ကြီးမြတ်သောရှန်းဟွတောင်တန်းမှကောင်းချီးများ
Vol. 44 Ch. 611
မြင့်မြတ်သောနန်းတော်အဖွဲ့ ထွက်ခွာသွားပြီးသည့်နောက် ပတ်ဝန်းကျင်ရှိ တင်းမာနေသော အခြေအနေမှာ ပြန်လည်ပြေလျော့လာသည်။
စောင့်ကြည့်နေကြသော ကလန်အသီးသီးမှ တပည့်များမှာလည်း စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်ကြသည်။ ကျောင်းထိုက်ရှင်းနှင့် ချူချင်းတို့၏ တိုက်ခိုက်မှုအား ကြည့်ရှုလိုက်ရခြင်း မရှိပါသော်လည်း ယခုအချိန်၌ အရေးအကြီးဆုံးအရာမှာ ကြီးမြတ်သောရှန်းဟွတောင်တန်းမှ ကောင်းချီးများပင်ဖြစ်ကြောင်း ၎င်းတို့အားလုံး ကောင်းစွာနားလည်ထားကြသည်။
အကြီးကျယ်ဆုံး ကလန်များဖြစ်ကြသည့် မြင့်မြတ်သောနန်းတော်နှင့် ကန်ရွှမ်းကလန်တို့သာ တိုက်ခိုက်ခဲ့ပါက ကျန်ရှိနေသော ကလန်အားလုံးအပေါ် အနည်းနှင့်အများ အကျိုးသက်ရောက်မှု ဖြစ်ပေါ်ရလိမ့်မည်ပင် ဖြစ်သည်။
ထို့ကြောင့် ယခုအချိန်တွင် နှစ်ဦးနှစ်ဖက်စလုံး လက်လျှော့လိုက်ထားလိုက်ကြခြင်းမှာ အကောင်းဆုံးရလဒ်ပင် ဖြစ်သည်။
ချူချင်း၊ ယောင်ယောင်နှင့် ဇူယွမ်တို့ထံသို့ ထန်းမုရှင်းနှင့် အခြားသူများမှ လျင်မြန်စွာ ရောက်ရှိလာကြသည်။
"နင်အဆင်ပြေရဲ့လား ဂျူနီယာမောင်တော် ဇူယွမ်။" ထန်းမုရှင်းမှ စိုးရိမ်ပူပန်စွာဖြင့် မေးမြန်းလိုက်သည်။
ဇူယွမ်မှ ပြုံးကာခေါင်းညိတ်ပြလိုက်သည်။
"ဂျူနီယာမောင်တော် ဇူယွမ်က ဒီအချိန်အတွင်းမှာတင် အများကြီး တိုးတက်လာတာပဲ။" ထန်းမုရှင်းမှ ပြုံးရယ်ကာ စကားဆိုလိုက်သည်။
ပိုင်လီချွီးမှလွဲ၍ အခြားသော တပည့်ခေါင်းဆောင်များမှလည်း ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။ ယခုဆိုလျှင် ဇူယွမ်၏စွမ်းရည်မှာ ၎င်းတို့အားလုံးထက် သာလွန်သွားပြီပင် ဖြစ်သည်။
ယခုအချိန်၌သာ ပြန်လည်တိုက်ခိုက်ကြပါက ဇူယွမ်အား အနိုင်ရနိုင်တော့မည်မဟုတ်ကြောင်းကို ပိုင်လီချွီးမှ ခါးသက်စွာ လက်ခံလိုက်ရသည်။
ချူချင်းမှ သမ်းဝေကာ စကားဆိုလိုက်သည်။ "မူလသူတော်စင်တောင်ထွတ်ရဲ့ အသစ်စက်စက် တပည့်ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဂျူနီယာညီတော် ဇူယွမ်ရဲ့တိုးတက်မှုက တကယ်ကို ကြောက်စရာကောင်းတာပဲ။"
"မင်းတို့သူ့ကို ယှဉ်နိုင်တော့မှာ မဟုတ်ဘူး။"
