ညှို့နိုင်သော လျှို့ဝှက်ကျင့်စဉ်
Vol. 1 Ch. 242
"နောက်က လိုက်လာတဲ့သူတွေ ရှိတယ်၊ လေးယောက်တောင်... သူတို့ရဲ့ အင်အားက စိတ်ဝိညာဉ် မျောလွင့် ခရီးသည် ပဉ္စမအဆင့်ရဲ့ အထက်မှာ ရှိတယ်"
ကျန်းရီသည် အနက်ရောင် အတွင်းအားသုံး၍ အကြားအာရုံကို တိုးမြှင့် ထားသောကြောင့် နောက်မှ ခြေသံများကို အတိုင်းသား ကြားနေရသည်။ ထိုလူများသည် ဟွမ်ကြီးထက် မြန်ကြကြောင်း သိလိုက်ရသဖြင့် သူ့မျက်လုံးများ အေးစက် သွားခဲ့သည်။ သူတို့ ဤနည်းအတိုင်း ဆက်လိုက်နေပါက သူ့ကို မီသွားကြတော့မည်။
တကယ်တော့ ကျန်းရီ သူ့နောက်မှ ဥမင်ကို အသာလေး ဖြိုချလိုက်၍ ရသည်။ ထိုလူများ သူ့နောက် ဆက်လိုက်လာချင်လျှင် အတော်လေးအား စိုက်ရမည်။ သို့သော် ထိုလူလေးယောက်သည် သူ့အား ပစ်မှတ်ထား၍ ဆက်လိုက်နေမည် ဖြစ်သောကြောင့် အပိုအလုပ် ရှုပ်လေသည်။ သူသည် တစ်ခဏ တွေးတောလိုက်ပြီး ထိုလူလေးယောက်ကို သတ်ပစ်ရန် ဆုံးဖြတ် လိုက်လေသည်။
"ဟွမ်ကြီး...ပြန်လှည့်"
ကျန်းရီသည် ဟွမ်ကြီးကို တည့်တည့် မပြေးခိုင်းဘဲ ကွေ့ကောက်၍ ပြေးခိုင်း ထားခဲ့သည်။ ထိုသို့ပြေးခြင်းသည် ပို၍ နှောင့်နှေးစေသော်လည်း နောက်မှ အတွင်းအား တိုက်ခိုက်မှုများ ကျရောက် လာမည်ကို ကာကွယ်ပြီးသား ဖြစ်လေသည်။ ထို့ပြင် သူတို့ နီးကပ်လာပါက ကျန်းရီ သတ်ပစ်ရန် အခွင့်အရေးလည်း ရနိုင်သည်။
"ကျန်းရီ... ပြေးမနေနဲ့တော့၊ မင်းရဲ့ဝိညာဉ်သားရဲက ငါတို့ရဲ့အမြန်နှုန်းကို မယှဉ်နိုင်ဘူး... မင်းအသာတကြည် အဖမ်းခံမယ်ဆိုရင် ငါတို့မင်းကို နာကျင်အောင် မလုပ်ဘူး၊ မင်းနိုင်ငံကို ပြန်ရောက်တဲ့ အခါ မင်းကြီးက အနောက်ဘက် နယ်စပ်မြို့စား လောကအရှင်ရဲ့ မျက်နှာကို ထောက်ပြီး အသက်ချမ်းသာ ပေးလိမ့်မယ်.... မဟုတ်ရင် ငါတို့ တိုက်ခိုက်ရမယ်၊ အကျိုးဆက်ကို မင်းသိမှာပါ"
လေးယောက်သည် နီးသထက် နီးလာခဲ့သည်။ သူတို့ထဲမှ တစ်ယောက် အော်ဟစ် လိုက်သောအခါ လေသံသည် မဖော်ပြနိုင်သော စွမ်းအင် တစ်မျိုး ကိန်းအောင်း နေခဲ့သည်။ ကျန်းရီသည်လည်း လှုပ်ရှားမှုများ နှေးကွေး သွားခဲ့ပြီး ဟွမ်ကြီးကမူ ရပ်တန့် သွားလေသည်။
