သေစေချင်တာလား
Vol. 44 Ch. 607
ခြံဝန်းတလျှောက် ကြီးမားလှသော အက်ကွဲကြောင်းကြီး ဖြစ်ပေါ်သွားရသည်။ ပတ်ဝန်းကျင်တစ်ခွင်လုံးမှာလည်း အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွား၏။ တပည့်ခေါင်းဆောင်များအားလုံးမှာလည်း ကြောက်ရွံ့ထိတ်လန့်လွန်းလှသောကြောင့် အသက်ရှူသော စည်းချက်များပင် မမှန်ကြတော့ပေ။
ကျင်းချန်းဇယ်မှ တပည့်ခေါင်းဆောင် တစ်ဦးဖြစ်သော ဇူယွမ်အား ထိုကဲ့သို့ ရုတ်တရက် အလစ်ချောင်းမြောင်း တိုက်ခိုက်လိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ကြချေ။
ယေဘုယျအားဖြင့် အလုံးစုံသော ကလန်များ၏ စည်းမျဉ်းစည်းကမ်းများအရ ရွေးချယ်ခံများသည် ရွေးချယ်ခံဖြစ်သူ အချင်းချင်းသာ တိုက်ခိုက်ခွင့်ရှိသည်။ ရွေးချယ်ခံတစ်ဦးမှ တပည့်ခေါင်းဆောင် အဆင့်ရှိသူတစ်ဦးအား တိုက်ခိုက်သောဖြစ်ရပ်မှာ အလွန်ပင် ရှားပါးလွန်းလှပြီး အနိုင်ရခဲ့လျှင်ပင် ဂုဏ်သိက္ခာကင်းမဲ့၍ တရားမျှတမှုမရှိသောပွဲဟုသာ သတ်မှတ်လေ့ရှိသည်။
သို့သော် ယခုအခါ၌ ကျင်းချန်းဇယ်မှာ လုပ်ထုံးလုပ်နည်းများအတိုင်း တိုက်ခိုက်ရန် စိန်ခေါ်ခြင်းပင် မပြုခဲ့ချေ။
ထို့အပြင် တပည့်ခေါင်းဆောင်တစ်ဦးကို သေစေနိုင်လောက်သည်အထိ ပြင်းထန်လှသောစွမ်းအင်များဖြင့် ရုတ်တရက် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
လသာဆောင်အနီး၌
ကျိုးချူးချင်ယု၏ ညှို့ငင်အားကောင်းလှသော မျက်ဝန်းလေးများမှာ စိုးရိမ်ပူပန်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီး လှပသော မျက်နှာလေးမှာလည်း ဖြူရော်နေရသည်။ ပြတင်းပေါက်အနီးရှိနေသော လီချွမ်းကျင်နှင့် နင်ကျန်းတို့၏ အမူအရာမှာလည်း ပျက်ယွင်းနေရ၏။ ကောင်းကင်တစ္ဆေကလန် အုပ်စုအတွင်းရှိနေသော ကျိန်းရွှီးမှာလည်း ကူကယ်ရာမဲ့စွာဖြင့် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလျက် ရှိသည်။
ကျင်းချန်းဇယ်၏ ရုတ်တရက် တိုက်ခိုက်မှုမှာ လူတိုင်းအား အံ့အားသင့်သွားစေခဲ့သည်။
