ပေါ်တင်လုယက်ခြင်း
Vol. 1 Ch. 244
ကျန်းရီသည် တစ်နေ့လုံးလုံး မြေအောက်မှ မရပ်မနား ခရီးဆက်ခဲ့ပြီးနောက် ရှားယွိမြို့၏ မြောက်ဘက်ရှိ ကွေ့ဟွားမြို့ဟူသော မြို့ငယ်လေး တစ်မြို့ထံ ရောက်ရှိခဲ့သည်။
မြို့ထဲတွင် သတင်းအချို့ကို စနည်းနာပြီးနောက် သူ့စိတ်ထဲမှ ဝန်ထုပ်ဝန်ပိုးကြီး လျော့ကျသွားခဲ့သည်။ စစ်တပ်သည် ကွေ့ဟွားမြို့ကို ဖြတ်သွားသည်မှာ သိပ်မကြာသေးဘဲ ညနေလောက်မှ ရှားယွိမြို့သို့ ရောက်လိမ့်မည် ဖြစ်သည်။ သူ့တွင် တစ်နေ့ခင်းလုံး အချိန်ရသေးသည်။
နောက်ဆုံး အခွင့်အရေး ...
ကျန်းရီသည် မထင်ထားလောက်အောင် တည်ငြိမ်လို့ နေသည်။ သူသည် စစ်တပ်နောက် အလျင်စလို လိုက်မသွားဘဲ စားသောက်ဆိုင် တစ်ခုထဲသို့ ဝင်၍ ကောင်းကောင်းမွန်မွန် စားသောက်သည်။ ထို့နောက် ရေပါချိုး၍ ပန်းထိုးဝတ်ရုံကို ဝတ်ဆင်ကာ မြို့ထဲမှ ဝင့်ကြွားစွာ ထွက်လာခဲ့သည်။ သူသည် မြို့ပြင်ရှိ တောအုပ်ငယ်လေးထဲတွင် လူအရေပြား မျက်နှာဖုံးကို ခွာချ၍ နတ်ဆိုး မျက်နှာဖုံးကို တပ်လိုက်သည်။ ထို့နောက် ဝိညာဉ်သားရဲ အဆောင်ကို ထုတ်၍ အော်ဟစ်လိုက်သည်။
"နဂါးလင်းယုန် ... ထွက်လာခဲ့"
"ချူး ... ချူး"
သူ့ရှေ့တွင် အနက်ရောင် အရိပ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ နဂါးလင်းယုန်ကြီးသည် ခြောက်မီတာခန့် ရှည်လျား၍ နေရောင်အောက်တွင် သံမဏိများအလား တလက်လက် ရောင်ပြန်နေသည့် အနက်ရောင် အမွေးအတောင်တို့ဖြင့် ဖုံးအုပ်လို့နေသည်။ နဂါးလင်းယုန်၏ ပုံပန်းသွင်ပြင်သည် ရွေ့လျားနေသည့် ရဲတိုက်ကြီး တစ်ခုအလားပင်။
ကျန်းရီသည် မြေပြင်ပေါ် အသာ ခြေဆောင့်လိုက်ပြီး နဂါးလင်းယုန်၏ ကျောထက် ခုန်တက်လိုက်သည်။ ထို့နောက် ၎င်း၏ လည်ပင်းကို ဖက်ကာ အမိန့်ပေးလိုက်သည်။
"အမြန်ဆုံးနှုန်းနဲ့ တောက်ဘက်ကို ပျံတော့"
"ချုး ... ချူး"
နဂါးလင်းယုန်ကြီးသည် ၎င်း၏ တောင်ပံကြီးများကို ဖြန့်လိုက်လျှင် မြေပြင်ပေါ်သို့ လေပြင်းများ ရိုက်ခတ်သွားသည်။ နဂါးလင်းယုန်၏ ကိုယ်ကြီးသည် နဝမမြောက် ကောင်းကင်ဘုံသို့ ပျံသန်းသွားတော့မည့် အလား ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။
