ကြမ်းတမ်းသည့် တာဝန်တစ်ရပ်
Vol. 11(B) Ch. 156
လမ်းတစ်လျှောက်တွင် တပိုင်သည် သုန်မှုန်နေဆဲ ဖြစ်သည်။
“အဲဒီအဘွားကြီးကို ကျွန်တော်က ထိတောင် မထိမိပါဘူးနော်” သူသည် ဝမ်းနည်းစွာဖြင့် ငြင်းဆိုလာသည်။
“ငါသိတယ်” အန်လင်း ခေါင်းညိတ်လိုက်သည်။
အန်လင်း၏ ဝန်ခံချက်ကြောင့် တပိုင်သည် အနည်းငယ် အံ့အားသင့် သွားသည်။ “အဲဒါဆိုရင် ဘာလို့ စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀ တောင် ပေးလိုက်တာလဲ”
အန်လင်း ပြုံးလိုက်သည်။ “ဘာလို့လဲဆိုရင် သူတို့က ပိုက်ဆံ အရမ်းလိုနေလို့ပေါ့။ အဘွားကြီးရဲ့ အခြေအနေက အတော်လေး ဆိုးဝါးနေတယ်။ မြန်မြန်ဆန်ဆန် ကုသမှု မခံယူဘူးဆိုရင် တစ်နှစ်ပဲ ခံတော့မှာ”
“စဉ်းစားကြည့်လေ။ အဘွားကြီး တစ်ယောက်နဲ့ ကလေးငယ်လေး တစ်ယောက်က ဒီလိုမျိုး ငွေညှစ်ရတဲ့ အကြောင်းက ဘာများဖြစ်မလဲလို့။ သူတို့က မျှော်လင့်ချက် မဲ့လွန်းလို့သာ သူတို့ရဲ့ သိက္ခာတရားကို စွန့်လွှတ်ပြီး အခုလိုမျိုး လုပ်ရတာပဲ”
“ငါ့ရဲ့ ခန့်မှန်းချက် အရတော့ သူတို့မှာ မှီခိုရမယ့်သူ မရှိလောက်တော့ဘူး။ သူတို့ကို စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀ ပေးလိုက်တာက အဘွားကြီး ကုသမှု ခံယူဖို့ပဲ။ ကလေးမလေးက သူမရဲ့အဘွားဖြစ်သူ သေဆုံးသွားရင် ဘာဖြစ်သွားမယ် ထင်သလဲ။ သူမက ကလေးပဲ ရှိနေသေးတာ။ ဒီကမ္ဘာကြီးမှာ သူမတစ်ယောက်တည်း ရှင်သန် ရပ်တည်နိုင်မယ်လို့ မင်းထင်လား”
အန်လင်း၏ ရှင်းပြချက်ကို ကြားပြီးသည့်အခါတွင် တပိုင်သည် ခေါင်းညိတ်လိုက်သည်။ “အဲဒါကြောင့် အစ်ကိုကြီးအန်က သူတို့ရဲ့ ကယ်တင်ရှင် လုပ်ဖို့ ဆုံးဖြတ်လိုက်တာပေါ့”
အန်လင်း ခေါင်းညိတ်လိုက်သည်။ “ငါ့ရဲ့တွက်ချက်မှုက မှားချင် မှားနိုင်တယ်။ ဒါပေမဲ့လည်း ငါမှန်နယ်ဆိုရင် သူတို့အတွက် အကူအညီ အကြီးကြီး ဖြစ်တာပေါ့ကွာ။ ငါက သောက်ရမ်း ချမ်းသာတဲ့သူ ဆိုတာလည်း မမေ့နဲ့ဦး။ စိတ်ဝိညာဉ်ကျောက်တုံး ရာဂဏန်းလောက်က ငါ့အတွက် ဘာမှ မဟုတ်ပါဘူးကွာ”
