← Chapters

ဇူယွမ်ရောက်ရှိလာခြင်း

Vol. 44 Ch. 602

ဇူယွမ်ရောက်ရှိလာခြင်း

Vol. 44 Ch. 602

ခြံဝန်းအတွင်း၌ ရှေးဟောင်းစုတ်တံကြီးတစ်ချောင်းရောက်ရှိနေပြီး ယင်းစုတ်တံ၏ထိပ်ဖျား၌ လူငယ်လေးတစ်ဦးမတ်တပ်ရပ်နေလျက် ရှိသည်။

ထိုလူငယ်၏ အသွင်အပြင်မှာ နက်ရှိုင်းလှသော ပင်လယ်ပြင်ကဲ့သို့ တည်ငြိမ်အေးချမ်းလွန်းလှပြီး လေးစားချင်စဖွယ် ရုပ်ရည်မျိုး ရှိသည်။

"ဒါက မြင့်မြတ်သောနန်းတော်က တပည့်ခေါင်းဆောင် နှစ်ယောက်ကိုသတ်ခဲ့တဲ့ ဇူယွမ်ဆိုတဲ့သူလား။"

"ငါကြားခဲ့ရသလောက်ဆိုရင်တော့ သူပဲဖြစ်လိမ့်မယ်။"

"နောက်ဆုံးတော့ ပေါ်လာပြီပေါ့။"

"စိတ်ဝင်စားစရာပဲ။ သူက မြင့်မြတ်သောနန်းတော်ရဲ့ ကျောက်ကျင့်နဲ့ တိုက်ခိုက်ရဲတယ်ပေါ့။"

"ဟဟ......ပွဲကတော့ ကြည့်ကောင်းပြီဟေ့။"

အဆောက်အဦး၏ နေရာအနှံ့အပြားမှ ဝေဖန်စကားသံများ အသီးသီး ထွက်ပေါ်လာရသည်။ ပုံရိပ်များစွာမှာလည်း အဆောက်အဦးထက်မှ မြေပြင်ပေါ်သို့ ဆင်းသက်လာကြသည်။

၎င်းတို့အားလုံးမှာ ပထမ၌ ကန်ရွှမ်းကလန်နှင့် မြင့်မြတ်သောနန်းတော်အကြား ရန်ကြွေးဆပ်ခြင်းကိုသာ ကြည့်ရှုရန် တွေးတောထားခဲ့ပါသော်လည်း ယခုအခါတွင် အဓိကလူဖြစ်သော ဇူယွမ်ရောက်ရှိလာပြီပင် ဖြစ်သည်။ ထို့ကြောင့် အခြေအနေများမှာ အလွန်ပင် စိတ်လှုပ်ရှားစရာ ကောင်းလာသဖြင့် ၎င်းတို့အားလုံးမှာ အဆောက်အဦးထက်မှ ကြည့်ရှုရန် အားမရနိုင်တော့ပဲ အနီးကပ်ကြည့်ရှုရန်အတွက် မြေပြင်ပေါ်သို့ ဆင်းသက်လာကြခြင်းပင် ဖြစ်သည်။

ဤသို့ဖြင့် ဇူယွမ် ရောက်ရှိလာခြင်းမှာ အဆောက်အဦး တစ်ခုလုံးအား ရုတ်ရုတ်သဲသဲ ဖြစ်သွားစေလေသည်။

လသာဆောက်ထက်၌

ဇူယွမ်ရောက်ရှိလာမှုကြောင့် စောင့်ကြည့်နေကြသော အင်အားကြီးကလန်များမှ တပည့်များမှာ အံ့အားသင့်သွားကြရသည်။

"ကျွန်မပြောသားပဲ ဇူယွမ်က ရောက်လာမှာပါလို့။" ကျိုးချူးချင်ယုမှာ ကျေနပ်အားရစွာ ပြုံးလိုက်ရင်းဖြင့် ကောင်းကင်တစ္ဆေကလန်၏ တပည့်ခေါင်းဆောင် လျှိုဖူအားကြည့်ကာ ပြောလိုက်သည်။

ဓားလမ်းစဉ်ကလန်မှ လီချွမ်းကျင်မှာလည်း ပြတင်းပေါက်အနီးသို့ တိုးကပ်သွားလိုက်သည်။ သူသည် မျက်စိမမြင်ရပါသော်လည်း အာရုံခံစားမှုမှာ အခြားသူများထက် များစွာသာလွန်နေပြီ ​ဖြစ်သည်။ သူသည် ပြတင်းပေါက်မှတဆင့် ခြံဝန်းရှိရာသို့ ခေါင်းလှည့်လိုက်သည်။

