← Chapters

ရောင်စဉ်ခုနစ်သွယ်

Vol. 44 Ch. 614

ရောင်စဉ်ခုနစ်သွယ်

Vol. 44 Ch. 614

ဝါးအိမ်ငယ်အတွင်း ရှိနေကြသူများမှာ ဇူယွမ်လက်ထဲမှ အရာဝတ္ထုအား အဆန်းတကြယ်ဖြင့် ကြည့်ရှုနေကြသည်။ ရွေးချယ်ခံများဖြစ်သော ချူချင်းနှင့် လီချင်းချန်တို့၏ မျက်ဝန်းများမှာ အံ့အားသင့်သော အငွေ့အသက်များဖြင့် ပြည့်နှက်သွားရသည်။

ဇူယွမ်လက်အတွင်း ရှိနေသောအရာဝတ္ထုမှာ လီချင်းချန် ပြောပြခဲ့သည့် ရှန်းဟွတံဆိပ်ပြားပင် ဖြစ်သည်။

"မင်း...ဘယ်လိုလုပ် ရှန်းဟွတံဆိပ်ပြားကို ရခဲ့တာလဲ။" ကျောင်းဇူမှ မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ကူကယ်ရာမဲ့စွာ ဇူယွမ်အား မေး​မြန်းလိုက်သည်။ ၎င်းတို့မှာ ကြီးမြတ်သောရှန်းဟွတောင်တန်းအတွင်း ခက်ခဲပင်ပန်းစွာ ကြိုးစားခဲ့ကြပါသော်လည်း ရှန်းဟွတံဆိပ်ပြား နှစ်ခုကိုသာ ရှာဖွေနိုင်ခဲ့သည်။ ထိုသည်ကို ကြည့်ရှုခြင်းဖြင့်ပင် ရှန်းဟွတံဆိပ်ပြားမှာ မည်မျှရှားပါးလှကြောင်း သိရှိနိုင်သည်။ သို့သော် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ အပြင်ဖက်နယ်မြေ၌သာ ရှိနေခဲ့သော ဇူယွမ်မှာ ရှန်းဟွတံဆိပ်ပြားအား ရှာဖွေနိုင်ခဲ့လေသည်။

"ရှန်းဟွပုံရိပ်ယောင်ကမ္ဘာရဲ့ အပြင်ဖက်နယ်မြေမှာတုန်းက ရောင်စဉ်ခြောက်သွယ် ရတနာတည်နေရာတစ်ခုကို ရောက်ခဲ့တယ်လေ။ အဲ့နေရာကနေပဲ ရလာခဲ့တာ။" ဇူယွမ်မှ ရှင်းပြပြောဆိုလိုက်သည်။

လီချင်းချန်းမှ နှုတ်ခမ်းသားလေးအား ခပ်ဖွဖွဖိကိုက်ကာ ပြောလိုက်သည်။ "ရောင်စဉ်ခြောက်သွယ် ရတနာရဲ့တည်နေရာတိုင်းမှာ ရှန်းဟွတံဆိပ်ပြား ရှိတာမဟုတ်ဘူး။ နင်က ကံကိုကောင်းလွန်းတယ်။"

"ငါ့ကိုပြကြည့်ဦး။"

ဇူယွမ်မှ တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ တံဆိပ်ပြားအား လီချင်းချန်ထံ ပေးအပ်လိုက်သည်။

လီချင်းချန်မှာ တံဆိပ်ပြားအား ဂရုတစိုက်ဖြင့် ကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။ "ဒါက တကယ်ကို ရှန်းဟွတံဆိပ်ပြားအစစ်ပဲ။ ဒါပေမယ့် ဒီတံဆိပ်ပြားက ပြီးပြည့်စုံခြင်း မရှိသေးဘူး။ အချိန်နည်းနည်း ကြာသွားတော့မှ ပြီးပြည့်စုံတဲ့ တံဆိပ်ပြားတစ်ခု ဖြစ်လာလိမ့်မယ်။"

"ဒီလိုမျိုး တဝက်တပျက် တံဆိပ်ပြားလည်း ရှိတာပဲလား။" ဇူယွမ်မှ မေးမြန်းလိုက်သည်။

လီချင်းချန်မှ ခေါင်းညိတ်ပြကာ စကားဆိုလိုက်သည်။ "ဒီတံဆိပ်ပြားတွေက ကြီးမြတ်သောရှန်းဟွတောင်တန်းရဲ့ အနက်ရှိုင်းဆုံး နေရာတွေကနေ ဖြစ်တည်လာတာ။ သူတို့တွေက သစ်စေ့တွေလိုပဲ ချီစွမ်းအင်တွေကို စုပ်ယူနေရင်းနဲ့မှ တဖြည်းဖြည်း ပြီးပြည့်စုံတဲ့ တံဆိပ်ပြားတစ်ခုပုံစံ ဖြစ်လာတာ။"

