ကျင်းချန်းဇယ်
Vol. 44 Ch. 606
ကြီးကျယ်ခမ်းနားလှသော တောင်တန်းတလျှောက်၌ ပြင်းထန်လှသော ချီစွမ်းအင်လေပြေများ ရှိသည်။ ၎င်းတို့သည် တောင်တန်းအား ကာရံထားသော ချီစွမ်းအင်အလွှာပင် ဖြစ်သည်။ ထိုချီစွမ်းအင်အလွှာအား မည်သည့်တပည့်ခေါင်းဆောင်ကမှ ဖြိုခွဲနိုင်ခြင်း မရှိကြပေ။ ကလန်များအားလုံးမှ ရွေးချယ်ခံများ၏ စုပေါင်းအင်အားဖြင့်သာ ဖြိုခွင်းရခြင်းဖြစ်လေသည်။
ဝှစ်.....ဝှစ်.....
ချီစွမ်းအင်အလွှာအား ဖြိုခွင်းလိုက်ပြီးနောက် ရွေးချယ်ခံများ တောင်တန်းအပြင်ဖက်သို့ ရောက်ရှိလာကြသည်။ ၎င်းတို့မှာ သက်ဆိုင်ရာကလန်များမှ တပည့်များကို လာရောက်ကြိုဆိုကြခြင်းပင် ဖြစ်သည်။
မြို့တစ်ခုလုံးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြရပြီး ကောင်းကင်ထက်မှ ပုံရိပ်များအား ကြည့်ရှုလိုက်ကြသည်။ အဆောက်အဦးအတွင်းရှိ စောင့်ဆိုင်းနေကြသော တပည့်များမှာလည်း အလွန်ပင် စိတ်လှုပ်ရှားနေလျက် ရှိကြသည်။ မျက်စိရှေ့၌ မြင်တွေ့နေရသော ကြီးမြတ်သော ရှန်းဟွတောင်တန်းမှာ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ အတွင်းပိုင်းအကျဆုံး ဗဟိုချက်နယ်မြေတစ်ခုပင် ဖြစ်သည်။
ထိုတောင်တန်းအတွင်းသို့သာ ဝင်ရောက်နိုင်ပါက အကန့်အသတ်မဲ့သော ကောင်းချီးရတနာများအား ရှာဖွေနိုင်လိမ့်မည်ပင် ဖြစ်လေသည်။
ရွေးချယ်ခံများ လာရောက်ခေါ်ဆောင်ခြင်းပြုမှသာ တပည့်များမှာ တောင်တန်းအတွင်းသို့ ဝင်ရောက်နိုင်လိမ့်မည် ဖြစ်သည်။
ကလန်အသီးသီးမှ ရွေးချယ်ခံများ ရောက်ရှိလာခြင်းကြောင့် အခြေအတင်ဖြစ်နေကြသော မြင့်မြတ်သောနန်းတော်နှင့် ကန်ရွှမ်းကလန်တို့မှာလည်း အနည်းငယ် ငြိမ်သက်သွားရသည်။ ၎င်းတို့မှာ တစ်ဖက်နှင့်တစ်ဖက် စူးစိုက်ကြည့်ရှုနေကြပါသော်လည်း ချီစွမ်းအင်များအား ပြန်လည်ရုတ်သိမ်းထားလိုက်ကြသည်။
ဇူယွမ်မှာ ခေါင်းကိုမော့လျက် ကောင်းကင်ထက်မှ ပျံဝဲဆင်းသက်လာနေသော ပုံရိပ်များအားကြည့်ကာ ခပ်ဖွဖွပြုံးလိုက်မိသည်။ ထို့နောက် နှလုံးသားထဲမှ ရေရွတ်လိုက်၏။
"ယောင်ယောင်ရော ဒီကိုလာမလားမသိဘူး... ငါတို့မတွေ့ရတာ တစ်လနီးပါးတောင် ရှိနေပြီပဲ...
သူမကို လွမ်းလိုက်တာ..."
