နဂါးလင်းယုန်
Vol. 1 Ch. 243
လူတိုင်းသည် ပျက်စီးနေသော ကောင်းကင်အဆင့် လက်နက် လေးခုကို မြင်သောအခါ မျက်နှာများ ပျက်ယွင်းသွားကြသည်။ အချို့ဆိုလျှင် ကျန်းရီနောက်ပင် မလိုက်ရဲကြတော့ချေ။ ကောင်းကင်အဆင့် လက်နက်တစ်ခု မည်မျှမာကျောကြောင်း သူတို့ သိကြသည်။ ကမ္ဘာ့မီးလျှံလောက်နှင့် ကောင်းကင်အဆင့် လက်နက်ကို ပျက်စီးအောင် မလုပ်နိုင်ပေ။ ကျန်းရီ ကြောက်စရာ ဝှက်ဖဲများကို အသုံးပြုသွားခြင်း ဖြစ်ကြောင်း ပြောစရာပင် မလိုချေ၊ မဟုတ်ပါက ဤမျှလောက်သော အချိန်တိုလေး အတွင်း စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် လေးယောက်ကို သူသတ်ရန် မဖြစ်နိုင်ပေ။
"လိုက်ကြ"
သို့သော် လူတစ်စုသည် ကျန်းရီ ထွက်သွားရာ ဘက်သို့ အလျင်အမြန် ပြေးလိုက်သွားကြသည်။ သူတို့ ကျန်းရီကို သတ်နိုင် မသတ်နိုင်က အရေးမဟုတ်ပေ၊ သို့သော် ဟန်ဆောင်ပန်ဆောင်တော့ ပြေးလိုက်ပြရမည် မဟုတ်ပါလော။
လူတိုင်း၏ မြေတူးနှုန်းသည်လည်း သိသိသာသာ နှေးကွေးသွားကြသည်။ သူတို့သည် ဤတာဝန်ကို ဆက်မလုပ်ချင်တော့၍ တစ်ယောက်နှင့်တစ်ယောက် ကြည့်ကာ အလုပ်ကို တမင် နှေးနှေးကွေးကွေး လုပ်နေကြခြင်း ဖြစ်လေသည်။ အထူးသဖြင့် ရှားနိုင်ငံမှ စစ်သားများသည် ခဏလေး ပြေးလိုက်ပြီးသည်နှင့် ဆက်မလိုက်ကြတော့ဘဲ အကြောင်းကြားရန် ပြေးထွက် သွားခဲ့ကြသည်။
ကျန်းရီသည် ဥမင်များကို ဖျက်ဆီးပစ်ခဲ့သည်။ သူသည် တစ်ခဏကြာအောင် တန်းတန်းမတ်မတ် ပြေးသွားပြီးနောက် မြေအောက်သို့ ကီလိုမီတာ သုံးဆယ်ခန့် ဆင်းသွားလိုက်ပြီး သူ့နောက်သို့ လိုက်လာရန် ခက်ခဲစေလိုက်သည်။ လူအားလုံး ပြေးလိုက်လာကြလျှင် ကျန်းရီကို လူခွဲ၍ ရှာရမည်ဖြစ်ပြီး အမြန်နှုန်းလည်း လျော့ကျသွားလိမ့်မည်။ နှစ်နာရီကြာ ပြေးလိုက်ပြီးနောက် ရှန်ဝူနိုင်ငံမှ စစ်သည်တော်များသည် လိုက်လံဖမ်းဆီးခြင်း ကျရှုံးသွားကြောင်း ပြန်လည် သတင်းပို့ လိုက်ကြသည်။
"ကျန်းရီက ကောင်းကင်အဆင့် လက်နက်လေးခုကို မီးတိုက်လိုက်တယ်၊ ပြီးတော့ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ပဉ္စ္မအဆင့် ငါးယောက်ကို အသာလေးသတ်လိုက်တယ် ဟုတ်လား"
