အခြေအနေအားထိန်းသိမ်းခြင်း
Vol. 44 Ch. 610
စောင့်ကြည့်နေကြသူများမှာ ရုတ်ချည်းဆိုသလို ရောက်ရှိလာကြသော ကျောင်းထိုက်ရှင်းနှင့် ချူချင်းတို့အား အံ့အားသင့်စွာ ငေးမောကြည့်ရှုနေမိကြသည်။
ယခုဆိုလျှင် ကန်ရွှမ်းကောင်းကင်ဒေသ တစ်ခုလုံးမှ အထူးချွန်ဆုံး ရွေးချယ်ခံများဖြစ်ကြသည့် ကျောင်းထိုက်ရှင်းနှင့် ချူချင်းမှာ မျက်နှာချင်းဆိုင် အနေအထားတွင် ရှိနေကြခြင်း ဖြစ်သည်။
ရှန်ဇူတိုက်ကြီး တစ်ခွင်လုံး၌ ကျောင်းထိုက်ရှင်း၏ အမည်နာမမှာ မသိသူမရှိရလောက်အောင်ပင် ကျော်ကြားလှသည်။ ကျောင်းထိုက်ရှင်း၏ ပြောင်မြောက်လှသော တိုက်ပွဲစွမ်းရည်နှင့် ရှုံးနိမ့်ခြင်းမရှိသော တိုက်ပွဲရလာဒ်များမှာ သူ၏ဂုဏ်သတင်းအား ထွန်းပြောင်စေသည်။
ပုံမှန်အားဖြင့် တိုက်ပွဲများအား တက်နိုင်သမျှ ရှောင်ရှားလေ့ရှိသော ချူချင်းမှာလည်း ရှန်ဇူတိုက်ကြီးတစ်ခွင်၌ လွန်စွာထင်ပေါ်ကျော်ကြားသူတစ်ဦးပင် ဖြစ်သည်။ သို့သော် သူ၏ဂုဏ်သတင်း ကျော်ကြားမှုမှာ ထူးခြားလှ၏။ ကန်ရွှမ်းကလန်၏ နံပါတ်တစ် ရွေးချယ်ခံဖြစ်သူ ချူချင်းမှာ အလွန်ပင် ပျင်းရိလွန်းလှသော ကတုံးပြောင်ပြောင်ဖြင့် လူတစ်ဦးဖြစ်သည်ဟု လူအများမှ ပြောစမှတ်ပြုကြလေ့ရှိသည်။ အမှန်တကယ်တွင်လည်း ချူချင်းမှာ မည်သည့်ပြဿနာကိုမဆို ရင်ဆိုင်ဖြေရှင်းရမည့်အစား ထွက်ပြေးလေ့ရှိသူပင် ဖြစ်သည်။
ချူချင်းသည် အလွန်ပင် ပျင်းရိတက်ပါသော်လည်း မည်သူကမျှ သူ၏တိုက်ပွဲစွမ်းရည်အပေါ် သံသယဖြစ်ရဲခြင်း မရှိပါချေ။
အတိတ်ကာလများ၌ ကျောင်းထိုက်ရှင်းနှင့် ချူချင်းတို့ တိုက်ခိုက်ခဲ့ကြပြီး ကျောင်းထိုက်ရှင်းမှ အနိုင်ရရှိခဲ့ပါသော်လည်း ချူချင်းမှာ မည်သည့်ထိခိုက်ဒဏ်ရာမှ ရရှိခဲ့ခြင်း မရှိပေ။ ထိုအဖြစ်အပျက်အား ကြည့်ရှုခြင်းဖြင့်ပင် ချူချင်း မည်မျှသန်မာလှကြောင်း သိရှိနိုင်ပေသည်။
စောင့်ကြည့်နေကြသူများမှာ ကန်ရွှမ်းကောင်းကင်ဒေသ တစ်ခွင်လုံးရှိ အထူးချွန်ဆုံး ရွေးချယ်ခံနှစ်ဦး ထိပ်တိုက်တွေ့ဆုံနေကြသည်ကို စိတ်ဝင်တစားဖြင့် ကြည့်ရှုနေလျက် ရှိသည်။
ကျောင်းထိုက်ရှင်းမှာ ရင်းနှီးကျွမ်းဝင်နေဟန်ဖြင့် ချူချင်းအားကြည့်ကာ ခပ်ဖွဖွပြုံးလိုက်သည်။