"ပြီးတော့...ထန်ထန်ကိုရောပဲ..."
များပြားလှသော အကြည့်များစွာ၏အောက်၌ပင် ပုံရိပ်တစ်ခုမှာ လျင်မြန်လွန်းလှသောအရှိန်ဖြင့် ကောင်းကင်ထက်မှ ပျံဝဲဆင်းသက်လာကာ အဆောက်အဦးပေါ်သို့ ရောက်ရှိလာလေသည်။
ပတ်ဝန်းကျင်၌ရှိနေသောသူများမှာ ထိုပုံရိပ်အား ကြည့်ရှုလိုက်ကြသည်။ ထို့နောက် မျက်ဝန်းများတွင် ကြောက်ရွံ့ထိတ်လန့်မှု အရိပ်အယောင်များ ပေါ်ပေါက်လာရသည်။
အဆောက်အဦးထက်သို့ ရောက်ရှိလာသောသူမှာ အရပ်ရှည်ရှည်ဖြင့် ပိန်ပါးသောအသွင်ရှိကာ အဖြူရောင်အဝတ်အစားများကို ဆင်မြန်းထားသည်။ သူ၏ ရွှေအိုရောင်ဆံနွယ်များမှာလည်း နေရောင်ခြည်နှင့်အတူ တောက်ပနေလျက် ရှိသည်။
ကြောက်မက်ဖွယ်အကောင်းဆုံးမှာ ထိုသူ၏ ရွှေအိုရောင်မျက်ဝန်းများပင်ဖြစ်ပြီး အေးစက်ခက်ထန်မှုများဖြင့် ပြည့်နှက်နေကာ ကြည့်ရှုမိသူများအား ကြက်သီးမွှေးညှင်းများပင် ထစေနိုင်လောက်ပေသည်။
ဇူယွမ်မှာ ထိုသူအား လေးနက်သော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်သည်။ ၎င်းထံမှ အလွန်အန္တရာယ်များလှသော ချီစွမ်းအင်အငွေ့အသက်များ ထွက်ပေါ်နေလျက် ရှိသည်။ ထန်းမုရှင်းနှင့် အခြားသူများမှာလည်း ထိုသူအား အလွန်ပင် ကြောက်ရွံ့နေကြဟန် ရှိသည်။
"သူကဘယ်သူလဲ။" ဇူယွမ်မှ မေးမြန်းလိုက်သည်။
ထန်းမုရှင်းမှာ အသက်ပြင်းပြင်းတစ်ချက်အား ရှူထုတ်လိုက်ပြီးနောက် ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ " မြင့်မြတ်သောနန်းတော်က ကျင်းချန်းဇယ်ပဲ။ သူကမြင့်မြတ်သောနန်းတော်ရဲ့ ထိပ်သီးရွေးချယ်ခံသုံးယောက်ထဲပါတဲ့အပြင် ကန်ရွှမ်းကောင်းကင်ဒေသတစ်ခုလုံးရဲ့ ရွေးချယ်ခံအဆင့်သတ်မှတ်ချက်မှာလည်း ထိပ်သီးငါးယောက်ထဲပါတယ်။ သူကတကယ် ကြောက်ဖို့ကောင်းတယ်။"
ဇူယွမ်မှာ ကျင်းချန်းဇယ်အား စူးစိုက်ကြည့်ရှုလိုက်သည်။ သူသည် ကျင်းချန်းဇယ်အား တစ်ခါမျှ တွေ့မြင်ခဲ့ဖူးခြင်း မရှိသောကြောင့် ထိုမျှထူးချွန်သူ ဖြစ်နေလိမ့်မည်ဟု မသိရှိခဲ့ချေ။
ကျင်းချန်းဇယ် ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ဆူညံပွတ်လောရိုက်နေသော အဆောက်အဦး တစ်ခုလုံးသည်ပင် တိတ်ဆိတ်ငြိမ်သက်သွားရသည်ကို ဇူယွမ်မှ သတိပြုလိုက်မိသည်။ လူတိုင်းမှာ ကျင်းချန်းဇယ်အား ကြောက်ရွံ့ထိတ်လန့်သော မျက်ဝန်းများဖြင့်သာ ကြည့်ရှုနေကြလေသည်။