ရှားနိုင်ငံ၏ စစ်သေနာပတိချုပ် စုတိကောသည် သူ့လူများ၏ တင်ပြချက်ကို ကြားသည့်အခါ အနည်းငယ် အံ့အားသင့် တွေဝေသွားခဲ့သည်။ ကျန်းရီနှင့် ပတ်သက်သည့် ဖြစ်ရပ်များကို သူကြားထားခဲ့သည်။ သို့သော် ကျန်းရီသည် လူငယ်ပါရမီရှင် တစ်ဦးသာ ဖြစ်သည့်အတွက် ငယ်ငယ်လေးဖြင့် ဤမျှ အတိုက်အခိုက် စွမ်းရည် ရှိမည်ဟု သူထင်မထားမိပေ။
သူ ရတနာ အမြောက်အမြားကို မှီခိုခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ သို့သော် ရတနာများစွာ ပိုင်ဆိုင်နိုင်ခြင်းကပင် သူ့အစွမ်းအစကို သက်သေပြထားပြီး ဖြစ်သည်။
"အမှိုက်တွေ"
ရှားဝူဟွေ့သည် လိုက်လံသတ်ဖြတ်ခြင်း ကျရှုံးသွားကြောင်း ကြားသည့်အခါ ဒေါသတကြီးဖြစ်၍ စိတ်ဓာတ်ကျ သွားခဲ့သည်။ ဤတစ်ကြိမ်သည် ရှားနိုင်ငံ၏ စစ်တပ်ရှေ့တွင် ဖြစ်သွားခဲ့ခြင်းဖြစ်ရာ တခြားတိုင်းပြည်သို့ သွားရာ လမ်းတစ်လျှောက်တွင် သူအရှက်ရ နေရတော့မည် ဖြစ်သည်။
စစ်တပ်ကြီးသည် ဆက်လက် ချီတက်ကြသည်။ ဤတစ်ခေါက်တွင်မူ သူတို့ ပို၍ သတိကြီးကြီး ထားနေရသည်။ စစ်တပ်သည် လမ်းမကြီး၏ အောက်တည့်တည့် မီတာသုံးဆယ် အကွာတွင် ဥမင်တစ်ခု၊ မီတာတစ်ရာ့ ငါးဆယ်အကွာတွင် ဥမင်တစ်ခု တူး၍ ချီတက်ကြသည်။ ဥမင်များထဲတွင် စစ်သည်ထောင်ပေါင်းများစွာ ရှိနေကြပြီး ရှားဝူဟွေ့အတွက် လူသားတံတိုင်း အဖြစ် တာဝန်ထမ်းဆောင် နေကြလေသည်။ မြေအောက်တွင် အလွှာနှစ်ခုတောင် ခြားထားသောကြောင့် ကျန်းရီ မြေအောက်မှ ချောင်းမြောင်း တိုက်ခိုက်လာလျှင် ကောင်းကင်ပေါ် တက်ရသည် ထက်ပင် ပိုမိုခက်ခဲ သွားလိမ့်မည်။
***
"ဟူး ... "
ကျန်းရီသည် စစ်တပ်နှင့် မိုင်ထောင်ပေါင်းများစွာ ဝေးသော တောင်တစ်ခုထံတွင် မြေအောက်ထဲမှ ထွက်လာခဲ့သည်။ သူသည် အကွာအဝေး တစ်ခု ရောက်သည်အထိ မြေပေါ်မှ ပြေးသွားလိုက်ပြီး နောက်ထပ် အလွယ်တကူ မမြင်နိုင်သောနေရာ တစ်ခုရှာကာ ဥမင်တစ်ခုတူး၍ မြေအောက်ထဲသို့ ဝင်ပြေးသွားခဲ့သည်။
