← Chapters

ယောင်ယောင်ရောက်ရှိလာခြင်း

Vol. 44 Ch. 608

ယောင်ယောင်ရောက်ရှိလာခြင်း

Vol. 44 Ch. 608

"နင်....သူ့ကိုသေစေချင်လား...."

နတ်မိမယ်တမျှ လှပလွန်းလှသော မိန်းမငယ်လေးထံမှ ကျောချမ်းဖွယ် အေးစက်ခက်ထန်လှသည့် အသံတစ်ခု ထွက်ပေါ်လာသည်။

စောင့်ကြည့်နေကြသူများမှာ အေးစက်လွန်းလှသော အသံကြောင့် ကြက်သီးမွှေးညှင်းများ ထကုန်ကြရသည်။ ၎င်းတို့အားလုံးမှာ ထိုမိန်းမလှလေးအား ကြောက်ရွံ့ထိတ်လန့်သော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်ကြသည်။

"သူမကဘယ်သူလဲ။"

"သူမရဲ့ အင်္ကျီလက်ပေါ်က တံဆိပ်အရဆိုရင်တော့ ကန်ရွှမ်းကလန်ကပဲ။ ဒါပေမယ့် ကျင်းချန်းဇယ်ကို အဲ့လိုအသံနဲ့ ပြောရဲတဲ့သူမျိုး ငါတစ်ခါမှ မတွေ့ဖူးသေးဘူး။ သူမက ကန်ရွှမ်းကလန်ရဲ့ ရွေးချယ်ခံတစ်ယောက်ဖြစ်မယ်လို့ ထင်တာပဲ။ ကန်ရွှမ်းကလန်ရဲ့ အထူးချွန်ဆုံး ရွေးချယ်ခံခုနစ်ယောက်ထဲမှာတော့ မိန်းကလေးဆိုလို့ လီချင်းချန်တစ်ယောက်ပဲပါတာ။ လီချင်းချန်က တော်တော်လှတဲ့ မိန်းကလေးတစ်ယောက်ပဲ။ ဒါပေမယ့် ဒီမိန်းကလေးကတော့ လီချင်းချန် မဟုတ်ဘူး။"

စောင့်ကြည့်နေကြသူများမှာ ရောက်ရှိလာသော မိန်းမငယ်လေးအားကြည့်၍ တီတိုးဝေဖန်နေကြပါသော်လည်း မည်သူကမှ ထိုမိန်းမငယ်လေး၏ဇစ်မြစ်အား သိရှိကြခြင်း မရှိချေ။ ယောင်ယောင်မှာ ကန်ရွှမ်းကလန်၏ ရွေးချယ်ခံများစာရင်းတွင် ပါဝင်နေခြင်း မရှိသဖြင့် ပတ်ဝန်းကျင်၌ ရှိနေကြသူများမှာ သူမအား အစိမ်းသက်သက် ဖြစ်နေကြရသည်။

"ယောင်ယောင်..."

လူအများစုမှာ ထိုမိန်းမငယ်လေးအား မရင်းနှီးကြပါသော်လည်း ကျိုးချူးချင်ယုမှာမူ လသာဆောင်ထက်၌ ခုန်ပေါက်လိုက်မိသည်။ သူမ၏ ညှို့ငင်အားကောင်းလှသော မျက်ဝန်းလေးများမှာ ခြံဝန်းအတွင်းရှိ နတ်မိမယ်တမျှ လှပလွန်းလှသော မိန်းမငယ်လေးအား စူးစိုက်ကြည့်ရှုနေလျက် ရှိသည်။

အလှပန်းတစ်ရာနန်းတော်၏ တပည့်ခေါင်းဆောင်တစ်ဦးမှာ ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်သည်။ "ချင်ယု သူမကဘယ်သူလဲ။"