လီချွမ်းကျင်မှာ ရင်းနှီးကျွမ်းဝင်နေသော ချီစွမ်းအင်အား ခံစားလိုက်မိ၏။

"ဇူယွမ်...." အမြဲတစေ ခံစားချက်ကင်းမဲ့နေတက်သော လီချွမ်းကျင်၏ မျက်နှာပေါ်၌ ခံစားချက် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်ဟု ထင်မှတ်ရသည်။ "မင်းကအများကြီး သန်မာလာပြီပဲ။"

မြောက်ပိုင်းနဂါးပင်လယ်ခန်းမမှ နင်ကျန်းမှာလည်း ပြတင်းပေါက်ရှိရာသို့ ရောက်ရှိလာပြီးနောက် ဇူယွမ်၏ပုံရိပ်အားကြည့်ကာ လက်သီးဆုပ်လျက် စကားဆိုလိုက်သည်။ "သူနဲ့ နောက်တစ်ခါလောက် တိုက်ခိုက်ကြည့်ချင်သေးတယ်။" သူ၏ မျက်ဝန်းများမှာ တိုက်ပွဲဆာလောင်သော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

ကျိန်းရွှီးမှာ မလှုပ်မယက် တည်ငြိမ်စွာဖြင့်သာ ရှိနေပြီး မျက်ဝန်းများမှာ အေးစက်မှုများဖြင့် ပြည့်နှက်နေသည်။

ကောင်းကင်တစ္ဆေကလန်မှာ အလွန်ပင် စည်းကမ်းတင်းကြပ်လွန်းလှပြီး ကလန်အတွင်း ကတောက်ကဆဖြစ်ပေါ်မှုများလည်း များပြားလွန်းလှသည်။ ကလန်သို့ စတင်ရောက်ရှိခဲ့သော တစ်နှစ်ကျော် အချိန်ကာလအတွင်း ကျိန်းရွှီးမှာ လူပေါင်းများစွာနှင့် တိုက်ခိုက်ခဲ့ရပြီး ဖြစ်သည်။ သူသည် ကြမ်းကြုတ်ရက်စက်လွန်းလှသူဟုပင် အမည်တွင်ခဲ့၏။ ဤသို့ဖြင့်ပင် ကောင်းကင်တစ္ဆေကလန်အတွင်း ကျိန်းရွှီးမှာ ကျော်ကြားလာခဲ့ရခြင်း ဖြစ်သည်။

ဇူယွမ်၏ ပုံရိပ်အား မြင်တွေ့လိုက်ရသောအခါ၌ ကျိန်းရွှီးမျက်ဝန်းအတွင်းမှ အေးစက်မှုများ အနည်းငယ် ပျောက်ကွယ်သွားရသည်။ ကောင်းကင်တစ္ဆေကလန်နှင့် နှိုင်းယှဉ်ရပါက သူတော်စင်အကြွင်းအကျန်ဒေသအတွင်း ဇူယွမ်နှင့် တွေ့ဆုံခဲ့ရသည်မှာ သူ၏အေးစက်နေသော စိတ်နှလုံးအတွင်း အမှတ်ရစေခဲ့သည်။

အထူးသဖြင့် ကျိန်းရွှီးသည် ဇူယွမ်အား အပြည့်အဝ ယုံကြည်နိုင်ပေသည်။ ဇူယွမ်သည် ကောင်းကင်တစ္ဆေကလန်မှ လူများကဲ့သို့ အပြောတမျိုး အလုပ်တဖုံသူမျိုး ဘယ်သောအခါမှ မဟုတ်ခဲ့ပေ။

ကောင်းကင်တစ္ဆေကလန်မှ တပည့်ခေါင်းဆောင် လျှိုဖူမှာ ကျိုးချူးချင်ယုအား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် ခြံဝန်းအတွင်းရှိ ဇူယွမ်၏ပုံရိပ်အားကြည့်ကာ စကားဆိုလိုက်သည်။ "သူက သတ္တိတော့ရှိသားပဲ။ ဒါပေမယ့် သူကတအား ရူးမိုက်လွန်းတယ်။ အခု သူပေါ်လာပြီဆိုမှတော့ မြင့်မြတ်သောနန်းတော်က အလွတ်ပေးတော့မှာ မဟုတ်ဘူး။"