ကျင်းချန်းဇယ်၏ ဂုဏ်သတင်းမှာ လူအများအပေါ် အတော်ပင် အကျိုးသက်ရောက်မှု ရှိဟန်ရသည်။
ဟော်ထျန်းနှင့် အခြားသူများမှာ ကျင်းချန်းဇယ် ရောက်ရှိလာသည်ကို တွေ့ရှိလိုက်ရပြီးနောက် အမူအရာများ အနည်းငယ် မသာမယာ ဖြစ်သွားရသည်။ လက်ရှိအချိန်၌ မြင့်မြတ်သောနန်းတော်၏ အခြေအနေအား ကျင်းချန်းဇယ်ကဲ့သို့ ရွေးချယ်ခံတစ်ဦးမှာ မည်သို့မျှ လက်ခံပေးနိုင်လိမ့်မည် မဟုတ်ပေ။
အထူးသဖြင့် ကျောက်ကျင့်မှာ ဆိုးရွားစွာဖြင့် အရိုးကြိုးပြတ် လဲကျနေခြင်းသည် ကျင်းချန်းဇယ်အား အမှန်တကယ်ပင် ဒေါသထွက်စေလိမ့်မည်ပင် ဖြစ်သည်။
ကျင်းချန်းဇယ်မှာ အဆောက်အဦးထက်မှတဆင့် ဟော်ထျန်းတို့ရှိရာသို့ ပျံဝဲဆင်းသက်လာသည်။ သူသည် ပတ်ဝန်းကျင် အခြေအနေအား တစ်ချက်မျှ ကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် လဲကျနေသော ကျောက်ကျင့်အားကြည့်ကာ ဟော်ထျန်းအား မေးမြန်းလိုက်သည်။ "ဘာတွေဖြစ်နေတာလဲ။"
မြင့်မြတ်သောနန်းတော်မှ တပည့်ခေါင်းဆောင်များအားလုံးမှာ မည်သည့်စကားမှပင် မဆိုရဲပဲ တိတ်ဆိတ်ငြိမ်သက်နေကြ၏။
ဟော်ထျန်းမှာ သတ္တိများအား စုစည်းလိုက်ပြီးနောက် ကျင်းချန်းဇယ်အနီးသို့သွားကာ ဖြစ်ပျက်ခဲ့သော အကြောင်းအရာအသေးစိတ်အား ရှင်းလင်းတင်ပြလိုက်သည်။
ကျင်းချန်းဇယ်မှာ ပြဿနာအလုံးစုံအား ကြားသိရပြီးသည်အထိ တည်ငြိမ်နေသောအမူအရာဖြင့်သာ ရှိနေဆဲ ဖြစ်သည်။
ကျင်းချန်းဇယ်မှ ဟော်ထျန်းအားကြည့်ကာ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "မင်းပြောတာက ငါတို့မြင့်မြတ်သောနန်းတော်က တပည့်ခေါင်းဆောင် နှစ်ယောက်ကို ကန်ရွှမ်းကလန်က တပည့်ခေါင်းဆောင် တစ်ယောက်တည်းက သတ်ပစ်သွားတယ်ပေါ့လေ။"
"ပြီးတော့ ကျောက်ကျင့်ကလည်း သူ့ကြောင့်ပဲ အဲ့လိုဖြစ်နေရတာပေါ့ ဟုတ်လား။"
ဟော်ထျန်းမှ စိုးရွံ့ထိတ်လန့်နေဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ကျင်းချန်းဇယ်မှာ ဟော်ထျန်းအား ခေတ္တမျှ စူးစိုက်ကြည့်ရှုနေပြီးနောက် ရုတ်ချည်းဆိုသလို ပြုံးရယ်လိုက်သည်။ "မင်းတို့ တပည့်ခေါင်းဆောင်တွေက တော်တော်သောက်သုံးကျတဲ့ ဟာတွေပါလားကွ...ဟမ်။ ငါတို့မြင့်မြတ်သောနန်းတော်က ကန်ရွှမ်းကလန်ကို နှစ်ပေါင်းများစွာကြာအောင် ဖိနှိပ်ထားနိုင်ခဲ့တယ်။ အဲ့ဒါကို အခုမင်းတို့တွေက မြင့်မြတ်သောနန်းတော်ရဲ့ ဂုဏ်သိက္ခာကို ပျက်စီးအောင်လုပ်နေတာလား။"
