ရွေးချယ်ခံရောက်ရှိလာခြင်း
Vol. 44 Ch. 605
ဝုန်း.....
ကျောက်ကျင့်၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးမှာ မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ် လဲကျသွားသဖြင့် ကျယ်လောင်လှသော အသံကြီးတစ်ခု ထွက်ပေါ်လာရသည်။ စောင့်ကြည့်နေကြသူများမှာ ထိုမြင်ကွင်းအား ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ကြည့်ရှုနေမိကြသည်။
ယခုအချိန်၌ ကျောက်ကျင့်မှာ အသက်ရှိလေးရဲ့လားပင် မသေချာပါချေ။
လသာဆောင်ထက်၌
ကန်ရွှမ်းကလန်အား အရှက်ကွဲရန် စောင့်ဆိုင်းနေသော ကောင်းကင်တစ္ဆေကလန်မှ တပည့်ခေါင်းဆောင် လျှိုဖူမှာ အလွန်ပင် အံ့သြထိတ်လန့်နေရသည်။ သူ၏ မျက်ဝန်းများထဲမှ ကြောက်ရွံ့ထိတ်လန့်မှု အရိပ်အယောင်များမှာ ဖုံးကွယ်မရနိုင်အောင်ပင် ဖြစ်နေရ၏။
ခရက်.....
လျှိုဖူ၏ လက်ထဲတွင်ရှိနေသော လက်ဖက်ရည်ခွက်မှာ ပြင်းထန်သောဆုပ်ကိုင်မှုကြောင့် ကွဲအက်သွားရသည်။
လျှိုဖူမှာ တံထွေးများအားမြိုချလျက် မယုံကြည်နိုင်စွာပင် ရေရွတ်လိုက်သည်။ "ဘယ်…ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."
လသာဆောင်ထက်တွင်ရှိနေကြသော အခြားသူများ အားလုံးမှာလည်း လျှိုဖူကဲ့သို့ပင် အံ့သြထိတ်လန့်နေကြ၏။
လျှိုဖူကိုယ်တိုင် အထင်သေးစွာဖြင့် လှောင်ပြောင်ခဲ့သော ဇူယွမ်သည် ကျောက်ကျင့်၏ လက်တစ်ဖက်အား ပေါက်ကွဲကြေမွစေလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။
တိုက်ပွဲစတင်ချိန်မှစ၍ အသာစီးရနေခဲ့သော ကျောက်ကျင့်မှ ဆိုးရွားစွာ ရှုံးနိမ့်သွားရခြင်းမှာ လူတိုင်းအား ပိုမိုအံ့အားသင့်စေသည်။
ကျောက်ကျင့်မှာ မြင့်မြတ်သောနန်းတော်၌ပင် ဒုတိယမြောက် အထူးချွန်ဆုံးဟူသည့် ဂုဏ်ပုဒ်အား ရရှိထားသော တပည့်ခေါင်းဆောင် တစ်ဦးပင်ဖြစ်သည်။
ကန်ရွှမ်းကောင်းကင်ဒေသတစ်ခုလုံးရှိ တပည့်ခေါင်းဆောင်များအကြားတွင်ပင် ကျောက်ကျင့်မှာ ထိပ်သီးငါးဦးထဲတွင် ပါဝင်သူဖြစ်သည်။
ထိုနေရာတွင် ရှိနေကြသော တပည့်ခေါင်းဆောင်များအားလုံးမှာ ကန်ရွှမ်းကလန်၏ မူလသူတော်စင်တောင်ထွတ်မှ ငယ်ရွယ်သော တပည့်ခေါင်းဆောင်လေးအား ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်ရှုမိလိုက်ကြသည်။ မူလသူတော်စင်တောင်ထွတ်ဆိုသည်မှာ ကန်ရွှမ်းကလန်အတွင်း၌ အစစအရာရာ အနိမ့်ကျဆုံးသော တောင်ထွတ်တစ်ခုပင် ဖြစ်သည်။