ဤအငြင်းအခုန် ပြုခန်းတွင် တပိုင်သည် လုံးဝ ရှုံးနိမ့်သွားပြီ ဖြစ်သည်။ ရှောင်ချိုးသည် အန်လင်း၏ ပခုံးအား လေးစားစွာဖြင့် ပုတ်လိုက်သည်။ “အစ်ကိုကြီးအန် အကောင်းဆုံး”
ထို့ကြောင့် သူတို့သည် အင်မော်တယ် စိတ်ဝိညာဉ်တစ်သောင်း ဂိုဏ်းသို့ ဆက်လက် ချီတက်ကြလေသည်။
အင်မော်တယ်စိတ်ဝိညာဉ် တစ်သောင်းဂိုဏ်းသည် လေဟာပြင်ပြည်နယ်၏ တောင်ဘက်ပိုင်းတွင် တည်ရှိသည်ကြောင့် သူတို့သည် တောင်ပိုင်းဒေသသို့ သွားနေကြခြင်း ဖြစ်သည်။ လမ်းတစ်လျှောက်တွင် ချစ်စဖွယ် နှင်းသားရဲလေးများနှင့် ကြုံတွေ့ရသလို အရသာရှိလှသည့် နှင်းသားရဲများကိုလည်း စားသောက်ခဲ့သေးသည်။
လေဟာပြင်ပြည်နယ်၏ အစားအစာများသည် အတော်လေး စပ်သဖြင့် အန်လင်းနှင့် သင့်တော်လှသည်။ လွန်ခဲ့သည့် ရက်များတွင် အန်လင်းသည် စားသောက်ဆိုင်များတွင် ဟင်းပွဲများစွာအား မြည်းစမ်းကာဖြင့် အလွန်ပျော်ရွှင်လျက် ရှိသည်။ ဖြစ်နိုင်မည်ဆိုလျှင် ဤနေရာတွင် အချိန်ကြာမြင့်စွာ နေထိုင်ပြီး စားသောက်ချင်မိသည်။
ရက်အတန်ကြာ ခရီးသွားလာ စားသောက်ပြီးနောက် သတိပြုမိခြင်း မရှိခင်မှာပင် အန်လင်းတို့သည် အင်မော်တယ် စိတ်ဝိညာဉ် တစ်သောင်းဂိုဏ်း၏ ဂိတ်တံခါးဝသို့ ရောက်ရှိလာကြပြီ ဖြစ်သည်။
ဤဂိုဏ်းသည် သူသွားရောက် လည်ပတ်ခဲ့သည် တတိယမြောက် အင်မော်တယ်ဂိုဏ်းကြီး ဖြစ်သည်။
ပြောရမည်ဆိုလျှင် ဤအင်မော်တယ်ဂိုဏ်းသည် အကောင်းဆုံးသော ခံစားချက်ကို ပေးစွမ်းလေသည်။
ဂိတ်တံခါးမှ အတွင်းသို့ ကြည့်လိုက်သည့်အခါတွင် ကောင်းကင်ထိတိုင်အောင် ထိုးထွက်လျက်ရှိသည့် တောင်တန်းများအား မြင်လိုက်ရသည်။ တောင်တန်းပတ်လည်တွင် အိမ်ဆောင်များ ဆောက်လုပ်ထားပြီး နေရောင်အောက်တွင် တောက်ပလျက် ရှိကြသည်။ အင်မော်တယ် ဂူဗိမာန်များလည်း ရှိပြီး အင်မော်တယ်များစွာသည် ဓားပျံများ စီးနင်းကာဖြင့် အချိန်နှင့်အမျှ ပျံသန်းထွက်ခွာလာလေသည်။
“ကြိုဆိုပါတယ်။ ရောင်းရင်းကျင့်ကြံသူက ဘာကိစ္စကြောင့် ရောက်လာတာပါလဲ သိပါရစေ”
အန်လင်းတို့အား မြင်သည့်အခါတွင် အစောင့်တစ်ယောက်သည် လက်သီးဆုပ်များအား ယှက်သန်းကာဖြင့် မေးလာသည်။