တပည့်ခေါင်းဆောင်များအားလုံးမှာ စိတ်နှလုံးများ ထွက်ကျမတက် ကြောက်ရွံ့ထိတ်လန့်နေကြသည်။ ကျင်းချန်းဇယ်မှာ အနည်းငယ်မျှပင် သက်ညှာခြင်းမရှိပဲ သူ၏စွမ်းအင်များအား အပြည့်အဝ အသုံးပြုတိုက်ခိုက်ခဲ့ခြင်းပင် ဖြစ်သည်။
မြင့်မြတ်သောနန်းတော်၏ တတိယမြောက် အထူးချွန်ဆုံးရွေးချယ်ခံဖြစ်သူမှာ စည်းမျဉ်းစည်းကမ်းများအား လျစ်လျူရှုလျက် ကန်ရွှမ်းကလန်မှ တပည့်ခေါင်းဆောင်တစ်ဦးအား လူအများရှေ့၌ အညှာအတာကင်းမဲ့စွာ အလစ်တိုက်ခိုက်လိုက်ပြီ ဖြစ်သည်။ ဤသည်မှာ လွန်စွာအရှက်ကင်းမဲ့သော လုပ်ရပ်ပင်ဖြစ်သည်။
ကန်ရွှမ်းကလန်မှ ထန်းမုရှင်းနှင့် အခြားသူများမှာလည်း ရုတ်တရက် မည်သည့်စကားမှပင် မဆိုနိုင်ပဲ အလွန်အံ့အားသင့်သွားရသည်။ အသက်ရှူချိန် အနည်းငယ် ကြာမြင့်သွားပြီးမှသာ အသိစိတ် ပြန်ဝင်လာကြ၏။ ၎င်းတို့မှာ ကြီးမားလှသော အက်ကွဲကြောင်းကြီးအား မြင်တွေ့လိုက်ရသောကြောင့် အလွန်ပင် ကြောက်ရွံ့တုန်လှုပ်သွားရသည်။
"ကျင်းချန်းဇယ်... နင်ဒီလိုလုပ်ရဲတယ်ပေါ့လေ။" ထန်းမုရှင်းမှာ ကျင်းချန်းဇယ်အား လက်ညှိုးငေါက်ငေါက်ထိုးလျက် ပြောလိုက်သည်။ သူမ၏အသံမှာ တုန်ခါနေပြီး မျက်ဝန်းများ ရဲတွတ်နေသည်။ " နင်...နင် စည်းမျဉ်းတွေကို မလိုက်နာဘူး။ ငါတို့ကန်ရွှမ်းကလန်က ရွေးချယ်ခံတွေက နင့်ကိုအလွတ်ပေးလိမ့်မယ်လို့ မထင်နဲ့။"
ကျင်းချန်းဇယ်မှ အလေးပင်မထားဟန်ဖြင့် ပြုံးလိုက်သည်။ "ဖြစ်ပြီးတာက ပြန်ပြင်လို့မရတော့ဘူး။ မင်းတို့ကန်ရွှမ်းကလန်က တိုက်ခိုက်ချင်တယ်ဆိုရင် ငါတို့မြင့်မြတ်သောနန်းတော်ကလည်း အဆင်သင့်ပဲ။"
"ပြီးတော့ မင်းတို့ကန်ရွှမ်းကလန်က ရွေးချယ်ခံတွေက ဘာမဟုတ်တဲ့ တပည့်ခေါင်းဆောင်လေး တစ်ယောက်အတွက် ငါ့ကိုတိုက်ခိုက်မှာတဲ့လား။"
ကျင်းချန်းဇယ်မှာ အဝေးရှိ ပြိုကျနေသော ကျောက်တုံးကျောက်ဆောင်များအား ကြည့်ရှုလိုက်သည်။ နန်းဆောင်သခင်သည် ဇူယွမ်အသက်သေသည်၊ ရှင်သည်အား ဂရုမစိုက်ဟု ပြောခဲ့သည်။ ထိုကြောင့် ကျင်းချန်းဇယ်မှာ ဇူယွမ်၏ခန္ဓာကိုယ်ကိုသာ သယ်ဆောင်သွားရန် လိုအပ်ပေသည်။
