← Chapters

စောင့်ရှောက်သူတမာန်တော်

Vol. 44 Ch. 604

စောင့်ရှောက်သူတမာန်တော်

Vol. 44 Ch. 604

ဝေါင်း....

ကျောက်ကျင့်မှာ ရင်ဘတ်အားထုရိုက်လျက် လူဝံတစ်ကောင်ကဲ့သို့ပင် ဟိန်းဟောက်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ သတ္ထုနှင့်ထုဆစ်လားသည့်အလား မည်းနက်ပြောင်ချောနေလျက် ရှိသည်။

လက်ရှိအချိန်၌ ကျောက်ကျင့်မှာ လူဝံမိစ္ဆာတစ်ကောင်ပင် ဖြစ်သည်။

ကျောက်ကျင့်၏ ကြီးမားလှသော အသွင်သဏ္ဍာန်ကြီးမှာ စောင့်ကြည့်နေသူများအား ​အလွန်ပင် ကြောက်ရွံ့ထိတ်လန့်စေသည်။

ကျိုးချူးချင်ယုကဲ့သို့ အကြောက်အလန့် ကင်းမဲ့တက်သော မိန်းမငယ်လေး၏ မျက်ဝန်းများသည်ပင် ထိတ်လန့်အံ့သြခြင်း အရိပ်အယောင်များဖြင့် ပြည့်နှက်နေရသည်။ ယခုမြင်တွေ့နေရသော ကျောက်ကျင့်မှာ အမှန်တကယ်ပင် ကျောချမ်းဖွယ်ကောင်းလှ၏။

ကောင်းကင်တစ္ဆေကလန်မှ တပည့်ခေါင်းဆောင် လျှိုဖူမှာ အလှပန်းတစ်ရာနန်းတော်မှ မိန်းမငယ်လေးများထံလှည့်ကာ ကျိုးချူးချင်ယုအားကြည့်၍ မထီမဲ့မြင်ဟန်ဖြင့် စကားဆိုလိုက်သည်။ "ကျောက်ကျင့်က မိစ္ဆာလူဝံကျင့်စဉ်တောင် ထုတ်သုံးရတယ်ဆိုတော့ ဇူယွမ်ရဲ့ တိုက်ပွဲစွမ်းရည်က ခေတော့မခေဘူးပဲ။ ဒါပေမယ့် မိစ္ဆာလူဝံကျင့်စဉ်ကို ထုတ်သုံးလိုက်ပြီဆိုမှတော့ ဇူယွမ်ရဲ့ အဆုံးသတ်က ကောင်းမှာမဟုတ်ဘူး။"

အခြားသော တပည့်ခေါင်းဆောင်များမှာလည်း လေးနက်သော အမူအရာဖြင့် တိုက်ပွဲအား ကြည့်ရှုနေကြသည်။ ကျောက်ကျင့်မှ မိစ္ဆာလူဝံကျင့်စဉ်သာ ထုတ်၍အသုံးပြုလာပါက ၎င်းတို့သည်ပင် ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ကြောင်း ကောင်းစွာသိရှိနေကြသည်။

"ဝေါင်း...."

များပြားသော အကြည့်များစွာ၏အောက်၌ပင် ကျောက်ကျင့်မှာ အေးစက်ခက်ထန်သော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်ရှုလိုက်သည်။ ထို့နောက် မိစ္ဆာတစ်ကောင်အလား ကြောက်မက်ဖွယ်ကောင်းစွာ ပြုံးလိုက်သည်။

ဝုန်း.....

ကျောက်ကျင့်မှာ ခြေဖြင့်မြေကြီးအား ဆောင့်နင်းလိုက်သောကြောင့် ကြီးမားလှသော အက်ကွဲကြောင်းများ ဖြစ်ပေါ်သွားရသည်။ သူသည် ကြောက်မက်ဖွယ်ကောင်းလှသော မြေအောက်ကမ္ဘာမှ မိစ္ဆာတစ်ကောင်အလား ကျောချမ်းဖွယ်ကောင်းလှ၏။

"မိစ္ဆာလူဝံလက်မောင်း...."