"ဒီတံဆိပ်ပြားရှိတော့မှ ကြီးမြတ်သောရှန်းဟွတောင်တန်းရဲ့ အကြီးကျယ်ဆုံး ကောင်းချီးတွေရှိတဲ့နေရာကို ဝင်လို့ရမှာ။"

"ကျွန်တော်နားလည်ပြီ။" ဇူယွမ်မှ လီချင်းချန်၏ ရှင်းပြပြောဆိုမှုများကြောင်း ရှန်းဟွတံဆိပ်ပြားအကြောင်းကို အနည်းအကျဉ်း နားလည်သဘောပေါက်သွားရသည်။ "ဒီလို တဝက်တပျက် တံဆိပ်ပြားတွေက သုံးလို့ရောရရဲ့လား။"

လီချင်းချန်မီ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ "တကယ်ဆိုရင် အဲ့လိုတဝက်တပျက် တံဆိပ်ပြားတွေပဲ တွေ့ရတာများတယ်။ ကြီးမြတ်သောရှန်းဟွတောင်တန်းထဲမှာတောင် ပြီးပြည့်စုံတဲ့ ရှန်းဟွတံဆိပ်ပြားကို ရှာတွေ့ဖို့ မလွယ်ကူဘူး။ ဒါပေမယ့် တဝက်တပျက် တံဆိပ်ပြားနှစ်ခု ပေါင်းစည်းလိုက်ရင်လည်း ပြီးပြည့်စုံတဲ့ တံဆိပ်ပြားတစ်ခုကို ရနိုင်တယ်လေ။"

ဇူယွမ်မှာ အနည်းငယ်မျှ တွေးတောလိုက်ပြီးနောက် လီချင်းချန်အားကြည့်ကာ မေးလိုက်သည်။ "အဲ့ဒါဆိုရင် တဝက်တပျက် တံဆိပ်ပြားတွေကို လိုက်ရှာပြီးတော့ ပြီးပြည့်စုံတဲ့ ရှန်းဟွတံဆိပ်ပြားတွေကို စုဆောင်းရမှာပေါ့။"

"အဟက်... "

ဇူယွမ်၏စကားကြောင့် ကျောင်းဇူထံမှ မထီမဲ့မြင်စကားသံ ထွက်ပေါ်လာရသည်။ "မင်းမှာ ပြီးပြည့်စုံတဲ့ ရှန်းဟွတံဆိပ်ပြား ရှိနေရင်ဆောင် ကြီးမြတ်သောရှန်းဟွတောင်တန်းထဲက အကြီးကျယ်ဆုံး ကောင်းချီးတွေရှိတဲ့နေရာကိုသွားဖို့ အရည်အချင်းရှိမှာမို့လို့လား။"

"ဘာဖြစ်လို့လဲ။" ဇူယွမ်၏အသံမှာ တည်ငြိမ်နေလျက် ရှိသည်။

ကျောင်းဇူမှ အလေးပင်မထားဟန်ဖြင့် စကားဆိုလိုက်သည်။ "ဘာလို့လဲဆိုတော့ မင်းရဲ့အရည်အချင်းက မလုံလောက်လို့ပေါ့။ ကြီးမြတ်သောရှန်းဟွတောင်တန်းရဲ့ အကြီးကျယ်ဆုံး ကောင်းချီးတွေရှိတဲ့နေရာကို သွားနိုင်ဖို့က ပြီးပြည့်စုံတဲ့ ရှန်းဟွတံဆိပ်ပြား ရှိနေရုံနဲ့ မရဘူး။"

"အဲ့ဒါဆို ဘာတွေလိုအပ်သေးတာလဲ။" ဇူယွမ်မှ မေးလိုက်သည်။

လီချင်းချန်မှ ဇူယွမ်၏မေးခွန်းအား ဝင်ရောက်ဖြေကြားလိုက်သည်။ "အကြီးကျယ်ဆုံး ကောင်းချီးတွေရှိတဲ့နေရာကို သွားနိုင်ဖို့က အနည်းဆုံး ရောင်စဉ်ခြောက်သွယ် ရတနာတည်နေရာ ငါးခုကို သွားဖူးတဲ့သူမှရမှာတဲ့။ နင်တို့ရောက်ခဲ့တဲ့ ရောင်စဉ်ခြောက်သွယ် ရတနာတည်နေရာကို နေရာတစ်ခုအဖြစ် ထည့်ပြီးသတ်မှတ်နိုင်တယ်။"

