝဠာ၏ အစွန်အဖျားနေရာတွင် အလွှာဆယ့်နှစ် ကြီးမြတ်သူများ ဆင်းသက်လာကြသည်။
" ကြီးမြတ်သူရွှမ်ယွမ်က ငြိမ်းချမ်းရေးလိုချင်ရင် အလွှာဆယ့်နှစ် လက်နက်နဲ့ ရတနာတွေရဲ့ ကိုးဆယ်ရာခိုင်နှုန်းကို ပေးပြီး လူသားမျိုးနွယ်က သတ်မှတ်ထားတဲ့ နယ်မြေမှာပဲ နေထိုင်ရမယ်လို့ ပြောတယ်။ " ကျိုးမျိုးနွယ်မှ ကြီးမြတ်သူ၏ အမူအရာက မဲမှောင်နေသည်။
" အလွှာဆယ့်နှစ် လက်နက်နဲ့ ရတနာတွေရဲ့ ကိုးဆယ်ရာခိုင်နှုန်းလား။ လူသားမျိုးနွယ်က မလွန်လွန်းဘူးလား။ "
" နဂါးငွေ့တန်းကြယ်သခင်က ငါတို့ကို အနိုင်ကျင့်လို့ရတယ် ထင်နေတာလား။ လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်မှာရှိတဲ့ နဂါးငွေ့တန်းကြယ်သခင်ကို ငါတို့ မယှဉ်နိုင်ပေမယ့် မျိုးနွယ်ကာကွယ်ရေးလက်နက်ထဲမှာ ပုန်းနေရင် သူဘာလုပ်နိုင်မှာမလို့လဲ။ "
" မှန်တယ်။ မျိုးနွယ်ကာကွယ်ရေးလက်နက်အတွင်းမှာဆိုရင် လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်က ဘာလုပ်နိုင်မှာမလို့လဲ။ "
အလွှာဆယ့်နှစ် ကြီးမြတ်သူများက အလွန်ဒေါသထွက်နေကြသည်။ မျိုးနွယ်ကာကွယ်ရေးလက်နက်အတွင်း အသက်ရှင်ရန် ခိုလှုံခြင်းက နောက်ဆုံး အားကိုးရာဖြစ်ပြီး ဖြစ်နိုင်လျှင် သူတို့က ကြယ်စကြာဝဠာကောင်းကင်တွင် နေထိုင်ရန် မျှော်လင့်နေကြဆဲ ဖြစ်သည်။ ၎င်းက သူတို့၏ မျိုးနွယ်အတွက်လည်း အကောင်းဆုံးဖြစ်သည်။
မျိုးနွယ်ကာကွယ်ရေးလက်နက်အတွင်း ကျယ်ပြန့်သော နေရာများစွာ ရှိသော်လည်း မရေတွက်နိုင်သော သက်ရှိများ နေထိုင်နိုင်သည့် စကြာဝဠာနှင့်ယှဉ်လျှင် လုံလောက်မှုမရှိပေ။ သူတို့က လက်နက်တစ်ခု၏ နေရာအတွင်း အချိန်ကြာမြင့်လျှင် မျိုးနွယ်ဝင်များ၏ အလားအလာနှင့် ပါရမီများက ပြင်းထန်စွာ ကျဆင်းသွားမည်ဖြစ်ပြီး အလွှာဆယ့်နှစ်သို့ တက်လှမ်းရန် အခွင့်အရေးက လုံးဝ နည်းပါးသွားမည်ဖြစ်သည်။
ထို့အပြင် အလွှာဆယ့်နှစ် လက်နက်များနှင့် ရတနာများ၏ ကိုးဆယ်ရာခိုင်နှုန်းကို တောင်းဆိုခြင်းကလည်း လွန်လှသည်။ အလွှာဆယ့်နှစ် ကြီးမြတ်သူများက မျိုးနွယ်ဝင်များကို များစွာ ဂရုမစိုက်ကြပေ။ သူတို့ထဲမှ အများစုက သူတို့ကိုသူတို့သာ ဂရုစိုက်ကြသည်။
အလွှာဆယ့်နှစ် လက်နက်များနှင့် ရတနာများ၏ ကိုးဆယ်ရာခိုင်နှုန်းကို ပေးခြင်းက သူတို့အတွက် ထိခိုက်စေပြီး စကြာဝဠာပျက်ဆီးချိန်တွင် ခုခံနိုင်မည့် အဓိကလက်နက်များကို ဆုံးရှုံးသွားခြင်းကြောင့် အသက်ရှင်နိုင်ခြေက သိသိသာသာ ကျဆင်းသွားပေလိမ့်မည်။ သူတို့ကကံကောင်းပြီး ဖရိုဖရဲဟင်းလင်းပြင်သို့ ရောက်ခဲ့လျှင်တောင် အန္တရာယ်များကို ရင်ဆိုင်နိုင်မည်မဟုတ်ပေ။