ဟော်ထျန်းနှင့် အခြားသော တပည့်ခေါင်းဆောင်များအားလုံးမှာ မည်သည့်စကားမှပင် မဆိုရဲပဲ ကြောက်ရွံ့တုန်လှုပ်နေရသည်။
ကျင်းချန်းဇယ်မှာ ခေါင်းကိုခါယမ်းလျက် တည်ငြိမ်စွာဖြင့် ရေရွတ်လိုက်သည်။ "နင်မော့နဲ့ ဖန့်ယောင် နှစ်ကောင်လုံးက သောက်သုံးမကျတဲ့ ဟာတွေချည်းပဲ။ သူတို့ သေသွားတာပဲအေးတယ် ဆန်ကုန်မြေလေးတွေ။ ကျောက်ကျင့်ကိုတော့ ငါနည်းနည်း အံ့သြမိတယ်။ ဘာပဲဖြစ်ဖြစ် ဒင်းလည်း အရှုံးသမားပဲဆိုတော့ မြင့်မြတ်သောနန်းတော်ကို ပြန်ရောက်တဲ့အခါကြရင် စည်းမျဉ်းစည်းကမ်းတွေအရ အပြစ်ဒဏ်ကို လက်ခံရလိမ့်မယ်။"
"အဲ့အချိန်ကြရင် မင်းတို့တွေလည်း မင်းတို့ရဲ့ အသုံးမကျမှုအတွက် အပြစ်ပေးခံရမယ် နားလည်လား။" ကျင်းချန်းဇယ်မှ ဟော်ထျန်းနှင့် အခြားတပည့်ခေါင်းဆောင်များအားကြည့်ကာ ပြောလိုက်သည်။
ဟော်ထျန်းတို့မှာ ကျင်းချန်းဇယ်အား မျက်လုံးမျှပင် မော်ကြည့်ရဲခြင်းမရှိပါချေ။
"အဲ့ကျောက်ကျင့်အရူးကောင်ကို မြန်မြန်ဆွဲခေါ်သွားကြတော့။ မြင့်မြတ်သောနန်းတော်ရဲ့ ဂုဏ်သိက္ခာကျတယ်။" ဟော်ထျန်းမှ တပည့်များအား အမိန့်ပေးလိုက်သည်။
ကျင်းချန်းဇယ်မှာ လက်တစ်ဖက်ပြတ်တောက်နေသော ကျောက်ကျင့်အား ကြည့်ရှုလိုက်ပြီးနောက် ဟော်ထျန်းအားကြည့်ကာ မေးလိုက်သည်။ "ကန်ရွှမ်းကလန်ရဲ့ ဘယ်တပည့်ခေါင်းဆောင်ကများ အဲ့လောက်စွမ်းတာလဲ။"
ဟော်ထျန်းမှာ ခေတ္တမျှ တွေဝေနေရပြီးနောက် ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "သူက ကန်ရွှမ်းကလန်ရဲ့ မူလသူတော်စင်တောင်ထွတ်က တပည့်ခေါင်းဆောင်အသစ် ဇူယွမ်ပါ။ ကျွန်တော်ဆို သူ့နာမည်ကို တစ်ခါမှတောင် မကြားဖူးပါဘူး။"
"ဇူယွမ်....." ကျင်းချန်းဇယ်မှာ စိတ်ဝင်တစား ဖြစ်သွားရသည်။ "တကယ်စိတ်ဝင်စားစရာပဲ။"
ကျင်းချန်းဇယ်မှာ အရှေ့သို့ လျှောက်လှမ်းလိုက်ပြီးနောက် ကန်ရွှမ်းကလန်၏ တပည့်ခေါင်းဆောင်များအားကြည့်ကာ မေးမြန်းလိုက်သည်။ "မင်းတို့ထဲမှာ ဇူယွမ်ဆိုတာ ဘယ်သူလဲ။"
ဇူယွမ်မှာ ကျင်းချန်းဇယ်အား စူးစိုက်ကြည့်ရှုကာ အရှေ့သို့ ထွက်လာလိုက်သည်။