ထို့ကြောင့်ပင် အခြားကလန်များမှ တပည့်ခေါင်းဆောင်များမှာ ဇူယွမ်အား အရေးမစိုက်ခဲ့ကြခြင်း ဖြစ်သည်။ ဇူယွမ်၏ တိုက်ပွဲစွမ်းရည်များအကြောင်း မည်မျှပင် ကြားသိနေရပါသော်လည်း ၎င်းတို့အားလုံးမှာ အလေးပင်မထားပဲ ရှိနေခဲ့ကြ၏။
သို့သော် ယခုအချိန်တွင်မူ အရာအားလုံးမှာ မျက်စိရှေ့၌ပင် ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ ယခင်က ဇူယွမ်အား အလေးပင်မထားခဲ့ကြသော တပည့်ခေါင်းဆောင်များမှာ လက်ရှိအချိန်၌ ကြောက်ရွံ့ထိတ်လန့်နေရပြီပင် ဖြစ်သည်။
ကန်ရွှမ်းကလန်၏ အငယ်ရွယ်ဆုံး တပည့်ခေါင်းဆောင်မှာ သူ၏တိုက်ပွဲစွမ်းရည်အား လူအများရှေ့၌ မျက်ဝါးထင်ထင် ပြသခဲ့ပြီပင် ဖြစ်သည်။
အလှပန်းတစ်ရာနန်းတော်မှ တပည့်ခေါင်းဆောင်တစ်ဦးမှာ သက်ပြင်းချလိုက်ပြီးနောက် ကျိုးချူးချင်ယုအားကြည့်ကာ စကားဆိုလိုက်သည်။ "ချင်ယု နင့်ရဲ့သူငယ်ချင်းက တကယ်ကြောက်ဖို့ကောင်းတာပဲ။"
ဇူယွမ်သည် ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် ကျောက်ကျင့်၏လက်မောင်းတစ်ဖက်အား အစိတ်စိတ်အမွှာမွှာ ကြေမွစေခဲ့သည်။
ကျိုးချူးချင်ယုမှာ သူမ၏ လှပသော မျက်ဝန်းလေးများအား ပေကလပ် ပေကလပ် လုပ်နေမိ၏။ ယခုအချိန်၌ သူမသည်လည်း အခြားသူများကဲ့သို့ပင် အံ့သြထိတ်လန့်နေရခြင်း ဖြစ်သည်။ သူမသည် ဇူယွမ်အပေါ် ယုံကြည်ချက် အပြည့်အဝရှိပါသော်လည်း ထိုမျှလောက်ထိ အင်အားကြီးနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
"ငါတို့အရင်တစ်ခါ တွေ့တုန်းကထက် အများကြီး တိုးတက်လာတာပဲ..." ကျိုးချူးချင်ယုမှာ စိတ်နှလုံးအတွင်းမှ တိုးညင်းစွာ ရေရွတ်လိုက်မိသည်။ သူမသည် ကောင်းကင်တစ္ဆေကလန်မှ တပည့်ခေါင်းဆောင် လျှိုဖူအားကြည့်ကာ ကျေနပ်အားရစွာဖြင့် ပြောလိုက်သည်။ "အခုတော့ ဇူယွမ်ရဲ့ တိုက်ပွဲစွမ်းရည်အပေါ် ဘယ်သူမှ သံသယမရှိတော့ဘူးမလား။"
လျှိုဖူမှာ မည်သည့်စကားမှမဆိုပဲ တိတ်ဆိတ်စွာဖြင့်သာ အင်္ကျီပေါ်တွင် ပေကျံနေသော ရေကွက်များကို သန့်ရှင်းနေလိုက်သည်။ သူသည် အလွန်ပင် ရှက်ရွံ့နေသောကြောင့် ကျိုးချူးချင်ယုအား စေ့စေ့မျှပင်မကြည့်နိုင်အောင် ဖြစ်နေရသည်။ ဇူယွမ်၏ တိုက်ပွဲစွမ်းရည်မှာ သူ့အား အလွန်ပင် အံ့အားသင့်စေခဲ့သဖြင့် မည်သည့်ဝေဖန်မှုမှ ထပ်၍မပြုရဲတော့ခြင်းလည်း ဖြစ်သည်။
ယခုအချိန်၌ တိတ်ဆိတ်စွာ နေခြင်းကသာ ပိုမိုအကျိုးရှိပေလိမ့်မည်။