" ငါသဘောမတူဘူး။ "
" ငါလည်း သဘောမတူဘူး။ "
အလွှာဆယ့်နှစ် ကြီးမြတ်သူများက သူတို့၏ သဘောထားကို ဖော်ပြလိုက်ကြသည်။ သူတို့၏ လက်နက်များနှင့် ရတနာများကို ပေးခြင်းထက် သူတို့မျိုးနွယ်များ ပျက်ဆီးသွားသည်ကို ကြည့်ခြင်းက ပိုကောင်းလေသည်။
၎င်းကို မြင်သောအခါ ကျန်သော အလွှာဆယ့်နှစ် ကြီးမြတ်သူများက ငြိမ်းချမ်းရေးအတွက် သူတို့၏ ဆန္ဒကို လက်လျှော့လိုက်ကြသည်။ သူတို့က သူတို့၏ မျိုးဆက်များကို တန်ဖိုးထားသော်လည်း လူသားမျိုးနွယ်၏ တောင်းဆိုမှုက များလွန်းနေသည်။ ဘာမှမလုပ်ဘဲ သူတို့၏ အခြေခံအုတ်မြစ်အားလုံးကို လိုချင်နေသည်။
" ဒါဆို လူသားမျိုးနွယ်ရဲ့ နဂါးငွေ့တန်းကြယ်သခင်ကို ငါတို့ရဲ့ စွမ်းအားနဲ့ စမ်းသပ်ကြည့်ရအောင်။ " ကျိုးမျိုးနွယ်မှ ကြီးမြတ်သူက ပြောလိုက်သည်။ " နောက်တစ်ခုက နဂါးငွေ့တန်းကြယ်သခင်ကို ခုခံဖို့ ငါတို့ အင်အားစုတွေအားလုံး ပေါင်းစည်းသင့်တယ်။ "
" ကောင်းတယ်။ အဲ့လိုလုပ်ကြမယ်။ "
" မင်းတို့မျိုးနွယ်က အလွှာဆယ့်နှစ်လက်နက်တွေအားလုံးယူလာပြီး မျိုးနွယ်ကာကွယ်ရေးလက်နက်နဲ့ အခြေခံအုတ်မြစ်လက်နက်တွေကို အသက်သွင်းလိုက်ပါ။ အဲ့ဒီနဂါးငွေ့တန်းကြယ်သခင်ကို ငါတို့က ဖိနှိပ်လို့ရတဲ့သူတွေမဟုတ်ဘူးဆိုတာ ပြလိုက်ကြတာပေါ့။ "
အလွှာဆယ့်နှစ် ကြီးမြတ်သူများက ပြောလိုက်ကြသည်။ သူတို့က နဂါးငွေ့တန်းကြယ်သခင်ကို တိုက်ရိုက်မယှဉ်နိုင်သော်လည်း နဂါးငွေ့တန်းကြယ်သခင်ကို ခုခံနိုင်လျှင် လူသားမျိုးနွယ်နှင့် ညှိနှိုင်းရန် အခွင့်အရေးရှိလာနိုင်သည်။
လူသားမျိုးနွယ်၏ နယ်မြေရှိ နန်းတော်တစ်ခုတွင် ကြီးမြတ်သူဆယ်ယောက်က စကားပြောနေကြသည်။
" အချိန်နဲ့ လေဟာနယ်ရဲ့ အနှစ်သာရက မူလရင်းမြစ်တစ်ခုတည်းကနေ ဆင်းသက်လာတာပဲ။ " လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
သူက လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်နှင့် ပြောဆိုနေသော်လည်း အသိပညာများ မျှဝေခြင်းဖြစ်သည်။ လင်းယွမ်၏ နိယာမများကို အလွန်နက်ရှိုင်းပြီး လွှမ်းမိုးခြင်းအဆင့်များပင် သူ့ကို ယှဉ်နိုင်မည့်သူ နည်းပါးသည်။
" အချိန်လေဟာနယ်...." ကြီးမြတ်သူရှချင်နှင့် အခြားကြီးမြတ်သူများက ရုတ်တရက် ဉာဏ်အလင်းပွင့်သွားကြသည်။