ကျန်းရီ၏ မျက်နှာတွင် ပူပန်မှုတချို့ ရှိနေခဲ့သည်။ စစ်တပ်သည် ကြီးမားလွန်းနေသည်။ ဤတစ်ခေါက်သည် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့်များ မလှုပ်ရှားကြ၍ ဖြစ်သည်။ ထိုသူများသည် ကမ္ဘာ့မီးလျှံများဖြင့် ခုခံခြင်းငှာ မစွမ်းသာသော တာအိုဖြင့် တိုက်ခိုက်မှုများ ပြုလုပ်နိုင်ကြသည်။
"တခြားနည်းလမ်း မရှိတော့ဘူးလား"
ကျုံးဝူသားရဲ ဟွမ်ကြီး၏ ကျောထက်တွင် ထိုင်ရင်း ကျန်းရီသည် ရှုံးနိမ့်နေသလို ခံစားလိုက်ရသည်။ သူ့တွင် ရှားဝူဟွေ့ကို ရှာရန် နည်းလမ်းမရှိပေ။ လက်ရှိ အခြေအနေများအရ ရှားဝူဟွေ့၏ ရထားလုံးအနီးသို့ ရောက်နိုင်ရန်ပင် ခက်ခဲလွန်းနေသည်။ မြေအောက်မှ ခံတပ်သည်လည်း ပိုမို တင်းကျပ်လာလောက်သည်။
ရှားဝူဟွေ့ကို သတ်လိုက်နိုင်လျှင်တောင် ရှေးဟောင်းနတ်ဘုရား လက်စွပ်ကို ရရန် မသေချာပေ။ မတော်တဆဖြင့် သူဖျက်ဆီး မိလိုက်နိုင်သောကြောင့် ဖြစ်သည်။
"မြေအောက်ကိုရော၊ မြေပေါ်ကိုရော ပယ်လိုက်မယ်၊ တခြားနည်းလမ်းများ ရှိဦးမလား"
ကျန်းရီသည် သူ့မျက်နှာသူ ပွတ်သပ်လိုက်မိသည်။ ရုတ်တရက် သူ့မျက်လုံးများ ဝင်းလက်သွားခဲ့သည်။ သူမြေပေါ်နှင့် မြေအောက်မှ သွားမရလျှင် ကောင်းကင်မှ သွားနိုင်သည်။ စစ်တပ်ထဲတွင် စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် မြောက်မြားစွာ ပါဝင်နေသည်။ စစ်တပ်၏ အတော်နီးနီးသို့ သူကပ်မသွားနိုင်သော်လည်း သူ့တွင် မီးဝိညာဉ်ကျောက်တုံး ရှိနေလေသည်။
သူသာ လေသားရဲ တစ်ကောင်ကောင်ကို စီးနင်းထားလျှင် စစ်တပ်အနီးသို့ သွားရန် မလိုတော့ပေ။ ကောင်းကင်ထက်မှ နေ၍ မီးဝိညာဉ်ကျောက်တုံးကို သုံးကာ တိုက်ရိုက် တိုက်ခိုက်နိုင်လေသည်။
ကျန်းရီ စိတ်တက်ကြွလာခဲ့သည်။ သူ့တွင် ဝိညာဉ်သားရဲ အဆောင်တစ်ခု အပို ရှိနေသေးသည်။ ဖီးနစ်ငှက်လည်း သေသွားပြီဖြစ်ရာ နောက်ထပ် နတ်ဆိုးသားရဲ တစ်ကောင်ကို ယဉ်ပါးအောင် လုပ်ရမည်။ ဖီးနစ်ငှက်ကို ယဉ်ပါးအောင် လုပ်ခဲ့စဉ်က သူသေမသွားခဲ့ရာ နောက်ထပ်နတ်ဆိုးသားရဲ တစ်ကောင်ကို ယဉ်ပါးအောင် လုပ်လျှင်လည်း သူမသေနိုင်လောက်ပေ။