"ရှန်းဟွတံဆိပ်ပြားရှိပြီး ကောင်းချီးတွေရှိတဲ့နေရာကို သွားဖို့အရည်အချင်း မပြည့်မှီတဲ့ တပည့်တွေက တံဆိပ်ပြားကို နတ်ဘုံခန်းဝါရတနာနဲ့ လဲလှယ်နိုင်တယ်။"

ဇူယွမ်မှာ တည်ငြိမ်စွာဖြင့်ပင် ခေါင်းညိတ်ပြလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ထိုအရာမှာ စည်းမျဉ်းစည်းကမ်းများ ဖြစ်နေသောကြောင့် ဇူယွမ်မှာ အနည်းငယ်မျှပင် ငြင်းဆန်လိုခြင်း မရှိပါချေ။

လီချင်းချန်မှာ မည်သည့်စကားမှ ထပ်၍ဆိုခြင်းမရှိသော ဇူယွမ်အား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် တံဆိပ်ပြားအား ပြန်လည်ပေးအပ်လိုက်သည်။

"အခုငါတို့ အဓိကအကြောင်းအရင်းကို ဆွေးနွေးကြရအောင်။" လီချင်းချန်မှ လေးနက်သောအမူအရာဖြင့် စကားဆိုလိုက်သည်။ "ငါတို့ပြဿနာကြုံရမှာကို စိုးရိမ်မိတယ်။"

ချူချင်းမှ လျင်မြန်စွာ မေးမြန်းလိုက်သည်။ "ဘာကိုဆိုလိုချင်တာလဲ။"

လီချင်းချန်မှ ချူချင်းအားကြည့်ကာ ညင်သာစွာ ​ပြောလိုက်သည်။ "ယောင်ယောင်နဲ့နင်က တပည့်တွေကို သွားခေါ်နေတုန်း ငါတို့ရတနာတည်နေရာတစ်ခုကို ဖွင့်ခဲ့တယ်။ အဲ့ဒါက ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာ ဖြစ်နေတယ်။"

"ရောင်စဉ်ခုနစ်သွယ်..." ချူချင်း၏ အမူအရာမှာ ပြောင်းလဲသွားရသည်။ ​ကြီးမြတ်သောရှန်းဟွတောင်းတန်းအတွင်း ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာမှာ သုံးခုသာ ရှိလေသည်။

"ဒါက သတင်းကောင်းပဲ မဟုတ်ဘူးလား။" ချုချင်းမှ ပြောလိုက်သည်။

"ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာကို ရှာတွေ့ခဲ့တာကတော့ သတင်းကောင်းပေါ့။ ဒါပေမယ့် အဲ့နေရာက တကယ်ပြဿနာရှိတယ်။ ဘာလို့လဲဆိုတော့ အဲ့နေရာက ကန်ရွှမ်းကလန်နဲ့ မြင့်မြတ်သောနန်းတော်ကို ခြားထားတဲ့စည်းအနားမှာရှိနေတာ။" လီချင်းချန်မှ ဖြည်းညင်းစွာ ပြောလိုက်သည်။ "ပြောရမယ်ဆိုရင်တော့ တိုက်ပွဲက ရှောင်လွှဲလို့ မရတော့တဲ့သဘောပဲ။"

ချူချင်းမှ ပြောင်လက်နေသော ဦးခေါင်းအားပွတ်ကာ စကားဆိုလိုက်သည်။ "တကယ့်ပြဿနာပါလား။"

"ဒါက ငါတို့ရသင့်တဲ့ ကောင်းချီးပဲလေ။ ဘာလို့ ပြဿနာဖြစ်ရမှာလဲ။" ခုန်းရှန်မှ ခံစားချက်မဲ့နေသော မျက်ဝန်းများဖြင့် ဝင်ရောပြောဆိုလိုက်သည်။

