← Chapters

စွမ်းအင်သုံးဆယ်ရာခိုင်နှုန်း

Vol. 44 Ch. 603

စွမ်းအင်သုံးဆယ်ရာခိုင်နှုန်း

Vol. 44 Ch. 603

လူတိုင်းမှာ ဟော်ထျန်း၊ ကျောက်ကျင့်နှင့် ဇူယွမ်တို့အကြားရှိ တင်းမာနေသော အခြေအနေအား စိတ်ဝင်တစားဖြင့် ကြည့်ရှုနေကြသည်။

ဟော်ထျန်းမှာ မျက်ဝန်းများ ကျဉ်းမြောင်းလျက် ဇူယွမ်အား ကြည့်ရှုလိုက်ပြီးနောက် ပြုံးကာပြောလိုက်သည်။ "မင်းက လှည့်ဖြားမှုတွေသုံးပြီး ဖန့်ယောင်ကို သတ်လိုက်တယ်ဆိုတဲ့ ဇူယွမ်လား။"

ဇူယွမ်မှာ မည်သည့်စကားမှ ပြန်လည်ပြောဆိုလိုခြင်း မရှိပေ။ လူအများရှေ့၌ ၎င်းတို့အား ကောင်းမွန်စွာ သင်ခန်းစာပေးလိုက်လျှင် အခြေအနေများ ရှင်းလင်းသွားမည်ပင် ဖြစ်သည်။ ထိုအချိန်သို့ရောက်လျှင် ဟော်ထျန်း၏ စကားများမှာ ဟာသပြက်လုံးတစ်ခုမျှသာ ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် ဇူယွမ်မှာ တည်ငြိမ်သောအမူအရာဖြင့်ပင် ဟော်ထျန်းနှင့် ကျောက်ကျင့်အားကြည့်လျက် စကားဆိုလိုက်သည်။ "ဘယ်သူက ငါနဲ့တိုက်မှာလဲ။ မင်းတို့နှစ်ယောက်လုံး တစ်ခါတည်းချမလား။"

"ဟာ...."

"ဟင်...."

အဆောက်အဦးတစ်ခုလုံးမှာ နောက်ထပ်တစ်ကြိမ် ဆူညံပွတ်လောရိုက်သွားရသည်။ ၎င်းတို့မှာ ဇူယွမ်၏ တိုက်ပွဲစွမ်းရည်များအကြောင်း ကြားသိနေခဲ့ဖူးပါသော်လည်း ယခုအပြုအမူမှာ အလွန်ပင် မောက်မာလွန်းလှသည်ဟု ယူဆမိကြသည်။

ဟော်ထျန်းမှာ မထီမဲ့မြင်ပြုစွာ ရယ်မောလျက် ဇူယွမ်အား ကြည့်ရှုလိုက်သည်။ ထို့နောက် ကျောက်ကျင့်အားကြည့်ကာ ခေါင်းညိတ်ပြ၍ ပြောလိုက်သည်။ "ကောင်းကင်ကြီး ဘယ်လောက်ကျယ်ပြောတယ်ဆိုတာ အခုနောက်ပိုင်း လူငယ်လေးတွေက မသိကြတော့ဘူးပဲ။ သူ့ကိုငါတို့ သင်ခန်းစာ နည်းနည်းတော့ ပေးမှရတော့မယ်။ သူ့ရဲ့မေးရိုးကို ချိုးပစ်လိုက်။ ခြေတွေလက်တွေကိုပါ ချိုးပစ်ဖို့လည်း မမေ့နဲ့ဦး။"

"သူက ငါတို့မြင့်မြတ်သောနန်းတော်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေခဲ့မှတော့ အဲ့တန်ဖိုးကို ပြန်ပြီးပေးဆပ်သင့်တယ်။"

ကျောက်ကျင့်မှာ ကျောစိမ့်ဖွယ်ကောင်းစွာ ပြုံးလိုက်ပြီးနောက် အရှေ့သို့ ထွက်လာလိုက်သည်။ သူ၏ ခြေလှမ်းတိုင်းမှာ မြေကြီးကိုပင် ​တုန်ခါစေမတက် ကြမ်းတမ်းလွန်းလှသည်။ သူ၏ အသားအရေမှာ ကြည်လင်တောက်ပနေပြီး ပြင်ပသန်မာမှုကျင့်စဉ်အား ကျင့်ကြံထားသူဖြစ်ကြောင်း သိသာထင်ရှားနေသည်။