ချူချင်း၏စကားကြောင့် ထန်းမုရှင်းနှင့် အခြားသော တပည့်ခေါင်းဆောင်များမှာ ပိုင်လီချွီးအား ကြည့်ရှုလိုက်မိကြသည်။ ပိုင်လီချွီး၏မျက်နှာမှာ သံပရာသီး ကိုက်မိထားသကဲ့သို့ ဆူပုတ်နေရ၏။ မည်သို့ပင်ဖြစ်စေကာမူ ကန်ရွှမ်းကလန်အတွင်း ဇူယွမ်နှင့် ကတောက်တဆ အဖြစ်ရဆုံးမှာ ဓားကပ်ဘေးတောင်ထွတ်သာ ရှိလေသည်။
ဇူယွမ်မှ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ "စီနီယာအကိုတော် ချူချင်းက ကျွန်တော့်ကို အရမ်းမြှောက်ပင့်နေတာပဲ။ ကျွန်တော့်အကြောင်းကို ကျွန်တော့်ထက်ပိုပြီး ဘယ်သူကသိမှာမို့လို့လဲ။"
ချုချင်းမှ ရယ်မောကာ ပြောလိုက်သည်။ "မင်းကတကယ် ကျင်းချန်းဇယ်နဲ့တိုက်ခိုက်ဖို့ တွေးနေတာလား။"
အစောပိုင်း၌ ဇူယွမ်သည် ကျင်းချန်းဇယ်အား တိုက်ခိုက်ရန် စကားဆိုနေသည်မှာ သရုပ်ဆောင်ပြနေခြင်းမဟုတ်ကြောင်း ချူချင်းမှ ကောင်းစွာခံစားမိသည်။ ထို့အပြင် ဇူယွမ်၏ အကျင့်စရိုက်အရ ဆိုပါကလည်း ကျင်းချန်းဇယ်အား အကြောင်းမဲ့သက်သက် လွှတ်ပေးလိုက်ခြင်း မဖြစ်နိုင်ပေ။
ဇူယွမ်မှ တည်ငြိမ်စွာပင် စကားဆိုလိုက်သည်။ "သူက ကျွန်တော့်ကို တကယ်သတ်ချင်နေတယ်လို့ ခံစားရတယ်။ အဲ့ဒါကြောင့် ကျွန်တော်ကလည်း သူလာသတ်မယ့်အချိန်ကို လည်စင်းပြီးစောင့်နေလို့ မရဘူးလေ။ နောက်တစ်ကြိမ် အခွင့်အရေးရခဲ့ရင်တော့ သူနဲ့တကယ် တိုက်ခိုက်ကြည့်ချင်တယ်။"
ဇူယွမ်သည် ကျင်းချန်းဇယ်နှင့် တစ်ကြိမ်တစ်ခါမှပင် တွေ့ဆုံဖူးခြင်း မရှိပါသော်လည်း အစောပိုင်း တိုက်ခိုက်မှုကို ကြည့်ခြင်းအားဖြင့်ပင် သတ်ဖြတ်လိုသော အငွေ့အသက်များ အပြည့်အဝ ပါဝင်နေသည်ကို သိရှိနိုင်ပေသည်။ ယခုအကြိမ်၌ ကျင်းချန်းဇယ်၏ တိုက်ခိုက်မှုမှာ မအောင်မြင်ခဲ့ပါသော်လည်း အခွင့်အရေးရလာပါက သူ့အားထပ်မံသတ်ဖြတ်ရန် ကြိုးစားလိမ့်မည်ဟု ဇူယွမ်မှ ခံစားနေမိသည်။
ထို့ကြောင့် ဇူယွမ်မှာလည်း ပြန်လည်တုံ့ပြန်တိုက်ခိုက်ရန်သာ ရှိ၏။
ထန်းမုရှင်းနှင့် အခြားသူများ၏ အမူအရာမှာ ပြောင်းလဲသွားရသည်။ မည်သူကမှ ဇူယွမ်သည် ကျင်းချန်းဇယ်အား တိုက်ခိုက်ရန် တွေးတောရဲသည်အထိပင် သတ္တိရှိနေလိမ့်မည်ဟု မထင်မှတ်ထားကြချေ။ ကျင်းချန်းဇယ်မှာ ကန်ရွှမ်းကောင်းကင်ဒေသ တစ်ခုလုံးရှိ ရွေးချယ်ခံများစာရင်းတွင်ပင် ပဉ္စမမြောက် အထူးချွန်ဆုံးနေရာအား ရရှိထားသူ ဖြစ်သည်။
ကျင်းချန်းဇယ်မှာ ကန်ရွှမ်းကလန်၏ ထိပ်သီးရွေးချယ်ခံများဖြစ်ကြသော ခုန်းရှန်၊ လီချင်းချန်တို့နှင့် လက်ရည်ချင်းတူညီသူတစ်ဦးပင် ဖြစ်သည်။