အင်မော်တယ် စိတ်ဝိညာဉ် တစ်သောင်းဂိုဏ်းရဲ့ ဆီးကြိုပုံကလည်း မြင်ဖူးသမျှထဲ အကောင်းဆုံးပဲ။
“မင်္ဂလာပါ။ ကျွန်တော့်နာမည်က အန်လင်းပါ။ ရွှမ်ယွမ်ချန်ရဲ့ သူငယ်ချင်းပါ။ လာလည်တာပါ။ ကျွန်တော်ရောက်လာတာလေး အကြောင်း ကြားပေးပါဦး” အန်လင်းသည် ယဉ်ကျေးစွာဖြင့် ပြန်ဖြေလိုက်သည်။
အန်လင်း၏စကားအား ကြားပြီးသည့်နောက်တွင် အစောင့်၏ အမူအရာသည် ပြောင်းလဲသွားပြီးနောက် ပို၍ပင် ယဉ်ကျေးလာတော့သည်။ “အိုး ... သခင်လေး ရွှမ်ယွမ်ရဲ့ သူငယ်ချင်းလား။ အခုချက်ချင်း အကြောင်း ကြားပေးပါ့မယ် ခင်ဗျာ”
မကြာမီတွင် ရွှမ်ယွမ်ချန်သည် ဓားပျံ စီးနင်းကာဖြင့် အန်လင်းထံ ရောက်ရှိလာသည်။
အဖြူရောင်ဝတ်စုံအား ဝတ်ဆင်ထားဆဲ ဖြစ်ကာ သူ၏မျက်ခုံးများသည် ထင်ရှားလျက်ရှိသလို မျက်နှာသည်လည်း နွေးထွေးလှသည့် ကျောက်စိမ်းနှင့် တူပေသည်။
“ကျောင်းသားအန်လင်း ... မင်းတကယ်ကြီး ရောက်လာမယ်လို့ ငါမထင်ထားဘူး” ရွှမ်ယွမ်ချန်သည် ပျော်ရွှင်စွာဖြင့် ပြုံးလိုက်သည်။
“ဟဟ ... ပိတ်ရက်တွေက အတော်လေး ပျင်းစရာ ကောင်းတယ်လေ ... အဲဒါကြောင့် ခရီးလျှောက်သွားနေတာ” အန်လင်းသည် ပြုံးလျက်နှင့် ပြန်ဖြေလိုက်သည်။
ရွှမ်ယွမ်ချန် ခေါင်းညိတ်လိုက်ပြီးနောက် “အရမ်းကောင်းတယ်။ ငါမင်းကို အင်မော်တယ် စိတ်ဝိညာဉ် တစ်သောင်းဂိုဏ်းကို လိုက်ပြမယ်”
ထိုသို့ဖြင့် အန်လင်းသည် တပိုင်အား စီးနင်းကာဖြင့် ရွှမ်ယွမ်ချန်နှင့်အတူ ဂိုဏ်းအတွင်းသို့ ပျံသန်း ဝင်ရောက်သွားတော့သည်။
အင်မော်တယ် စိတ်ဝိညာဉ် တစ်သောင်းဂိုဏ်းသည် ကျယ်ပြန့်လှသည့် မြေနေရာအား တောင်များ ဝန်းရံကာဖြင့် ဖုံးကွယ်ထားခြင်းဖြစ်သည်။ ပင်မတောင်ထိပ် ၅ ခုနှင့် အရံတောင်ထိပ် ၉၆ ခုရှိသည်။
အတွင်းစည်း တပည့်များသည် ပင်မတောင်ထိပ်များတွင် ကျင့်ကြံရပြီး အပြင်စည်းတပည့်များသည် အရံတောင်ထိပ်များတွင် ကျင့်ကြံရခြင်း ဖြစ်သည်။
အန်လင်းသည် ပင်မတောင်ထပ် တစ်ခုဖြစ်သော အရုဏ်ဦးကောင်းကင် တောင်ထိပ်တွင် ရောက်ရှိနေခြင်း ဖြစ်သည်။ ထိုတောင်ထိပ်မှနေ ပေတစ်သောင်းကျော် ရှည်လျားသည့် ရေတံခွန် တစ်ခုအား မြင်နိုင်လေသည်။