ကျောက်ကျင့်မှာ ဇူယွမ်အား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် လက်သီးဆုပ်လျက် ဖြည်းညင်းစွာ ပြောလိုက်သည်။ "ကောင်လေး....မင်းကြွက်တစ်ကောင်လို ချောင်တစ်ခုထဲ သွားပုန်းနေမယ်ဆိုရင်တောင် ငါမင်းအသက်ကို ညှာတာပေးလိုက်ဦးမှာ။ ဒါပေမယ့် အခုကတော့ မင်းကနောင်တရဖို့အတွက် အရမ်းနောက်ကျသွားပြီ။"

ဝုန်း.....

ထိုစကားအား ဆိုလိုက်ပြီးသည်နှင့်တစ်ပြိုင်နက် ကျောက်ကျင့်၏ ခန္ဓာကိုယ်မှာ ကြီးထွားလာကာ အနက်ရောင်အလင်းတန်းတစ်ခုမှာ အသားအရေများအား လွှမ်းခြုံသွားသည်။ ကြွက်သားအဖုအထစ်များလည်း ထွက်ပေါ်လာလျက် အကြောများပင် အပြိုင်းပြိုင်းထလာသည်။

စောင့်ကြည့်နေသော လူများစွာမှာ ကျောက်ကျင့်အား အံ့သြလေးစားသော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်ကြသည်။

ကျောက်ကျင့်မှာ မြင့်မြတ်သောနန်းတော်၏ မြင့်မြတ်သောတိသျှခန်းမမှ တပည့်ခေါင်းဆောင် ဖြစ်သည်။ ထိုမြင့်မြတ်သောတိသျှခန်းမမှာ ကန်ရွှမ်းကလန်၏ ဟုန်ယာတောင်ထွတ်ကဲ့သို့ပင် ပြင်ပသန်မာမှုကျင့်စဉ်အား အလေးပေးသော ခန်းမဆောင်တစ်ခုပင် ဖြစ်သည်။ ထို့ကြောင့် ကျောက်ကျင့်၏ ခန္ဓာကိုယ်မှာ အလွန်ပင် သန်မာဖျတ်လတ်နေရခြင်း ဖြစ်၏။

ယခုအနေအထားချင်း နှိုင်းယှဉ်ကြည့်ရပါက ပိန်ပါးသောဇူယွမ်မှာ ကျောက်ကျင့်တစ်ချက်ထိုးစာမျှသာ ရှိလိမ့်မည်ဟု ထင်မှတ်ရလေသည်။

ပတ်ဝန်းကျင်၌ လေတိုးသံမျှပင် မကြားရပဲ လူများစွာမှာ ဇူယွမ်နှင့် ကျောက်ကျင့်တို့ကိုသာ စိတ်ဝင်တစား ကြည့်ရှုနေကြပေသည်။

ဝုန်း....

ပတ်ဝန်းကျင်ရှိ တိတ်ဆိတ်ငြိမ်သက်မှုအား ကျောက်ကျင့်မှ ဖြိုခွဲလိုက်သည်။ သူသည် အေးစက်ခက်ထန်စွာဖြင့် အရှေ့သို့ လျှောက်လှမ်းလာသည်။ ခြေလှမ်းတိုင်းသည် မြေပြင်အား အက်ကွဲသွားစေ၏။

ကျောက်ကျင့်မှာ အမြှောက်ဆံတစ်ခုအလား အရှိန်အား တိုးမြှင့်လိုက်သည်။ သူသည် လက်သီးအား ကျစ်ကျစ်ပါအောင်ဆုပ်လျက် ထိုးချလိုက်သည်။

ဇူယွမ်မှာ အနောက်သို့ ဆုတ်လိုက်ပြီးနောက် ပြင်းထန်လှသော ချီစွမ်းအင်များအား ထုတ်လွှတ်လိုက်သည်။

ဘန်း....