ချူချင်းမှာ ကူကယ်ရာမဲ့စွာဖြင့် ဦးခေါင်းအားပွတ်ကာ စကားဆိုလိုက်သည်။ "ကျင်းချန်းဇယ်က တိုက်ဖို့လွယ်တဲ့သူ မဟုတ်ဘူး။ မလောနဲ့။ မင်းတကယ် သူ့အသက်ကိုနှုတ်ဖို့ ဆန္ဒရှိတယ်ဆိုရင် ငါတို့ကလန်က ရွေးချယ်ခံတချို့နဲ့ အစီအစဉ်ဆွဲပြီး သတ်ပေးမယ် ဟုတ်ပြီလား။"
ချူချင်း၏စကားကြောင့် ထန်းမုရှင်းတို့အားလုံး၏ အမူအရာမှာ ပြောင်းလဲသွားရသည်။
ထန်းမုရှင်းမှ ချူချင်းအားကြည့်ကာ ပြောလိုက်သည်။ "စီနီယာအကိုတော် ချူချင်းက ပုံမှန်ဆိုရင် တအားအပျင်းကြီးတာပါ။ အခုမှ ထူးခြားနေပါလား။"
ချူချင်းမှ ခပ်ဖွဖွရယ်မောကာ ပြောလိုက်သည်။ "ငါက ငပျင်းဆိုပေမယ့် ငတုံးတော့မဟုတ်တဲ့ ကတုံးပါဟ။ ပြောရမယ်ဆို အခွင့်အရေးသာရှိရင် ကျန်းထိုက်ချင်တို့ မြင့်မြတ်သောနန်းတော်ဘက်ကလည်း ငါတို့ကန်ရွှမ်းကလန်ရဲ့ ရွေးချယ်ခံတွေကို နည်းနည်းမှတောင် တွေဝေမနေပဲ သတ်ပစ်မှာပဲလေ။"
ဇူယွမ်မှာ ချူချင်း၏စကားကြောင့် ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိသည်။ စီနီယာအကိုတော် ချူချင်းသည် ပျင်းရိလွန်းပါသော်လည်း အခြေအနေအရပ်ရပ်အား အခြားသူများထက်ပို၍ ရှင်းလင်းစွာ မြင်နိုင်သူပင် ဖြစ်သည်။
"အဲ့လိုဖြစ်လာမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ မဟုတ်ရင်တော့ ကျွန်တော် တခြားနည်းလမ်းတစ်ခု စဉ်းစားရမှာပဲ။" ဇူယွမ်မှ ရယ်မောလျက် စကားဆိုလိုက်သည်။ အခြားသူတစ်ဦးမှ သူ၏စွမ်းအင်အား လိုလားစွာဖြင့် ငှားရမ်းကာ ရန်သူတစ်ဦး၏ အသက်အား နှုတ်ယူနိုင်လိမ့်မည်ဆိုပါက ဇူယွမ်မှာ အနည်းငယ်မျှပင် တွေဝေနေမည်မဟုတ်ပေ။
ချူချင်းပြောသကဲ့သို့ပင် ကျင်းချန်းဇယ်မှာ ထိပ်တိုက်တွေ့ဆုံရန် အမှန်တကယ် အန္တရာယ်ရှိသူတစ်ဦးပင် ဖြစ်သည်။
ဇူယွမ်၌ ဝှက်ဖဲများစွာ ရှိနေပါသော်လည်း ကျင်းချန်းဇယ်အား သတ်ဖြတ်နိုင်ရန်မှာ အန္တရာယ်များနေဆဲပင် ဖြစ်သည်။ အကယ်၍ မူလစဦး အဋ္ဌမအဆင့်သို့သာ တက်ရောက်နိုင်ခဲ့လျှင်မူ သူ၏တိုက်ပွဲစွမ်းရည်မှာ ယခုထက်ပို၍ အဆပေါင်းများစွာ သာလွန်သွားမည်ပင် ဖြစ်သည်။
ထိုအချိန်၌ ယောင်ယောင်မှာ ကလန်များအားလုံး စုဝေးနေသောအရပ်အား ကြည့်ရှုလိုက်ပြီးနောက် ရင်းနှီးကျွမ်းဝင်နေသော ပုံရိပ်အချို့အား တွေ့ရှိလိုက်ရသည်။
ယောင်ယောင်မှာ ဇူယွမ်၏လက်အားဆွဲ၍ ထိုနေရာသို့ ခေါ်လာလိုက်၏။ ဇူယွမ်မှာ ထိုပုံရိပ်များအား တွေ့ရှိလိုက်ရပြီးနောက် အလွန်ပင် ပျော်ရွှင်သွားရသည်။
"ချင်ယု၊ လီချွမ်းကျင်၊ နင်ကျန်း၊ ကျိန်းရွှီး...."