အခြားသော တပည့်ခေါင်းဆောင်များမှလည်း လျှိုဖူ၏စကားအား ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။ ဇူယွမ်သည် မြင့်မြတ်သောနန်းတော်မှ တပည့်ခေါင်းဆောင် နှစ်ဦးအား သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့် မြင့်မြတ်သောနန်းတော်မှာ ၎င်းအား အလွတ်ပေးလိမ့်မည်မဟုတ်ပေ။

အလှပန်းတစ်ရာနန်းတော်မှ တပည့်ခေါင်းဆောင်တစ်ဦးမှာလည်း သက်ပြင်းချလိုက်ပြီးနောက် ကျိုးချူးချင်ယုအားကြည့်ကာ တိုးညင်းစွာ ပြောလိုက်သည်။ "သူတကယ် မလာခဲ့သင့်ဘူး။ မြင့်မြတ်သောနန်းတော်က သူ့ကိုအလွတ်ပေးမှာ မဟုတ်ဘူး။"

"အမတော်က သူ့ကိုသေချာမသိပါဘူး။ အခု သူရောက်လာတယ်ဆိုထဲက မြင့်မြတ်သောနန်းတော်ကို ဂရုမစိုက်ဘူးလို့ ဆိုလိုချင်တာပဲ။" ကျိုးချူးချင်ယုမှ တည်ငြိမ်စွာပင် စကားဆိုလိုက်သည်။

ထိုတပည့်ခေါင်းဆောင်မှ ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ "သူက ဖန့်ယောင်ကို သတ်နိုင်တယ်ဆိုမှတော့ သန်မာလိမ့်မယ်ဆိုတာကို ငါလည်းသိပါတယ်။ ဒါပေမယ့် ကျောက်ကျင့်က ဖန့်ယောင်ထက်ပိုပြီး သန်မာတယ်လေ။"

မြင့်မြတ်သောနန်းတော်မှာ ဇူယွမ်ပေါ်ထွက်လာမည့်အချိန်အား စောင့်ဆိုင်းနေခြင်းပင် ဖြစ်ပေလိမ့်မည်။ ၎င်းတို့သည် လူအများရှေ့၌ ဇူယွမ်အား အညှာအတာကင်းမဲ့စွာ အနိုင်ယူလျက် မြင့်မြတ်သောနန်းတော်၏ ဂုဏ်သိက္ခာအား ပြန်လည်တည်ဆောက်လိုခြင်းပင် ဖြစ်သည်။

ကျိုးချူးချင်ယုမှာ မည်သည့်စကားမှ ထပ်၍မဆိုတော့ပဲ ခြံဝန်းအတွင်းရှိ ဇူယွမ်၏ပုံရိပ်ကိုသာ ငေးမောကြည့်ရှုလိုက်သည်။ ဇူယွမ်သည် သူမအမြဲတမ်း ယုံကြည်စိတ်ချရသူတစ်ဦးပင် ဖြစ်သည်။

ကျောက်ကျင့် အလွန်သန်မာသည်အား သိရှိနေပါသော်လည်း ကျိုးချူးချင်ယုမှာ ဇူယွမ်အပေါ် ယုံကြည်ချက်ရှိနေဆဲပင် ဖြစ်သည်။

"ဇူယွမ်..."

ထန်းမုရှင်းနှင့် အခြားသူများမှာ ဇူယွမ်ရောက်ရှိလာမှုကြောင့် အလွန်ပင် အံ့အားသင့်သွားကြရသည်။ ၎င်းတို့သည် ဤနေရာသို့ ဇူယွမ်ရောက်ရှိလာလိမ့်မည်ဟု အနည်းငယ်မျှပင် ထင်မှတ်မထားကြချေ။

"ဇူယွမ် နင်ရောက်လာပြီပဲ။ ဘာပဲဖြစ်ဖြစ် တပည့်ခေါင်းဆောင် ရှဲ့ရန်ကို အရင်တိုက်ခိုင်းလိုက်ပါလား။" ထန်းမုရှင်းမှ စကားဆိုလိုက်သည်။ သူမသည် ဇူယွမ်သန်မာသည်ကို သိရှိနေပါသော်လည်း ရှဲ့ရန်မှာ တိုက်ခိုက်ရန် ပိုမိုသင့်တော်လိမ်မ့ည်ဟု ယူဆမိ၏။