ကျောက်ကျင့်၏လက်သီးမှာ ပြင်းထန်သော ချီစွမ်းအင်များအား ပေါက်ကွဲစေလိုက်သည်။

ကျောက်ကျင့်မှာ ကြောက်မက်ဖွယ်ပြုံးလျက် အနောက်သို့ဆုတ်သွားသော ဇူယွမ်အား ကြည့်ရှုလိုက်သည်။ သူသည် မြေပြင်အားဆောင့်နင်းလျက် အရိပ်တစ်ခုအလား လျင်မြန်စွာရွေ့လျားလိုက်ပြီးနောက် ဇူယွမ်၏နောက်သို့ ရောက်ရှိသွားသည်။

"သေလိုက်တော့..."

ကျောက်ကျင့်မှာ မိစ္ဆာတစ်ကောင်အလားပြုံးလျက် ဇူယွမ်၏ဦးခေါင်းအား ချိန်ရွယ်ထိုးချလိုက်သည်။

ဇူယွမ်မှာ အနောက်သို့လှည့်ကြည့်လိုက်ပြီးနောက် လက်သီးအား ကျစ်ကျစ်ပါအောင်ဆုပ်လျက် ပြန်လည်ထိုးချလိုက်သည်။ သူ၏ အသားအရေမှာ ကျောက်စိမ်းရောင်များ လင်းလက်လာပြီး အသွေးအသားများမှာ ငွေရောင်ခြည်အလင်းတန်းများ တောက်ပသွားရသည်။

ဝုန်း....

လက်သီးနှစ်လုံး တွေ့ဆုံသွားကြပြီးနောက် ​မြေပြင်မှာ ပြင်းထန်စွာ ကွဲအက်သွားရတော့သည်။ ထွက်ပေါ်လာသော အဖျက်စွမ်းအင်မှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှ၏။

လူတိုင်းမှာ အနည်းငယ်မျှပင် မလှုပ်ရှားပဲ တည်ငြိမ်စွာ ရပ်နေကြသော ဇူယွမ်နှင့် ကျောက်ကျင့်အား အံ့အားသင့်စွာ ငေးမောကြည့်ရှုနေကြသည်။

ကျောက်ကျင့်ကိုမူ စောင့်ကြည့်နေကြသူများမှ အံ့အားသင့်ကြခြင်းမရှိချေ။ ကျောက်ကျင့်သည် ပြင်ပသန်မာမှုကျင့်စဉ်အပိုင်းတွင် အလွန်ပင် ကောင်းမွန်လွန်းလှသည်သာမက အမှန်တကယ်လည်း အကြမ်းပတမ်း ခံနိုင်ရည်ရှိလွန်းသူတစ်ဦး ဖြစ်သည်။ စောင့်ကြည့်နေကြသူများအား အလွန်အံ့အားသင့်စေရသည်မှာ ကျောက်ကျင့်၏ တိုက်ခိုက်မှုအား ခုခံနိုင်ခဲ့သော ဇူယွမ်ပင် ဖြစ်သည်။

"စိတ်ဝင်စားစရာပဲ။ မင်းကလည်း ပြင်ပသန်မာမှုကျင့်စဉ်ကို ကျင့်ကြံထားတယ်ပေါ့လေ။" ကျောက်ကျင့်မှာ ဇူယွမ်၏ ကျောက်စိမ်းရောင်အသားအရေအား စိတ်ဝင်တစားဖြင့် ကြည့်ရှုလိုက်သည်။ "ကောင်းတာပေါ့။ ငါမင်းတို့ကန်ရွှမ်းကလန်ရဲ့ ဟုန်ယာတောင်ထွတ်က တပည့်ခေါင်းဆောင်ကို လက်တစ်ဖက် ဖြတ်ပစ်ခဲ့တယ်။ မင်းကရော ဘယ်လောက်ခံနိုင်ရည်ရှိမှာတဲ့လဲ။"

ဝုန်း....

ကျောက်ကျင့် ခန္ဓာကိုယ်အား လွှမ်းခြုံထားသော အနက်ရောင်အလင်းတန်းမှာ ပိုမိုမည်းနက်လာသည်။ ထို့နောက် လက်သီးနှစ်ဖက်အားဆုပ်လျက် ပြင်းထန်စွာဖြင့် ထိုးချလိုက်၏။

ဝုန်း....

