← Chapters

စိတ်ဝိဉာဉ်မီးတောက်

Vol. 44 Ch. 609

စိတ်ဝိဉာဉ်မီးတောက်

Vol. 44 Ch. 609

ဒြပ်မဲ့မီးတောက်ငယ်တစ်ခုမှာ ယောင်ယောင်၏ နူးညံ့လှပသော လက်ဝါးပေါ်၌ ဆန်းကြယ်စွာ တောက်လောင်နေလျက် ရှိသည်။ ထိုမီးတောက်ငယ်ထံမှ မည်သည့်အန္တရာယ်အငွေ့အသက်မှ ထွက်ပေါ်နေခြင်း မရှိပါသော်လည်း ကျင်းချန်းဇယ်၏ အမူအရာမှာ ပြောင်းလဲသွားရသည်။

အဘယ့်ကြောင့်ဆိုသော် ထိုဒြပ်မဲ့မီးတောက်ငယ်မှာ စိတ်ဝိဉာဉ်မီးတောက် ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။

ထိုဆန်းကြယ်လှသော မီးတောက်ငယ်မှာ စိတ်ဝိညာဉ်၏စွမ်းအင်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားခြင်း ဖြစ်သည်။ စိတ်ဝိဉာဉ်မီးတောက်အား ဖန်တီးနိုင်ရန် အခြေခံအားဖြင့် ကျွမ်ရှင်းစိတ်ဝိဉာဉ်အဆင့်၏ တတိယမြောက်အဆင့်သို့ ရောက်ရှိနေရန် လိုအပ်ပေသည်။

ကျွမ်ရှင်းစိတ်ဝိဉာဉ်အဆင့်မှာ ချီကျင့်ကြံခြင်း၏ နတ်ဘုံခန်းဝါအဆင့်နှင့် နှိုင်းယှဉ်၍ရနေပြီပင် ဖြစ်သည်။

ယောင်ယောင်၏ လက်ပေါ်တွင်ရှိနေသော စိတ်ဝိဉာဉ်မီးတောက်မှာ အစစ်အမှန် စိတ်ဝိဉာဉ်မီးတောက်အဆင့်သို့ ရောက်ရှိခြင်း မရှိသေးပါသော်လည်း အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

စိတ်ဝိဉာဉ်မီးတောက်မှာ ခန္ဓာကိုယ်အား ထိခိုက်ဒဏ်ရာ ရစေနိုင်ခြင်း မရှိပါသော်လည်း စိတ်ဝိဉာဉ်အား လောင်ကျွမ်းသွားစေနိုင်သည်။

ထို့အပြင် စိတ်ဝိဉာဉ်မီးတောက်မှာ အရောင်အဆင်း မရှိသောကြောင့် စွမ်းအင်အများအပြားအား အသုံးပြုမှသာ အာရုံခံနိုင်ခြင်း ဖြစ်သည်။

စိတ်ဝိဉာဉ်မီးတောက် ပိုင်ဆိုင်ထားသူအား မည်သူကမျှ လက်လွတ်စပယ် တိုက်ခိုက်ရဲခြင်း မရှိကြပေ။ အဘယ့်ကြောင့်ဆိုသော် အနည်းငယ်မျှ သတိလွတ်သွားသည်နှင့်တစ်ပြိုင်နက် စိတ်ဝိညာဉ်တစ်ခုလုံး လောင်ကျွမ်းပြာကျသွားနိုင်သောကြောင့်ပင် ဖြစ်သည်။

စိတ်ဝိဉာဉ်စွမ်းအင်အား ကျင့်ကြံကြသူများအတွက် စိတ်ဝိဉာဉ်မီးတောက်မှာ အကောင်းမွန်ဆုံး လက်နက်တစ်ခုပင် ဖြစ်​လေသည်။

ထို့ကြောင့် ကျင်းချန်းဇယ်မှာ စိတ်ဝိဉာဉ်မီးတောက်အား မြင်တွေ့လိုက်ရသောအချိန်၌ အလွန်ပင် ထိတ်လန့်ကြောက်ရွံ့သွားရခြင်း ဖြစ်သည်။ ယောင်ယောင်၏ စိတ်ဝိဉာဉ်မီးတောက်မှာ ကျွမ်ရှင်းအဆင့်သို့ ရောက်ရှိရန် လွန်စွာနီးကပ်နေပြီပင် ဖြစ်သည်။

စိတ်ဝိဉာဉ်စွမ်းအင် တစ်ခုတည်းဖြင့် နှိုင်းယှဉ်ရလျှင်ပင် ကျင်းချန်းဇယ်တို့၏ မြင့်မြတ်သောနန်းတော်မှ လူငယ်မျိုးဆက်များအားလုံး၌ပင် ယောင်ယောင်အား ယှဉ်ပြိုင်နိုင်မည့်သူ ရှိလိမ့်မည်မဟုတ်ပေ။

"ဟူး...."

