← Chapters

ငွေညှစ်ခြင်းလား

Vol. 11(B) Ch. 155

ငွေညှစ်ခြင်းလား

Vol. 11(B) Ch. 155

ကျိယန်လင်သည် အန်လင်းတို့အား နှုတ်ဆက်ပြီးနောက် ဝမ်တောင်ကြား အင်မော်တယ်ဂိုဏ်းသို့ ပြန်သွားလေသည်။

အန်လင်းသည် တပိုင်၏ ကျောပေါ်တွင် ချည့်နဲ့စွာဖြင့် လဲလျောင်းနေပြီး စုရှောင်လန်သည် အန်လင်းနှင့် ဘေးချင်းယှဉ်ကာ ပျံသန်းလျက်ရှိသည်။ သူမသည် အန်လင်းအား ကျိယန်လင်အား ပြသလိုက်သည့် မှတ်ဉာဏ်များနှင့် ပတ်သက်၍ မေးမြန်းချင်နေခြင်း ဖြစ်သည်။ ကျိယန်လင် အလျင်အမြန် ပုံမှန်အနေအထားသို့ ပြန်လည် ရောက်ရှိလာခြင်းအား စုရှောင်လန် အလွန် သိချင်နေမိသည်။

ကျိယန်လင် ရှိနေစဉ်တွင် မေးမြန်းရမည်ကို ရှက်ရွံ့ အားနာမိသည်။ ယခုအခါတွင် သူမထွက်ခွာသွားပြီ ဖြစ်သည့်အတွက် စုရှောင်လန်သည် သူမ၏ စပ်စုလိုစိတ်အား ထိန်းချုပ်နိုင်စွမ်း မရှိတော့ချေ။

အန်လင်းသည် သက်ပြင်းချလျက် ဝမ်လု နတ်ဆိုးယုတ်အဖြစ်သို့ ပြောင်းလဲသွားကာ ကျိယန်လင်အား ကာကွယ် ပေးခဲ့ပုံတို့ကို အကျဉ်းချုံး ပြောပြလိုက်တော့သည်။

အန်လင်း၏ ပြောစကားကြောင့် စုရှောင်လန်၏ ကြွေမျက်နှာလေးတွင် ဝမ်းနည်းမှုများ ပြည့်လာတော့သည်။ သူမသည် သက်ပြင်း အသာချကာဖြင့် “အဲဒါက အချစ်ပေါ့လေ ...”

အန်လင်း : “…”

ထိုအချိန်တွင် တပိုင်၏ စိတ်ထဲ၌ ချင်ဟွာ၏ မျက်နှာလေး ပေါ်လာပြီး ရှောင်ချိုးမှာမူ မြေခွေးဖြူလေးအား မြင်ယောင်မိလေသည်။ အန်လင်း၏ စိတ်ထဲ၌ ဝမ်လု၏မျက်နှာ ပေါ်လာလေသည်။

“အဲဒီတော့ နင်အခု ဘယ်ကိုသွားမှာလဲ အန်လင်း ...” စုရှောင်လန်သည် အချိန်အတော်ကြာပြီး နောက်တွင် မေးလာသည်။

“အင်မော်တယ် စိတ်ဝိညာဉ်တစ်သောင်း ဂိုဏ်းကို အရင်သွားပြီး အစ်ကိုကြီး ချန်ဆီကို သွားလည်မလို့” အန်လင်းသည် ခေတ္တမျှ စဉ်းစားပြီးနောက်တွင် ပြန်ဖြေလိုက်သည်။

စုရှောင်လန် ခေါင်းညိတ်လိုက်သည်။ “အဲဒီကိုတော့ ငါမလိုက်တော့ဘူးနော်။ ဂိုဏ်းကိုပဲ ပြန်လိုက်တော့မယ်”