"သွားသင့်ပြီ"
ကျန်းရီသည် ရှားနိုင်ငံအတွင်း နတ်ဆိုးသားရဲ ရှာဖွေရမည့် နေရာကို ကောင်းကောင်းသိလေသည်။ တောင်စဉ်သုံးထောင်ထံ သွားရောက်ရန် နောက်ကျနေပြီ ဖြစ်ရာ အနီးအနားတွင်သာ မိုးပျံနိုင်သော နတ်ဆိုးသားရဲ တစ်ကောင်ကောင် ရှာဖွေရတော့မည်။
"ဟွမ်ကြီး ... အနောက်ဘက်ကိုသွား"
ချမ်ခွမ်းပေးလိုက်သော မြေပုံထဲတွင် ယွင်ကွမ်းတောင် ရှိလေသည်။ ထိုတောင်တွင် အလွန် အဆင့်မြင့်သော နတ်ဆိုးသားရဲများ မရှိလောက်သော်လည်း တတိယအဆင့် နတ်ဆိုးသားရဲများနှင့် ဒုတိယအဆင့် နတ်ဆိုးသားရဲ များစွာလည်း ရှိကြောင်း ကောလာဟလများ ရှိလေသည်။ ထိုတောင်သည် ရှားနိုင်ငံတွင် ကျော်ကြားသော နေရာတစ်ခုဖြစ်သည်။
ကျန်းရီရောက်နေသော နေရာနှင့် ယွင်ကွမ်းတောင်သည် သိပ်မဝေးပေ။ တစ်နေ့အတွင်း အရောက် သွားနိုင်လေသည်။ ထိုအချိန်သည် နတ်ဆိုးသားရဲ တစ်ကောင်ကို ယဉ်ပါးအောင် လုပ်၍ စစ်တပ် ရှားယွိမြို့သို့ မရောက်ခင် အမီလိုက်ရန် ကျန်းရီအတွက် လုံလောက်လေသည်။
"ဘွတ်အဲ ... ဘွတ်အဲ"
ဟွမ်ကြီးသည် မြေအောက်သို့ ကီလိုမီတာ သုံးဆယ်အကွာထိ ဆင်းသက်ပြီးနောက် အနောက်ဘက်သို့ အားကုန် ပြေးလေတော့သည်။ ကျန်းရီသည် ဘေးကင်းမကင်း သေချာ စစ်ဆေးလိုက်ပြီးနောက် ဟွမ်ကြီးအပေါ်တွင် ထိုင်နေရင်း အနားယူ ကျင့်ကြံလိုက်သည်။
ကျန်းရီ မျှော်မှန်းထားသည့် အတိုင်း နောက်နေ့မနက်တွင် ယွင်ကွမ်းတောင် အနီး ရောက်ရှိသွားခဲ့သည်။ ကျန်းရီသည် သူ့ရှေ့မှ တောင်အား ယွင်ကွမ်းတောင် ဟုတ်မဟုတ် အတည်ပြု စစ်ဆေးပြီးနောက် မြေအောက်သို့ ထပ်မံဝင်ရောက်၍ ယွင်ကွမ်းတောင်ခြေထံ တိုက်ရိုက် ဦးတည်လိုက်သည်။
ယွင်ကွမ်းတောင်တွင် အမှန်တကယ် နတ်ဆိုးသားရဲများ ပေါများလေသည်။ ကျန်းရီ မြေအောက်ထဲမှ ထွက်ထွက်ချင်း၌ပင် ဒုတိယအဆင့် နတ်ဆိုးသားရဲတစ်ကောင် တွေ့လိုက်ရ၍ အနက်ရောင် အကြေးခွံဓားကို ဝှေ့ယမ်းကာ လွယ်လွယ်ကူကူ သတ်ပစ်လိုက်သည်။ ထို့နောက် မိုးပျံနိုင်သော နတ်ဆိုးသားရဲအား ရှာဖွေရန် အနီးတစ်ဝိုက်သို့ ခြေဆန့်လိုက်သည်။