ကျင်းချန်းဇယ်မှာ ယောင်ယောင်သည် ဤနေရာ၌ပင် သူ့အားသတ်ပစ်ရန် အမှန်တကယ် ရည်ရွယ်နေခြင်း​ဖြစ်သည်ဟု စတင်ယုံကြည်လာမိသည်။

ထိုသို့ သတ်ပစ်ချင်ရသည့် အကြောင်းအရင်းမှာလည်း တပည့်ခေါင်းဆောင်လေး တစ်ယောက်အတွက်နှင့် ဖြစ်နေလေသည်။

"ရူးနေတဲ့မိန်းမပဲ။" ကျင်းချန်းဇယ်မှာ ကူကယ်ရာမဲ့စွာဖြင့် စိတ်နှလုံးအတွင်း အော်ဟစ်လိုက်မိသည်။

ဖြောက်....

ယောင်ယောင်မှာ ကျင်းချန်းဇယ်အား အလေးပင်ထားဟန်မရှိပဲ လက်ဖြောက်တစ်ချက်တီးကာ စိတ်ဝိဉာဉ်မီးတောက်အား ရွေ့လျားစေလိုက်သည်။

စိတ်ဝိဉာဉ်မီးတောက်မှာ အလွန်လျင်မြန်လွန်းလှသည့်အပြင် အရောင်အဆင်း ကင်းမဲ့နေသောကြောင့် အာရုံခံနိုင်ရန် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။

ကျင်းချန်းဇယ်မှာ အလွန်ပင် ကြော​က်ရွံ့ထိတ်လန့်သွားရပြီးနောက် တွေဝေတုံ့ဆိုင်းမနေရဲပဲ လျင်​မြန်စွာပင် အနောက်သို့ ဆုတ်ခွာလိုက်သည်။ ထို့နောက် ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေကာ အကာအကွယ်လွှာတစ်ခု ပြုလုပ်လိုက်၏။

ဖောက်....

သို့သော် စိတ်ဝိဉာဉ်မီးတောက် ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် အကာအကွယ်လွှာမှာ အပေါက်ငယ်လေးတစ်ခု ဖြစ်ပေါ်သွားရလေသည်။ စိတ်ဝိဉာဉ်မီးတော​က်မှာ ထိုအပေါက်ငယ်ထံမှတဆင့် ကျင်းချန်းဇယ်ထံသို့ ရောက်ရှိလာသည်။

စိတ်ဝိဉာဉ်စွမ်းအင်မှာ ကြောက်ရွံ့ထိတ်လန့်စွာဖြင့် အနောက်သို့ ဆုတ်ခွာနေသော ကျင်းချန်းဇယ်နောက်သို့ အဆက်မပြတ် လိုက်ပါနေလျက် ရှိသည်။

စောင့်ကြည့်နေကြသူများအားလုံးမှာ ထိုမြင်ကွင်းအား အံ့အားသင့်စွာဖြင့် ကြည့်ရှုနေမိကြသည်။ ထို့နောက် ခြံဝန်းအတွင်းရှိနေသော လှပလွန်းလှသည့် အလှနတ်ဘုရားမလေးအား ကြောက်ရွံ့ထိတ်လန့်နေသော မျက်ဝန်းများဖြင့် ငေးမောကြည့်ရှုလိုက်ကြသည်။

မည်သူကမျှ ထိုနတ်မိမယ်တမျှ လှပလွန်းလှသော မိန်းမငယ်လေးမှာ မြင့်မြတ်သောနန်းတော်၏ တတိယမြောက် အထူးချွန်ဆုံး ရွေးချယ်ခံဖြစ်သူ ကျင်းချန်းဇယ်အား ယခုကဲ့သို့ ဖိနှိပ်နိုင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