ယဲ့ကယ်မှ ခပ်ဖွဖွပြုံးကာ စကားဆိုလိုက်သည်။ "ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာက ရှားလည်းရှားတော့ တခြားသူတွေက အာရုံစိုက်လာကြမှာအမှန်ပဲ။ ပြီးတော့ အဲ့နေရာက စည်းခြားထားတာနဲ့လည်း နီးကပ်နေတယ်။ ​မြင့်မြတ်သောနန်းတော်တင် မဟုတ်ဘူး။ တခြားကလန်တွေကလည်း ရတနာတည်နေရာကို တိတ်တဆိတ် စောင့်ကြည့်နေကြမှာတော့ သေချာတယ်။"

"အဲ့ဒါဆိုရင် ငါတို့က ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာကို လက်လျှော့လိုက်ရမယ့်သဘောလား။" ခုန်းရှန်မှ ယဲ့ကယ်အားကြည့်ကာ ပြောလိုက်သည်။

ယဲ့ကယ်မှ လက်အားခါယမ်းပြကာ ပြောလိုက်သည်။ "အဲ့လိုမဟုတ်ပါဘူး။ ငါက သေချာသတိထားသင့်တဲ့ အကြောင်းကိုပဲ ပြောပြတာပါ။"

ခုန်းရှန်မှ အလေးပင်မထားဟန်ဖြင့် ပြောလိုက်သည်။ "ရန်သူတွေကို အကုန်လုံးက တိုက်ခိုက်ပြီး ရွေးချယ်ခံတစ်ယောက်က ရတနာတည်နေရာကို စောင့်ကြည့်ထားဖို့ အကြံပေးချင်တယ်။ တပည့်ခေါင်းဆောင်တွေကတော့ တပည့်တွေကို ဦးဆောင်ပြီး ရှန်းဟွတံဆိပ်ပြားတွေကို သွားရှာဖွေသင့်တယ်။"

"ငါတို့သာ နတ်ဘုံခန်းဝါ ရတနာတွေနဲ့ ရှန်းဟွတံဆိပ်ပြားတွေ ရပြီဆိုရင် မြင့်မြတ်သောနန်းတော်က တပ်ဆုတ်သွားရမှာပဲ။ မဟုတ်လည်း သူတို့အချိန်ဖြုန်းနေသလိုပဲ ဖြစ်နေမှာ။"

လီချင်းချန်မှ စကားဆိုလိုက်သည်။ "ငါလည်း သဘောတူတယ်။"

အခြားသော ရွေးချယ်ခံများမှာလည်း ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။ မျက်စိရှေ့၌ပင်ရှိနေသော ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာအား မည်သို့မျှ အလျှော့ပေးလိုက်ရန် မဖြစ်နိုင်ပေ။

ဇူယွမ်မှာလည်း တိတ်ဆိတ်စွာဖြင့် ခုန်းရှန်၏စကားအား ခေါင်းညိတ်ထောက်ခံလိုက်သည်။

ချူချင်းမှာ အမှန်တကယ်ပင် စိတ်ဓာတ်များ ကျဆင်းသွားရသည်။ ကြည့်ရသည်မှာ ဤတစ်ကြိမ်၌ မည်သို့ပင် ကြိုးစားစေကာမူ တိုက်ပွဲအား ရှောင်ရှားနိုင်လိမ့်မည် မဟုတ်တော့ပေ။

"ရတနာတည်နေရာကို ဘယ်သူစောင့်ရှောက်မှာလဲ။" လီချင်းချန်မှ ရွေးချယ်ခံများအားကြည့်ကာ မေးမြန်းလိုက်သည်။

ရွေးချယ်ခံများမှ မြင့်မြတ်သောနန်းတော်နှင့် တိုက်ခိုက်နေစဉ်အတွင်း ရွေးချယ်ခံတစ်ဦးမှာ ရတနာတည်နေရာအား စောင့်ရှောက်ထားရန် မဖြစ်မနေ လိုအပ်ပေသည်။

ခုန်းရှန်မှာ ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "ကျောင်းဇူကို စောင့်ရှောက်ခိုင်းထားလိုက်။ ငါတို့တွေက မြင့်မြတ်သောနန်းတော်ကို တိုက်ခိုက်ကြမယ်။ တပည့်ခေါင်းဆောင်တွေကတော့ ခုနက ငါပြောထားသလိုပဲ ရှန်းဟွတံဆိပ်ပြားတွေကို သွားရှာကြပေါ့။"

ကျောင်းဇူမှ ခေါင်းညိတ်ပြကာ ပြောလိုက်သည်။ "ရတနာတည်နေရာထဲ ဝင်လာတဲ့သူမှန်သမျှ ငါအလွတ်မပေးဘူး။"