တစ်မနက်လုံး လှည့်လည် သွားလာပြီးနောက် ကျန်းရီသည် နတ်ဆိုးသားရဲ များစွာနှင့် ရင်ဆိုင်ခဲ့ရပြီး ဖြစ်လေသည်။ ထိုအထဲတွင် နတ်ဆိုးသားရဲ နှစ်ကောင်သာ ပျံသန်းနိုင်ပြီး နှစ်ကောင်လုံးမှာ ပထမအဆင့် မီးတောက်ကြက်များ ဖြစ်ကြလေသည်။ ၎င်းတို့၏ အရွယ်အစားသည် ပုံမှန်ကြက် တစ်ကောင်ထက် နှစ်ဆမျှ ကြီးလေသည်။ သို့သော် ကျန်းရီ အနားကပ် သွားလိုက်သောအခါ မီးတောက်ကြက် နှစ်ကောင်သည် ကြောက်လွန်း၍ ပျံပင် မပျံနိုင်တော့ချေ။
အချိန်ကုန် လာသည်နှင့် အမျှ ကျန်းရီ ရတတ်မအေး ဖြစ်လာခဲ့သည်။ သူ့ဘက်တွင် အချိန်ကြာနေလေလေ စစ်တပ်သည် ရှားယွိမြို့နှင့် နီးကပ် သွားလေလေဖြစ်သည်။ မြို့ထဲသို့ စစ်တပ် ဝင်ရောက်သွားသည်နှင့် သူ့မျှော်လင့်ချက်များ အားလုံး လေထဲလွင့်သွားမည် ဖြစ်သည်။ ရှားနိုင်ငံ၏ တော်ဝင်နန်းတော်ထဲ အထိ သူလူသွားသတ်၍ မရပေ။
"ရှူး ... "
ကောင်းကင်ထက်မှ ငှက်ကြီးတစ်ကောင်၏ အော်သံ ထွက်ပေါ်လာခဲ့သည်။ ကျန်းရီ မော့ကြည့်လိုက်သောအခါ ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။ လင်းယုန်ငှက်ကြီး တစ်ကောင်သည် ကောင်းကင်ထက်တွင် ဝေ့ဝဲပျံသန်း နေခဲ့သည်။ ၎င်းတွင် ဓားသွားများကဲ့သို့ ထက်ရှနေသည့် အနက်ရောင် အမွေးအတောင်များ ရှိပြီး နေရောင်အောက်တွင် ချောက်ချားစရာ ကောင်းအောင် တလက်လက် တောက်ပနေလေသည်။
"ဒုတိယအဆင့် အမြင့်ဆုံး နတ်ဆိုးသားရဲ ... နဂါးလင်းယုန်"
ကျန်းရီသည် လင်းယုန်ကြီး၏ ဦးခေါင်းထက်တွင် ဦးချိုတစ်ချောင်း ရှိနေသည်ကို မြင်လိုက်ရသောအခါ ပို၍ပင် သဘောခွေ့သွားခဲ့သည်။ တတိယအဆင့် နတ်ဆိုးသားရဲ တစ်ကောင်တွေ့ရန်မှာ ကျန်းရီ စိတ်ကူးယဉ်ရုံသာ တတ်နိုင်သည်။ ထို့ကြောင့် ဒုတိယအဆင့် အမြင့်ဆုံး နတ်ဆိုးသားရဲ တစ်ကောင် တွေ့ခြင်းသည် ကံတော်တော် ကောင်းနေပြီဟု သတ်မှတ်နိုင်လေသည်။
"ဝှစ်"
ကျန်းရီသည် ကျောက်တုံးမြင့်မြင့် တစ်ခုပေါ် ခုန်တက်လိုက်ပြီး နတ်ဘုရား သတ်ဖြတ်ခြင်း လေးကို ထုတ်လိုက်သည်။ ထို့နောက် နဂါးလင်းယုန်ကြီးကို ဆွဲဆောင်ရန် နတ်ဘုရား သတ်ဖြတ်ခြင်း မြားများကို ရောက်တတ်ရာရာ ပစ်နေလိုက်သည်။