လေပြင်းများ ရိုက်ခတ်မှုကြောင့် ကျန်းရီ၏ ဆံပင်နက်နက်များသည် လေထဲတွင် တဖျတ်ဖျတ် လွင့်လို့နေသည်။ သူ့မျက်လုံးများကမူ လေတိုးမှုကြောင့် အနည်းငယ်လေးသာ ပွင့်နေခဲ့သည်။ သူသည် အောက်မှ သေး၍ သေး၍ ကျန်ခဲ့သော မြို့လေးကို ငုံ့ကြည့်မိသည့်အခါ လက်ဝါးမှ ချွေးစေးများ ထွက်လာပြီး မူးနောက်နောက် ဖြစ်လာခဲ့သည်။ ယခု အနေအထားသည် သူကောင်းကင် ဧကရာဇ်၏ ဂူသင်္ချိုင်းထဲရှိ စေတီကြီးထဲမှ အောက်ကို ငုံ့ကြည့်ရသည်နှင့် ဆင်တူနေသည်။
"ကောင်းပြီ၊ ကောင်းပြီ ... အပေါ်တက်နေတာကို ရပ်လိုက်တော့၊ ဟုတ်ပြီလား"
သူရောက်နေသော နေရာမှ အောက်သို့ ငုံ့ကြည့်လိုက်လျှင် အောက်မှ လူများသည် ပုရွက်ဆိတ်လေးများ အလား ဖြစ်နေတော့သည်။ ကျန်းရီသည် နဂါးလင်းယုန်ကြီးကို အလျင်အမြန် တောင်ဘက်သို့ ဆက်ပျံ ခိုင်းလိုက်ရသည်။ ဤအမြင့်လောက်ဆိုလျှင် ဗာဂျရာ အဆင့်များပင် အောက်မှ မတိုက်ခိုက် နိုင်လောက်ဟု သူထင်သည်။ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့်များ ဆိုလျှင် ပြောနေစရာပင် မလိုချေ။ သို့သော် ဤသည်မှာ ကျန်းရီ၏ တစ်ဖက်သတ် အမြင်သာ ဖြစ်လေသည်။ ဗာဂျရာ အဆင့်များသည် ကောင်းကင်ကိုဖြတ်ကာ သွားလာနိုင်၍ ကျန်းရီကို သတ်လျှင်လည်း ပုရွက်ဆိတ်လေး တစ်ကောင်ကို သတ်သည့်အလား လွယ်လွယ်လေး သတ်သွားနိုင်လေသည်။
နဂါးလင်းယုန်ကြီးသည် အမြန်ဆုံးနှုန်းနှင့် လေထဲတွင် တန်းတန်းမတ်မတ် ပျံသန်းလို့နေသည်။ ရှားဝူဟွေ့၏ စစ်တပ်သည် အရေအတွက် အလွန်များ၍ ထင်သလောက် မမြန်နိုင်ပေ။ စစ်တပ်ကို နှစ်နာရီအတွင်း အမီလိုက်နိုင်ရန် ကျန်းရီတွင် ယုံကြည်ချက် အပြည့် ရှိလေသည်။
***
လမ်းမကြီး၏ အောက်တွင် လူသားတံတိုင်း ရှိနေသောကြောင့် စစ်တပ်၏ ချီတက်နှုန်းသည် နှေးကွေးလေသည်။ မြေအောက်မှ သွားသော စစ်သားများသည် ရှေ့ဆက်တိုးရန် မြေကို တူးနေရသောကြောင့် နှေးနေသည်မှာ ပုံမှန်သာ ဖြစ်သည်။
နှစ်ရက်အတွင်း ကျန်းရီလုံးဝ ပေါ်မလာခဲ့သလို ရှားယွိမြို့သို့ ရောက်ရန်လည်း လေးနာရီခန့်သာ ခရီးဆက်ရတော့မည် ဖြစ်လေရာ ရှားဝူဟွေ့နှင့် စုတိကောတို့ စိတ်အေးလက်အေး ဖြစ်နေလေသည်။ သူတို့သည် ကျန်းရီ ရှားဝူဟွေ့ကို လာသတ်မည်အား အများကြီး စိတ်မပူပေ။ သို့သော်လည်း ရှားယွိမြို့နှင့် နီးလေလေ ခရီးသွားများ၊ ကုန်သည်များ ပိုမိုများပြားလာသည်။ သူတို့အား ကျန်းရီ ထပ်မံလုယက် တိုက်ခိုက်လျှင် ရှားဝူဟွေ့နှင့် စုတိကောတို့ နောက်တစ်ကြိမ် အရှက်ရ၍ အထိနာကြီး နာသွားရလိမ့်မည်။
"ဝှစ် ... ဝှစ် ... ဝှစ်"
လမ်းမကြီးထက်တွင် ကုန်သည်တစ်အုပ် ခရီးနှင်နေခဲ့ပြီး စစ်တပ်နှင့် ရင်ဆိုင်မိသောအခါ စစ်တပ် ချီတက်နိုင်ရန် ဘေးသို့ ကပ်ပေးလိုက်ကြသည်။