ရေစီးကျသံသည် မိုးခြိမ်းသံကဲ့သို့ ဆူညံနေပြီး ရေပြင်တွင် လှိုင်းတွန့်လေးများ ဖြစ်ပေါ်လာသည်။ ရေမျက်နှာပြင်ထက် လေထုအတွင်း၌ ရေငွေ့တစ်လွှာ ရှိလေသည်။
နေရောင်ခြည်အောက်တွင် ရေစက်ရေပေါက်များသည် သက်တန့်အဖြစ်သို့ ပြောင်းလဲသွားကြသည်။
တောင်ထိပ်မှ ကြည့်မည်ဆိုလျှင် အရောင်စိုလှသည့် သက်တန့်တစ်စင်း ရှိနေလေသည်။ အရုဏ်ဦးကောင်းကင် တောင်ထိပ်အား ရောင်စုံကြိုးများဖြင့် ချည်နှောင် ထားသကဲ့သို့ ဖြစ်နေစေသည်။
အန်လင်းသည် ဤကဲ့သို့ လှပသည့် မြင်ကွင်းအား ဓာတ်ပုံရိုက်ယူရန် မမေ့ချေ။
ထို့နောက်တွင် သူတို့သည် ကမ္ဘာစိတ်ဝိညာဉ် တောင်ထိပ်ပေါ်သို့ ဆင်းသက်လိုက်ကြသည်။
“ဒီနေ့ ဂိုဏ်းတွေထဲမှာရှိတဲ့ လူငယ်မျိုးဆက်တွေ ကြားမှာ ကျင်းပတဲ့ ဂိုဏ်းအချင်းချင်း ချစ်ကြည်ရေးပွဲကို ကျင်းပမှာလေ။ လေးနှစ်တစ်ကြိမ် ပြုလုပ်တဲ့ ပြိုင်ပွဲပေါ့။ မင်း ကြည့်ဖို့စိတ်ဝင်စားလား” ရွှမ်ယွမ်ချန်သည် ထိုသို့မေးကာဖြင့် အရှေ့မှ ဦးဆောင်သွားလေသည်။
ရွှမ်ယွမ်ချန်၏ စကားကြောင့် အန်လင်း၏ မျက်လုံးများ အရောင်လက်လာသည်။
ဂိုဏ်းအချင်းချင်း ချစ်ကြည်ရေးပွဲ တဲ့လား။
ဘယ်လိုတောင် ရင်းနှီးနေတဲ့ စကားပါလိမ့်။
“ကြည့်မှာပေါ့” အန်လင်းသည် အချိန်မဆိုင်းဘဲ ပြန်ဖြေလိုက်သည်။
အခြားသူများ တိုက်ခိုက်မှုကို ကြည့်ရှုရခြင်းသည် အတော်လေး ရင်ဖိုရသည့် ခံစားချက် ဖြစ်သည်။ အလွန်ကောင်းမွန်သည့် အက်ရှင် ဇာတ်ကားအား ကြည့်ရှုရသကဲ့သို့ ဖြစ်သည်။ မဟုတ်ဘူး။ အထူးပြုလုပ်ချက်များ ပါဝင်သည့် အင်မော်တယ်အက်ရှင် ဇာတ်ကားအား ကြည့်ရသည်နှင့် တူလှသည်။
ဂိုဏ်းအချင်းချင်း ချစ်ကြည်ရေးပွဲများ ကျင်းပသည့် နေရာသည် အလွန်ခမ်းနားသည့် နေရာတစ်ခု ဖြစ်သည်။ အလွန်ကြီးမားသည့် အားကစားကွင်း တစ်ခုနှင့်တူပြီး ပရိသတ်သောင်းနှင့် ချီ၍ ဝင်ဆန့်လေသည်။ ပွဲကြည့်စင်အောက်တွင် မြင့်မားသည့် စင်မြင့်အနည်းငယ် ရှိနေပြီး ပြိုင်ပွဲဝင်များ တစ်ဦးနှင့်တစ်ဦး ယှဉ်ပြိုင် တိုက်ခိုက်ရန်အတွက် ဖြစ်သည်။