"ချူချင်း.....ဒီလိုမျိုး မင်းတိုက်ခိုက်ချင်တာကို မြင်ရဖို့က တော်တော်ရှားတာပဲ။"
ချူချင်းမှာလည်း ရှုံ့မဲ့စွာဖြင့် ယောင်ယောင်အား လှည့်ကြည့်လိုက်လေသည်။ အကယ်၍ သူသာဝင်ပါခြင်း မပြုပါက ဤနှလုံးသားမရှိသော စုန်းမနှင့်တူသည့် မိန်းမမှာ သူ့အား အလွတ်ပေးလိမ့်မည်မဟုတ်ပေ။
ထို့အပြင် ချူချင်းသည် မည်မျှပင် ပျင်းရိနေပါစေ ကန်ရွှမ်းကလန်၏ ရွေးချယ်ခံခေါင်းဆောင်တစ်ဦးပင် ဖြစ်သည်။ ထို့ကြောင့် ကျောင်းထိုက်ရှင်းအား သူ၏မျက်စိရှေ့၌ ယောင်ယောင်နှင့် ထိပ်တိုက်ရင်ဆိုင်ခွင့် မပြုနိုင်ပါချေ။
"ကျောင်းထိုက်ရှင်း မင်းတိုက်ခိုက်ချင်တယ်ဆိုရင် ငါနဲ့တိုက်လို့ရတယ်။" ချူချင်းမှ သက်ပြင်းချကာ စကားဆိုလိုက်သည်။
ကျောင်းထိုက်ရှင်းမှ ပြုံးကာပြောလိုက်သည်။ " အမှန်တော့ ငါလည်းမင်းနဲ့ တိုက်ချင်ပါသေးတယ်။ ဒါပေမယ့် အခုက ကလန်တွေအားလုံးရဲ့ ရွေးချယ်ခံတွေက ကြီးမြတ်သောရှန်းဟွတောင်တန်းရဲ့ အတွင်းပိုင်းနယ်မြေတွေကို ဖောက်ဝင်နိုင်ဖို့ ကြိုးစားနေကြတယ်။ အဲ့ဒါကြောင့် ငါတို့နှစ်ယောက် တိုက်ခိုက်တာက ဘာကောင်းကျိုးမှ ရှိမှာလည်းမဟုတ်ဘူး။"
"ငါအကြံပေးချင်တာကတော့ ငါတို့နှစ်ယောက်လုံး သဘောတူညီချက်နဲ့ ဒီကိစ္စကို ခဏထားထားသင့်တယ်လို့ ထင်တယ်။ မင်းရောဘယ်လိုထင်လဲ။"
"ငါတို့လုပ်စရာ ရှိနေတာတွေ လုပ်ပြီးကြတော့မှ တိုက်ခိုက်မယ်ဆိုရင်လည်း နောက်မကျသေးပါဘူး။" ကျောင်းထိုက်ရှင်းမှ လေးနက်စွာ စကားဆိုလိုက်သည်။
ချူချင်းမှ တည်ငြိမ်သောအမူအရာဖြင့် ပြောလိုက်သည်။ "အကောင်းဆုံးကတော့ အခုမင်းတို့ဘာသာ အရှုံးကို လက်ခံလိုက်ပါလား။"
ကျောင်းထိုက်ရှင်းမှ ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ "ငါတို့ အရှုံးကို လက်မခံနိုင်ဘူး။ ငါပြောတာက ဒီကိစ္စကို ခဏနောက်ဆုတ်ထားဖို့ပဲပြောတာ။"
ချူချင်းမှ ကျောင်းထိုက်ရှင်းအားကြည့်ကာ ပြောလိုက်သည်။ "အဓိပ္ပါယ်ချင်းက တူတူပဲလေ။"
ကျောင်းထိုက်ရှင်း၏ နှုတ်ခမ်းအစုံမှာ ရှူံ့မဲ့သွားရသည်။ ချူချင်းမှာ အမှန်တကယ်ပင် စိတ်အနှောင့်အယှက် ပေးလွန်းလှသည်။