အင်မော်တယ် စိတ်ဝိညာဉ် တစ်သောင်းဂိုဏ်းနှင့် ဇာမဏီငှက် ဂိုဏ်းတို့သည် ကိုးပြည်ထောင် နိုင်ငံတော်ရှိ ဂိုဏ်းကြီး လေးဂိုဏ်းထဲတွင် အပါအဝင် ဖြစ်ကြသည်။ သို့သော်လည်း တာအို သဘောတရာများ ဆွေးနွေးခြင်းနှင့် ဂိုဏ်းအချင်းချင်း ယှဉ်ပြိုင်ပွဲများမှ အပ ယင်းဂိုဏ်းများ ကြားတွင် ပတ်သက်ဆက်နွှယ်ရန် မရှိကြချေ။ ထို့ကြောင့် သူမသည် အင်မော်တယ် စိတ်ဝိညာဉ်တစ်သောင်း ဂိုဏ်းနှင့် ပတ်သက်၍ စိတ်မဝင်စားခြင်း ဖြစ်သည်။ ရွှမ်ယွမ်ချန် ကဲ့သို့သော ခန့်ညား ချောမောလှသူကို မြင်တွေ့ရန် အခွင့်အရေး ရရှိမည် ဖြစ်သော်လည်း ကျောင်းဖွင့်သည့် အခါမှသာလျှင် ကြည့်တော့မည်  ဖြစ်သည်။

အန်လင်းတို့သည် ကောင်းကင်မြစ် ပြည်နယ်၏ မြို့တော်သို့ ရောက်ရှိလာကြသည်။

စုရှောင်လန်သည် တည်နေရာ ရွှေ့ပြောင်းပို့ဆောင်ရေး မန္တန်ဝင်္ကပါအား အသုံးပြုကာ ပိုင်ဟွာပြည်နယ်သို့ ပြန်သွားပြီး အန်လင်းတို့သည် လေဟာပြင်ပြည်နယ်သို့ တည်နေရာ ရွှေ့ပြောင်းလိုက်သည်။

လေဟာပြင် ပြည်နယ်သည် ကိုးပြည်ထောင် နိုင်ငံတော်၏ မြောက်ဘက်ဆုံး အပိုင်းတွင် တည်ရှိပြီး သန့်ရှင်းသော ရေခဲကုန်းမြေနှင့် နီးကပ်စွာ တည်ရှိသည်။ ထိုနေရာတွင် တစ်နှစ်ပတ်လုံး စစ်ဖြစ်ပွားလေ့ ရှိသဖြင့် ကောင်းကင်ဘုံ ပိုင်နက်မှ စစ်သည်များသည် နယ်စပ်ဒေသအား ကာကွယ်ရန် စခန်းချ နေထိုင်ကြလေသည်။

ကိုးပြည်ထောင် နိုင်ငံတော်မှ အခြားသော ဂိုဏ်းများသည်လည်း နယ်စပ်ဒေသအား ကာကွယ်ရန် ပါဝင်လေ့ရှိသည်။ ထိုဂိုဏ်းများထဲတွင် အင်မော်တယ် စိတ်ဝိညာဉ်တစ်သောင်း ဂိုဏ်းသည် ထိပ်ဆုံးမှ ပါဝင်နေပြီး နှင်းပျိုမဒီများနှင့် ရင်ဆိုင် တိုက်ခိုက်ရာတွင် အဓိက ကဏ္ဍမှ ပါဝင်လေ့ရှိသည်။

လေဟာပြင်ပြည်နယ်၏ စီရင်စုရှိ တည်နေရာရွှေ့ပြောင်း ပို့ဆောင်ရေးဂိတ်တွင် အန်လင်း၏ ပုံရိပ် ပေါ်လာသည်။

“ဝှီး ... နည်းနည်း အေးတယ်နော် ...”