"ဇူယွမ်က တခြားသူတွေနဲ့ မတူဘူး။ ရွေးချယ်ခံတွေက ဘာမှမလုပ်ဘူးဆိုရင်တောင် လူတစ်ယောက်ကတော့ နင့်ကိုလုံးဝအလွတ်ပေးလိမ့်မယ် မထင်နဲ့။" ထန်းမုရှင်းမှ အံကြိတ်ကာ စကားဆိုလိုက်သည်။
ထန်းမုရှင်းသည် ယောင်ယောင်အား ဆိုလိုခြင်းပင် ဖြစ်သည်။
ထန်းမုရှင်းသည် အခြားရွေးချယ်ခံများအကြောင်း သေချာသိရှိခြင်း မရှိပါသော်လည်း ယောင်ယောင်သည် ဇူယွမ်တစ်ဦးတည်းကိုသာ အလေးထားသူဖြစ်သောကြောင့် ယခုအခြေအနေအကြောင်း သိရှိထားပါက သူမအား မည်သူမျှ တားဆီး၍ရနိုင်မည်ပင် မဟုတ်ပေ။
ယောင်ယောင်မှာ ကျင်းချန်းဇယ်၏ အသက်ကိုပင် အညှာအတာမဲ့စွာ နှုတ်ယူလိမ့်မည် ဖြစ်သည်။
ထို့အပြင် ထန်ထန်ဟူသော ယောင်ယောင်၏ ချစ်စဖွယ်သတ္တဝါလေးလည်း ရှိသေးသည်။
ကျင်းချန်းဇယ်မှာ အလေးမထားဟန်ဖြင့် ခပ်ပြုံးပြုံးသာလုပ်နေသည်။ သူသည် ထန်းမုရှင်း၏ စကားများအား အနည်းငယ်မျှပင် အလေးအနက်ထားခြင်း မရှိချေ။
ထန်းမုရှင်းမှာ အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီးနောက် ပြိုကျနေသော ကျောက်တုံးကျောက်ဆောင်များအား ကြည့်ရှုလိုက်သည်။ သူမသည် ဇူယွမ်အသက်ရှိလျက် ရှိနေရန်သာ အကြိမ်ကြိမ် ဆုတောင်းနေမိ၏။ ထိုသို့သာမဟုတ်ပါက ယောင်ယောင်မှာ ဤပတ်ဝန်းကျင်တစ်ခုလုံးအား တစ်စမကျန် ဖျက်စီးပစ်လိမ့်မည်ဟု ခံစားနေရသည်။
အခြားသော တပည့်ခေါင်းဆောင်များမှာလည်း ထန်းမုရှင်းနှင့်အတူ ဇူယွမ်ရှိရာသို့ သွားရောက်လိုက်သည်။
ကျင်းချန်းဇယ်မှာ ထိုမြင်ကွင်းအား ကျေနပ်အားရစွာဖြင့်သာ ပြုံး၍ကြည့်ရှုနေသည်။ သူသည် အစောပိုင်းတိုက်ခိုက်မှုနှင့်ပက်သတ်၍ အပြည့်အဝ ယုံကြည်ချက် ရှိ၏။ အဘယ့်ကြောင့်ဆိုသော် အနည်းငယ်မျှပင် သက်ညှာခြင်းမရှိပဲ စွမ်းအင်အပြည့်အဝအား အသုံးပြုထားခြင်းပင် ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဇူယွမ်မှာ မည်သို့မျှ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ပေ။
"ဇူယွမ်..."
