အစီအစဉ်
Vol. 44 Ch. 612
ကြီးမြတ်သောရှန်းဟွတောင်တန်း၏အပြင်ဘက်၌
ဝူး...ဝူး...
ပြင်းထန်လှသော ချီစွမ်းအင်များမှာ ထူထဲလှသော အကာအကွယ်လွှတစ်ခုအဖြစ် တောင်တန်းကြီးအား ကာရံထားလျက် ရှိသည်။ အပြင်ဖက်ပိုင်းနှင့် နှိုင်းယှဉ်ကြည့်ပါက ကြီးမြတ်သောရှန်းဟွတောင်တန်း အတွင်းပိုင်းမှာ ခြားနားသော ကမ္ဘာတစ်ခုကဲ့သို့ ဖြစ်တည်နေလေသည်။
ဇူယွမ်နှင့် အခြားသော ကန်ရွှမ်းကလန်၏ တပည့်များမှာ တောင်ထိပ်ပေါ်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ ၎င်းတို့မှာ ပြင်းထန်လှသော စွမ်းအင်ဖိအားများကို ခံစားနေရသောကြောင့် မျက်ဝန်းများမှာ ကြောက်ရွံ့ထိတ်လန့်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေရသည်။
ချူချင်းမှ တပည့်များအားကြည့်ကာ စကားဆိုလိုက်သည်။ "ဒီချီစွမ်းအင်အလွှာကို ငါအပေါက်တစ်ခုဖြစ်အောင် ဖောက်လိုက်မယ်။ အဲ့ဒါကြောင့် မင်းတို့အားလုံး ငါ့နောက်ကနေ သေချာလိုက်ခဲ့ကြ။ ငါကမင်းတို့ကို အရှေ့ကနေ ကာကွယ်ပေးထားမယ်။ ဂျူနီယာညီမတော် ရှောင်ယိုကတော့ အနောက်ကနေ စောင့်ရှောက်ပေးလိမ့်မယ်။"
ချီစွမ်းအင် အကာအကွယ်လွှာမှာ ထူထဲလွန်းလှသောကြောင့် ချူချင်း၏ အမူအရာသည်ပင် လေးနက်ခက်ထန်နေရသည်။ ချူချင်းကဲ့သို့သော ရွေးချယ်ခံတစ်ဦးသည်ပင် ထိုအကာအကွယ်လွှာအား လူတစ်ကိုယ်စာ အပေါက်လေးတစ်ခုမျှသာ ထိုးဖောက်နိုင်သည်။
ချူချင်း၏စကားအား ကြားလိုက်ရပြီးနောက် တပည့်များအားလုံးမှာ လေးနက်သောအမူအရာဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။
ကြီးမြတ်သောရှန်းဟွတောင်တန်းအတွင်းသို့ ရွေးချယ်ခံအဆင့် ရှိသူများသာလျှင် ထိုးဖောက်ဝင်ရောက်နိုင်ခြင်း ဖြစ်သည်။ တပည့်ခေါင်းဆောင် အဆင့်ရှိသူများသည်ပင် ထိုအကာအကွယ်လွှာအား အနည်းငယ်မျှ ထိုးဖောက်နိုင်ခြင်း မရှိကြပေ။
ချူချင်းမှာ တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်ကာ အကာအကွယ်လွှာအား ထိုးဖောက်ရန် ကြိုးပမ်းလိုက်သည်။ အကာအကွယ်လွှာမှာ ဖြည်းညင်းစွာဖြင့် အက်ကွဲလာပြီးနောက် ပေအနည်းငယ်မျှ ကျယ်ဝန်းသော အပေါက်တစ်ခု ဖြစ်ပေါ်လာသည်။
"သွားရအောင်။"
ချုချင်းမှာ အရှေ့ဆုံးမှ ဦးဆောင်၍ ဝင်ရောက်သွားလိုက်သည်။ သူ၏နောက်မှ တပည့်များ တစ်ဦးပြီးတစ်ဦး လိုက်ပါဝင်ရောက်လိုက်ကြသည်။ ယောင်ယောင်မှာ နောက်ဆုံးမှ ဝင်ရောက်လာသူ ဖြစ်သည်။
ခရက်.....