ကျောက်ကျင့်၏ ကျယ်လောင်လှသော အော်ဟစ်သံနှင့်အတူ သူ၏လက်မောင်းတစ်ဖက်၌ အမွှေးအမျှင်များစွာ ထွက်ပေါ်လာသည်။ ယခုဆိုလျှင် သူ၏လက်တစ်ဖက်မှာ အစစ်အမှန် လူဝံတစ်ကောင်၏လက်ကဲ့သို့ ဖြစ်သွားရပြီပင် ဖြစ်သည်။

ဝုန်း...

ကျောက်ကျင့်မှာ လက်သီးအား ကျစ်ကျစ်ပါအောင်ဆုပ်လျက် ဇူယွမ်အား ချိန်ရွယ်ထိုးချလိုက်သည်။ ထိုးနှက်မှု၏ ပြင်းအားမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။

ကျောက်ကျင့်၏ ပြင်းထန်လှသော ထိုးနှက်မှုကြောင့် ထန်းမုရှင်းနှင့် အခြားသော တပည့်ခေါင်းဆောင်များ၏ အမူအရာသည်ပင် ပြောင်းလဲသွားရသည်။ ကန်ရွှမ်းကလန်မှ တပည့်ခေါင်းဆောင်များမှာ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလျက် ကူညီရန် အသင့်အနေအထား ပြင်ဆင်ထားလိုက်ကြသည်။

လူများစွာမှာ စိုးရိမ်ပူပန်သော မျက်ဝန်းများဖြင့် ကြည့်ရှုနေကြပါသော်လည်း ဇူယွမ်မှာမူ အလွန်ပင် တည်ငြိမ်နေဆဲသာ ဖြစ်သည်။

ရွှေအိုရောင်အလင်းတန်းမှာ ဇူယွမ်၏ ခန္ဓာကိုယ်အား ဖြည်းညင်းစွာ လွှမ်းခြုံလာပြီးနောက် ရှေးကျသော ရွှေအိုရောင်အမှတ်အသားအချို့ မှေးမှိန်စွာ ပေါ်ပေါက်လာသည်။ ဇူယွမ်၏ နှလုံးအတွင်းရှိနေသော ရွှေအိုရောင်သွေးစက်မှာ ပြင်းထန်စွာ တုန်ခါနေပြီ ဖြစ်သည်။

"ဒူးထောက်စမ်း ကောင်လေး...." ကျောက်ကျင့်မှ အော်ဟစ်လိုက်သည်။ သူ၏ ထိုးနှက်မှုမှာ ပြင်းထန်လှသော အဖျက်စွမ်းအင်များ ပါဝင်နေ၏။

ဇူယွမ်မှာ တည်ငြိမ်စွာဖြင့်ပင် လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ ရွှေအိုရောင်သွေးစက်အဆင့်သို့ ရောက်ရှိသွားပြီးနောက် သူ၏ပြင်ပသန်မာမှုစွမ်းအင်မှာ အဆမတန် မြင့်မားလာသည်ဟု ခံစားနေရသည်။

ဝုန်း...

များပြားလှသော အကြည့်များစွာ၏အောက်၌ပင် ဇူယွမ်၏လက်သီးမှာ ကျောက်ကျင့်၏လက်သီးနှင့် တွေ့ဆုံသွားတော့သည်။

"သူကတကယ်ကြီး သေချင်နေတာလား။" စောင့်ကြည့်နေကြသူများမှာ ကြောက်လန့်စွာဖြင့် ရေရွတ်လိုက်ကြသည်။