ထန်းမုရှင်းနှင့် အခြားသူများမှာ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလျက် ပြိုကျနေသော ကျောက်တုံးကျောက်ဆောင်များအား ဖယ်ရှားလိုက်သည်။
ထန်းမုရှင်းတို့မှာ ဇူယွမ်နာမည်အား တဖွဖွခေါ်လျက် လိုက်ရှာနေစဉ်မှာပင် အသံတစ်ခု ထွက်ပေါ်လာသည်။ "ဆက်တိုက်ခေါ်မနေနဲ့။"
၎င်းတို့အားလုံးမှာ အလွန်အံ့အားသင့်သွားရပြီး ကိုယ့်နားကိုယ်ပင် မယုံကြည်နိုင် ဖြစ်သွားကြရသည်။
"ဒါ....ဒါ...ဇူယွမ်ရဲ့အသံနဲ့ တူသလိုပဲ။" ကျင်ကျန်းမှ တွေဝေစွာ ရေရွတ်လိုက်သည်။
ထန်းမုရှင်းတို့မှာ မယုံကြည်နိုင်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်ရှုနေမိကြသည်။ အစောပိုင်း၌ ကျင်းချန်းဇယ်၏ တိုက်ခိုက်မှုမှာ အလွန်ပြင်းထန်လွန်းလှကြောင်း ၎င်းတို့အားလုံး သိရှိထားကြ၏။ ဇူယွမ်၏ ပြင်ပခန္ဓာမှာ အခြားသူများထက် မည်မျှပင် သန်မာနေပါစေ ထိုသို့ပြင်းထန်လှသည့် တိုက်ခိုက်မှုအား ခံနိုင်ရည် ရှိလိမ့်မည် မဟုတ်ပါချေ။
ဘန်း.....
ထန်းမုရှင်းတို့ ကြောင်အမ်းအမ်း ဖြစ်နေစဉ်မှာပင် ကျောက်တုံးကျောက်ဆောင်များကြားထဲမှ ဖုန်မှုန့်များ ပေကျံနေသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
၎င်းတို့မှာ ထိုပုံရိပ်အား မျက်လုံးပြူးမျက်ဆံပြူးဖြင့် ငေးမောကြည့်ရှုလိုက်မိကြသည်။
ထိုပုံရိပ်မှာ ဖုန်မှုန့်များ ပေကျံနေပါသော်လည်း ခန္ဓာကိုယ်ပေါ်၌ ခြစ်ရာတစ်ခုမျှပင် ထင်ကျန်နေခြင်း မရှိပေ။
ကျင်းချန်းဇယ်၏ တိုက်ခိုက်မှုမှာ ဇူယွမ်အား အနည်းငယ်မျှပင် ထိခိုက်စေနိုင်ခြင်း မရှိခဲ့ချေ။
ထန်းမုရှင်းတို့သာမက ပတ်ဝန်းကျင်ရှိ စောင့်ကြည့်နေသော သူများအားလုံးမှာလည်း အလွန်ပင် အံ့အားသင့်သွားရသည်။ တိတ်ဆိတ်ငြိမ်သက်နေသော အဆောက်အဦးအတွင်း အာမေဋိတ်သံများ အစီအရီ ပေါ်ထွက်လာလေသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."
လသာဆောင်ထက်တွင်ရှိနေကြသော တပည့်ခေါင်းဆောင်များမှာ မြင်တွေ့နေရသော မြင်ကွင်းအား မယုံကြည်နိုင် ဖြစ်နေကြရသည်။
ကျင်းချန်းဇယ်၏ တိုက်ခိုက်မှုမှာ အလွန်ပင် ပြင်းထန်လွန်းလှ၏။ ထိုသည်ကိုပင် အဘယ့်ကြောင့် ဇူယွမ်မှာ ထိခိုက်ဒဏ်ရာ တစ်ခုတစ်လေမျှပင် မရရှိခဲ့ပါသနည်း။
"ဟူး...."
ကျိုးချူးချင်ယုမှာ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်မိသည်။ သူမသည် ရင်ဘတ်လေးအား ခပ်ဖွဖွပုတ်လျက် တိုးညင်းစွာ ရေရွတ်လိုက်သည်။ "ငါတကယ်လန့်ခဲ့ရတာ..."