ချူချင်းမှာ ယောင်ယောင်အား လှည့်ကြည့်လိုက်ပြီးနောက် ပြုံးရယ်ကာ စကားဆိုလိုက်သည်။ "ဂျူနီယာညီမတော် ရှောင်ယို မြင်ပြီမလား။ ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းမည်၏တဲ့။ အခုသူတို့လည်း အရှုံးကို လက်ခံလိုက်တဲ့ သဘောပဲဟာ။ ဒီကိစ္စကို ဒီမှာတင် တော်ရအောင်လေနော်။"
ယောင်ယောင်မှ ချူချင်းအားကြည့်ကာ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "ငါက မတော်နိုင်ဘူးဆိုရင်ရော။"
ချူချင်းမှာ ရင်ဘတ်အားပုတ်လျက် ပြောလိုက်သည်။ "ညီမတော်က မတော်နိုင်ဘူးဆိုရင် အကိုတော်က တိုက်ခိုက်ပေးရမှာပေါ့။"
"အဲ့ဒါဆိုလည်းတိုက်လိုက်။" ယောင်ယောင်မှ ပြောလိုက်သည်။
ချုချင်း၏ အမူအရာမှာ ရုတ်တရက် အေးခဲသွားရပြီးနောက် နှုတ်ခမ်းအစုံ ရှုံ့မဲ့သွားရသည်။ ယခုအချိန်တွင် ကလန်အသီးသီးမှ ရွေးချယ်ခံများအားလုံးမှာ အချင်းချင်း တိုက်ခိုက်ခြင်းမပြုရန် သဘောတူညီချက် ထားရှိထားကြခြင်း ဖြစ်သည်။ ထိုသဘောတူညီချက်အား ဖောက်ဖျက်သူမှာ အမှန်တကယ်ပင် အမည်ဆိုးနှင့် နာမည်တွင်သွားရလိမ့်မည်ပင် ဖြစ်သည်။
ထိုအချိန်မှာပင် ဇူယွမ်မှာ ယောင်ယောင်အနီးသို့ ရေရာက်ရှိလာပြီးနောက် ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "ဒီကိစ္စကို ခဏလောက် ထားထားလိုက်ရအောင်လေ။"
ယောင်ယောင်မှ ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "အဲ့လိုလုပ်သင့်တဲ့ အကြောင်းပြချက်တစ်ခုလောက် ငါ့ကိုပြောကြည့်။"
ဇူယွမ်မှာ အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် ကျောင်းထိုက်ရှင်းအား တစ်ချက်မျှ ကြည့်ရှုလိုက်သည်။
ကျောင်းထိုက်ရှင်းမှာလည်း မထီမဲ့မြင်ပြုစွာဖြင့် ဇူယွမ်၏အကြည့်အား တုံ့ပြန်လိုက်သည်။ သူသည် ဇူယွမ်အား အနည်းငယ်မျှပင် အလေးထားခြင်း မရှိကြောင်း သိသာထင်ရှားနေသည်။
ဇူယွမ်မှ ယောင်ယောင်အားကြည့်ကာ ပြောလိုက်သည်။ "ဘာလို့လဲဆိုတော့ သူ့ကို ကျွန်တော် တိုက်ခိုက်မှာမို့လို့ပဲ။"
ဇူယွမ်မှာ ထိုစကားအား တိုးညင်းစွာ ပြောဆိုခြင်းမပြုပဲ ကျောင်းထိုက်ရှင်းနှင့် အခြားသူများကိုပါ ကြားသိစေလိုက်သည်။
ကျောင်းထိုက်ရှင်းမှာ စိတ်ပင်မထိန်းထားနိုင်တော့ဟန်ဖြင့် အော်ဟစ်ရယ်မောလိုက်ပြီးနောက် ခပ်ဖွဖွ ရေရွတ်လိုက်သည်။ "ဟားဟား......တကယ့်အရူးကောင်ပဲ။"