တပည့်များအားလုံး ဝင်ရောက်ပြီးသွားသည့်နောက် ချူချင်းဖောက်ထားခဲ့သော အပေါက်ငယ်မှာ ပြန်လည်ပိတ်ဆို့ထားရသည်။ တပည့်များမှာ ထိုမြင်ကွင်းအား အံ့အားသင့်စွာဖြင့် ကြည့်ရှုနေမိကြသည်။
ဇူယွမ်မှာ ယောင်ယောင်၏ဘေးတွင် ရှိနေခြင်းဖြစ်သည်။ သူသည် ထိုမိန်းမငယ်လေးကိုသာ ငေးမောကြည့်ရှုနေမိသည်။ သူမသည် ခွဲခွာနေရစဉ်အတွင်း ပို၍တိတ်ဆိတ်လာသည်ဟု ခံစားနေမိ၏။ ကန်ရွှမ်းကလန်တွင် ရှိစဉ်အခါ၌ ယောင်ယောင်မှာ ဇူယွမ်တစ်ဦးတည်းဖြင့်သာ စကားစမြည် ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ချူချင်းတို့နှင့် ရှိနေစဉ်ကာလအတွင်း သူမမှာ မည်သူနှင့်မျှ ပြောဆိုဆက်ဆံခြင်း ပြုလိမ့်မည်မဟုတ်ပေ။
ဤကာလအတောအတွင်း သူမတစ်ဦးတည်းသာ အထီးကျန်စွာ နေထိုင်ရလိမ့်မည်ပင် ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ယောင်ယောင်ကိုယ်တိုင်မှာလည်း တစ်စုံတစ်ဦးနှင့် နေသားတကျဖြစ်ရန်မှာ သူမအတွက် ခက်ခဲလေသည်။
ဇူယွမ်မှာ ထိုအကြောင်းအရာအပေါ် အနည်းငယ် စိတ်မကောင်းဖြစ်ရသည်။
"ဘာတွေတွေးနေတာလဲ။" ယောင်ယောင်မှ ဇူယွမ်အားကြည့်ကာ မေးမြန်းလိုက်သည်။
ဇူယွမ်မှ ပြုံးကာစကားဆိုလိုက်သည်။ "ကျွန်တော့်ကို စိတ်ဆိုးနေတုန်းပဲလား။"
ယောင်ယောင်မှာ စိတ်အနှောင့်အယှက် ဖြစ်နေဟန်ဖြင့် ဇူယွမ်အား ပြောလိုက်သည်။ "နင့်ဘာသာနင် ဂရုမစိုက်ပဲ သတိလက်လွတ် ဖြစ်နေတာကို ငါကစိတ်ဆိုးစရာလား။"
ယောင်ယောင်မှာ ပြုံးဖြဲဖြဲဖြင့် ခေါင်းကုတ်နေသော ဇူယွမ်အား ကြည့်ရှုလိုက်ပြီးနောက် စိတ်မဆိုးနိုင်တော့ပဲ အကြောင်းအရာပြောင်းကာ စကားဆိုလိုက်သည်။ "ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲမှာ နင်တော်တော် အဆင်ပြေနေတယ်လို့ကြားတယ်။"
ဇူယွမ်မှ ပြုံးရယ်ကာ ပြောလိုက်သည်။ "ဒီလိုပါပဲ။"
ယောင်ယောင်မှ ခေါင်းကိုညိတ်ကာ ပြောလိုက်သည်။ "ထန်ထန်ကတော့ ကြီးမြတ်သောရှန်းဟွတောင်တန်းထဲမှာ ရွေးချယ်ခံ လေးယောက်ကို အနိုင်တိုက်ထားတာနော်။ အခုဆိုရင် တခြားကလန်က ရွေးချယ်ခံတွေ တော်တော်များများက သူ့ကို တော်တော်ကြောက်နေကြပြီ။ နင်သူ့ကို အမှီလိုက်ဖို့ဆိုရင် အများကြီး ကြိုးစားရတော့မယ်။"
ဇူယွမ်မှာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ " ပြောရမယ်ဆိုရင် ကျင်းချန်းဇယ်က ကျွန်တော့်ကို တကယ်ကြီး ပစ်မှတ်ထားနေတယ်လို့ ခံစားရတယ်။ ကျွန်တော်ထင်တာ မမှားဘူးဆိုရင် မြင့်မြတ်သောနန်းတော်ရဲ့ အကြီးအကဲတစ်ယောက်ယောက်က သူ့ကို တာဝန်ပေးထားသလိုပဲ။"