"တတိယ အစ်ကို မင်းရဲ့ ညှို့နိုင်တဲ့ လျှို့ဝှက် ကျင့်စဉ်က အရမ်းစွမ်းတာပဲ"
ကျန်သုံးယောက်သည် ချက်ချင်း ချီးကျူး လိုက်ကြသည်။ အော်လိုက်သော သူသည် ဆောင့်ကြွားကြွား ပြုံးလိုက်ပြီး အလွန်တရာ နားဝင် ဆိုးလှသော အသံနှင့် စကားပြောလာခဲ့သည်။
"သူက ခရမ်းရောင် နန်းတော်ရှင် အဆင့်မှာပဲရှိသေးတဲ့ ကောင်စုတ်လေး တစ်ယောက်ပဲလေ၊ သူ့စိတ်ဝိညာဉ်က ဘယ်လိုလုပ်ပြီး အားကောင်းမှာလဲ... သူ့မှာ ရှားပါး ရတနာတွေနဲ့ ကြောက်စရာ အတိုက်အခိုက် စွမ်းအား ရှိနေတယ် ဆိုရင်တောင် ရွှေချမ်လော့ အဆင့်လောက်ပဲ ရှိပါသေးတယ်... ဟားဟား"
"ဝှစ်"
လေးယောက်သားသည် ကျန်းရီအနီး လျင်မြန်စွာ ရောက်ရှိလာခဲ့ပြီး သူတို့ကို ကျောခိုင်း၍ ထူးထူးဆန်းဆန်း သားရဲထက်တွင် မလှုပ်မယှက် ထိုင်နေသော ကျန်းရီအား တွေ့လိုက်ကြရသည်။ လေးယောက်သားသည် အနည်းငယ် တွန့်ဆုတ် သွားကြသည်။ သူတို့ထဲမှ တစ်ယောက်က စကား စလိုက်သည်။
"သူ့ကို သတ်ရမလား၊ အရှင်ဖမ်းရမလား"
"အရှင်ဖမ်းမယ်၊ ဒါဆို အရှင့်သား ပိုသဘောကျလိမ့်မယ်"
စိတ်ဝိညာဉ် တိုက်ခိုက်မှု ပြုလုပ်ခဲ့သူသည် ကျန်းရီကို နှစ်ခါ ပြန်ကြည့်ကာ စကားစလာသည်။
"သူ ခုခံနိုင်စွမ်း မရှိတော့အောင် ငါထပ်ညှို့လိုက်မယ်၊ ညီငါးနဲ့ ညီခြောက် သူရဲ့ဒန်တျန်းကို ဖျက်ဆီးပြီး ဒီဝိညာဉ်သားရဲကို သတ်လိုက်...ဒီရှေးမျိုးစိတ် ကျုံးဝူ သားရဲကိုတော့ နှမြောစရာပဲ"
"ကျုံးဝူသားရဲလား"
သုံးယောက်သားသည် သေချာ အနီးကပ် ကြည့်ပြီး မှတ်မိသွားကာ သက်ပြင်း ကိုယ်စီ ချလိုက်ကြသည်။ ကျုံးဝူသားရဲ တစ်ကောင် ပေါ်လာခဲ့သော နောက်ဆုံး အကြိမ်သည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ဖြစ်သည်။ ၎င်းသည် အားအကောင်းဆုံး မြေအောက် သားရဲများထဲမှ တစ်ကောင် ဖြစ်သည်။ ယခု ကျန်းရီသည် ၎င်းကို ယဉ်ပါးအောင် လုပ်ထားနိုင်ခဲ့သည်။ ကျန်းရီသေသည်နှင့် သားရဲလည်း သေသွား ပေလိမ့်မည်။