ရှန်ဇူတိုက်ကြီးအတွင်း တကွဲတပြား ဖြစ်နေကြရသော ၎င်းတို့မှာ ပြန်လည်တွေ့ဆုံကြရပြီပင် ဖြစ်သည်။
အဝေးတွင်ရှိနေသော ကျိုးချူးချင်ယုမှာ ဇူယွမ်အား ပြုံးပြလိုက်ပြီးနောက် မည်သည့်စကားမှမဆိုပဲ ကြီးမြတ်သောရှန်းဟွတောင်တန်းကိုသာ ညွှန်ပြလိုက်သည်။
ယောင်ယောင်မှ ကျိုးချူးချင်ယုအား ကြည့်ရှုလိုက်ပြီးနောက် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ကျိုးချူးချင်ယုပြောတာက အခုတွေ့လို့ မရသေးဘူးတဲ့။ ကြီးမြတ်သောရှန်းဟွတောင်တန်းကို ရောက်တော့မှ တွေ့ကြမယ်လို့ပြောတယ်။"
ဇူယွမ်မှ ပြုံးကာခေါင်းညိတ်ပြလိုက်သည်။
ကျိုးချူးချင်ယုမှာ ထိုသို့ညွှန်ပြလိုက်ပြီးနောက် အလှပန်းတစ်ရာနန်းတော်မှ သူမ၏စီနီယာအမတော်များကြားသို့ ပြန်လည်ဝင်ရောက်သွားသည်။ လီချွမ်းကျင်မှာ အဝတ်ဖုံးထားသော မျက်ဝန်းများဖြင့် ဇူယွမ်ဖက်သို့ ကြည့်ရှုလိုက်သည်။ ထို့နောက် ကျောပေါ်ရှိ ကြီးမားလှသော ဓားကြီးကိုသာ အသာအယာ ပုတ်နေလိုက်တော့သည်။
နင်ကျန်းမှာမူ တိုက်ပွဲဆာလောင်နေဟန်ဖြင့် လက်သီးများအား ကျစ်ကျစ်ပါအောင် ဆုပ်ထားလျက် ရှိသည်။ ကျိန်းရွှီးမှာ ချောင်းဟန့်လျက် ဇူယွမ်အား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် တိတ်ဆိတ်စွာဖြင့်ပင် တစ်ဖက်သို့လှည့်၍ ထွက်ခွာသွားသည်။
ဇူယွမ်မှာ ၎င်းတို့အား ကြည့်ရှုလိုက်ပြီးနောက် ညင်သာစွာ စကားဆိုလိုက်သည်။ "သူတို့တွေလည်း သက်ဆိုင်ရာ ကလန်တွေမှာ အတွေ့အကြုံတွေ၊ အခက်အခဲတွေ အများကြီး ဖြတ်သန်းခဲ့ရပုံပဲ။"
ယောင်ယောင်မှ စကားဆိုလိုက်သည်။ "ကလန်တိုင်းမှာ သူ့စည်းကမ်းနဲ့သူရှိတယ်။ တစ်ခုနဲ့တစ်ခုတော့ တူကြမှာမဟုတ်ဘူး။ လူဆိုတာကတော့ ရှင်သန်ရာ ပတ်ဝန်းကျင်အလိုက် လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲရတာပဲ။"
ဇူယွမ်မှ အသက်ပြင်းတစ်ချက်အား ရှူထုတ်ကာ ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် ကန်းမင်တိုက်ကြီးတုန်းကလို စိတ်ဓာတ်မျိုးတွေပဲ ရှိနေပါစေလို့ မျှော်လင့်မိတယ်။"
ဇူယွမ်မှာ ခေါင်းအားခါယမ်းလိုက်ရင်းဖြင့် စိတ်ခံစားချက်များအား ဖြတ်တောက်ပစ်လိုက်၏။
ထိုအချိန်မှာပင် ချူချင်းမှ စကားဆိုလိုက်သည်။ "ငါတို့လည်း ဒီနေရာကနေ သွားကြရအောင်။"