ကျိုးချူးချင်ယုမှာ လျှိုဖူ၏ အမူအရာအား ကြည့်ရှုလိုက်ပြီးနောက် အလွန်ပင် စိတ်ကျေနပ်သွားရသည်။ သူမသည် လျှိဖူအား အာရုံစိုက်မနေတော့ပဲ ခြံဝန်းအတွင်းမှ ဇူယွမ်၏ပုံရိပ်ကိုသာ ငေးမောကြည့်ရှုလိုက်သည်။
ပြတင်းပေါက်အနီးရှိနေသော လီချွမ်းကျင်နှင့် နင်ကျန်းတို့၏ အမူအရာမှာလည်း အံ့သြထိတ်လန့်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေရသည်။
"ပြင်းလိုက်တဲ့ ထိုးချက်..." နင်ကျန်းမှ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "ဇူယွမ်ရဲ့ ပြင်ပသန်မာမှုကျင့်စဉ်ကို ကျောက်ကျင့်ကတောင် မယှဉ်နိုင်ဘူးပဲ။"
နင်းကျန်း၏ မြောက်ပိုင်းနဂါးပင်လယ်ခန်းမတွင်လည်း ပြင်ပသန်မာမှုကျင့်စဉ်များ ရှိသည်။ သို့သော် မြောက်ပိုင်းနဂါးပင်လယ်ခန်းမ၏ တပည့်ခေါင်းဆောင်များကြား၌ ဇူယွမ်၏ ပြင်ပခန္ဓာသန်မာမှုအား ယှဉ်ပြိုင်နိုင်သူ တစ်ဦးတစ်လေမှပင် ရှိမည်မဟုတ်ပေ။
ရွေးချယ်ခံများအကြားတွင်သာ ဇူယွမ်နှင့် ပြင်ပခန္ဓာသန်မာမှုချင်း ယှဉ်ပြိုင်နိုင်မည့်သူ ရှိကောင်းရှိပေလိမ့်မည်။
လီချွမ်းကျင်မှာ အမြင်အာရုံ ချို့ယွင်းနေပါသော်လည်း အခြားသူများထက် အာရုံခံစားမှု အားကောင်းလွန်းလှသဖြင့် စွမ်းအင်များကို ခံစားမိလေသည်။ အစောပိုင်းတိုက်ပွဲ၌ ပိုမိုသန်မာသူမှာ ဇူယွမ်ပင်ဖြစ်ကြောင်း သိရှိနေသည်။
"ဒီထိုးနှက်ချက်...." လီချွမ်းကျင်မှာ တိုက်ပွဲအား သုံးသပ်နေဟန်ဖြင့် ဖြည်းညင်းစွာ ရေရွတ်လိုက်သည်။ "ဇူယွမ်က ငါတို့ထက် သာနေတုန်းပဲ။"
နင်ကျန်းမှာ အကြောများအား ဆန့်ထုတ်လိုက်ရင်းဖြင့် ကူကယ်ရာမဲ့စွာ စကားဆိုလိုက်သည်။ "ဇူယွမ်က တကယ်သာမန်မဟုတ်ဘူး။ ကြည့်ရတာ အခုငါတို့ပြန်တိုက်ကြရင်လည်း ငါပဲရှုံးနေဦးမှာပဲ။"
လီချွမ်းကျင်မှာ ခပ်ဖွဖွပြုံးလိုက်ပြီးနောက် ကျောတွင်သယ်ဆောင်ထားသောဓားအား ညင်သာစွာ ယူဆောင်လိုက်ရင်းဖြင့် ပြောလိုက်သည်။ "ဒါလည်းကောင်းပါတယ်။ သူ့ကိုအမှီလိုက်ဖို့ ငါတို့စိတ်ခွန်အားရတာပေါ့။"
"မင်းသိလား ငါကျန်းကျွင်းယိမှာ ဓားရေးလေ့ကျင့်တိုင်း ပင်ပန်းလာရင် ဇူယွမ်ကိုပဲ တွေးနေလိုက်တယ်။"
နင်ကျန်းမှာ ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် တုံ့ပြန်စကားဆိုလိုက်သည်။ "မင်းက မျက်စိမမြင်ဘူးဆိုပေမယ့် ဇူယွမ်ထက် မနိမ့်ပါဘူး။ ဟုတ်တယ်မလား။"
ချွမ်....