"ကျန်းရီ... သိပ်ကောင်းတယ်၊ အခု ဘာမှမလှုပ်ရှားဘဲနဲ့ ကျုံးဝူ သားရဲပေါ်က ခုန်ဆင်းလိုက်... ပြီးရင် မင်းရဲ့ လက်နက်တွေကို မြေပေါ် ပစ်ချလိုက်၊ တိုက်ခိုက်ဖို့ လုံးဝမတွေးနဲ့... ငါတို့က မင်းအသက် လုံခြုံရေး အတွက် ပြောနေတာ၊ မင်း ရှန်ဝူနိုင်ငံကို ပြန်ရောက်တာနဲ့ အသက်ရှင်မှာ သေချာတယ် တစ်သက်လုံးလည်း ဂုဏ်သရေရှိရှိတဲ့ ချမ်းချမ်းသာသာ နေသွားလို့တောင် ရနိုင်သေးတယ်"
စိတ်ဝိညာဉ် ပညာရှင်သည် စကားထပ် ပြောခဲ့သည်။ ထိုအသံသည် အလွန် ညှို့ငင်နိုင်စွမ်း ရှိ၍ ယုံကြည်ချင်စရာ ကောင်းလေသည်။ သူ့ဘေးမှ လူသုံးယောက်သည်ပင် သူပြောနေသည်မှာ အမှန်တရားများ ဖြစ်သည်ဟု ခံစားမိလာကြသည်။ ကျန်းရီသေချာပေါက် အသက်ရှင်လိမ့်မည်ဟု သူတို့တောင် ထင်လာကြလေသည်။
"ဝှစ်"
ကျန်းရီ၏ မျက်ဝန်းများသည် ဗလာဖြစ်နေပြီး ဟွမ်ကြီးအပေါ်မှ ခုန်ဆင်း လိုက်သည်။ သူသည် နေရာတွင် မလှုပ်မရှား ရပ်၍ သူတို့ လေးယောက်ကို ကြောင်တောင်တောင် စိုက်ကြည့် နေခဲ့သည်။
"လုပ်တော့"
စိတ်ဝိညာဉ်ပညာရှင်က အမိန့်ပေးလိုက်သည်နှင့် စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့် နှစ်ယောက်သည် ကျန်းရီထံ လျှပ်စီးအလျင်နှင့် ပြေးဝင်လာကြသည်။ သူတို့ထဲမှ တစ်ယောက်သည် ဓားရှည် တစ်ချောင်းကို ကိုင်ဆောင်ထားပြီး ကျန်းရီ၏ ဒန်တျန်းကို ဖျက်ဆီးရန် အလို့ငှာ ဓားအလင်း ပစ်လွှတ် လိုက်လေသည်။
"အရူး"
ထိုနှစ်ယောက် ဆယ်မီတာခန့် အဝေးသို့ ရောက်သော အခါတွင် ကျန်းရီ၏ ဗလာမျက်ဝန်းများ ကွယ်ပျောက် သွားပြီး အေးစက်စက် မျက်ဝန်းများ အဖြစ် ပြောင်းလဲ သွားခဲ့သည်။ ရှေးမျိုးစိတ်ကျုံးဝူသားရဲ ကွယ်ပျောက် သွားပြီး မီးဝိညာဉ်ပုလဲ တောက်ပလာကာ ကမ္ဘာ့မီးလျှံများ ထွက်ပေါ် လာခဲ့သည်။ ကျန်းရီသည် အတွင်းအား ပေါက်ကွဲလက်ဝါးကို ချက်ချင်း ထုတ်ဖော်လိုက်ပြီး ကမ္ဘာ့မီးလျှံများအား မြွေအဖြစ် ပြောင်းလဲကာ အရာရာအား ဝါးမျို စေလိုက်သည်။
"ငါတို့ လှည့်စားခံရပြီ"