“ဆူညံပြီး ယောက်ယက်ခတ်နေတာပဲ” အန်လင်းသည် ကွင်းထဲသို့ ရောက်သည့်အခါတွင် သောင်းချီသည့် ကြည့်ရှုသူများ၏ အော်ဟစ် အားပေးမှုအား မြင်တွေ့လိုက်ရခြင်းကြောင့် ရေရွတ်မိသည်။
ရွှမ်ယွမ်ချန်သည် အသာ ရယ်မောလိုက်ပြီးနောက် “ဖိုင်နယ်ပွဲစဉ်တွေကို ရောက်နေပြီကွ။ ပင်မတောင်ထိပ် ၅ လုံးနဲ့ အရံတောင်ထိပ် ၉၆ လုံးက တပည့်ဂိုဏ်းသားတွေ အားလုံးက သူတို့သဘောကျတဲ့ သူတွေကို အားပေးဖို့ ရောက်နေကြတာလေ”
အန်လင်းသည် ရွှမ်ယွမ်ချန်အား ကြည့်လိုက်သည်။ “အစ်ကိုကြီး ချန် ကလည်း ပါရမီရှင်ပဲလေ။ ဘာလို့ ဝင်မပြိုင်တာလဲ”
အကိုကြီး ချန်သည် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အလယ်အဆင့်သို့ တစ်နှစ်ကျင့်ကြံပြီးနောက် ရောက်ရှိသွားပြီ ဖြစ်သည်။
အစ်ကိုကြီး ချန် ယှဉ်ပြိုင်မည်ဆိုလျှင် သေချာပေါက် ချန်ပီယံဆုအား ရရှိပေလိမ့်မည်။
ရွှမ်ယွမ်ချန်သည် ခေါင်းယမ်းလိုက်ပြီးနောက် “ငါက ကောင်းကင်ဘုံ ပိုင်နက်ကလူ ဖြစ်နေပြီလေ။ အဲဒါကြောင့် ဒီပွဲတွေမှာ ပါလို့မရဘူး”
ကောင်းကင်ဘုံပိုင်နက်သည် စုစည်းညီညွတ် ကျင့်ကြံခြင်း ကျောင်းတော်မှ ကျောင်းသားအားလုံးကို ကောင်းကင်ဘုံပိုင်နက်၏ အင်အားစုအဖြစ် သတ်မှတ်ထားသည်။
ကျောင်းသားများသည် ကျောင်း ၅ နှစ် တက်ရောက်ပြီးသည့် နောက်တွင် ကောင်းကင်ဘုံပိုင်နက်တွင် နေထိုင်ရန် ရွေးချယ်ပါက ကောင်းကင်ဘုံပိုင်နက်၏ အစစ်အမှန် ပြည်သူများ ဖြစ်လာစေနိုင်သည်။
ကျောင်းသားများသည် သက်ဆိုင်ရာ ဂိုဏ်းအသီးသီးသို့ ပြန်ရန်လည်း ရွေးချယ်နိုင်ပေသည်။
သို့သော်လည်း ထိုသို့ပြုလုပ်မည် ဆိုလျှင် ကောင်းကင်ဘုံပိုင်နက်သည် သင်ယူပြီးမြောက်ခြင်း လက်မှတ်ထဲတွင်သာ ကျန်ရှိတော့မည် ဖြစ်သည်။
ရွှမ်ယွမ်ချန်သည် အင်မော်တယ် စိတ်ဝိညာဉ် တစ်သောင်းဂိုဏ်း၏ သခင်လေး ဖြစ်သည့်အတွက် ကျောင်းပြီးသည့် အခါတွင် ဂိုဏ်းသို့ပြန်ကာ ဂိုဏ်းခေါင်းဆောင်အဖြစ် ထမ်းဆောင်ရမည် ဖြစ်သည်။
ဟင်း ...