လီချွမ်းကျင်၏ လက်ချောင်းထံမှ ထက်ရှလီသော ဓားချီများ ထွက်ပေါ်လာကာ လခြမ်ကွေးသဏ္ဍာန် ဖြစ်ပေါ်သွားပြီးနောက် နင်ကျန်းထံသို့ ဦးတည်ပျံဝဲသွားသည်။
နင်ကျန်းမှာ ခပ်ဖွဖွရယ်မောလိုက်ပြီးနောက် လက်ဝါးထက်မှ အဝါရောင်နဂါးငယ်အသွင် ချီစွမ်းအင်များကို ထုတ်လွှတ်ကာ လခြမ်းကွေးအသွင် ဓားချီများအား ဆုပ်ယူလိုက်သည်။
"ဟဲဟဲ......ငါကစတာပါကွာ။"
..........
ခြံဝန်းအတွင်း၌
ထန်းမုရှင်း၊ ပိုင်လီချွီးနှင့် အခြားသူများမှာ မြေပြင်ပေါ်တွင် လဲကျနေသော ကျောက်ကျင့်အား အံ့အားသင့်စွာ ကြည့်ရှုနေမိကြသည်။ ၎င်းတို့အားလုံးမှာ ဇူယွမ်၏ ကြောက်မက်ဖွယ်ကောင်းလှသော တိုက်ပွဲစွမ်းရည်အပေါ် မယုံကြည်နိုင် ဖြစ်နေကြရသည်။
"ဂျူနီယာမောင်တော်ဇူယွမ်က အများကြီး တိုးတက်လာပြန်ပြီပဲ။" ထန်းမုရှင်းမှ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။
အစောပိုင်း၌ ကျောက်ကျင့်အား တိုက်ခိုက်ရန် ခွင့်တောင်းခဲ့သော ဇူယွမ်အား ၎င်းတို့အားလုံး စိတ်မချနိုင် ဖြစ်ခဲ့ကြရသည်။ ယခုတွင်မူ ဇူယွမ်မှာ သူ၏ပြောင်မြောက်လှသော တိုက်ပွဲစွမ်းရည်များဖြင့် ကျောက်ကျင့်အား လှပစွာ အနိုင်ယူခဲ့ပြီပင် ဖြစ်လေသည်။
အခြားသော တပည့်ခေါင်းဆောင်များမှာလည်းအလွန်ပင် အံ့အားသင့်နေကြရသည်။ အထူးသဖြင့် ပိုင်လီချွီးမှာမူ မည်သည့်စကားမှပင် မဆိုနိုင်လောက်အောင် ပါးစပ်အဟောင်းသား ဖြစ်နေရ၏။ သူသည် အစောပိုင်း၌ပင် ဇူယွမ်အား အရူးကောင်ဟု ဆူပူကြိမ်းမောင်းနေခဲ့ခြင်း ဖြစ်သည်။ သို့သော် လက်ရှိအချိန်၌ အရူးကောင်မှာ သူကိုယ်တိုင်သာ ဖြစ်ပေလိမ့်မည်။
ယခုဇူယွမ်မှာ ကလန်အတွင်း ရှိနေစဉ်ကနှင့် အဆပေါင်းများစွာ ကွာခြားနေပြီပင် ဖြစ်သည်။
ဇူယွမ်မှာ ထန်းမုရှင်းနှင့် အခြားသူများအားကြည့်ကာ ခပ်ဖွဖွပြုံးလျက် စကားဆိုလိုက်သည်။ "ကံကောင်းလို့ ကျွန်တော်မရှုံးခဲ့ဘူး။ မဟုတ်ရင် ကန်ရွှမ်းကလန်ရဲ့ ဂုဏ်သိက္ခာအတွက် စိတ်ပူနေရတော့မယ်။"
"ငါတို့ကပဲ အထင်မှားခဲ့တာပါကွာ။" မိုးကြိုးအကျဉ်းထောင်တောင်ထွတ်၏ တပည့်ခေါင်းဆောင် ရှဲ့ရန်မှ ဖြည်းညင်းစွာ ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ဒီပြဿနာက ကျွန်တော့်ကြောင့်ပဲ ဖြစ်တာဆိုတော့ အဆုံးသတ်ပေးရမှာလည်း ကျွန်တော်ပဲ ဖြစ်သင့်တယ်လို့ တွေးမိလို့ပါ။ စီနီယာအကိုတော် ရှဲ့ရန်ရဲ့နေရာကို လုတာမဟုတ်ပါဘူး ဟီးဟီး။"