ကျန်းရီ လှုပ်ရှား လိုက်သောအခါ နှစ်ယောက်သား မှင်တက်သွားကြသည်။ သူတို့သည် အတွင်းအားတိုက်ခိုက်မှုများ ချက်ချင်း ထုတ်ဖော်လိုက်ကာ နောက်ဆုတ် လိုက်ကြသည်။ သူတို့ အတွင်းအား တိုက်ခိုက်မှုများ မလုပ်လိုက်လျှင် တော်ဦးမည်။ လုပ်လိုက်ကာမှ ပိုဆိုး သွားတော့သည်။
ကျန်းရီသည် တမင်တကာ ရိုးရိုးရှင်းရှင်း တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ ထိုနှစ်ယောက် အတွင်းအား တိုက်ခိုက်မှုများ ပစ်လိုက်သည့် အခါ သူသည် အတွင်းအား ပေါက်ကွဲ လက်ဝါးကို သုံး၍ ကမ္ဘာ့မီးလျှံများအား တွန်းထုတ် လိုက်သည်။ ရလဒ်ကိုကား ပြောနေစရာပင် မလိုချေ။ အတွင်းအား တိုက်ခိုက်မှုများသည် ကျန်းရီကို ဘာမှမဖြစ်နေနိုင်လိုက်ဘဲ ကမ္ဘာ့မီးလျှံ များကိုသာ ကွဲထွက် သွားစေသည်။
"သတ်ဖြတ်ခြင်း အင်အား...လေအရိပ်ဓား"
ကျန်းရီသည် သတ်ဖြတ်ခြင်း အရှိန်အဝါကို ထုတ်လွှင့်၍ ထပ်မံ တိုက်ခိုက် လိုက်သည်။ တိုက်ခိုက်မှုသည် အားမပြင်းသော်လည်း ထိုလူနှစ်ယောက်ကိုမူ နှေးကွေး သွားစေသည်။ အနက်ရောင် အကြေးခွံဓား ကျဆင်းလာသည့် အခါ လေများသည် ဓားထိပ်တွင် လေနဂါးများအဖြစ် စုစည်း လာကြသည်။ ထိုလေများသည် ကမ္ဘာ့မီးလျှံများကို တစ်စစီ ကွဲထွက် သွားစေပြီး ထိုနှစ်ယောက်ထံ ဦးတည် သွားခဲ့သည်။
"အား...အား"
ထိုလူနှစ်ယောက်သည် ကျန်းရီနှင့် အလွန်နီးကပ် နေခဲ့သည်။ သူတို့ မည်မျှပင် မြန်ဆန်စွာ နောက်ဆုတ်ပါစေ နောက်ကျ သွားခဲ့သည်။ မီးပွားများသည် သူတို့၏ ကိုယ်ပေါ် ကျဆင်းသွားကြပြီး ချပ်ဝတ်များကို လောင်ကျွမ်းကာ သူတို့ကိုယ်ပေါ်တွင် အပေါက်ကြီးများကို ချန်ထားရစ်သည်။ နှစ်ယောက်ထဲမှ တစ်ယောက်သည် ချက်ချင်း သေဆုံးသွားခဲ့ပြီး ကျန်တစ်ယောက်သည် ခြေတစ်ဖက်ကျိုးကာ ဒဏ်ရာ အပြင်းအထန် ရသွားခဲ့သည်။
ကမ္ဘာ့မီးလျှံများမှ အပူရှိန်သည် အရမ်းကြီး မမြင့်သောကြောင့် သူတို့ကိုယ်ပေါ်ရှိ ကောင်းကင် အဆင့် လက်နက်များမှာ အကောင်းအတိုင်း ကျန်ရစ်ပြီး မည်းတူး၍သာ သွားခဲ့သည်။
"ဝှစ်"