ထိုမိန်းမငယ်လေး၏ တိုက်ပွဲစွမ်းရည်မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။

ကျင်းချန်းဇယ်မှာ အနောက်သို့ ဆုတ်ခွာနေရင်းဖြင့် စိတ်ဝိဉာဉ်မီးတောက်မှာ ပို၍ပို၍ လျင်မြန်လာသည်ကို သတိပြုမိလိုက်သည်။ ဤအရှိန်ဖြင့်သာဆိုပါက စိတ်ဝိဉာဉ်မီးတောက်အား မည်သို့မျှ ရှောင်ရှားနိုင်တော့မည်မဟုတ်ပဲ ရင်ဆိုင်ခုခံရန်သာ ရှိတော့သည်။

ကျင်းချန်းဇယ်မှာ တွေးတောလိုက်ပြီးနောက် ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေကာ စိတ်ဝိဉာဉ်မီးတောက်အား ထိပ်တိုက်ရင်ဆိုင်ရန် ပြင်ဆင်လိုက်၏။

ဝှစ်....

စိတ်ဝိဉာဉ်မီးတောက်မှာ ကျင်းချန်းဇယ်နှင့် အလွန်နီးကပ်သော အနေအထားသို့ ရောက်ရှိနေပြီပင် ဖြစ်သည်။

စိတ်ဝိဉာဉ်မီးတောက်မှ ကျင်းချန်းဇယ်နှင့် ထိတွေ့တော့မည့် အချိန်မှာပင် တစ်စုံတစ်ယောက်မှ ကျင်းချန်းဇယ်အား ဆွဲဖယ်ကာ မီးတောက်အား ဆုပ်ကိုင်လိုက်သည်။

စိတ်ဝိဉာဉ်မီးတောက်မှာ ထိတွေ့ခြင်း ပြုလုပ်လိုက်သည်နှင့်တစ်ပြိုင်နက် အသွေးအသားအတွင်းသို့ နစ်မြုပ်သွားတော့သည်။

ကျင်းချန်းဇယ်မှာ သူ့အားဆွဲဖယ်လိုက်သူအား ကြည့်ရှုလိုက်မိသည်။ ထိုသူမှာ အဖြူရောင်ဆံနွယ်များအား ပိုင်ဆိုင်ထားသော ချောမောခန့်ညားသည့် လူငယ်တစ်ဦးပင် ဖြစ်သည်။ ထိုလူငယ်၏ ပုခုံးထက်၌ ဆံစုနှစ်ခု ဖြာကျနေလျက်ရှိပြီး အောက်ဖျားပိုင်းတွင် ခပ်မှိန်မှိန် လင်းလက်တောက်ပနေသော သွေးနီရောင်ပုတီးစေ့နှစ်ခု ရှိနေသည်။

စောင့်ကြည့်နေကြသူများမှာ ထိုအဖြူရောင်ဆံနွယ်ဖြင့် လူငယ်အား တွေ့ရှိလိုက်ရသည်နှင့်တစ်ပြိုင်နက် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြရသည်။ ၎င်းတို့အားလုံးမှာ ထိုလူငယ်အား လေးစားကြောက်ရွံ့သော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်ကြ၏။

ထိုလူငယ်လေးမှာ ရွေးချယ်ခံ အဆင့်သတ်မှတ်ချက်စာရင်း၌ နံပါတ်တစ် အထူးချွန်ဆုံးဖြစ်သည့် ကျောင်းထိုက်ရှင်းပင် ဖြစ်သည်။

စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ကျောင်းထိုက်ရှင်းမှာ ပတ်ဝန်းကျင်အား တစ်ချက်မျှ ကြည့်ရှုစစ်ဆေးလိုက်သည်။ သူ၏ ချောမောခန့်ညားသော မျက်နှာမှာလည်း ခက်ထန်နေရ၏။

ကျောင်းထိုက်ရှင်းသည် စိတ်ဝိဉာဉ်မီးတောက်အား ထိတွေ့လိုက်သောကြောင့် စိတ်ဝိဉာဉ်အတွင်း ပြင်းထန်လှစွာ တိုက်ခိုက်နေရပြီပင် ဖြစ်သည်။