ထိုကုန်သည်များသည် ရှားနိုင်ငံသားများ ဖြစ်ကြသည်မှာ ထင်ရှားသည်။ သူတို့သည် စုတိကော၏ စီးတော်သားရဲကို မြင်သည်နှင့် ဒူးထောက် ထိုင်ချလိုက်ကြသည်။ စုတိကောသည် ရှားနိုင်ငံ၏ တစ်ဦးတည်းသော စစ်သေနာပတိချုပ်ကြီး ဖြစ်သည့်အပြင် နိုင်ငံအတွင်းလည်း နာမည်ကောင်းဖြင့် ကျော်ကြားသေးသည်။
"အင်း"
စုတိကောသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ဤကုန်သည် အုပ်စုသည် သူတို့ ဘာလုပ်ရမည်ကို ကောင်းကောင်း သိလေသည်။ အထူးသဖြင့် ရှားဝူဟွေ့နှင့် ရှန်ဝူနိုင်ငံမှ စစ်တပ် သူ့အနောက်တွင် ရှိနေချိန်၌ ဖြစ်သည်။
"ချူး ... ချူး"
ထိုအချိန်တွင် ကောင်းကင်ထက်မှ အော်သံကြီး ပီပီသသ ထွက်လာခဲ့သည်။ စုတိကော၏ ကောင်းမွန်နေသော စိတ်အခြေအနေသည် ချက်ချင်းဆိုသလို ပျက်စီးသွားခဲ့သည်။ သူခေါင်းကို မော့ကြည့်လိုက်သောအခါ မြေပြင်နှင့် ကီလိုမီတာ သုံးဆယ်ခန့် အကွာတွင် လူတစ်ဦးသည် နဂါးလင်းယုန်ကြီးကို စီးနင်း၍ စစ်တပ်ရှိရာဘက် ပျံသန်းလာသည်ကို မြင်လိုက်ရသောကြောင့် သူ့အမူအရာမှာ ပိုဆိုးရွားလာခဲ့သည်။
ရှားနိုင်ငံတွင် ဝိညာဉ်သားရဲ ပိုင်ဆိုင်ထားသူများ ရှိကြသည်။ မိုးပျံနိုင်သော ဝိညာဉ်သားရဲကို ပိုင်ဆိုင်ထားသူမှာ လက်ချိုးရေတွက်၍ ရသည်။ သို့သော်လည်း မည်သည့် ရှားနိုင်ငံသားမှ စစ်တပ်ကြီးနှင့် စုတိကော၏ ခေါင်းပေါ်မှ ဖြတ်ပျံရဲမည် မဟုတ်ချေ။ ထိုလူသည် ဤနေရာသို့ ရည်ရွယ်ချက် ကောင်းကောင်းနှင့် လာခြင်း မဟုတ်သည်မှာ သေချာသည်။
"ကာကွယ်ကြ"
စုတိကော အော်ဟစ်လိုက်သည်နှင့် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်များသည် ရထားလုံးများနှင့် အနီးအနားရှိ ကျောက်တုံးမြင့်မြင့်များ ပေါ်သို့ ခုန်တက်လိုက်ကြသည်။ သူတို့သည် နဂါးလင်းယုန်ကြီးနှင့် ၎င်း၏ ကျောထက်တွင် ထိုင်နေသောလူအား သေချာ အကဲခတ် နေကြလေသည်။
"အမ်"
ရှားဝူဟွေ့သည် လိုက်ကာစများကြားမှ ချောင်းကြည့်လိုက်ရာ မျက်နှာပျက် သွားခဲ့သည်။ မယုံကြည်နိုင်ဟန် တို့က သူ့မျက်ဝန်းထဲတွင် အတိုင်းသား။ ကျန်းရီ၏ ရှေးဟောင်းမျိုးစိတ် ကျုံးဝူ သားရဲဆိုတဲ့ နတ်ဆိုးသားရဲကို ပိုင်ဆိုင်ထားတာ မဟုတ်ဘူးလား၊ မည်သူမှ ဝိညာဉ်သားရဲ နှစ်ကောင်အား ယဉ်ပါးအောင် မလုပ်နိုင်သည်မှာ လူတိုင်းသိသော ကိစ္စဖြစ်သည်။
ဒီလူက ကျန်းရီမဟုတ်ရင် ဘယ်သူများလဲ ...