သူတို့က အချိန်လေဟာနယ် ဆဋ္ဌမအဆင့်တွင် အချိန်ကြာမြင့်စွာ ပိတ်မိနေခဲ့ကြသည်။ ဤအချိန်တွင် အချိန်လေဟာနယ် သတ္တမအဆင့်ရှိသော လင်းယွမ်၏ လမ်းညွှန်မှုအနည်းငယ်က သူတို့အပေါ် သိသာသော သက်ရောက်မှုရှိသည်။
" ဟင်..." ကြီးမြတ်သူရွှမ်ယွမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး လင်းယွမ်ဘက်သို့ ကြည့်ကာ ပြောလိုက်သည်။ " လင်းယွမ် အခြားမျိုးနွယ်တွေဆီက အကြောင်းပြန်ချက်ရပြီ။ "
" သူတို့ဘာပြောလဲ။ "
" သူတို့ သဘောတူလား။ "
အခြားကြီးမြတ်သူများက စိတ်ဝင်စားသွားကြသည်။ ဤအချိန်တွင် လူသားမျိုးနွယ်က လုံးဝ လွှမ်းမိုးထားသောကြောင့် ကြီးမြတ်သူများက အလွန်ကျေနပ်နေကြသည်။
" သူတို့ငြင်းခဲ့တယ်။ " ကြီးမြတ်သူရွှမ်ယွမ်က အံ့ဩခြင်းမရှိဘဲ ခေါင်းခါလိုက်သည်။
" ငြင်းတာလား။ "
" ဒါဆို ငါတို့ သူတို့သဘောတူအောင် လုပ်ရလိမ့်မယ်။ "
" လင်းယွမ် ငါတို့ ဘယ်အချိန်လှုပ်ရှားကြမလဲ။ " ကြီးမြတ်သူရှချင်နှင့် အခြားသူများက လင်းယွမ်ကို ကြည့်လိုက်ကြသည်။
" ကျွန်တော်ကိုယ်တိုင် လုပ်လိုက်ပါမယ်။ " လင်းယွမ်က ပြုံး၍ ထရပ်ပြီး ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။
စကြာဝဠာက တုန်ဟီးလာသည်။ နိယာမများစွာ စုစည်း၍ အရာအားလုံးကို ထိုးဖောက်ကာ ခမ်းနားသော ကောင်းကင်လမ်းကြောင်းတစ်ခုက ကြယ်နယ်မြေများစွာကို ဖြတ်ကျော်က စကြာဝဠာအစွန်အဖျားရှိ နေရာတစ်ခုသိုဘ ချိတ်ဆက်သွားသည်။
နိယာမများစွာဖြင့် ဖန်တီးထားသော ထိုကောင်းကင်လမ်းကြောင်းက တောက်ပစွာ လင်းလက်နေသည်။ ၎င်းက ကောင်းကင်ကို ဖြတ်သန်းပြီး အလွှာဆယ့်နှစ် ကြီးမြတ်သူများ စုဝေးနေသော နေရာသို့ ရောက်ရှိလာသည်။
" အဲ့ဒါဘာလဲ။ နိယာမအများကြီးနဲ့ တည်ဆောက်ထားတဲ့ လမ်းကြောင်းတစ်ခုလား။"
" အလွှာဆယ့်နှစ် ကြီးမြတ်သူတွေတောင် နိယာမ ဒီလောက်အများကြီး စုစည်းနိုင်မှာမဟုတ်ဘူး။ "
" နဂါးငွေ့တန်းကြယ်သခင်ပဲ... လမ်းကြောင်းရဲ့ တစ်ဖက်က လူသားမျိုးနွယ်ရဲ့ နယ်မြေပဲ။ သူလှုပ်ရှားတာဖြစ်ရမယ်။ "
စကြာဝဠာထဲမှ အင်အားကြီးသူများကလည်း အံ့အားသင့်သွားကြသည်။ သူတို့က လမ်းကြောင်းလာရာကို ချက်ချင်း နားလည်သွားကြသည်။ စကြာဝဠာထဲရှိ အလွှာဆယ့်နှစ်များထဲတွင် နဂါးငွေ့တန်းကြယ်သခင်မှလွဲ၍ ဘယ်သူမှ ထိုသို့ လုပ်နိုင်မည်မဟုတ်ပေ။
" လမ်းကြောင်းရဲ့တစ်ဖက်က စကြာဝဠာရဲ့ အစွန်အဖျားဆိုတော့ အထွတ်အထိပ်မျိုးနွယ်တွေ ဆုတ်ခွာသွားတဲ့ နေရာမလား။ "
နိယာမများစွာဖြင့် ဖန်တီးထားသော လမ်းကြောင်းက ဖုံးကွယ်ထားခြင်းမရှိဘဲ အကြွင်းမဲ့စွမ်းအားကို ကိုယ်စားပြုသည်။