ကျန်းရီသည် ရှေ့ဆက်တိုးလိုက်ပြီး ကျန်နှစ်ယောက်ထံ ချည်းကပ် သွားလိုက်သည်။ သူ့ကိုယ်မှ ထွက်ပေါ်နေသော ကမ္ဘာ့မီးလျှံများသည် ခြေကျိုး သွားခဲ့သော လူနှင့် အလောင်းကို ပြာကျ သွားစေခဲ့သည်။ မီးအပူလှိုင်းကြီးသည် ကျန်ရစ်ခဲ့သော ရှေ့မှ လူနှစ်ယောက်ထံ ကျဆင်း လာခဲ့သည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
စိတ်ဝိညာဉ် ပညာရှင်၏ မျက်ဝန်းများတွင် မယုံကြည်နိုင်မှုများ ပြည့်နေခဲ့သည်။ ကျန်းရီတွင် လက်ရှိ ကျင့်ကြံဆင့်နှင့် ထိုမျှ အားကောင်းသော စိတ်ဝိညာဉ် ရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ကျန်တစ်ယောက်ကမူ ကျန်းရီ၏ ကမ္ဘာ့မီးလျှံများ လျော့နည်း သွားစေရန် အတွင်းအားတိုက်ခိုက်မှု ပြုလုပ်လာခဲ့သည်။
"ဖုန်း...ဖုန်း...ဖုန်း"
အတွင်းအားပစ်ချက်များ ကမ္ဘာ့မီးလျှံများအပေါ် ကျဆင်းသွားသည့် အခါ ပေါက်ကွဲမှုများ ဖြစ်ပေါ်လာခဲ့သည်။ နှစ်ယောက်သားသည် မြန်ဆန်စွာ နောက်ဆုတ် လိုက်ကြသည်။ ကျန်းရီ၏ လက်ရှိ အမြန်နှုန်းနှင့် ဆိုလျှင် သူတို့အား အမီလိုက်ရန် မဖြစ်နိုင်ပေ။
"သေစမ်း"
ကျန်းရီ အော်ဟစ်လိုက်သည်။ မီးနဂါးဓားထက်မှ မီးဝိညာဉ် ပုလဲသည် တောက်ပ သွားခဲ့ပြီး နီရဲရဲ ကျောက်တုံးလေး တစ်ခု ထွက်လာခဲ့သည်။ ကျန်းရီသည် ကျောက်တုံးအား လက်ဖြင့် တောက်ထုတ် လိုက်သည်။ ထို့နောက် အတွင်းအား ပေါက်ကွဲ လက်ဝါးကို ထုတ်ဖော်၍ ကျောက်တုံး ပျံသန်းသွားသော အရှိန်အား မြှင့်ပေးလိုက်သည်။
"အမ်... နောက်ဆုတ် "
နှစ်ယောက်သားသည် အစက မီးဝိညာဉ် ကျောက်တုံးကို အရေး မစိုက်ကြပေ။ ၎င်းမှ အစိမ်းရောင် အခိုးအငွေ့များ ထွက်လာသည့် အခါမှသာ ထိတ်လန့် သွားကြသည်။ ဥမင်ထဲမှ အပူချိန်သည် အဆတစ်ရာခန့် မြင့်တက် လာခဲ့သည်။ ကျောက်တုံးနှင့် မီတာသုံးရာခန့် အဝေးထဲက သူတို့ကိုယ်များ ပူလောင် လာခဲ့သည်။
"ရှဲ...ရှဲ"
သေသွားခဲ့သော လူနှစ်ယောက် ကျန်ရစ်သည့် မြေပြင်ပေါ်မှ ကောင်းကင်အဆင့် လက်နက် နှစ်ခုသည် ကမ္ဘာ့မီးလျှံများနှင့် ထိတွေ့ချိန်တွင် ဘာမှမဖြစ်ခဲ့သော်လည်း မီးဝိညာဉ် ကျောက်တုံး သူတို့အထက် လေထဲမှ ဖြတ်သန်း သွားချိန်တွင် 'ရှဲ...ရှဲ'ဟူသော အသံနှင့်အတူ အရည်ပျော် လာခဲ့သည်။
"အား..."