ယောင်ယောင်မှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားရပြီးနောက် တစ်စုံတစ်ခုအား တွေးတောမိသွားဟန်ဖြင့် ဇူယွမ်နှင့်ပြိုင်တူ ရေရွတ်လိုက်မိကြသည်။ "ဝူဟောင်ကြောင့်များလား။"
သူတော်စင်အကြွင်းအကျန်ဒေသ၌ ဇူယွမ်မှာ ဝူဟောင်၏ ပြင်ပခန္ဓာအား ဖျက်စီးနိုင်ခဲ့ပြီး စိတ်ဝိဉာဉ်ကိုမူ မြင့်မြတ်သောနန်းတော်မှ ကယ်တင်သွားခဲ့သည်။ မြင့်မြတ်သောနန်းတော်၏ အနေအထားအရ ဝူဟောင်အား ခန္ဓာကိုယ်အသစ် ရှာဖွေပေးခြင်းမှာ ခက်ခဲသောကိစ္စတစ်ခု မဟုတ်ပေ။
"မြင့်မြတ်သောနန်းတော်က ဝူဟောင်အတွက် ဒီလောက်ထိ လုပ်ပေးလိမ့်မယ်လို့ ကျွန်တော်မထင်ထားမိဘူး။" ဇူယွမ်မှ ရေရွတ်လိုက်သည်။ သူနှင့် ဝူဟောင်တို့ကြားရှိ ပဋိပက္ခများအား မြင့်မြတ်သောနန်းတော်မှ ကြားဝင်လာခြင်းမှာ ကောင်းမွန်သည့်ကိစ္စရပ်တစ်ခု မဟုတ်ချေ။
ယောင်ယောင်မှာ ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ညင်သာစွာ စကားဆိုလိုက်သည်။ "မြင့်မြတ်သောနန်းတော်က ဒီကိစ္စကို ထင်ထင်ပေါ်ပေါ် လုပ်ချင်ပုံတော့ မရဘူး။ မဟုတ်ရင် သူတို့က နင့်ကိုဖြေရှင်းဖို့ကိစ္စကို ရွေးချယ်ခံတွေဆီ တာဝန်ပေးမှာ မဟုတ်လောက်ဘူး။"
"မြင့်မြတ်သောနန်းတော်နဲ့ ကန်ရွှမ်းကလန်က အမြဲတမ်း တစ်ဖက်နဲ့တစ်ဖက် စောင့်ကြည့်နေကြတဲ့ အနေအထားမှာ ရှိနေတာ။ အခုအချိန်မှာ မြင့်မြတ်သောနန်းတော်က ပိုပြီးသန်မာသလို ဖြစ်နေတယ်ဆိုပေမယ့် ကန်ရွှမ်းကလန်နဲ့ အခြေအတင် တိုက်ပွဲဖြစ်ချင်ဦးမှာ မဟုတ်ဘူး။"
ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက်အား ရှူထုတ်လိုက်ပြီးနောက် ခေါင်းညိတ်ပြကာ ပြောလိုက်သည်။ "ကျွန်တော်တို့လည်း ကန်ရွှမ်းကလန်ကိုရောက်တာ တစ်နှစ်ကျော်ပြီ။ အဲ့ဒါကြောင့် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာကနေ ပြန်ထွက်တဲ့အခါကြရင် အိမ်ပြန်ဖို့ အခွင့်အရေးနည်းနည်း ရှာဦးမယ်။"
ဇူယွမ်၏ဖခင်ဖြစ်သူမှာ ကြီးမြတ်သောဇူအင်ပါယာ၏ အင်အားအကုန်အစင်ကို အသုံးပြုလျက် ကြီးမြတ်သောဝူအင်ပါယာအား ခုခံထားရခြင်း ဖြစ်သည်။ သို့သော် ယခုအချိန်တွင် အကန့်အသတ်မှာ ပို၍လျင်မြန်စွာ ရောက်လာသကဲ့သို့ ခံစားနေမိသည်။
အဖေ၊ အမေနှင့် ဇူအင်ပါယာတစ်ခုလုံးမှာ ဇူယွမ်ပြန်လည်ရောက်ရှိလာမည့်အချိန်အား စောင့်ဆိုင်းနေကြရခြင်း ဖြစ်သည်။
ယောင်ယောင်မှာ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ရုတ်ချည်းဆိုသလို စကားဆိုလိုက်သည်။ "နတ်ဘုံခန်းဝါ အဆင့်ရှိသူတစ်ယောက်နဲ့ တိုက်ခိုက်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာကနေ ပြန်ထွက်ပြီးတာနဲ့ အိမ်ပြန်ပြီး ပြဿနာတွေကို ဖြေရှင်းချင်တယ်ဆိုရင်.." သူမသည် အဝေးတစ်နေရာအားကြည့်၍ မေးဖျားလေးပင့်ပြကာ ပြောလိုက်သည်။ "ကြီးမြတ်သောရှန်းဟွတောင်တန်းရဲ့ အနက်ရှိုင်းဆုံးနေရာက အကြီးကျယ်ဆုံး ကောင်းချီးတွေကို ယူနိုင်ဖို့ကြိုးစားကြည့်ပေါ့။"