နတ်ဘုရား သတ်ဖြတ်ခြင်း မြားများ ရောက်နိုင်သော အကွာအဝေးသည် သိပ်မဝေးသောကြောင့် နဂါးလင်းယုန်ကြီးသည် မြားများကို မြင်ပုံပင် မရချေ။ မြားဆယ်ချောင်းကျော် ပစ်ပြီးနောက် ကျန်းရီတစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် လေးမြားတို့ကို သိမ်းဆည်းလိုက်ရသည်။
သူ ရုတ်တရက် အကြံတစ်ခု ရသွားခဲ့သည်။ သူ့ကိုယ်မှ အလွန်ပူပြင်းသော မီးလျှံများနှင့် သတ်ဖြတ်ခြင်း အရှိန်အဝါတို့ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ထက်မှ နဂါးလင်းယုန်ကြီးကို စိုက်ကြည့်နေလိုက်သည်။
ထိုလုပ်ဆောင်ချက်သည် အလုပ် ဖြစ်သွားခဲ့သည်။ ကောင်းကင်ထက်တွင် ဟိန်းဟောက်ရင်း ပျံသန်းနေသော နဂါးလင်းယုန်ကြီးသည် လှည့်ကြည့်လာခဲ့ပြီး သူ့အား ရန်စနေသော လူသားထံ ထိုးဆင်းလာခဲ့သည်။ ငှက်ကြီး အနီးသို့ မရောက်ခင်တည်းက ကျန်းရီသည် ကောင်းကင်သည် မည်းမှောင်လာပြီး တိမ်မည်းများ အုံ့ဆိုင်းလာသကဲ့သို့ ခံစားလိုက်ရသည်။
ကျန်းရီသည် သတ်ဖြတ်ခြင်း အင်အားနှင့် ကမ္ဘာ့မီးလျှံများကို ပြန်လည် သိမ်းဆည်းလိုက်ပြီး နဂါးလင်းယုန်ကြီး ရောက်လာမည့်အချိန်ကို တည်တည်ငြိမ်ငြိမ် စောင့်ဆိုင်းနေလိုက်သည်။
နဂါးလင်းယုန်ကြီးသည် ကျန်းရီနှင့် ပေသုံးဆယ်ခန့် အကွာသို့ ရောက်သောအခါ ရုတ်တရက် နှုတ်သီးကြီးကို ဟ၍ လျှပ်စီးလုံးတစ်လုံး ပစ်လွှတ်လိုက်သည်။ ကျန်းရီသည် လန့်သွား ဆတ်ခနဲပင် တုန်သွားခဲ့သည်။ သူသည် အလျင်အမြန် ကောင်းကင်နတ်ဆိုး ပိုးချည်ကို ထုတ်၍ ကိုယ်ကို ရစ်ပတ်စေလိုက်သည်။
"ဘန်း"
လင်းယုန်ငှက်ကြီး ပစ်ထုတ်လိုက်သော လျှပ်စီးလုံးသည် လက်သီးဆုပ် အရွယ်အစားခန့် ရှိလေသည်။ လျှပ်သီးလုံးသည် ကျန်းရီထံ ကျဆင်းလာသည့်အခါ ကောင်းကင် နတ်ဆိုးပိုးချည်မှ ငွေရောင်အလင်းများ တလက်လက် တောက်ပလာပြီး ကျန်းရီတစ်ယောက် လွင့်ထွက် သွားတော့သည်။ သူရပ်နေခဲ့သော ကျောက်တုံးလေးသည် တစ်စစီ ကြေမွသွားခဲ့ပြီး အနီးတစ်ဝိုက် သည်လည်း မည်းတူး သွားလေသည်။