အေးစက်နေသည့် လေပြင်းတစ်ချက် တိုက်ခိုက်သွားပြီးနောက် ထိုအအေးဒဏ်မှ ထွက်ပြေးချင်စိတ်ပင် ဖြစ်ပေါ်လာစေသည်။

“ဝုတ် ... ဒီ စီရင်စုက လေဟာပြင်ပြည်နယ်ရဲ့ မြောက်ဘက်မှာ တည်ရှိတာလေ။ သန့်ရှင်းသော ရေခဲကုန်းမြေနဲ့ အရမ်းကို နီးတဲ့နေရာပေါ့။ အဲဒါကြောင့် ဒီနေရာမှာ အပူချိန် ကျဆင်းတယ်ဆိုတာ ပုံမှန်ပါပဲ” တပိုင်သည် သူ၏ အမွေးဖွားဖွားအား  လှုပ်ခါလျက် ရှင်းပြလေသည်။

အန်လင်းသည် အချိန်တစ်ခုကြာ အနားယူပြီးသည့် အခါတွင် အနည်းငယ် လှုပ်ရှားနိုင်လာပြီ ဖြစ်သည်။ သို့သော်လည်း တပိုင်၏ ကျောပေါ်တွင်သာ လဲလျောင်းလျက် ရှိနေဆဲ ဖြစ်သည်။ အလွန်ဇိမ်ရှိသည့် အပြင် နွေးထွေးလှပေသည်။

ပတ်ဝန်းကျင်အား ကြည့်လိုက်သည့် အခါတွင် အတော်လေး အေးပုံရသော်လည်း လေဟာပြင် ပြည်နယ်ရှိ လူများသည် အနွေးထည်များ ဝတ်ဆင်ခြင်း မရှိကြချေ။

သူတို့၏ ပတ်လည်တွင် ရှိနေသည့် လူများသည် သာမန် ဝတ်စုံများကိုသာ ဝတ်ဆင်ထားကြသည်။ တချို့ မိန်းကလေးများသည် လက်မပါသည့် ဂါဝန်များ ဝတ်ဆင်ကာ ယင်းတို့၏ သွယ်လျသည့် လက်မောင်းသား ဖြူဖြူများအား လှစ်ဟပြ နေကြသည်။ ဤဒေသ၏ ဖက်ရှင်တစ်မျိုး ဖြစ်ပေလိမ့်မည်။

အန်လင်းသည် တပိုင်၏ ကျောပေါ်မှနေ စိတ်ဝင်တစား လှည့်ပတ် ကြည့်နေလေသည်။ မတူကွဲပြားသည့် နေရာများသို့ ခရီးသွားကာ ထိုဒေသများ၏ ယဉ်ကျေးမှုများအား တွေ့ကြုံ ခံစားခြင်းသည် သူ၏ အားလပ်ရက် ခရီးစဉ်များတွင် ပါဝင်သည့် အလွန်နှစ်သက်ဖွယ် ကောင်းသော အရာတစ်ခု ဖြစ်သည်။

ရှောင်ချိုးသည် မျောက်ငယ်လေး အဖြစ်သို့ ပြောင်းလဲကာ အန်လင်း၏ ပခုံးပေါ်တွင် အနားယူ အားဖြည့်နေလေသည်။

နဂါးနက်နှင့် တိုက်ခိုက်ရာတွင် ဒဏ်ရာ အများအပြား ရရှိခဲ့ခြင်း ဖြစ်သည်။ အန်လင်းထံမှ စွမ်းအင် ပြန်လည်ဖြည့်တင်းခြင်း ဆေးလုံး သောက်သုံးထားပြီးနောက် သူ့အနေဖြင့် တစ်လက်မပင် ရွေ့လျားလိုခြင်း မရှိချေ။

ဧရာမခွေးကြီးအား စီးနင်းထားခြင်းနှင့် ချစ်စဖွယ် မျောက်ရုပ်လေးတို့သည် လူများစွာ၏ စိတ်အာရုံအား ဖမ်းစားနေလေသည်။

သူ၏လမ်း ရှေ့ဆက် မတိုးခင်မှာပင် အဖြူရောင် ဆံပင်တွင် သရဖူတစ်ခု ဝတ်ဆင်ထားသည့် မိန်းမကြီးတစ်ဦးသည် ဖြည်းညင်းစွာ လမ်းလျှောက်လာပြီးနောက် တပိုင်၏အနီးတွင် ရုတ်တရက် ပုံလျက်သား လဲကျသွားတော့သည်။