အခြားသော ရွေးချယ်ခံများမှာလည်း ခုန်းရှန်၏ အစီအစဉ်အား လက်ခံလိုက်ကြသည်။

ဇူယွမ်မှ ခုန်းရှန်အားကြည့်ကာ ပြောလိုက်သည်။ "ရတနာရဲ့တည်နေရာကို စောင့်ရှောက်ဖို့က အကူတွေဘာတွေ မလိုဘူးလား။"

ခုန်းရှန်မှ ပြန်လည်တုံ့ပြန်လိုက်သည်။ "ရွေးချယ်ခံတွေက အလှည့်ကျ ကူညီစောင့်ရှောက်ပေးမှာပေါ့။"

ဇူယွမ်မှာ ပြုံးရယ်လိုက်ပြီးနောက် ကိုယ့်ကိုယ်ကို လက်ညှိုးထိုးကာ စကားဆိုလိုက်သည်။ "ရွေးချယ်ခံတွေ မအားလပ်ဘူးဆိုရင် ကျွန်တော်က ကူညီပေးဖို့ အသင့်ရှိတယ်နော် ဟီးဟီး။"

ကျောင်းဇူမှ မထီမဲ့မြင်ပြုစွာ ပြောလိုက်သည်။ "ဇူယွမ် ဒါက ရွေးချယ်ခံတွေကြားက ကိစ္စနော်။ မင်းလို တပည့်ခေါင်းဆောင်တစ်ယောက် ဝင်ပါရမယ့်အရာလား။"

ဇူယွမ်မှာ ခပ်ဖွဖွသာ ရယ်မောနေလျက်ရှိကာ ကျောင်းဇူအား မည်သည့်စကားမှ ပြန်လည်ပြောဆိုခြင်း မပြုပေ။

လီချင်းချန်မှာ ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ဇူယွမ် ဒီကိစ္စက ပေါ့သေးသေး မဟုတ်ဘူးနော်။ တခြားကလန်က ရွေးချယ်ခံတွေက မတော်တဆ ငါတို့ကိုကျော်ပြီး ရတနာတည်နေရာကို ရောက်သွားပြီးတော့ ကျောင်းဇူကိုနိုင်သွားပြီဆိုရင် ငါတို့အစီအစဉ် ကျရှုံးတယ်လို့ ပြောလို့ရတယ်။ အဲ့အချိန်ကြရင် ငါတို့လည်း ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာကို လက်လွှတ်လိုက်ရုံကလွဲပြီး ရွေးချယ်စရာမရှိဘူး။"

"အဲ့နေရာကို အဲ့နေရာမှာ စောင့်ရှောက်ဖို့ လူအပို ထားမထားက ဘာမှပြောင်းလဲသွားမှာ မဟုတ်ဘူး။"

လီချင်းချန်မှာ ဇူယွမ်အား ရွေးချယ်ခံအဆင့်နှင့် နှိုင်းယှဉ်ရန် အဆပေါင်းများစွာ လိုအပ်နေသေးသည်ဟု ခံယူထားဆဲပင် ဖြစ်သည်။

ဇူယွမ်မှ ကူကယ်ရာမဲ့စွာ စကားဆိုလိုက်သည်။ "ကြိုးစားကြည့်လို့ မရဘူးလား။"

ကျောင်းဇူမှ အေးစက်စွာ ပြောလိုက်သည်။ "ရွေးချယ်ခံတွေကြားက ကိစ္စက မင်းဝင်ပါချင်တိုင်း ဝင်ပါလို့ရမယ် ထင်နေလား။ မင်းငါ့ကို ကူညီချင်တယ်ဆိုရင်တောင် ရွေးချယ်ခံ နှစ်ယောက်က ခွင့်ပြုပေးမှရမယ်။ သူ့ကို ခွင့်ပြုချင်တဲ့သူ ရှိလား။"

ယောင်ယောင်မှ သူမ၏လက်အားထောင်ပြကာ ဖြည်းညင်းစွာ ပြောလိုက်သည်။ "ငါခွင့်ပြုတယ်။"

ဇူယွမ်၏ ခေါင်းပေါ်တွင် ခွေအိပ်နေသော ထန်ထန်မှာလည်း ကျောင်းဇူအားကြည့်ကာ သူ၏သေးငယ်လေး လက်လေးတစ်ဖက်အား ထောင်ပြလိုက်လေတော့သည်။

All Chapters