မည်သို့ပင်ကြည့်ရှုစေကာမူ ဇူယွမ်မှာ ကျောက်ကျင့်၏ မိစ္ဆာလူဝံကဲ့သို့ သန်မာနေဟန် မရှိချေ။ ထို့ကြောင့် စောင့်ကြည့်နေကြသူများမှာ ဇူယွမ်သည် ရူးမိုက်လွန်းလှသည်ဟု ခံစားနေမိကြသည်။

ယခုကဲ့သို့ ထိပ်တိုက်တွေ့ဆုံမှုကြောင့် ဇူယွမ်မှာ အစိတ်စိတ်အမွှာမွှာပင် ကြေမွသွားနိုင်ပေသည်။

ဘန်း.....

လက်သီးနှစ်လုံး ထိပ်တိုက်တွေ့ဆုံသွားကြပြီး ပြင်းထန်လှသော အဖျက်စွမ်းအင်များ ပေါ်ထွက်လာသည်။ မြေပြင်မှာလည်း အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားရသည်။

အနီးတွင်ရှိနေသော ကန်ရွှမ်းကလန်နှင့် မြင့်မြတ်သောနန်းတော်မှ တပည့်များမှာ ကြောက်ရွံ့ထိတ်လန့်စွာဖြင့် အနောက်သို့ ဆုတ်သွားကြရ၏။

အချိန်တစ်ခု ကြာမြင့်သွားပြီးနောက် တထောင်းထောင်းထနေသော ဖုန်မှုန့်များမှာ လေပြေနှင့်အတူ မျောလွင့်သွားလေသည်။ စောင့်ကြည့်နေကြသူများမှာ တိုက်ပွဲဖြစ်ပွားရာနေရာအား မျက်တောင်ပင်မခတ်ပဲ ကြည့်ရှုနေကြသည်။

ပုံရိပ်နှစ်ခုမှာ ယခင်ကအတိုင်းပင် တည်ငြိမ်စွာ ရပ်နေကြဆဲ ဖြစ်သည်။ လက်သီးနှစ်လုံးမှာ ထိတွေ့နေလျက်အတိုင်းသာရှိပြီး ၎င်းတို့နှစ်ဦးလုံး တစ်လက်မပင် ရွေ့လျားသွားခြင်း မရှိပေ။

"ဘယ်သူနိုင်သွားတာလဲ။" စောင့်ကြည့်နေကြသူများမှာ သိချင်ဇောဖြင့် အလောတကြီး မေးမြန်းရေရွတ်နေကြသည်။ လူတိုင်းမှာ ခြံဝန်းအတွင်းရှိ တိုက်ပွဲဖြစ်ပွားရာနေရာအား အသေအချာ စူးစိုက်ကြည့်ရှုနေကြ၏။

ဟော်ထျန်းမှာ တိုက်ပွဲဖြစ်ပွားရာနေရာအား တစ်ချက်မျှ ကြည့်ရှုလိုက်သည်။ ၎င်းသည်လည်း လက်ရှိအခြေအနေအား မသဲမကွဲ ဖြစ်နေရသည်။

"အခြေအနေ ဘယ်လိုရှိလဲ။" ဟော်ထျန်း၏ဘေးတွင်ရှိနေသော အခြားတပည့်ခေါင်းဆောင်တစ်ဦးမှ တိုးညင်းစွာ မေးမြန်းလိုက်သည်။

ဟော်ထျန်းမှ တည်ငြိမ်သောအမူအရာဖြင့် စကားဆိုလိုက်သည်။ "ကျောက်ကျင့်ပဲ နိုင်မှာပေါ့။ သူ့ရဲ့ထိုးနှင်ချက်က အရမ်းအားပြင်းတာ။ ငါတောင်သိပ်ခံနိုင်ရည် ရှိတာမဟုတ်ဘူး။ ဇူယွမ်ဆိုကောင်မျိုးကို ပြောမနေနဲ့။ကျောက်ကျင့်နဲ့ လက်သီးချင်း ယှဉ်တိုက်တယ်ဆိုတာ ကိုယ့်သေလမ်း ကိုယ်ရှာသလိုပဲ။"