စိမ်းပြာရောင် အဝတ်အစားများအား ဆင်မြန်းထားသော ထိုမိန်းမငယ်လေး ရောက်ရှိလာမှုမှာ လူတိုင်းအား အံ့အားသင့်သွားစေခ့ဲသည်။ သူမ၏ ခန္ဓာကိုယ်ထံမှ ချီစွမ်းအင် အငွေ့အသက် အနည်းငယ်မျှပင် မရရှိပါသော်လည်း သူမထံမှ ထွက်ပေါ်နေသော အန္တရာယ် အငွေ့အသက်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။

"သူမနာမည်က ယောင်ယောင်တဲ့။ ကန်းမင်တိုက်ကြီးကပဲ။ သူမနဲ့ဇူယွမ်ရဲ့ ဆက်ဆံရေးက အရမ်းထူးခြားတယ်။" ကျိုးချူးချင်ယုမှ စကားဆိုလိုက်သည်။

"သူမကလည်း ကန်းမင်တိုက်ကြီးကပဲလား။" အလှပန်းတစ်ရာနန်းတော်မှ တပည့်ခေါင်းဆောင်မှာ အံ့အားသင့်သွားရသည်။ "သူမရဲ့ အဓိကစွမ်းရည်ကဘာလဲ။"

ကျိုးချူးချင်ယုမှ ရှင်းပြလိုက်သည်။ " ယောင်ယောင်က အရမ်းထူးခြားတယ်။ သူမရဲ့ စွမ်းရည်ကို တိတိကျကျ ကျွန်မလဲမသိဘူး။ ဒါပေမယ့် ကျွန်မတို့အားလုံးထဲမှာ သူမက အသန်မာဆုံးပဲ။ ဇူယွမ်တောင်မှ သူမကို မယှဉ်နိုင်ဘူး။"

"ကျင်းချန်းဇယ်ကတော့ ကံဆိုးတာပဲ။"

ကောင်းကင်တစ္ဆေကလန်၏ တပည့်ခေါင်းဆောင် လျှိုဖူမှ ဝင်ရောက်ပြောဆိုလိုက်သည်။ "မင်းဟာသတွေ ပြောနေတာလား။ ကျင်းချန်းဇယ်က ကန်ရွှမ်းကောင်းကင်ဒေသ တစ်ခုလုံးမှာတောင် ရွေးချယ်ခံ အဆင့်သတ်မှတ်ချက်မှာ ထိပ်သီးငါးယောက်ထဲ ဝင်တဲ့သူနော်။ သူ့ကိုနိုင်တဲ့သူဆိုတာ လက်ချိုးရေလို့ရတယ်။"

ကျိုးချူးချင်ယုမှာ လျှိုဖူအား မျက်စောင်းတစ်ချက်မျှသာထိုးလိုက်ပြီး မည်သည့်စကားမှ ဆက်လက်ပြောဆိုခြင်း မရှိတော့ပေ။

"သူမက ကျင်းချန်းဇယ်ကို တကယ်ရော ဒုက္ခပေးနိုင်မှာလားဆိုတာ စောင့်ကြည့်ရသေးတာပေါ့။" လျှိုဖူမှ ရေရွတ်လိုက်သည်။

"ယောင်ယောင်..." ဇူယွမ်မှာ လှပလွန်းလှသော မိန်းမငယ်လေးအား မြင်တွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် အလွန်ပင် ပျော်ရွှင်သွားရပြီးနောက် လက်အားဝေ့ယမ်းပြလိုက်သည်။

သို့သော် ယောင်ယောင်မှာ ဇူယွမ်အား တစ်ချက်မျှသာ ကြည့်ရှုလိုက်သည်။ သူမ၏ပုံစံမှာ ဇူယွမ်အား အနည်းငယ် စိတ်ဆိုးနေဟန် ရှိ၏။

ကျင်းချန်းဇယ်၏ အလစ်တိုက်ခိုက်မှုအား ခံယူရလောက်အောင် သတိလက်လွတ် ဖြစ်နေမှုကြောင့် ယောင်ယောင်မှာ စိတ်ဆိုးနေရခြင်းဖြစ်ကြောင်း ဇူယွမ်မှ သိရှိနေလေသည်။