“အာ့”

အဘွားအိုသည် ကျယ်လောင်စွာ အော်ဟစ်လေသည်။ “အိုး ... နာလိုက်တာ ... ကယ်ကြပါဦးရှင်”

သူမ၏ နာကျင်စွာ အော်ဟစ်သံသည် ချက်ချင်းဆိုသလို လူအများအပြားအား ဆွဲဆောင်လိုက်နိုင်သည်။

အန်လင်း : “…”

ထိုအချိန်တွင် မိန်းမငယ်လေးတစ်ဦး ပြေးလာပြီးနောက် ကျယ်လောင်စွာ အော်ငိုလေသည်။ “ဘွားဘွား ... ဘာဖြစ်သွားတာလဲ။ မသေပါနဲ့နော်”

သူမသည် အန်လင်းအား ဒေါသတကြီး ကြည့်လာပြီး “ရှင်က ဘာဖြစ်လို့ ကျွန်မအဘွားဆီ ပြေးလာရတာလဲ။ ဘွားဘွားက အသက် ၁၆၅ နှစ်တောင် ရှိပြီရှင့်။ အခုလိုမျိုးနဲ့ သူမသေသွားနိုင်တယ် သိရဲ့လား။ အဟင့်ဟင့်”

မိန်းမငယ်လေးသည် ကျယ်လောင်စွာ အော်ငိုသည့် အတွက်ကြောင့် ကြည့်ရှုသူများ ပိုမိုများပြားလာပြီး သူတို့အားလုံးသည် အန်လင်းအား မနှစ်မြို့ဟန်ဖြင့် ပြစ်တင် ရှုတ်ချကြသည်။

“မင်းရဲ့ခွေးကြီးကို စီးပြီး ဘာလို့ ပြေးလွှားနေရတာလဲ။ မင်းက ချမ်းသာလို့ အဲလို လုပ်နိုင်ရတာလား” အချို့သူများသည် ထိုသို့ပြောဆိုရင်း ဆွေးနွေးနေကြလေသည်။

တပိုင်သည် လုံးဝ ကြောင်အနေမိသည်။ ထိုကဲ့သို့ အခြေအနေမျိုးအား ပထမဆုံး ကြုံတွေ့ဖူးခြင်း ဖြစ်သည်။ ထိုအဘွားအိုအား သူ့အနေဖြင့် တစ်ချက်ကလေးပင် မထိခဲ့မိပါ။

အန်လင်း၏ အမူအရာသည်လည်း ပြောင်းလဲ သွားတော့သည်။

သရုပ်ဆောင်ကာ ခြိမ်းခြောက် ငွေညှစ်ခြင်းသည် ကျင့်ကြံခြင်း လောကတွင်ပင် ရှိနေမည်ဟု မမျှော်လင့်ထားမိချေ။

ဤသည်မှာ လွန်စွာ ခေတ်စားသည့် အပြုအမူပေလား။

သို့သော်လည်း ထိုအဘွားအိုသည် ဟန်ဆောင်နေသည်နှင့် မတူချေ။

နာကျင်သည့် အမူအရာသည် လွယ်ကူစွာ ဟန်ဆောင်နိုင်ပေသည်။ သို့သော်လည်း သူမ၏ ခန္ဓာကိုယ်သည် နာကျင်မှုကြောင့် တုန်ယင်လျက်ရှိပြီး အသက်ပြင်းစွာ ရှူရှိုက်နေလေသည်။ ထို့အပြင် အချို့သော လက္ခဏာများသည် လွယ်လင့်တကူ ဟန်ဆောင်နိုင်သည့်အရာများ မဟုတ်ချေ။

နတ်ဘုရားစစ်ဆေးခြင်း နည်းစနစ်။

အန်လင်း၏ မျက်လုံးများသည် အဖြူရောင် အဖြစ်သို့ ပြောင်းလဲသွားပြီးနောက် အဘွားအို၏ အခြေအနေအား စစ်ဆေးလိုက်သည်။