ဇူယွမ်မှာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်သည်။ "စီနီယာအကိုတော် ချူချင်း ကြီးမြတ်သောရှန်းဟွတောင်တန်းက ကျွန်တော်တို့ရဲ့ နောက်ဆုံးသွားရမယ့်နေရာလား။"
ချူချင်းမှ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ "ကြီးမြတ်သောရှန်းဟွတောင်တန်းက ရှန်းဟွပုံရိပ်ယောင်ကမ္ဘာရဲ့ အနက်ရှိုင်းဆုံး နေရာတစ်ခုပဲ။ အဲ့ဒါကြောင့် အဲ့နေရာက ငါတို့နောက်ဆုံးသွားရမယ့် နေရာဖြစ်လိမ့်မယ်။"
"ကြီးမြတ်သောရှန်းဟွတောင်တန်းမှာ ဘာတွေရှိနေတာလဲ။ ရတနာတည်နေရာတွေ ဘာတွေလား။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာရဲ့ အပြင်ဘက်နေရာတစ်ခုမှာ ကျွန်တော်တို့ ရောင်စဉ်ခြောက်သွယ်ရတနာရှိတဲ့ နေရာတစ်ခုကို ရောက်ခဲ့သေးတယ်။"
"ရောင်စဉ်ခြောက်သွယ်ရတနာ တည်နေရာဟုတ်လား။ မင်းတို့တကယ် ကံကောင်းတာပဲ။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာရဲ့ အပြင်ဘက်နယ်မြေမှာ အဲ့လိုတွေ့ရဖို့ အရမ်းရှားတယ်။" ချူချင်းမှာ ပြုံးရယ်လိုက်ပြီးနောက် ချီစွမ်းအင်ဖြင့် မြေပုံတစ်ခုအား ပြသလိုက်သည်။
"ကြီးမြတ်သောရှန်းဟွတောင်တန်းမှာတော့ ရောင်စဉ်ခြောက်သွယ် ရတနာတည်နေရာက ဆယ့်ခြောက်ခုတောင် ရှိတယ်။"
ထန်းမုရှင်းနှင့် အခြားသူများမှာ အလွန်ပင် အံ့အားသင့်သွားရသည်။ ဇူယွမ်သည်ပင် အလွန်အံ့သြသွားရသည်။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ အပြင်ဘက်နယ်မြေ၌ ရက်ပေါင်းများစွာကြိုးစားရှာဖွေခဲ့ပါသော်လည်း ရောင်စဉ်ခြောက်သွယ် ရတနာတည်နေရာတစ်ခုသာ တွေ့ရှိခဲ့ရသည်။ သို့သော် ကြီးမြတ်သောရှန်းဟွတောင်တန်းအတွင်း ရောင်စဉ်ခြောက်သွယ် ရတနာတည်နေရာမှာ ဆယ့်ခြောက်ခုမျှပင် ရှိနေ၏။
ချူချင်းမှာ ဇူယွမ်၏ပုခုံးအားပုတ်လျက် စကားဆိုလိုက်သည်။ "အထူးအဆန်း ဖြစ်နေစရာ မလိုပါဘူး။ ငါတို့ခန့်မှန်းချက်အရ ရောင်စဉ်ခြောက်သွယ် ရတနာတည်နေရာထက်ပိုတဲ့ ကောင်းချီးတွေ ရှိနေဦးမှာ။ ငါတို့ ခန့်မှန်းလို့တောင်မရတဲ့ ကောင်းချီးတွေက ကြီးမြတ်သောရှန်းဟွတောင်တန်းရဲ့ အနက်ရှိုင်းဆုံး နေရာတွေမှာ ရှိနေလိမ့်မယ်။"
"အဲ့ကောင်းချီးတွေထဲမှာ တခြားကောင်းချီးတွေထက် အဆပေါင်းများစွာသာတဲ့ အကြီးမြတ်ဆုံးကောင်းချီးလည်း ရှိနေနိုင်တာပဲ။"