ထိုသို့ဆိုလျှင် စုချန်းရန်နှင့် စုရှောင်လန်တို့ သည်လည်း ကောင်းကင်ဘုံပိုင်နက်အား စွန့်ခွာ သွားကြပေလိမ့်မည်။
အန်လင်းသည် ထိုသို့ တွေ့မိသည့်အခါတွင် ဝမ်းနည်း စိတ်ထိခိုက်လာသည်။
ထိုအချိန်တွင် စနစ်ထံမှ ရုတ်တရက်ဆိုသလို “တင်းတောင်” ဟူသောအသံ ထွက်ပေါ်လာခြင်းသည် သူ့အား ထိတ်လန့် သွားစေသည်။
ဘာဖြစ်တာတုန်း။
စိတ်ရှုပ်ထွေးစွာဖြင့် စနစ်အား ဖွင့်လိုက်သည့်အခါတွင် အထူးတာဝန်များ ကဏ္ဍ မီးလင်းနေသည်ကို တွေ့လိုက်ရသည်။
[လက်ခံသူသည် ယခုအခါတွင် ဂိုဏ်းအချင်းချင်း ချစ်ကြည်ရေးပွဲသို့ ရောက်ရှိနေခြင်းအား ထောက်လှမ်းမိပါသည်။ ယခုအခါတွင် တာဝန်တစ်ခု ရရှိလာပါပြီ။
ထိုပြိုင်ပွဲများတွင် ချန်ပီယံဖြစ်မည့် ကျင့်ကြံသူအား ခန့်မှန်းပေးရမည် ဖြစ်သည်။
၁) တန်ရှီယွမ်
၂) ကျန်းယန်
၃) လုရမ်
၄) ဂေါင်းရီ
တာဝန် အောင်မြင် ပြီးမြောက်ပါက ဆုလာဘ်အဖြစ် ချီကျောက်တုံး ၃၀ ရရှိမည် ဖြစ်သည်။
ကျရှုံးပါက လက်ခံသူ၏ သိုလှောင်လက်စွပ် အတွင်းမှ ချီကျောက်တုံး ၁၀ တုံး လျော့သွားမည် ဖြစ်သည်။
ယခုတာဝန်သည် အချိန် အကန့်အသတ်နှင့် ဖြစ်သည်။ ကန့်သတ်ချိန် ကျော်လွန်သွားပါက တာဝန်အား အလိုအလျောက် ဖျက်သိမ်းသွားမည် ဖြစ်သည်။ ယခုအခါတွင် စက္ကန့် ၆၀ နောက်ပြန်ရေတွက်မှု စတင်ပါပြီ။]
အန်လင်း မိန်းမောနေစဉ်မှာပင် အချိန်ရေတွက်နေပြီ ဖြစ်သည် __ ၅၉၊ ၅၈၊ ၅၇ ...