"ချူး ... ချူး"
နဂါးလင်းယုန်ကြီးသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အောက်သို့ ထိုးဆင်းလာခဲ့သည်။ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်များသည် အချိန်မရွေး တိုက်ခိုက်နိုင်ရန် အတွင်းအားများ ထုတ်ဖော်လိုက်ကြသည်။
နတ်ဘုရား သတ်ဖြတ်ခြင်း လေးမြားများ ကိုင်ဆောင်ထားကြသူများ အားလုံးသည် နဂါးလင်းယုန်ကြီးကို မြားများဖြင့် ချိန်ရွယ်လိုက်ကြသည်။ သူတို့အနီး နဂါးလင်းယုန်ကြီး ရောက်လာသည်နှင့် မြားများကို ချက်ချင်း ပစ်လွှတ်လိုက်မည် ဖြစ်သည်။
စုတိကောသည် မြင့်မား၍ ထူးဆန်းလှသော သားရဲကြီးကို စီးနင်းရင်း ပုဆိန်သွားတပ် လှံရှည်ကြီးကို ကိုင်မြှောက်လိုက်သည်။ ပုဆိန်သွားသည် အလင်းရောင်အောက်တွင် လက်ခနဲ ဖြစ်သွားပြီး ကြောက်စရာ အငွေ့အသက်များ ဖြာထွက်လာသည်။ စုတိကောသည် နဂါးလင်းယုန်ထက်မှ မျက်နှာဖုံးတပ် လူငယ်ကို ကြည့်လိုက်ပြီး အော်ပြောလိုက်သည်။
"အဲဒီက ဘယ်သူလဲ ... ငါက ရှားနိုင်ငံရဲ့ စစ်သေနာပတိချုပ် စုတိကောပဲ၊ မြန်မြန်နောက်ဆုတ်လိုက် မဆုတ်ရင် ဒီအရှင်က သက်ညှာနေမှာ မဟုတ်ဘူး"
"ဟား ... ဟား ... ဟား"
နဂါးလင်းယုန်ကြီးသည် မီတာရာပေါင်းများစွာ ထိုးဆင်းလာပြီးနောက် လေထုအလယ်တွင် ရပ်တန့်သွားခဲ့သည်။ နတ်ဆိုးမျက်နှာဖုံး တပ်ဆင်ထားသူသည် အကျယ်ကြီး ရယ်ချလိုက်ကာ အော်ပြောလာခဲ့သည်။
"စစ်သူကြီးစု ... ကျွန်တော် ရှားနိုင်ငံနဲ့ ရန်သူမဖြစ်ချင်ဘူး၊ ခင်ဗျားရဲ့ လူတွေ ကျွန်တော့်ကို လာမတိုက်ရင် ကျွန်တော်လည်း ရှားနိုင်ငံက လူတွေကို မသတ်ဘူး၊ ကျွန်တော်က စိတ်ဝိညာဉ် အားဖြည့်ဆေးပင်ကို လိုချင်ရုံပဲ၊ ရှားဝူဟွေ့ ... စိတ်ဝိညာဉ် အားဖြည့်ဆေးပင်ကို ငါ့ကို ပေးရင် ချက်ချင်း ထွက်သွားပေးမယ် မပေးရင် အကျိုးဆက်တွေကို ခံစားရမယ်"
"ကျန်းရီ"
စစ်တပ်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ ကျန်းရီ နောက်တစ်ကြိမ် ထပ်လာခဲ့သည်။ သူသည် စစ်တပ်ကြီး တစ်ခုလုံးနှင့် မရေမတွက်နိုင်သော သိုင်းသမားများ ရှေ့တွင် ရှန်ဝူနိုင်ငံ၏ အိမ်ရှေ့စံကို ခြိမ်းခြောက်နေခဲ့သည်။ ဒါက ပေါ်တင် လုယက်နေတာ မဟုတ်ဘူးလား ...