​မြင့်မြတ်သောနန်းတော်မှ တပည့်ခေါင်းဆောင်များအားလုံးမှာ ဟော်ထျန်း၏စကားအား ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။ ကျောက်ကျင့်သည် ပြင်ပသန်မာမှုကျင့်စဉ်၌ အမှန်တကယ်ပင် နှိုင်းယှဉ်မရနိုင်သူ ဖြစ်သည်။

တစ်ဖက်တွင်လည်း ထန်းမုရှင်းတို့မှာ တိုက်ပွဲဖြစ်ပွားရာနေရာအား စိုးရိမ်ပူပန်စွာဖြင့် ကြည့်ရှုနေလျက် ရှိသည်။

"ဒီအရူးကောင်ကတော့.....ဘာလို့များ ကျောက်ကျင့်နဲ့ လက်သီးချင်း ယှဉ်တိုက်ရတာလဲ။" ပိုင်လီချွီးမှာ ကူကယ်ရာမဲ့စွာဖြင့် အံကိုကြိတ်ကာ ရေရွတ်လိုက်သည်။ အကယ်၍ ဇူယွမ်သာ သေဆုံးသွားပါက ကန်ရွှမ်းကလန်၏ ဂုဏ်သိက္ခာမှာ ကျဆင်းသွားရပေလိမ့်မည်။

အခြားတပည့်ခေါင်းဆောင်များမှာ မည်သည့်စကားမှ မဆိုကြပါသော်လည်း မျက်ဝန်းများထဲ၌ စိုးရိမ်ပူပန်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေရသည်။

လသာဆောင်ထက်တွင်လည်း အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေသည်။ ကျိုးချူးချင်ယုမှာလည်း ဇူယွမ်အား စိုးရိမ်ပူပန်လွန်းလှသဖြင့် လက်သီးလေးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ သူမ၏ လှပသော မျက်ဝန်းလေးများမှာလည်း တိုက်ပွဲဖြစ်ပွားရာနေရာမှ အနည်းငယ်မျှပင် အကြည့်မလွှဲနိုင် ဖြစ်နေရသည်။

အသက်ရှူချိန် အနည်းငယ်မျှကြာအောင် ပုံရိပ်နှစ်ခုမှာ မလှုပ်အယက်ရှိနေပြီး ပတ်ဝန်းကျင်မှာလည်း အလွန်ပင် တိတ်ဆိတ်ငြိမ်သက်နေလေသည်။

ခြံဝန်းအတွင်း၌ ဇူယွမ်မှာ လူဝံကြီးနှင့် အလားသဏ္ဍာန်တူနေသော ကျောက်ကျင့်အား ကြည့်ရှုလိုက်ပြီးနောက် အသက်ပြင်းပြင်းတစ်ချက်အား ရှူထုတ်လိုက်သည်။

ဇူယွမ်မှာ စတင်လှုပ်ရှားလာသည်။ သူသည် ကျောက်ကျင့်အား အနည်းငယ်မျှပင် ထပ်၍ကြည့်ရှုခြင်းမရှိပဲ လက်သီးအား ပြန်လည်ရုတ်သိမ်းလိုက်သည်။ ထို့နောက် ကျောက်ကျင့်အား နောက်ကျောပေးကာ ထန်းမုရှင်းတို့ရှိရာသို့ ပြန်လည်လျှောက်လှမ်းလာသည်။

တစ်ဖက်တွင်မူ ကျောက်ကျင့်မှာ မလှုပ်မယက် ရှိနေဆဲသာ ဖြစ်သည်။

စောင့်ကြည့်နေကြသူများမှာ ဇူယွမ်အား အံ့အားသင့်စွာဖြင့် ငေးမောကြည့်ရှုနေကြ၏။

"ကျောက်ကျင့် မင်းဘာလုပ်နေတာလဲ။" ဟော်ထျန်းမှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ကောင်လေး...မင်းသူ့ကို ဘာလုပ်လိုက်တာလဲ။" ဟော်ထျန်းမှာ အေးစက်ခက်ထန်သော မျက်ဝန်းများဖြင့် ဇူယွမ်အား စူးစိုက်ကြည့်ရှုလိုက်သည်။