မိန်းမငယ်လေးသည် ဆက်လက်အော်ဟစ်လျက် ရှိနေပြီး သူမ၏ မျက်လုံးများသည် နီရဲဖူးယောင်နေပြီ ဖြစ်သည်။ “ရှင်က ကျွန်မအဘွားဆီကို ပြေးလာတာ။ သူမရဲ့ ကုသစရိတ်ကို ပေးရမယ်။ ကျွန်မကို စိတ်ဝိညာဉ် ကျောက်တုံး ၂၀၀ ပေး”

ကြည့်ရှုသူများသည် ထိုအခြေအနေအား ကြည့်ရှုနေကြသည်။ မြေပြင်ပေါ်ရှိ အဘွားအိုသည် နာကျင်စွာဖြင့် ညည်းညူနေလေသည်။ မိန်းမငယ်လေးသည် သူမ၏ဘေးတွင် အော်ဟစ် ငိုယိုနေသည်။ နှလုံးကြေကွဲဖွယ်ရာ မြင်ကွင်းဖြစ်သည်။ ပြုလုပ်သူသည် လျော်ကြေး ပေးရပေမည်။

“လျော်ကြေးပေး ... လျော်ကြေးပေး ...”

လူအုပ်သည် ထိုစကားအား သံပြိုင်အော်ဟစ်ကြလေသည်။

အန်လင်းသည် မျက်တောင်ခတ်လိုက်ပြီးနောက် နူးညံ့သည့်အသံဖြင့် မေးလိုက်သည်။ “စိတ်ဝိညာဉ်ကျောက်တုံး ၂၀၀ က လုံလောက်လား။ ထပ်လိုချင်သေးလား။”

မိန်းမငယ်လေးသည် အန်လင်း၏ အဖြေအား ခန့်မှန်းထားပုံ ရသည်။ “မရဘူး။ စိတ်ဝိညာဉ်ကျောက်တုံး ၂၀၀ အတိအကျပဲ။ ညှိနှိုင်းလို့ မရဘူး။ အာ ...”

အန်လင်း ပြောပြီးသည်နှင့် သူမ၏ စကားလုံးများ ထွက်ကျလာခြင်း ဖြစ်သည်။ သူမ၏ မျက်နှာတွင် အမူအရာ ကင်းမဲ့သွားပြီးနောက် စိတ်ရှုပ်ထွေးစွာဖြင့် သူမနားများကို ပွတ်လိုက်သည်။ မှားယွင်းစွာ ကြားလိုက်မိမှာကို စိုးရွံ့သောကြောင့် ဖြစ်သည်။

“ပိုပြီးမလိုချင်တာ သေချာလား။ သူမရဲ့ အခြေအနေက အတော်လေး အသည်းအသန် ဖြစ်နေတယ်နော်” အန်လင်းသည် ကြင်နာသည့် အမူအရာဖြင့် မေးမြန်းလိုက်သည်။

တပိုင်၏ ကျောပေါ်မှ ခုန်ဆင်းလိုက်ပြီးနောက် မြေပြင်တွင် လဲကျလျက်ရှိသည့် အဘွားအိုထံသို့ လျှောက်လှမ်းသွားကာ ထူမ,ပေးလိုက်သည်။

အဘွားအိုသည် သူမ၏ရှေ့တွင် ရှိနေသည့် နူးညံ့ကြင်နာတတ်သော လူငယ်လေးအား ကြောင်အစွာဖြင့် ကြည့်နေမိသည်။

အန်လင်းသည် ဒူးထောက်ကာဖြင့် မိန်းမငယ်လေး၏ ဦးခေါင်းအား ပွတ်လိုက်သည်။ ထို့နောက် သိုလှောင်လက်စွပ် အတွင်းမှ စိတ်ဝိညာဉ်ကျောက်တုံး အိတ်တစ်အိတ်အား ထုတ်ယူလိုက်သည်။ “ဒီထဲမှာ စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀ ပါတယ်။ အဘွားရဲ့ ကုသစရိတ်အတွက် အသုံးပြုလိုက်”