စောင့်ကြည့်နေကြသူများမှာလည်း ခေါင်းအားခါယမ်းလျက် ဇူယွမ်အား ကြည့်ရှုနေကြသည်။ ၎င်းတို့အားလုံး၏ အမြင်တွင်မူ ဇူယွမ်မှာ ကိုယ့်အဆင့်ကိုယ် နားလည်သိရှိခြင်းမရှိသော ဘဝင်မြင့်နေသည့် တပည့်ခေါင်းဆောင်တစ်ဦးဟုသာ ယူဆမိကြသည်။
ယောင်ယောင်မှာမူ လေးနက်သော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်ရှုလိုက်ပြီးနောက် ခေါင်းညိတ်ပြကာ စကားဆိုလိုက်သည်။ "နင်သတ္တိရှိလာပြီပဲ။"
တိုက်ပွဲအတွေ့အကြုံများ ရှိမှသာလျှင် ဇူယွမ်မှာ ပို၍သန်မာလာမည်ဖြစ်ကြောင်း ယောင်ယောင်မှ ကောင်းစွာနားလည်ထားပေသည်။ အစောပိုင်း၌ ဤနေရာသို့ သူမရောက်ရှိလာစဉ်တွင် ကျင်းချန်းဇယ်မှ ဇူယွမ်အား အလစ်တိုက်ခိုက်လိုက်သည်ကို မြင်တွေ့လိုက်ရသောကြောင့် သူမ၏ နှလုံးသားတစ်ခုလုံးမှာ ထိန်းချုပ်၍ မရနိုင်တော့လောက်အောင်ပင် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်သွားရခြင်း ဖြစ်သည်။ ထို့ကြောင့် သူမသည် အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ ကျင်းချန်းဇယ်အား တိုက်ခိုက်ခဲ့ခြင်းပင် ဖြစ်သည်။
ယောင်ယောင်မှာ ကျင်းချန်းဇယ်အား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "အဲ့ဒါဆိုရင် သူ့အသက်ကိုနှုတ်ရမှာ နင့်တာဝန်နော်။"
ချူချင်းမှာ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်ကာ ဇူယွမ်အား ပြုံးရယ်လျက် လက်မထောင်ပြလိုက်သည်။ ကန်ရွှမ်းကလန် တစ်ခုလုံး၌ ယောင်ယောင်အား ထိန်းချုပ်နိုင်သည့် တစ်ဦးတည်းသောသူမှာ ဇူယွမ်သာ ရှိသည်။
ချူချင်းမှာ မြင့်မြတ်သောနန်းတော်အား အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိပါသော်လည်း ယခုအချိန်သည် ရွေးချယ်ခံ အချင်းချင်း တိုက်ခိုက်ရန် သင့်တော်သော အချိန်တစ်ခု မဟုတ်ပါချေ။
"ကျောင်းထိုက်ရှင်း ဒီနေရာကနေ သွားလိုက်တော့။"
ချူချင်းမှ ကျောင်းထိုက်ရှင်းအားကြည့်ကာ ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် ငါမင်းတို့ကို တစ်ခုတော့ သတိပေးချင်တယ်။ မင်းတို့မြင့်မြတ်သောနန်းတော်က ဘယ်လောက်ပဲ သန်မာနေပါစေ ငါစိတ်မဝင်စားဘူး။ အေး...ငါတို့ကန်ရွှမ်းကလန်အပေါ်တော့ အများကြီး တရားမလွန်လာနဲ့။"