ကျိုးချူးချင်ယုမှာ စိတ်သက်သာရာ ရသွားပြီးနောက် အခြားသူများကဲ့သို့ပင် အံ့အားသင့်နေသော မျက်ဝန်းလေးများဖြင့် ဇူယွမ်အား ငေးမောကြည့်ရှုနေမိသည်။ သူမသည်လည်း ဇူယွမ် အနည်းငယ်မျှပင် ထိခိုက်ဒဏ်ရာ မရခဲ့ခြင်းအပေါ် နားမလည်နိုင် ဖြစ်နေရ၏။
များပြားလှသော အကြည့်များစွာ၏အောက်၌ပင် ဇူယွမ်မှာ ဖုန်မှုန့်များအား ခါထုတ်လိုက်ပြီးနောက် အဝေးတွင်ရှိနေသော ကျင်းချန်းဇယ်အား ပြုံး၍ကြည့်ရှုလိုက်သည်။ "တကယ်ကို စည်းမျဉ်းစည်းကမ်းတွေ နားမလည်တဲ့ကောင်ပဲ။ မင်းတို့မြင့်မြတ်သောနန်းတော်က အဲ့လိုပဲ သင်ပေးထားတာလား။"
အဝေးတွင်ရှိနေသော ဟော်ထျန်းနှင့် အခြားသူများမှာ ဇူယွမ်အား ကြည့်ရှုလျက် အလွန်ပင် အံ့အားသင့်နေကြရသည်။
ကျင်းချန်းဇယ်မှာ အံ့အားသင့်နေရပါသော်လည်း ဇူယွမ်အားကြည့်ကာ အလျင်အမြန် ပြုံးလိုက်၏။ "မင်းအသက်ရှင်နေသေးတာပဲ။ တော်တော်အသက်ပြင်းတဲ့ကောင်ပါလား။"
ဇူယွမ်မှာ အကြောများကို ဆန့်ထုတ်လိုက်သည်။ သူ၏ အမူအရာမှာ တည်ငြိမ်နေပါသော်လည်း မျက်ဝန်းများမှာ သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်နေလျက် ရှိသည်။
ဇူယွမ်၏ လက်ဝါးထက်မှ အဝါရောင်အရည်မှာ မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ကျဆင်းသွားပြီးနောက် ရုတ်ချည်းဆိုသလိုပင် ပျောက်ကွယ်သွား၏။
ထိုအရာမှာ မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနား၌ ရရှိခဲ့သော အစစ်အမှန် နဂါးရေစင်ပင် ဖြစ်သည်။
အစစ်အမှန်နဂါးရေစင်သည် ရွေးချယ်ခံအဆင့် ရှိသူတစ်ဦး၏ တိုက်ခိုက်မှုကိုပင် အပြည့်အဝ ကာကွယ်ထားနိုင်သည်အထိ ခုခံနိုင်စွမ်း ကောင်းမွန်လှသည်။
စင်စစ်အားဖြင့် ဇူယွမ်မှာ ကျင်းချန်းဇယ်၏ အလစ်တိုက်ခိုက်မှုအား ခံယူရလိမ့်မည်ဟု အနည်းငယ်မျှပင် ထင်မှတ်မထားခဲ့ပေ။ ထို့ကြောင့် ဇူယွမ်မှာ ရှောင်ရှားရန်ပင် အချိန်မရလိုက်ပဲ အစစ်အမှန် နဂါးရေစင်ကိုသာ အသုံးပြုလိုက်ရခြင်း ဖြစ်သည်။
အစစ်အမှန် နဂါးရေစင်ကြောင့်သာ မဟုတ်ပါက ဇူယွမ်မှာ အသက်မသေလျှင်ပင် ဆိုးရွားစွာ ထိခိုက်ဒဏ်ရာ ရရှိသွားရလိမ့်မည် ဖြစ်သည်။
ကျင်းချန်းဇယ်မှာ တည်ငြိမ်သောအမူအရာဖြင့် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် မင်းကတကယ် စိတ်ဝင်စားဖို့ကောင်းတဲ့ကောင်ပဲ။ နန်းဆောင်သခင်က မင်းကိုအာရုံစိုက်နေတာ မထူးဆန်းတော့ဘူး။"
"ဒါပေမယ့် ပြောရရင် ငါ့တိုက်ခိုက်မှုကနေ လွတ်သွားတယ်ဆိုတာ ဘယ်လိုမှ မင်းရဲ့အရည်အချင်း အစစ်အမှန် မဖြစ်နိုင်ဘူး။ မင်းမှာ အကာအကွယ်ပေးနိုင်တဲ့ ရတနာတစ်ခုခု ရှိနေတာပဲ ဖြစ်ရမယ်။ ဟုတ်တယ်မလား။"
"အဲ့လိုရတနာတွေက အသုံးပြုရတာ အကန့်အသတ်တော့ ရှိတယ်နော်။"
"မင်းကို တစ်ခါကယ်လိုက်နိုင်ပေမယ့် နှစ်ခါဆိုရင်ရော အလုပ်ဖြစ်ပါ့မလား။ ဒါမှမဟုတ် ဆယ်ခါဆိုရင်ရော..."