ကျင်းချန်းဇယ်မှာ ဇူယွမ်အနားသို့ လျှောက်လှမ်းသွားကာ စိတ်ဝင်တစား လေ့လာကြည့်ရှုလိုက်၏။ ထို့နောက် မျက်ဝန်းများတွင် စိတ်ပျက်မှု အရိပ်အယောင်များ ပြည့်နှက်သွားရသည်။ ကျင်းချန်းဇယ်မှာ စိတ်နှလုံးထဲမှ တွေးတောနေမိသည်။
"ဒီကောင်က ဆရာသခင် ငါတို့ကို တာဝန်ပေးလိုက်တဲ့ကောင်လား..... နန်းဆောင်သခင်က သတိထားဖို့ပြောတဲ့ကောင်ဆိုတာ ဒီကောင်ပေါ့လေ....."
"ဒီကောင့်ကို ကြည့်ရတာ ဘာမှလည်း ထူးထူးခြားခြား မရှိဘူး......နန်းဆောင်သခင်က ဘာလို့အဲ့လောက်တောင် အာရုံစိုက်နေရတာလဲ...."
ကျင်းချန်းဇယ်မှာ အတွေးများကို ဖြတ်တောက်လိုက်ပြီးနောက် ဇူယွမ်အားကြည့်ကာ မေးမြန်းလိုက်သည်။ "ငါတို့မြင့်မြတ်သောနန်းတော်က တပည့်ခေါင်းဆောင် နှစ်ယောက်ကိုသတ်ပြီး ကျောက်ကျင့်ကို လက်ဖြတ်ပစ်လိုက်တဲ့ကောင်က မင်းလား။"
ထန်းမုရှင်းမှ ဝင်ရောက်ပြောဆိုလိုက်သည်။ "နင်မကျေနပ်ဘူးဆိုရင် ငါတို့ကလန်က ရွေးချယ်ခံတွေရောက်လာမှ ဆက်ရှင်း။ ရွေးချယ်ခံ တစ်ယောက်အနေနဲ့ နင်က တပည့်ခေါင်းဆောင်တစ်ယောက်ကို တိုက်ခိုက်လို့တော့ မရဘူးနော်။"
ကျင်းချန်းဇယ်မှာ ထန်းမုရှင်းအား အလေးပင်မထားပဲ ဇူယွမ်ကိုသာ စူးစိုက်ကြည့်ရှုနေလျက် ရှိသည်။
ဇူယွမ်မှာလည်း အနည်းငယ်မျှပင် ကြောက်ရွံ့ထိတ်လန့်မှုမရှိပဲ ကျင်းချန်းဇယ်၏ မျက်ဝန်းများအား စူးစိုက်ကြည့်ရှုနေ၏။ "မင်းတို့ မြင့်မြတ်သောနန်းတော်ရဲ့ လုပ်ရပ်တွေက အရမ်းလွန်လွန်းတယ်လေ။ ဘာပဲဖြစ်ဖြစ် မင်းကရွေးချယ်ခံဆိုပေမယ့်လည်း ငါနဲ့တိုက်ခိုက်ချင်တယ်ဆို အသင့်ပဲနော်။"
ဇူယွမ်၏ ရဲတင်းသောပြောဆိုမှုများကြောင့် စောင့်ကြည့်နေကြသူများမှာ စိတ်နှလုံးများပင် ထွက်ကျမတက် ထိတ်လန့်ကုန်ကြသည်။
ကျင်းချန်းဇယ်မှာလည်း ရုတ်တရက် အံ့အားသင့်သွားရပြီးနောက် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
ထန်းမုရှင်းတို့မှာလည်း ဇူယွမ်၏ မဆင်မခြင် ပြောဆိုမှုများကြောင့် ထိတ်လန့်ကုန်ရသည်။
ကျင်းချန်းဇယ်မှ ပြုံးကာပြောလိုက်သည်။ "ငါ့လို မြင့်မြတ်သောနန်းတော်ရဲ့ ရွေးချယ်ခံတစ်ယောက်က မင်းလိုဘာမှမဟုတ်တဲ့ကောင်နဲ့ တိုက်ရမှာတဲ့လား။ ရယ်စရာတွေ ဖြစ်ကုန်ပါလိမ့်မယ်ကွာ။ ဟားဟားဟား....."