အလွန်တရာ ကြောက်မက်ဖွယ် ကောင်းအောင် ပူပြင်းသော အပူရှိန်က လွှမ်းခြုံ လာသောကြောင့် ထွက်ပြေးရန် ကြိုးစားနေသော လူနှစ်ယောက်၏ သွေးများပင် ပွက်ပွက်ဆူလာကာ အတွင်းအားများ မထုတ်ဖော်နိုင်တော့ပေ။ သူတို့၏ အမြန်နှုန်းမှာ သိသိသာသာ လျော့ကျ လာခဲ့သည်။
မီးဝိညာဉ် ကျောက်တုံးနှင့် နီးလေလေ သူတို့ပြေးနှုန်းများ ကျဆင်း လာလေလေ ဖြစ်လာခဲ့သည်။ ကြောက်ရွံ့နေသော မျက်လုံးအစုံနှင့် လူနှစ်ယောက်၏ အဝတ်အစားများ မီးစွဲသွားခဲ့ပြီး သူတို့ကိုယ်မှ အစိမ်းရောင် အခိုးအငွေ့များ ထွက်ပေါ် လာလေသည်။ သူတို့ အရှင်လတ်လတ် မီးရှို့ခံနေခဲ့ရသည်။ သူတို့လက်ထဲမှ ကောင်းကင် အဆင့် လက်နက်များလည်း ပျက်စီး သွားခဲ့သည်။
"အား...အား"
ချောက်ချားဖွယ် အော်သံကြီး တစ်ခုသည် ဥမင်များ တစ်လျှောက် ပဲ့တင် ထပ်သွားခဲ့သည်။ ကျန်းရီကို ရှာဖွေနေကြသော လူများသည် မျက်နှာ ပျက်သွားကြပြီး သွားလက်စ လမ်းကြောင်းတွင် ရပ်မိ လိုက်ကြသည်။
"ငါသွားသင့်ပြီ"
ကျန်းရီသည် အော်သံကြီးများ အဘက်ဘက်သို့ ပျံ့နှံ့သွားသည်ကို ကြားသောအခါ ကျန်လူများ သူရှိရာသို့ လာနေကြပြီမှန်း သိလိုက်သည်။ ဤနေရာတွင် သူမနေသင့်တော့ပေ။
ကျန်းရီသည် ကမ္ဘာ့မီးလျှံများကို ပြန်လည် စုပ်ယူလိုက်ပြီး ကျုံးဝူသားရဲ ဟွမ်ကြီးကို ဆင့်ခေါ်၍ အဝေးသို့ ထွက်လာခဲ့သည်။ သူသည် တစ်ကြိမ် အမှားမှ သင်ခန်းစာယူ၍ အတွင်းအား ပေါက်ကွဲ လက်ဝါးကို သုံးကာ ဥမင်လမ်းကြောင်း များကို ဖြိုချ ပိတ်ဆို့ခဲ့လေသည်။ အနည်းဆုံးတော့ လိုက်လာသူများ၏ အမြန်နှုန်း လျော့ကျ သွားလိမ့်မည်။
"ဝှစ်...ဝှစ်"
ကျန်းရီထွက်သွားပြီး ခဏအကြာတွင် ကျန်လူများသည် ဥမင်လမ်းအတိုင်း လိုက်လာ၍ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာနေရာသို့ ရောက်လာကြသည်။ ဥမင်တစ်ခုလုံး မည်းတူးနေပြီး သွေးညှီနံ့များနှင့် ပူလောင်လှသည့် လေထု အနေအထားကို တွေ့လိုက်ရသော အခါ သူတို့အားလုံး ထိတ်လန့် ကြောက်ရွံ့ သွားကြလေသည်။
*****