ဇူယွမ်မှာ တည်ငြိမ်စွာဖြင့်ပင် လက်ဝါးနှစ်ဖက်အား ထုတ်လိုက်သည်။ သူ၏ အမူအရာသည် ကျောက်ကျင့်ကဲ့သို့မဟုတ်ပင် အလွန်ပင် တည်ငြိမ်လွန်းလှသည်။

ဝုန်း.....ဝုန်း...

လက်သီးနှင့် လက်ဝါးတို့ တွေ့ဆုံသွားပြီးသည့်နောက် ပြင်းထန်လှသော အဖျက်စွမ်းအင်များ ပေါ်ထွက်လာကာ လေထုသည်ပင် ပေါက်ကွဲကုန်ရသည်။

စောင့်ကြည့်နေကြသူများမှာ ဇူယွမ်နှင့် ကျောက်ကျင့်တို့အား မျက်တောင်ပင်မခတ်နိုင်ပဲ ကြည့်ရှုနေကြသည်။ ယခုအနေအထားအရ ကျောက်ကျင့်မှာ အသာစီးရနေသည်ဟု ခန့်မှန်းရ၏။

သို့သော် ဇူယွမ်မှာလည်း အံ့အားသင့်စရာကောင်းလောက်အောင်ပင် ကျောက်ကျင့်၏ တိုက်ခိုက်မှုအား ခုခံနိုင်နေဆဲ ဖြစ်သည်။

စောင့်ကြည့်နေကြသူများမှာ တဖြည်းဖြည်းနှင့် ဇူယွမ်မှာ အမှန်တကယ် တိုက်ပွဲစွမ်းရည် ကောင်းမွန်သူဖြစ်သည်ဟု လက်ခံလာကြသည်။ ကျောက်ကျင့်အား အချိန်ကြာမြင့်စွာ ခုခံတိုက်ခိုက်နိုင်သည်ကို ကြည့်ရှုခြင်းဖြင့်ပင် ဖန့်ယောင်အား လှည့်ကွက်များ အသုံးမပြုပဲ သတ်ဖြတ်နိုင်ခဲ့သည်ဟု ယူဆလာကြပြီပင် ဖြစ်သည်။

ဝုန်း....

စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ဇူယွမ်နှင့် ကျောက်ကျင့်မှာ ပြင်းထန်စွာ ထပ်မံတွေ့ဆုံသွားကြသည်။ ပြင်းထန်လှသော အဖျက်စွမ်းအင်များကြောင့် နှစ်ဦးစလုံး အနောက်သို့ လွင့်စင်သွားရသည်။

ဟော်ထျန်း၏ အမူအရာမှာ အေးစက်ခက်ထန်နေသည်။ "ကျောက်ကျင့် မင်းကစားနေရမယ့် အချိန်မဟုတ်ဘူး။"

ဟော်ထျန်းမှာ ကျောက်ကျင့်အား အပြင်းအထန် တိုက်ခိုက်စေချင်လှပြီ ဖြစ်သည်။ လူများစွာ၏ရှေ့၌ ဇူယွမ်ဆိုးရွားစွာ ရှုံးနိမ့်သွားစေလို၏။

ကျောက်ကျင့်မှ ရယ်မောကာ စကားဆိုလိုက်သည်။ "ဒီကောင်လေးက ခန္ဓာကိုယ်သန်မာမှုက မဆိုးဘူး။ ငါ့ရဲ့တိုက်ခိုက်မှုတွေကို ခုခံနိုင်တဲ့သူဆိုတာ အတော်ရှားတယ်။"

မည်သို့ပင်ဆိုစေကာမူ ကျောက်ကျင့်မှာလည်း ယခုအချိန်သည် ဇူယွမ်နှင့် လက်ရည်ချင်း ဖလှယ်ရမည့် အချိန်မဟုတ်ကြောင်း သိရှိနေသည်။ သူသည် အေးစက်ခက်ထန်သော မျက်ဝန်းများဖြင့် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ကောင်လေး ငါအခု ငါ့ရဲ့စွမ်းအင် ခြောက်ဆယ်ရာခိုင်နှုန်းလောက်တောင် မသုံးရသေးဘူး။"

ဇူယွမ်မှ ရယ်မောလိုက်သည်။ "ဟားဟား.....အဲ့ဒါကြောင့် မိန်းကလေးတစ်ယောက် ထိုးနှက်နေသလိုပဲ အားပျော့လွန်းနေပါတယ်လို့။"