ကျောင်းထိုက်ရှင်းမှ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ "မင်းတို့ကန်ရွှမ်းကလန်က ကန်ရွှမ်းကောင်းကင်ဒေသရဲ့ အရှင်သခင် ဖြစ်ခဲ့ဖူးတာပဲလေ။ ငါတို့မြင့်မြတ်သောနန်းတော်က မင်းတို့ကိုစော်ကားရဲပါ့မလား။"
ကျောင်းထိုက်ရှင်းမှ ဇူယွမ်အားကြည့်ကာ စိတ်ဝင်စားနေဟန်ဖြင့် ပြောလိုက်သည်။ "အဲ့တော့ မင်းကဇူယွမ်ပေါ့။ မင်းက တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ။ ဘာပဲဖြစ်ဖြစ် မင်းလိုလူက ငါတို့နန်းဆောင်သခင်ရဲ့ အာရုံစိုက်မှုကိုရဖို့လောက်အောင် တန်လို့လား။"
ကျောင်းထိုက်ရှင်းမှာ နောက်ဆုံးစကားလုံးများအား တိုးညင်းစွာသာ ပြောလိုက်ခြင်း ဖြစ်သည်။
ဇူယွမ်မှာ ကျောင်းထိုက်ရှင်း၏ အကြည့်များအား မသင်္ကာသဖြင့် စူးစိုက်ကြည့်ရှုနေမိသည်။
ကျောင်းထိုက်ရှင်းမှာ အကြည့်များအား လျင်မြန်စွာပင် ပြန်လည်ရုတ်သိမ်းလိုက်ပြီးနောက် မြင့်မြတ်သောနန်းတော်မှ တပည့်များအားခေါ်ဆောင်ကာ မြို့အတွင်းမှ ထွက်ခွာသွားတော့သည်။
ကျောင်းထိုက်ရှင်းမှာ သေဆုံးသွားရသော တပည့်ခေါင်းဆောင်များအကြောင်း အနည်းငယ်မျှပင် စိတ်ဝင်စားခြင်း မရှိပေ။ လုံလောက်အောင် သန်မာခြင်းမရှိသည့် မည်သူမဆို မြင့်မြတ်သောနန်းတော်၏ ကျင့်ကြံခြင်း အရင်းအမြစ်များကို ဖြုန်းတီးနေမည့်အစား သေဆုံးသွားသင့်၏။
ကျင်းချန်းဇယ်မှာ ထွက်မသွားခင်၌ ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ဒီတစ်ခါ မင်းကံကောင်းသွားတယ်မှတ်ပါ။ ငါတို့ နောက်တစ်ကြိမ် ထပ်တွေ့ခဲ့ရင်တော့ မင်းကံကောင်းတော့မယ် မထင်နဲ့။"
ဇူယွမ်မှ ကျင်းချန်းဇယ်အားကြည့်ကာ တည်ငြိမ်စွာဖြင့်ပင် စကားဆိုလိုက်သည်။ "နောက်တစ်ခါ ငါတို့တွေ့ခဲ့ရင် မင်းရဲ့ရွေးချယ်ခံနေရာကို တခြားတစ်ယောက်ကို ပေးလိုက်ရလိမ့်မယ်။"
ကျင်းချန်းဇယ်မှာ ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက် ချီတိမ်တိုက်တစ်ခုအား ဖန်တီးကာ ကောင်းကင်ထက်သို့ ပျံဝဲသွားလျက် အော်ဟစ်ပြောဆိုလိုက်သည်။
"အရူးတစ်ကောင်ရဲ့ စိတ်ကူးယဉ်စကားတွေပေါ့ဟုတ်လား။"
"မင်းကိုအရှက်ခွဲရမယ့်နေ့ကိုပဲ ငါစောင့်နေတော့မယ်။"
"ဟားဟားဟား...."