ဇူယွမ်မှာ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီးနောက် ဖြည်းညင်းစွာပင် စကားဆိုလိုက်သည်။ "မြင့်မြတ်သောနန်းတော်ရဲ့ ပြင်ပသန်မာမှုကျင့်စဉ်က ငါထင်ထားသလောက်လည်း မဟုတ်ဘူးပဲ။ အဲ့ဒါကိုများ မင်းတို့ကောင်တွေက ငါတို့ကန်ရွှမ်းကလန်ကို လှောင်ပြောင်လိုက်သေးတယ်။"

"ကျောက်ကျင့်ကို ဘာလုပ်လိုက်လဲဆိုတာ သိချင်တာလား။"

ဇူယွမ်မှာ တစ်ဖက်သို့လှည့်ကာ ပြုံး၍ပြောလိုက်သည်။ သူ၏မျက်ဝန်းများမှာ အေးစက်ခက်ထန်မှုများဖြင့် ပြည့်နှက်နေ၏။

ဇူယွမ်မှာ လက်ဖျောက်တစ်ချက်အား ကျယ်လောင်စွာ တီးလိုက်သည်။

တောက်...

ဘုန်း...

ဇူယွမ် လက်ဖျောက်တီးလိုက်သော အချိန်မှာပင် ကျောက်ကျင့်၏ လူဝံလက်ကဲ့သို့ဖြစ်နေသော လက်မောင်းတစ်ဖက်မှာ အပိုင်းပိုင်းအစစ ပေါက်ကွဲကြေမွသွားရသည်။

သွေးစများမှာ နေရာအနှံ့ ​ပြန့်ကြဲကုန်ရသည်။

ကျောက်ကျင့်၏ လက်တစ်ဖက်မှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားရပြီပင် ဖြစ်သည်။

ကျောက်ကျင့်မှာလည်း မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ် လဲကျသွားရတော့သည်။

"ဟာ....."

အဆောက်အဦးတစ်ခုလုံးမှ စောင့်ကြည့်နေကြသူများမှာ မြင်တွေ့လိုက်ရသော မြင်ကွင်းအား မယုံကြည်နိုင် ဖြစ်ကုန်ကြရသည်။

လူတိုင်းမှာ ကြောက်ရွံ့ထိတ်လန့်နေသော မျက်ဝန်းများဖြင့် ဇူယွမ်၏ပုံရိပ်အား ငေးမောကြည့်ရှုလိုက်ကြသည်။

မည်သူကမှ ဇူယွမ်သည် ကျောက်ကျင့်၏ မိစ္ဆာလူဝံလက်မောင်းအား အစိတ်စိတ်အမွှာမွှာ ဖြစ်စေနိုင်သည်အထိ အင်အားကြီးလိမ့်မည်ဟု ထင်မှတ်မထားကြပေ။

ကန်ရွှမ်းကလန်၏ မူလသူတော်စင်တောင်ထွတ်မှ တပည့်ခေါင်းဆောင်လေးမှာ ကန်ရွှမ်းကလန်၏ စောင့်ရှောက်သူတမာန်တော်တစ်ဦးပင် ဖြစ်နေလိမ့်မည်ဟု မည်သူကမှ မထင်မှတ်ထားကြမိချေ။

ဇူယွမ်မှာ အမှန်တကယ်ပင် ကန်ရွှမ်းကလန်၏ စောင့်ရှောက်သူတမာန်တော်ပင် ဖြစ်လေတော့သတည်း။

All Chapters