"ဒီကောင်တော့ ... ဆင်းလာခဲ့စမ်း"
ကောင်းကင်နတ်ဆိုး ပိုးချည် ကွယ်ပျောက်သွားခဲ့ပြီး ကျန်းရီသည် လေထဲ၌ပင် သတ်ဖြတ်ခြင်း အရှိန်အဝါအား ထုတ်လွှင့်လိုက်သည်။ သတ်ဖြတ်ခြင်း အရှိန်အဝါ ထွက်ပေါ်လာသောအခါ နဂါးလင်းယုန်ကြီးသည် ကောင်းကင်ပေါ် ပျံတက်ရန် ပြင်တော့သည်။
"ရှူး ... ရှူး"
သတ်ဖြတ်ခြင်း အင်အား၏ တတိယ အဆင့်သည် အလွန်ကြောက်စရာ ကောင်းသည်။ ၎င်းသည် တတိယအဆင့် အဆင့်နိမ့် နတ်ဆိုးသားရဲများကိုပင် အသာလေး ဖိနှိပ်နိုင်ရာ ဒုတိယအဆင့် နတ်ဆိုးသားရဲ ဆိုလျှင် ပြောနေစရာပင် မလိုချေ။ နဂါးလင်းယုန်ကြီးသည် လန့်သွား၍ အတောင်ပံများကို ခတ်ရန် မေ့လျော့ကာ မြေပြင်ပေါ် ဘုတ်ခနဲ ပြုတ်ကျလာတော့သည်။ ထို့နောက် ကျန်းရီသည် မီးနဂါးဓားကို ချက်ချင်း ဆွဲထုတ်လိုက်ပြီး အတွင်းအားများပါ ထည့်လိုက်ပြီး နဂါးလင်းယုန်အား ဖိနှိပ်လိုက်သည်။
ကျန်းရီသည် ဝမ်းသာအားရဖြင့် ဝိညာဉ်သားရဲ အဆောင်ကို ထုတ်လိုက်ပြီး သားရဲယဉ်ပါးစေခြင်း အလုပ်ကို စတင်လိုက်သည်။
ဤတစ်ကြိမ်တွင် သားရဲယဉ်ပါးအောင် လုပ်ခြင်းသည် မထင်ထားလောက်အောင် ချောမွေ့နေခဲ့ပြီး သူ့စိတ်ထဲတွင် နဂါးလင်းယုန်နှင့် ဆက်သွယ်မှုတစ်ခု ရှိလာခဲ့သည်။ ကျန်းရီ ကိုယ်တိုင်ပင် သူ့စိတ်ဝိညာဉ်၌ ပြဿနာတစ်ခုခု ရှိနေသည်လားဟု သံသယဝင်လာရသည်။
ကျန်းရီသည် နဂါးလင်းယုန်ကို ဝိညာဉ်သားရဲ အဆောင်အတွင်း သိမ်းဆည်းလိုက်ပြီးနောက် အချိန်ဆွဲ မနေတော့ပေ။ သူသည် ချက်ချင်း ကျုံးဝူသားရဲ ဟွမ်ကြီးကို ဆင့်ခေါ်၍ မြေအောက်မှနေ၍ ရှားယွိမြို့သို့ တိုက်ရိုက် ခရီးနှင်လိုက်သည်။
မြေအောက်မှ သွားခြင်းနှင့် လေထဲမှ ပျံသွားခြင်း နှစ်ခုလုံးသည် မျဉ်းဖြောင့်အတိုင်း တည့်တည့်သွားခြင်း ဖြစ်၍ သိပ်တော့ မကွာခြားလှပေ။ သို့သော် ဟွမ်ကြီး၏ ပြေးနှုန်းသည် နဂါးလင်းယုန် ပိုမိုမြန်ဆန်လေသည်။ ထို့ကြောင့် ကျန်းရီသည် မြေအောက်လမ်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်လေသည်။
***