ကျောက်ကျင့်၏ မျက်ဝန်းများမှာ သတ်ဖြတ်လိုသော အရိပ်အယောင်များဖြင့် ပြည့်နှက်သွားရပြီးနောက် လက်နှစ်ဖက်အား အတူတကွ ချိတ်ဆက်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် သူ၏အသားအရေမှာ သံထည်ကဲ့သို့ မည်းနက်သွားရ၏။ သူ၏ လက်ဝါးများမှာလည်း ကြီးမားလာပြီး လက်ချောင်းများမှာလည်း သံချွန်များအလား ထက်ရှနေသည်။

ကျောက်ကျင့်၏ အသွင်သဏ္ဍာန်မှာ အလွန်ကြီးမားလှသည့် မိစ္ဆာကြီးတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းလှသည်။

ဒေါင် ဒေါင်....

ကျောက်ကျင့်မှာ လက်သီးအားဆုပ်လျက် ရင်ဘတ်အား တဘုန်းဘုန်းထုလိုက်သည်။ သံထည်တစ်ခုအား ထုနှက်လိုက်သည့်အသံကြီး ထွက်လာသည်။

စောင့်ကြည့်နေကြသော ထန်းမုရှင်းတို့၏ အမူအရာမှာ ပြောင်းလဲသွားရသည်။ ဟုန်ယာတောင်ထွတ်မှ တပည့်ခေါင်းဆောင် ချန်းဇီမှာ လေးနက်သောအမူအရာဖြင့် စကားဆိုလိုက်သည်။ "ဒါကမြင့်မြတ်သောနန်းတော်ရဲ့ မိစ္ဆာလူဝံကျင့်စဉ်ပဲ။ အဲ့ကျင့်စဉ်က အရမ်းကြော​က်စရာကောင်းတယ်။ ကျောက်ကျင့်က သူ့ရဲ့စွမ်းအင်အစစ်အမှန်တွေ ထုတ်သုံးနေပြီ။"

ထန်းမုရှင်းနှင့် အခြားသူများမှာ ထိုစကားအား ကြားလိုက်ရသောအခါ၌ အလွန်ပင် စိုးရိမ်ပူပန်သွားရသည်။

ဇူယွမ်မှာ အနည်းငယ်မျှပင် ထိတ်လန့်တုန်လှုပ်မှုပင်မရှိပဲ လူဝံကြီးနှင့် အလားသဏ္ဍာန်တူနေသော ကျောက်ကျင့်အား ကြည့်ရှုလိုက်သည်။ ကျောက်ကျင့်သည် အလွန်သန်မာလှပါသော်လည်း ဇူယွမ်မှာ ဆန်းကြယ်သောခန္ဓာကျင့်စဉ်ငယ်၏ ရွှေအိုရောင်သွေးစက်အဆင့်သို့ပင် ရောက်ရှိခဲ့ပြီး ဖြစ်သည်။

ဇူယွမ်မှာ မျက်ဝန်းများကိုမှိတ်လိုက်ပြီးနောက် တိုးညင်းစွာ ရေရွတ်လိုက်သည်။ "မင်းရောသိရဲ့လား။ ငါလည်း ငါ့စွမ်းအင်ရဲ့ သုံးဆယ်ရာခိုင်နှုန်းကိုပဲ သုံးရသေးတယ်ဆိုတာ။"

ဇူယွမ်၏ နှလုံးအတွင်းရှိနေသော ရွှေအိုရောင်သွေးစက်မှာ တုန်ခါသွားရသည်။

ရွှေအိုရောင်သွေးစက်မှာ သွေးကြောများမှတဆင့် ဇူယွမ်၏ အသွေးအသားများထဲသို့ စီးဝင်ပျံ့နှံ့သွား၏။

ဇူယွမ်မှာ တင်းကြပ်စွာပိတ်ထားသော မျက်ဝန်းများအား ဖြည်းညင်းစွာ ဖွင့်ဟလိုက်သည်။

"ကန်ရွှမ်းကလန်ရဲ့ အစစ်အမှန် ပြင်ပသန်မာမှုကျင့်စဉ်ဆိုတာ ဘယ်လိုလဲ မင်းကိုပြရသေးတာပေါ့။"

All Chapters