ဇူယွမ်မှာ အရိုအသေပြုနှုတ်ဆက်လိုက်ပြီးနောက် ရှဲ့ရန်အားကြည့်ကာ ပြောလိုက်သည်။ "စီနီယာအကိုတော် ရှဲ့ရန်က သန်မာတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဒီတိုက်ပွဲမှာ အသာစီးရမယ်လို့တော့ မထင်မိဘူး။"

ရှဲ့ရန်မှာ ဇူယွမ်စကားကြောင့် အံ့အားသင့်သွားရပါသော်လည်း မည်သည့်စကားမှ ပြောဆိုခြင်းမရှိပေ။ အဘယ့်ကြောင့်ဆိုသော် သူကိုယ်တိုင်သည်လည်း ထိုကဲ့သို့ပင် ခံစားနေမိသောကြောင့် ဖြစ်သည်။

"ဇူယွမ် အပိုတွေလုပ်မနေနဲ့။" ပိုင်လီချွီးမှ ကူကယ်ရာမဲ့စွာ ဝင်ရောက်ပြောဆိုလိုက်သည်။ "အခုချိန်က အပိုလုပ်ပြရမယ့် အချိန်မဟုတ်ဘူး။ မင်းသာရှုံးသွားရင် ငါတို့ကန်ရွှမ်းကလန်ရဲ့ ဂုဏ်သိက္ခာတွေလည်း ရေစုန်မျောသွားရလိမ့်မယ်။"

ဇူယွမ်မှာ ခပ်ဖွဖွပြုံးလိုက်ပြီးနောက် ထန်းမုရှင်းအားကြည့်ကာ စကားဆိုလိုက်သည်။ "စီနီယာအမတော် ထန်းမုရှင်း ဒီပြဿနာက ကျွန်တော့်ကြောင့်ပဲ ဖြစ်ရတာဆိုတော့ အဆုံးသတ်ပေးသင့်တာကလည်း ကျွန်တော်ပဲလေ။ ဟုတ်တယ်မလား။"

ထန်းမုရှင်းမှာ ဇူယွမ်၏ မျက်ဝန်းများအား စူးစိုက်ကြည့်ရှုလိုက်သည်။ သူ၏မျက်ဝန်းများမှာ လေးနက်တည်ကြည်နေပြီး အနည်းငယ်မျှပင် ဟန်လုပ်နေခြင်း မရှိပေ။ ထန်းမုရှင်းမှ ခေါင်းညိတ်ပြကာ ပြောလိုက်သည်။ "နင့်မှာ ယုံကြည်ချက်ရှိတယ်ဆိုရင် တိုက်ကြည့်လေ။"

"စီနီယာအမတော်ထန်း..." ပိုင်လီချွီးမှ တားဆီးလိုက်သည်။

ထန်းမုရှင်းမှာ လက်ကာပြလျက် ပိုင်လီချွီးအား မည်သည့်စကားမှ ပြောဆိုခြင်းမပြုရန် အချက်ပြလိုက်သည်။

ဇူယွမ်မှာ ထန်းမုရှင်းအား အရိုအသေပြုလိုက်၏။

ရှဲ့ရန်မှာ အနောက်သို့ ပြန်လည်ဆုတ်ခွာလိုက်သည်။

များပြားလှသော အကြည့်များစွာ၏အောက်၌ပင် ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား ဆွဲကိုင်လျက် အရှေ့သို့ ထွက်လာလိုက်သည်။

ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား မြေပြင်ပေါ်သို့စိုက်ချလျက် မြင့်မြတ်သောနန်းတော်ဖက်မှ ဟော်ထျန်းနှင့် ကျောက်ကျင့်တို့အား ကြည့်ရှုလိုက်သည်။ ထို့နောက် ခပ်ဖွဖွပြုံးလျက် ဖြည်းညင်းစွာပင် စကားဆိုလိုက်၏။

"ငါက ကန်ရွှမ်းကလန်က ဇူယွမ်ပဲ။"

"မြင့်မြတ်သောနန်းတော်က ဘယ်တပည့်ခေါင်းဆောင်က ငါနဲ့တိုက်ခိုက်မှာတဲ့လဲ။"

All Chapters