အမြဲတစေ အလေးအနက်သာ စကားဆိုလေ့ရှိသော ရှဲ့ရန်မှာ ပေါ့ပါးစွာဖြင့် ခေါင်းကိုခါယမ်းကာ ပြုံးရယ်လိုက်သည်။
"သတိထားဦး....ဟော်ထျန်းက စိတ်လွတ်နေလောက်ပြီ။" ထန်းမုရှင်းမှ သတိပေးစကားဆိုလိုက်သည်။
ဇူယွမ်မှာ မြင့်မြတ်သောနန်းတော်မှ တပည့်ခေါင်းဆောင်များရှိရာသို့ ကြည့်ရှုလိုက်သည်။ ၎င်းတို့၏ တပည့်ခေါင်းဆောင်များမှာလည်း ကျောက်ကျင့် ရှုံးနိမ့်သွားရခြင်းအပေါ် အလွန်အံ့အားသင့်နေရသည်။
ဟော်ထျန်းမှာ အေးစက်ခက်ထန်သော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်ရှုလိုက်သည်။ "ကောင်းတယ်။ သိပ်ကိုကောင်းတယ်။ မင်းက ကန်ရွှမ်းကလန်ရဲ့ မူလသူတော်စင်တောင်ထွတ်က အစစ်အမှန် တပည့်ခေါင်းဆောင်ပဲ။"
"ငါအထင်မှားသွားတယ်။ မင်းကတကယ်တော့အစွယ်ဝှက်ထားတဲ့ ကျားတစ်ကောင်ပဲ။"
"မင်းက သိပ်ပြီးသန်မာနေတယ်ဆိုမှတော့ ဒီနေ့ ငါတို့မြင့်မြတ်သောနန်းတော်က မင်းဆီကနေ သင်ယူရတော့မှာပေါ့။"
ဟော်ထျန်းမှ စကားဆိုလိုက်သည်နှင့်တစ်ပြိုင်နက် မြင့်မြတ်သောနန်းတော်မှ တပည့်ခေါင်းဆောင်များနှင့် တပည့်များအားလုံးမှာ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်ကြသည်။
ဇူယွမ်မှာ အနည်းငယ်မျှပင် ထိတ်လန့်တုန်လှုပ်မှုမရှိပဲ တည်ငြိမ်သောအမူအရာဖြင့် စကားဆိုလိုက်သည်။ "မင်းတို့က တိုက်ခိုက်ချင်တယ်ဆိုမှတော့ ငါတို့ကန်ရွှမ်းကလန်က အဖော်ပြုပေးဖို့ အသင့်ပဲ။"
ဝုန်း.....
ထိုအချိန်၌ပင် ကောင်းကင်ထက်မှ ပုံရိပ်များ တစ်ခုပြီးတစ်ခု ဆင်းသက်လာကြသည်။ ထိုပုံရိပ်များအား ဦးဆောင်ထားသူမှာ ကျင်ကျန်းပင် ဖြစ်သည်။
ထို့ကြောင့် ဤနေရာတွင် ကန်ရွှမ်းကလန်မှ တပည့်ခေါင်းဆောင် ခုနစ်ဦးလုံးဆုံဆည်းသွားပြီ ဖြစ်သည်။
ဟော်ထျန်း၏ အမူအရာမှာ ပြောင်းလဲသွားရသည်။ ယခုအချိန်၌ တိုက်ခိုက်မည်ဆိုပါက မြင့်မြတ်သောနန်းတော်၏ ဂုဏ်သိက္ခာမှာ အဖက်ဆယ်မရအောင်ပင် ဖြစ်သွားရပေလိမ့်မည်။
ဝုန်း.....
ထိုအချိန်၌ပင် ကောင်းကင်ထက်မှ အခြားသော ပုံရိပ်များစွာလည်း ဆင်းသက်လာကြသည်။ လူများစွာမှာ ထိုပုံရိပ်များအား လေးစားအားကျသော မျက်ဝန်းများဖြင့် ငေးမောကြည့်ရှုနေကြ၏။
"ကလန်တွေအားလုံးက ရွေးချယ်ခံတွေ ရောက်လာကြပြီပဲ။"