ဆုလာဘ်သည် ချီကျောက်တုံး ၃၀ ဖြစ်သည်။
ချီကျောက်တုံး ၃၀ ဖြစ်သည့်အတွက် ထိုအခွင့်အရေးအား လက်လွှတ်မခံနိုင်ပေ။
သို့သော်လည်း သူ့ထံတွင် စနစ်မှ ဖော်ပြထားသော ကျင့်ကြံသူများနှင့် ပတ်သက်သည့် အချက်အလက် တစ်ခုမျှပင် ရှိမနေပါ။ ထို့ကြောင့် ထိုတာဝန်အား ပြီးမြောက်ရန် နည်းလမ်း တစ်ခုသာလျှင် ရှိသည်။
အန်လင်းသည် ရွှမ်ယွမ်ချန်၏ လက်မောင်းအား တွယ်ချိတ်လိုက်ပြီးနောက် အလျင်အမြန် မေးလိုက်သည်။ “အစ်ကိုကြီးချန်ရေ ... တန်ရှီယွမ်၊ ကျန်းယန်၊ လုရမ်နဲ့ ဂေါင်းရီ လေးယောက်ထဲ ဘယ်သူက ချန်ပီယံဖြစ်နိုင်ချေ အများဆုံးလဲ”
“ဟမ် ... မင်းက ငါတို့ဂိုဏ်းက လူတွေနာမည်ကို ဘယ်လိုသိနေတာလဲ” ရွှမ်ယွမ်ချန်သည် သိလိုစိတ်ဖြင့် မေးလိုက်သည်။
“အဲဒါကို ခဏထားလိုက်ပါ အစ်ကိုကြီးချန်ရဲ့ ... အခု သူတို့ထဲ ဘယ်သူက အသန်မာဆုံးလဲ ... ကျွန်တော်တို့မှာ အချိန်မရှိဘူးဗျ” အန်လင်းသည် စိုးရိမ် ပူပန်မိနေသည်။
စက္ကန့် အနည်းငယ်သာလျှင် ကျန်ရှိတော့သည်။
“သူတို့အားလုံးက အင်မော်တယ် စိတ်ဝိညာဉ်တစ်သောင်းဂိုဏ်းရဲ့ လူငယ် ပါရမီရှင်တွေပဲလေ။ အကုန်လုံးက စိတ်ဝိညာဉ်ပျိုးထောင်ခြင်း ကနဦးအဆင့်မှာ ရှိကြတာ။ တန်ရှီယွမ်ကတော့ အနိုင်ရဖို့ အများဆုံးလို့ ထင်တယ်။ သူမရဲ့ တိမ်ဖြူဓားနည်းစနစ်က ... ...” ရွှမ်ယွမ်ချန်သည် အလေးအနက် ထားကာဖြင့် သုံးသပ်နေလေသည်။
တန်ရှီယွမ်လား
အန်လင်းသည် သုံးစက္ကန့်သာလျှင် ကျန်ရှိတော့သည့်အတွက် စနစ်တွင် တန်ရွှီယွမ်အား ရွေးချယ်လိုက်သည်။
[တင်းတောင် ... တာဝန်ကို အောင်မြင်စွာ လက်ခံလိုက်ပါပြီ။ လက်ခံသူသည် ဂိုဏ်းအချင်းချင်း ချစ်ကြည်ရေးပွဲများတွင် ချန်ပီယံဖြစ်မည့် သူသည် တန်ရှီယွမ်ဟု ခန့်မှန်းထားပါသည်။]
အန်လင်းသည် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်သည်။
ထိုအချိန်တွင် ရွှမ်ယွမ်ချန်မှာ သုံးသပ်နေဆဲ ဖြစ်သည်။ “သူမရဲ့ တိုက်ခိုက်စွမ်းအားက လေးယောက်ထဲ အားအကောင်းဆုံးလို့ ပြောရမယ်။ သူမ ချန်ပီယံဖြစ်ဖို့ အခွင့်အရေး များပေမဲ့လည်း ငါထင်တာကတော့ ဂေါင်းရီက သူတို့ထဲမှာ အလားအလာ အရှိဆုံးပဲ။ ဘာလို့လဲ ဟုတ်လား။ ကောင်းပြီလေ ... ဘာလို့လဲဆိုတာ့ ...”
အန်လင်း : “…”
***