ယောင်ယောင်မှာ ဇူယွမ်အား လျစ်လျူရှုထားလျက် ကျင်းချန်းဇယ်အား အေးစက်ခက်ထန်သော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်သည်။

ကျင်းချန်းဇယ်မှာလည်း ယောင်ယောင်အား စူးစိုက်ကြည့်ရှုနေလျက် ရှိသည်။ သူသည် အစောပိုင်းနေ့များတွင် ကန်ရွှမ်းကလန်နှင့် တိုက်ခိုက်ခဲ့စဉ်၌ ယောင်ယောင်အား တွေ့ရှိခဲ့ရသောကြောင့် မှတ်မိနေရသည်။

ယောင်ယောင် တိုက်ခိုက်သည်မှာ အလွန်ရှားပါးလွန်းလှပြီး အထူးသဖြင့် သူမအနားတွင်ရှိနေသော ထူးခြားလှသည့် မူလသားရဲကြီးကသာ တိုက်ခိုက်ခြင်း ဖြစ်သည်။ ထိုမူလသားရဲကြီးမှာ အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှပြီး တိုက်ခိုက်မှုစွမ်းရည်၌လည်း ရွေးချယ်ခံများထက် အနည်းငယ်မျှပင် လျော့နည်းခြင်း မရှိပေ။

"အော်....ကန်ရွှမ်းကလန်က ရွေးချယ်ခံအသစ်လေးပါလား။ မင်းရောက်လာတာ တအားမြန်တာပဲ။ ဘာပဲဖြစ်ဖြစ် မင်းရောက်လာပြီဆိုမှတော့ ဒီကောင်လေးကို ငါသင်ခန်းစာပေးလို့ မရတော့ဘူးပေါ့။ ထားလိုက်ပါတော့လေ။ ဒီကိစ္စကို ဒီမှာပဲ ရပ်လိုက်တော့မယ်။" ကျင်းချန်းဇယ်မှ ပြုံးကာပြောလိုက်သည်။

ကျင်းချန်းဇယ်မှာ ​အနောက်သို့ ပြန်လည်ဆုတ်ခွာလိုက်သည်။

သို့သော် ထိုအချိန်မှာပင် ကျင်းချန်းဇယ်ထံသို့ မမြင်နိုင်သော စိတ်ဝိဉာဉ်စွမ်းအင်တစ်ခု ရောက်ရှိလာလေသည်။

ကျင်းချန်းဇယ်ထံမှ ကျောက်စိမ်းရောင် ချီစွမ်းအင်များ ထွက်ပေါ်လာကာ ထိုစိတ်ဝိဉာဉ်စွမ်းအင်အား ခုခံလိုက်သည်။ သို့သော် စိတ်ဝိဉာဉ်စွမ်းအင်မှာ ပြင်းထန်လွန်းလှသဖြင့် ကျင်းချန်းဇယ်၏ ခန္ဓာကိုယ်တစ်ခုလုံးသည်ပင် တုန်လှုပ်နေရသည်။

"ဒီကိစ္စက ဒီနေရာမှာတင် ပြီးပြီလို့ ဘယ်သူပြောလဲ။" ယောင်ယောင်မှ အေးစက်စွာ စကားဆိုလိုက်သည်။

ကျင်းချန်းဇယ်မှ ယောင်ယောင်အားကြည့်ကာ ပြောလိုက်သည်။ "မင်းကငါ့ကို တိုက်ခိုက်ချင်နေတယ်လို့တော့ မပြောနဲ့နော်။ ကလန်တွေအားလုံးက ရွေးချယ်ခံတွေက ကြီးမြတ်သောရှန်းဟွတောင်တန်းကို သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေကြတာ။ ငါတို့ရွေးချယ်ခံတွေအားလုံးက အခုအချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ငြိမ်းငြိမ်းချမ်းချမ်းပဲ။ အဲ့ဒါကို မင်းကဖျက်စီးမလို့လား။ "