အသက်ရှူချိန် အနည်းငယ်မျှ ကြာမြင့်သွားပြီးသည့်နောက်မှသာ ကျောင်းထိုက်ရှင်းမှာ သက်ပြင်းချလိုက်နိုင်သည်။ ထို့နောက် အေးစက်နေသော မျက်ဝန်းများဖြင့် ယောင်ယောင်အားကြည့်ကာ ပြောလိုက်သည်။ "တော်တော်အားပြင်းတဲ့ စိတ်ဝိဉာဉ်မီးတောက်ပဲ။"

ကျောင်းထိုက်ရှင်းမှာ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ပြီးနောက် စိတ်ဝိဉာဉ်အတွင်းရှိ ယောင်ယောင်၏ စိတ်ဝိဉာဉ်မီးတောက်အား ဖျက်စီးနိုင်ခဲ့ပြီပင် ဖြစ်သည်။

ယောင်ယောင်မှာ အလေးပင်မထားသော မျက်ဝန်းများဖြင့် ကျောင်းထိုက်ရှင်းအား ကြည့်ရှုလိုက်သည်။ ကျောင်းထိုက်ရှင်း ရုတ်တရက် ရောက်ရှိလာမှုကြောင့် အနည်းငယ်မျှပင် ထိတ်လန့်တုန်လှုပ်နေဟန် မရှိချေ။

ကျောင်းထိုက်ရှင်းမှ ပြုံးကာစကားဆိုလိုက်သည်။ "ကန်ရွှမ်းကလန်က မိန်းမလှလေး...ဒီနေ့ကိစ္စကို ဒီလောက်နဲ့ပဲ တော်လိုက်ကြရအောင်။ လက်ခံတယ်မလား။"

ယောင်ယောင်မှ တည်ငြိမ်သောအမူအရာဖြင့်ပင် ပြန်လည်တုံ့ပြန်လိုက်သည်။ "နင့်ဘေးကလူ တိုက်ခိုက်ခဲ့တုန်းကလည်း ရပ်တန့်ဖို့ အတွေးရှိခဲ့တာ မဟုတ်ဘူး။"

ကျောင်းထိုက်ရှင်းမှ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ "ဒီကမိန်းမလှလေးက ဆက်ပြီးတိုက်ခိုက်ချင်တယ်ဆိုတော့လည်း ဘယ်တက်နိုင်ပါ့မလဲ။"

ကျောင်းထိုက်ရှင်း၏ ခန္ဓာကိုယ်မှ ပြင်းထန်လှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာသည်။

ထိုအချိန်မှာပင် ပျင်းရိနေသော အသံတစ်ခု ထွက်ပေါ်လာ၏။ " ကျောင်းထိုက်ရှင်း ... ငါကတိုက်ခိုက်ရမှာကို သေမလောက်ပျင်းတယ်ဆိုပေမယ့် ငါတို့ကန်ရွှမ်းကလန်ရဲ့လူတွေကို အနိုင်ကျင့်ခွင့်ပေးမယ် ထင်နေလား။"

ယောင်ယောင်၏ရှေ့သို့ ပြောင်လက်နေသော ဦးခေါင်းဖြင့် ပုံရိပ်တစ်ခု ရောက်ရှိလာသည်။

စောင့်ကြည့်နေကြသူများမှာ ထပ်မံ၍ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြရသည်။

ထိုသူမှာ ကန်ရွှမ်းကောင်းကင်ဒေသတစ်ခုလုံး၏ ရွေးချယ်ခံများစာရင်းတွင် ဒုတိယမြောက် အထူးချွန်ဆုံးဖြစ်သော ကန်ရွှမ်းကလန်မှ ရွေးချယ်ခံ ချူချင်းပင် ဖြစ်လေသည်။

ဝှစ်.....

လေတိုးသံများနှင့်အတူ ကောင်းကင်ထက်မှ အခြားသော ပုံရိပ်များစွာလည်း ဆင်းသက်လာကြသည်။

ကလန်အသီးသီးမှ ရွေးချယ်ခံများအားလုံး ရောက်ရှိလာကြပြီပင် ဖြစ်သည်။

စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ချူချင်းမှာ ဦးခေါင်းအားပွတ်လျက် ကျောင်းထိုက်ရှင်းအားကြည့်ကာ တောက်ပစွာ ပြုံးရယ်လိုက်သည်။

"ကျောင်းထိုက်ရှင်း မင်းတိုက်ခိုက်ချင်တယ်ဆိုရင် ငါမင်းကိုအဖော်ပြုပေးမှာပေါ့...."

All Chapters