"အဲ့နေရာမှာ ဘာတွေရှိနေတာလဲ။" ဇူယွမ်မှ မေးမြန်းလိုက်သည်။
ယောင်ယောင်မှ ဖြည်းညင်းစွာ ပြောလိုက်သည်။ "ငါလည်း မသိသေးဘူး။ အဲ့နေရာမှာ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ အစီအရင်တစ်ခု ရှိနေတယ်။ အခု ကလန်အားလုံးက ရွေးချယ်ခံတွေက အစီအရင်ဗဟိုချက်ကို ချိုးဖြတ်နိုင်ဖို့ ကြိုးစားနေကြတယ်။ ရတနာတည်နေရာ ဆယ့်ခြောက်ခုကတော့ အဲ့အစီအရင် အပြင်ဘက်နေရာတွေမှာ ရှိနေတာ။ အဲ့ဒါကြောင့် အဲ့အစီအရင်ထဲမှာ ရှိမယ့်အရာက တော်တော်ထူးခြားတဲ့ဟာ တစ်ခုခုပဲဖြစ်မယ်။"
ဇူယွမ်၏ စိတ်နှလုံးအတွင်း စူးစမ်းလိုစိတ်များ ပြင်းထန်လာရသည်။ ကြီးမြတ်သောရှန်းဟွတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာ၌ အကြီးကျယ်ဆုံး ကောင်းချီးများ တည်ရှိနေမည်မှာ မလွဲဧကန်ပင် ဖြစ်ပေလိမ့်မည်။
ကြီးမြတ်သောဇူအင်ပါယာထံသို့ ပြန်သွားနိုင်ရန်အတွက် ဇူယွမ်မှာ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း ကြီးကျယ်ကောင်းမွန်သော ကောင်းချီးများအား တက်နိုင်သမျှ ရယူနိုင်ရန် ကြိုးစားရလိမ့်မည်ပင် ဖြစ်သည်။
ဇူယွမ်မှာ အံကြိတ်လျက် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်၏။
ကျွန်တော့်ကို စောင့်နေပါ...အဖေနဲ့အမေ....
ကျွန်တော်ပြန်လာတဲ့အခါကြရင် ဇူအင်ပါယာဆီက ဝူဘုရင်ခိုးသွားတဲ့အရာမှန်သမျှကို ပြန်ယူပေးပါ့မယ်...
ဇူယွမ်မှာ အတွေးများကြား နစ်မြုပ်နေစဉ်မှာပင် ကန်ရွှမ်းကလန်၏ တပည့်များထံမှ အံ့အားသင့်စွာ အော်ဟစ်လိုက်ကြသော အသံများအား ကြားလိုက်ရလေသည်။
ဇူယွမ်မှ ကြည့်ရှုလိုက်သောအခါတွင် တောင်တန်းကြီးအား ကာရံထားသော အကာအကွယ်လွှာမှာ လျော့ပါးလာသည်ကို မြင်တွေ့လိုက်ရသည်။ ယခုဆိုလျှင် ပတ်ဝန်းကျင်ရှိ မြင်ကွင်းများမှာ ကြည်လင်ပြတ်သားနေပြီပင် ဖြစ်သည်။
ကြီးမားလှသော တောင်တန်းကြီးများမှာ ကောင်းကင်ကို ထိုးဖောက်မတက် မြင့်မားနေပြီး ကြီးကျယ်ခမ်းနားလွန်းလှ၏။
ယခုဆိုလျှင် ၎င်းတို့အားလုံးမှာ ကြီးမြတ်သောရှန်းဟွတောင်တန်း၏ အတွင်းပိုင်းနယ်မြေအတွင်းသို့ ရောက်ရှိလာခဲ့ပြီပင် ဖြစ်သည်။
ဇူအင်ပါယာဆီသို့ ပြန်လည်သွားရောက်နိုင်ရန်အတွက် မည်သည့်အခက်အခဲများအား ကြုံတွေ့ရပါစေ ဇူယွမ်မှာ အဆုံးစွန်ထိ ရွပ်ရွပ်ချွံချွံ ကြိုးစားရန် သံဓိဋ္ဌာန် ချမှတ်ထားလိုက်လေတော့သတည်း။