"သူ ဝိညာဉ်သားရဲ နှစ်ကောင်ကို ယဉ်ပါးအောင် ဘယ်လိုလုပ်လိုက်တာလဲ၊ ဖီးနစ်ငှက်ကရော သူ့ဝိညာဉ် သားရဲပဲလား"
ရှားဝူဟွေ့သည် ဆွံ့အ နေခဲ့ပြီသည်။ ဤသူမှာ ကျမ်းရီဖြစ်ကြောင်း သူသေချာလေသည်။ ထိုအသံအား သူသေသွားလျှင်တောင် မေ့မည်မဟုတ်ချေ။ ရှားဝူဟွေ့၏ မျက်နှာသည် အံ့အားသင့်နေရာမှ ဒေါသထွက်သည့် အမူအရာသို့ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
"သူ့ကိုသတ်၊ အဲဒီသစ္စာဖောက်ကို သတ်ကြ"
ရှန်ဝူနိုင်ငံမှ စစ်သည်များရော၊ စုတိကောပါ ကျန်းရီကို သတ်ချင်ကြပါသည်။ သို့သော် ကျန်းရီသည် မြေပြင်မှ မီတာရာပေါင်းများစွာ မြင့်သော နေရာတွင် ရှိနေသည်။ သူတို့၏ တိုက်ခိုက်မှုများသည် ကျန်းရီထံ မရောက်နိုင်ပေ။
စုတိကောသည် ဒေါသအမျက် ချောင်းချောင်းထွက်နေသည့် မျက်လုံးများနှင့် ကျန်းရီကိုကြည့်ကာ အော်ဟစ်လိုက်ပြန်သည်။
"ကျန်းရီ ... မင်းသားဝူဟွေ့က ရှားနိုင်ငံရဲ့ အထူးဧည့်သည်တော်ပဲ၊ သူက ရှားနိုင်ငံရဲ့ နယ်နိမိတ်ထဲ ရောက်နေမှတော့ သူ့ကိုကာကွယ်ဖို့ ငါ့မှာ တာဝန်ရှိတယ် ... ဒီအရှင်က မင်းဘယ်သူဖြစ်ဖြစ် ဂရုမစိုက်ဘူး၊ အခုချက်ချင်း ထွက်သွား ... မသွားရင် မင်းကို ရှားနိုင်ငံရဲ့ ရန်သူအဖြစ် သတ်မှတ်လိုက်မယ်၊ ငါတို့က စေ့စပ်ဆွေးနွေးမနေဘဲ သတ်မှာ"
"ဟား ... ဟား ... ဟား"
နဂါးလင်းယုန်ကြီးပေါ်တွင် ထိုင်နေသော ကျန်းရီသည် စုတိကောကို လေလည် နေသကဲ့သို့ပင် သဘောထားလိုက်သည်။ သူသည် အောက်မှ ဆယ်ခုအထက် ရှိသော ရထားလုံးများကို ငုံ့ကြည့်ကာ အော်ဟစ်လိုက်ပြန်သည်။
"ရှားဝူဟွေ့ ... မင်းယောက်ျားဆိုရင် ထွက်လာခဲ့လေ၊ လိပ်တစ်ကောင်လို အခွံထဲ ပုန်းနေတာ ဘာအဓိပ္ပာယ်လဲ ... စိတ်ဝိညာဉ် အားဖြည့်ဆေးပင်ကို ငါ့ဆီ ပေးမပေးတော့ ငါ့ကို ပေးသိသင့်တယ် မဟုတ်လား"
နောက်ဆုံးတွင် ရှားဝူဟွေ့သည် သည်းမခံနိုင်တော့ဘဲ ရထားလုံးတစ်ခု၏ အမိုးမှ ဖောက်ထွက်ကာ ခေါင်မိုးထက် မတ်တတ်ရပ်လိုက်သည်။ သူ့နောက်တွင် မိန်းမစိုးအိုကြီး တစ်ဦးနှင့် စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့်များပါ လိုက်ပါလာလေသည်။
"ဟမ့်"
ရှားဝူဟွေ့သည် ကောင်းကင်ထက်တွင် ရှိနေသော ကျန်းရီကို ကြည့်ကာ သရော်လိုက်သည်။
"ကျန်းရီ ... စိတ်ဝိညာဉ် အားဖြည့်ဆေးပင်က ဒီမင်းသားဆီမှာ ရှိတယ်၊ သတ္တိရှိရင် လာယူလေ"
"ကောင်းပြီ၊ ဒီသခင်လေး လာမယ်"
ကျန်းရီ ရယ်ချလိုက်ပြီး နဂါးလင်းယုန်ကြီးမှာ အောက်သို့ ထိုးဆင်းလာခဲ့သည်။