ယောင်ယောင်မှ စကားဆိုလိုက်သည်။ "အဲ့ဒါကိုငါက ဘာလို့ဂရုစိုက်နေရမှာလဲ။"

ကျင်းချန်းဇယ်မှာ အံ့အားသင့်စွာဖြင့် ယောင်ယောင်အား ငေးမောကြည့်ရှုလိုက်မိသည်။ သူ၏ရှေ့တွင် မြင်နေရသော မိန်းမလှလေးသည် ကြီးမြတ်သောရှန်းဟွတောင်တန်းထံမှ အကျိုးအမြတ်များအား စိတ်ဝင်စားခြင်း မရှိရလောက်အောင်ပင် အေးစက်လွန်းလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

"မင်းကဘာလုပ်ချင်တာလဲ။" ကျင်းချန်းဇယ်မှ အေးစက်စွာ ပြောလိုက်သည်။

"ငါပြောသလိုပဲ။ နင်ကသူ့ကို သေစေချင်တယ်ဆိုရင် နင်အရင်သေမှရမယ်။" ယောင်ယောင်၏ လှပသော မျက်ခုံးနှစ်ခုကြားမှ စိတ်ဝိဉာဉ်စွမ်းအင် ထွက်ပေါ်လာသည်။

ဝုန်း...

မြေပြင်တစ်ခုလုံးမှာ ပြင်းထန်စွာ တုန်ခါသွားရပြီးနောက် များပြားလှသော ကျောက်တုံးကျောက်ဆောင်များစွာ ထွက်ပေါ်လာကာ စက်လုံးတစ်ခုအသွင်အဖြစ်သို့ ပြောင်းလဲသွားသည်။

ဝှစ်.....

စက်လုံးကြီးမှာ ပြင်းထန်လှသောအရှိန်ဖြင့် အောက်သို့ထိုးဆင်းလာသည်။ ထိုစက်လုံးကြီးအား စိတ်ဝိညာဉ်စွမ်းအင်အလွှာဖြင့် ကာရံထားခြင်း ဖြစ်သည်။

ကျင်းချန်းဇယ်မှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားရပြီးနောက် ချက်ချင်းပင် လက်နှစ်ဖက်အား အတူတကွ  ချိတ်ဆက်ကာ ကျောက်စိမ်းရောင် ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။ ထိုကျောက်စိမ်းရောင် ချီစွမ်းအင်များမှာ ကြီးမားလှသော လက်ကြီးတစ်ဖက်အသွင်သို့ ပြောင်းလဲသွားလေသည်။

"သန်းချီသောအဆိပ်လက်ဝါး....."

ထိုချီလက်ဝါးကြီး၏ အလယ်ဗဟို၌ အဆိပ်ချီများ စုဝေးသွားသည်။

ဝုန်း.....

စွမ်းအင်နှစ်ခု တွေ့ဆုံသွားရပြီးနောက် ကောင်းကင်တစ်ခွင်လုံး ပေါက်ကွဲသွားမတက် ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များ ထွက်ပေါ်လာသည်။ ထိုစွမ်းအင်လှိုင်းဂယက်များကြောင့် အဆောက်အဦးမှာ တုန်ခါနေရပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာလည်း ပျက်စီးသွားရသည်။

အဆောက်အဦးထက်၌ ရှိနေကြသူများမှာ လျင်မြန်လှသောအရှိန်ဖြင့် ခြံဝန်းအတွင်းသို့ ပျံဝဲဆင်းသက်လာရသည်။

၎င်းတို့အားလုံး၏ မျက်ဝန်းများမှာ ကြောက်ရွံ့ထိတ်လန့်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေလေသည်။