ထန်းမုရှင်းမှာ ကျင်းချန်းဇယ်၏စကားအား ကြားလိုက်ရသောအခါမှသာ စိတ်သက်သာရာ ရသွားရသည်။ ကျင်းချန်းဇယ်မှ ဇူယွမ်အား မည်မျှပင် လှောင်ပြောင်နေပါစေ အမှန်တကယ် မတိုက်ခိုက်ရန်သာ လိုအပ်သည်။
ကျင်းချန်းဇယ်မှာ ထန်းမုရှင်းနှင့် အခြားသူများအား ကြည့်ရှုလိုက်ပြီးနောက် ရုတ်ချည်းဆိုသလို ပြုံးရယ်လိုက်သည်။
"ဒါပေမယ့် ကျင်းချန်းဇယ်ဆိုတဲ့ငါက လူရယ်စရာ ဖြစ်မဖြစ်ကို ဂရုစိုက်နေမယ့်ကောင်လို့ထင်လား။"
စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ကျင်းချန်းဇယ်မှာ ပြင်းထန်လှသော ချီစွမ်းအင်များအား ထုတ်လွှတ်လိုက်သည်။
ဝုန်း....
အဖြစ်အပျက်မှာ လျင်မြန်လွန်းလှသောကြောင့် ဇူယွမ်မှာ မည်သို့မျှပင် ရှောင်ချိန်မရလိုက်ပဲ ချီစွမ်းအင်နှင့်အတူ လွင့်ထွက်သွားရလေသည်။
ဘန်း....
ဇူယွမ်၏ခန္ဓာကိုယ်မှာ ကျောက်နံရံတစ်ခုနှင့် ပြင်းထန်စွာ ရိုက်ခတ်သွားရပြီးနောက် ကျောက်တုံးကျောက်ဆောင်များ အဆင်မပြတ် ပြိုဆင်းကျလာသည်။
ဝုန်း....
အဆောက်အဦး တစ်ခုလုံးမှာ အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားရ၏။
စောင့်ကြည့်နေကြသူများမှာ ပြုံးရယ်နေသော ကျင်းချန်းဇယ်အား မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ကြည့်ရှုနေမိကြသည်။ မြင့်မြတ်သောနန်းတော်၏ တတိယမြောက် အထူးချွန်ဆုံး ရွေးချယ်ခံဖြစ်သူသည် သူ၏အဆင့်အတန်းကိုပင် ထည့်မတွက်ပဲ ဇူယွမ်အား အလစ်တိုက်ခိုက်ခဲ့သည်။
သူ၏တိုက်ခိုက်မှုမှာလည်း ကန်ရွှမ်းကလန်မှ တပည့်ခေါင်းဆောင်ဖြစ်သူ ဇူယွမ်တစ်ယောက် အသက်သေဆုံးသွားနိုင်သည်အထိပင် ပြင်းထန်လွန်းလှလေသည်....