ရှားဝူဟွေ့နှင့် ကျန်လူများ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ စုတိကောအပါအဝင် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်များ၏ အတွင်းအား တိုက်ခိုက်မှုများသည် အပေါ်သို့ ပျံ့လွင့်သွားခဲ့သည်။ နတ်ဘုရားသတ်ဖြတ်ခြင်း မြားများသည်လည်း ကောင်းကင်ထက်သို့ ပျံတက်သွားကြလေသည်။
"ဟား ... ဟား ... ဟား"
ကျန်းရီ၏ အမြင်အာရုံသည် စူးရှလေသည်။ သူသည် ပျံ့တက်လာသော အတွင်းအား တိုက်ခိုက်မှုများ၊ မြားများကို မြင်သောအခါ မြေပြင်နှင့် ကိုးကီလိုမီတာ အကွာ၌ အောက်သို့ ဆက်မဆင်းတော့ပေ။ မဟုတ်ပါက နဂါးလင်းယုန်ကြီး သေသွားနိုင်လေသည်။
သူသည် နဂါးလင်းယုန်ကြီးကို လက်တစ်ဖက်မှ ထိန်းချုပ်ထားရင်း ကျန်လက်ထဲမှ မီးဝိညာဉ်ပုလဲမှာ လင်းလက်လာခဲ့သည်။ ထို့နောက် အနီရောင် ကျောက်တုံးလေးတစ်ခု ထွက်လာခဲ့ပြီး ကျန်းရီသည် လက်ဝါးတစ်ဖက်ဖြင့် ကျောက်တုံးအား ရိုက်ချလိုက်သည်။
"လူခွဲကြ"
"နောက်ဆုတ် ... "
"ဝှစ်"
မီးဝိညာဉ်ကျောက်တုံး ထွက်ပေါ်လာသော ခဏတွင် မိန်းမစိုးအိုကြီး ဝေ့နှင့် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်များသာမက စုတိကောသည်ပင် မျက်နှာ အကြီးအကျယ် ပျက်သွားခဲ့သည်။
မိန်းမစိုးအိုကြီးသည် ရှားဝူဟွေ့ကို လက်တစ်ဖက်မှ ဆွဲ၍ နောက်သို့ အလွန် လျင်မြန်စွာ နောက်ဆုတ်လိုက်သည်။ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်များသည်လည်း အဘက်ဘက်သို့ ပျံထွက် သွားလိုက်ကြသည်။
ကျန်းရီ ပစ်ထုတ်လိုက်သော မီးဝိညာဉ် ကျောက်တုံးသည် လေထဲ၌ပင် အစိမ်းရောင် အခိုးအငွေ့များ တလူလူထွက်၍ အောက်သို့ ကျဆင်းလာခဲ့သည်။ အောက်တည့်တည့်မှ စစ်သည်များ သာမက ဘေးဘက်ခြမ်းများမှ စုတိကော၏ စစ်သည်များပါ အပူရှိန်ကို ခံစားမိလေသည်။
"အား"
စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်များသည် အဘက်ဘက်သို့ ပျံသန်း၍ ရှောင်ရှားလိုက်ကြသော် စစ်သည်များသည်လည်း ထွက်ပြေးရန် ပြင်လိုက်ကြသည်။ သို့သော် နေရာတိုင်းတွင် စစ်သားများဖြင့်သာ ပြည့်၍နေရာ သူတို့ပြေးစရာ မြေမရှိပေ။ မီးဝိညာဉ်ကျောက်တုံး သက်ဆင်းသည်နှင့် လူရာပေါင်း များစွာသည် ပြာအတိကျသည် အထိ လောင်ကျွမ်းသွားခဲ့ပြီး အနီးအနားတွင် ရှိနေသော စစ်သည်တစ်ထောင်ခန့် အားလည်း မီးများ စွဲလောင်နေခဲ့သည်။
"ချူး ... ချူး"
နဂါးလင်းယုန်ကြီးသည် အောက်သို့ ဆက်ထိုးဆင်းလာခဲ့ပြီး ကျန်းရီသည် မိန်းမစိုးအိုကြီး၏ သယ်ဆောင် ထားခံရသော ရှားဝူဟွေ့ထံ ဦးတည်ရင်း အော်ပြောလိုက်သည်။
"ရှားဝူဟွေ့ ... မင်း စိတ်ဝိညာဉ် အားဖြည့်ဆေးပင်ကို မပေးရင် ငါရှန်ဝူစစ်တပ် တစ်ခုလုံးကို မီးရှို့ပစ်မယ်၊ စုတိကော ... ခင်ဗျားလူတွေကို နောက်ဆုတ်ခိုင်း မဟုတ်ရင် ထိခိုက်ဒဏ်ရာတွေ အတွက် ဒီသခင်လေးက တာဝန်ယူမှာ မဟုတ်ဘူး"
***