ယောင်ယောင်မှာ အစောပိုင်းတွင် ရပ်နေခဲ့သော နေရာ၌သာ ရှိနေဆဲဖြစ်ပါသော်လည်း ကျင်းချန်းဇယ်မှာ အနောက်သို့ လွင့်စင်သွားရသည်။ သူ၏ မျက်ဝန်းထောင့်မှ သွေးစအချို့လည်း ယိုစီးကျလျက် ရှိသည်။

"တော်တော်အားပြင်းတဲ့ စိတ်ဝိဉာဉ်စွမ်းအင်ပဲ။" ကျင်းချန်းဇယ်မှာ အလိုမကျသော အမူအရာဖြင့် စကားဆိုလိုက်သည်။ သူသည် ချီစွမ်းအင်ကိုသာ လျင်မြန်စွာဖြင့် ထပ်မံထွက်ပေါ်စေခြင်းမရှိခဲ့ပါက  သူ၏စိတ်ဝိဉာဉ်မှာ ပျက်စီးနေလောက်ပြီပင် ​ဖြစ်သည်။

စောင့်ကြည့်နေကြသောသူများမှာ အလွန်ပင် အံ့အားသင့်နေကြရသည်။ ထိပ်တိုက်တွေ့ဆုံမှု၌ အသာစီးရသည့်သူမှာ ယောင်ယောင်ဖြစ်နေလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ကြချေ။

ကျိုးချူးချင်ယုမှာ ကောင်းကင်တစ္ဆေကလန်မှ တပည့်ခေါင်းဆောင် လျှိုဖူအား ကြည့်ရှုလိုက်ပြီးနောက် ပြုံးကာပြောလိုက်သည်။ "အခုတွေ့ပြီမလား။"

လျှိုဖူမှာ ဖြူရော်နေသော အမူအရာဖြင့် ယောင်ယောင်၏ပုံရိပ်အား ကြောက်ရွံ့ထိတ်လန့်စွာ ကြည့်ရှုနေမိသည်။ ထို့နောက် ကျိုးချူးချင်ယုအား ရှက်ရွံ့စွာဖြင့်သာ ပြုံးပြလိုက်ရသည်။

ကျင်းချန်းဇယ်မှ ယောင်ယောင်အားကြည့်ကာ အေးစက်စွာဖြင့် စကားဆိုလိုက်သည်။ "မင်းဆော့လို့ဝပြီလား။"

"ဆော့တာဟုတ်လား။" ယောင်ယောင်မှ ဖြည်းညင်းစွာ ပြောလိုက်သည်။ "ငါကနင်နဲ့ဆော့တယ်လို့ ထင်နေတာလား။"

"ငါပြောခဲ့ပြီးပြီ။ နင်သူ့ကို သေစေချင်တယ်ဆိုရင် ဒီနေ့ နင်အရင်သေကိုသေရမယ်။"

ယောင်ယောင်၏ မျက်ခုံးနှစ်ခုကြားမှ ပြင်းထန်လှသော စိတ်ဝိဉာဉ်စွမ်းအင်များ ထွက်ပေါ်လာကာ ဒြပ်မဲ့မီးတောက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုမီးတောက်မှာ ယောင်ယောင်၏ နူးညံ့လှပသော လက်ဖဝါးပေါ်သို့ ဆင်းသက်လာလေသည်။

ကျင်းချန်းဇယ်မှာ ထိုမီးတောက်အား ကြည့်ရှုလိုက်ပြီးနောက် အလွန်ပင် ထိတ်လန့်တုန်လှုပ်သွားရသည်။

"စိတ်ဝိညာဉ်မီးတောက်လား..."

ကျင်းချန်းဇယ်၏ ကြောက်ရွံ့စွာဖြင့် အော်ဟစ်လိုက်သောအသံမှာ အရပ်ရှစ်မျက်နှာသို့ ပဲ့တင်ထပ်သွားရလေတော့သတည်း.....

All Chapters