ကျင်းချန်းဇယ်မှာ မိစ္ဆာတစ်ကောင်အလား ပြုံးလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်မှ ကျောက်စိမ်းရောင် ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာသည်။ ချီစွမ်းအင်များမှ ထွက်ပေါ်လာသော ပြင်းထန်လှသည့် စွမ်းအင်ဖိအားများကြောင့် စောင့်ကြည့်နေကြသူများ၏ မျက်ဝန်းများမှာ ကြောက်ရွံ့မှုအရိပ်အယောင်များဖြင့် ပြည့်နှက်သွားရသည်။
ဇူယွမ်မှာ ကျင်းချန်းဇယ်ထံမှ အန္တရာယ်အငွေ့အသက်များကို ခံစားနေမိပါသော်လည်း အနည်းငယ်မျှပင် ကြောက်ရွံ့ထိတ်လန့်ခြင်း မရှိချေ။ ကျင်းချန်းဇယ်သည် အခြားသူများထက် များစွာသန်မာပါသော်လည်း သူသာသတိရှိနေပါက အလစ်တိုက်ခိုက်ရန် လွယ်ကူတော့မည် မဟုတ်ပေ။
"မင်းထွက်မပြေးသေးဘူးလား။" ကျင်းချန်းဇယ်မှ ဇူယွမ်အားကြည့်ကာ ပြုံး၍ပြောလိုက်သည်။ "အဲ့ဒါဆိုလည်း သေလိုက်တော့။" သူသည် အရှေ့သို့ထွက်လာလျက် တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။
သို့သော် ထိုအချိန်မှာပင် အလွန်အန္တရာယ်ရှိသော စွမ်းအင်အငွေ့အသက်တစ်ခုအား ခံစားလိုက်ရသောကြောင့် ကျင်းချန်းဇယ်၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားရသည်။
ကျင်းချန်းဇယ်မှ ထိုအန္တရာယ်အငွေ့အသက်ရှိရာသို့ ကြည့်ရှုလိုက်သောအခါတွင် စိမ်းပြာရောင် အဝတ်အစားများအား ဆင်မြန်းထားသော အလွန်လှပလွန်းသည့် နတ်မိမယ်တမျှ မိန်းမလှလေးအား တွေ့ရှိလိုက်ရသည်။
ထိုမိန်းမလှလေး၏ နီထွေးသော နှုတ်ခမ်းသားလေးမှာ ပွင့်ဟလာပြီးနောက် အေးစက်လှသောအသံတစ်ခု ထွက်ပေါ်လာသည်။
"နင်...နင်သူ့ကိုသေစေချင်နေတာလား။"
သူမ၏အသံမှာ ဒေါသအငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး အေးစက်ခက်ထန်လွန်းလှလေတော့သည်။