အန်လင်း၏ မျက်နှာတွင် နွေးထွေးကြင်နာသည့် အပြုံးတစ်ခု ပေါ်လာပြီး အေးခဲနေသည့် ရာသီဥတုအား အရည်ပျော်ကျမတတ်ပင် ဖြစ်သည်။

မိန်းမငယ်လေးသည် စိတ်ဝိညာဉ် ကျောက်တုံးအိတ်ကြီးအား ကိုင်ကာဖြင့် ခံစားချက်မဲ့သည့် အမူအရာဖြင့် ရှိနေလေသည်။ သူမ၏ နှလုံးသားထဲတွင် နောင်တတရားတို့ ဖြစ်တည်လာသည်။

အချိန်အတော်ကြာပြီးသည့် နောက်မှသာ အသိပြန်ဝင်လာပြီး “ကျေးဇူးတင်ပါတယ် အစ်ကိုကြီး။ ကျွန်မ သေချာပေါက် ပြန်ပေးမှာပါ။ အခုနက ကျွန်မပြောခဲ့တာတွေက တကယ်တော့ အလိမ်အညာတွေ ...”

သူမစကား မဆုံးခင်မျာပင် အန်လင်းသည် “တပိုင် ... နောက်တစ်ခါ မင်းလမ်းလျှောက်ရင် သေချာကြည့်လျှောက်မယ်။ တခြားလူတွေကို မတိုက်မိစေနဲ့”

တပိုင်သည် ဆွံ့အနေဆဲ ဖြစ်ကာ အနည်းငယ် ဝမ်းနည်းလာလေသည်။

ကြည့်ရှုနေကြသူများသည် တိတ်ဆိတ်လျက် ရှိနေကြသည်။ သူတို့သည် အန်လင်းအား ဘာပြောရမှန်း မသိတော့ချေ။

ခံရသူသည် ကုသစရိတ် အတွက် စိတ်ဝိညာဉ်ကျောက်တုံး ၂၀၀ တောင်းသော်လည်း ထိုလူသည် စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀ ပေးလေသည်။

ဖြစ်စဉ် တစ်ခုလုံးတွင် ထိုလူသည် အလွန်နွေးထွေး ကြင်နာတတ်သူ ဖြစ်ပေသည်။

“ကောင်းတယ်ဟေ့” လူအုပ်ထံမှ ချီးကျူးသံများ ထွက်ပေါ်လာသည်။

အန်လင်းသည် တပိုင်၏ ကျောပေါ်သို့ ခုန်တက်လိုက်ပြီးနောက် မိန်းမငယ်လေးထံ လက်ပြလိုက်သည်။ “မင်းရဲ့အဘွားကို စောင့်ရှောက်နော် ကောင်မလေး ...”

မိန်းမငယ်လေးသည် မျက်ရည်တသွင်သွင် စီးကျကာဖြင့် အလေးအနက်ထား ခေါင်းညိတ်လိုက်ည်။

သူမသည် ကြင်နာတတ်သည့် အစ်ကိုကြီးကြောင့်သာလျှင် ကိုယ်တိုင်အားထုတ် ကြိုးပမ်းကာ အလုပ်လုပ်ကိုင် ရမည်ကို သိရှိလာရခြင်း ဖြစ်သည်။

ဤသို့ဖြင့် ထိုလူနှင့်ခွေးသည် အဝေးသို့ ထွက်ခွာသွားကာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

မိန်းမငယ်လေးသည် ပျောက်ကွယ်သွားသည့် ထိုပုံရိပ်အား မျက်စိတဆုံး ကြည့်နေမိသည်။

သူမအတွက် ထိုလူသားသည် သူရဲကောင်းတစ်ဦး ဖြစ်သည့်အတွက် သူ၏ မျက်နှာအား နှလုံးသားထဲတွင် နက်ရှိုင်းစွာ မှတ်ကျောက် တင်ထားလိုက်ပြီ ဖြစ်သည်။

***

All Chapters