ရတနာတည်နေရာအားကာကွယ်ခြင်း
Vol. 45 Ch. 615
ဝါးအိမ်ငယ်အတွင်း ယောင်ယောင်နှင့် ထန်ထန်မှာ လက်ထောင်ပြလျက် ဇူယွမ်အား ခွင့်ပြုပေးလိုက်ကြသောကြောင့် ကျောင်းဇူမှာ မည်သို့မျှ မတက်နိုင်တော့ပဲ အမူအရာ ပျက်ယွင်းနေရသည်။
ယောင်ယောင်နှင့် ထန်ထန်တို့မှာ တရားဝင် တင်မြှောက်ထားသော ရွေးချယ်ခံများ မဟုတ်ပါသော်လည်း ကျောင်းဇူမှ ၎င်းတို့အား ဆန့်ကျင်ပြောဆိုခြင်း မပြုရဲချေ။ ကြီးမြတ်သောရှန်းဟွတောင်တန်းအတွင်း ရောက်ရှိလာသည့် အချိန်မှစ၍ ယောင်ယောင်နှင့် ထန်ထန်တို့သည် ကန်ရွှမ်းကလန်အတွက် သူ့ထက်ပို၍ အဆပေါင်းများစွာ အကူအညီပေးခဲ့သည်။
ထို့ကြောင့် ယောင်ယောင်နှင့်ထန်ထန်မှာ ရွေးချယ်ခံများ မဟုတ်ပါသော်လည်း ရွေးချယ်ခံများနည်းတူ လေးစားရိုသေခြင်းခံရသူများပင် ဖြစ်သည်။
"ယောင်ယောင်နဲ့ ထန်ထန်က ခွင့်ပြုပေးတယ်ဆိုတော့ ဇူယွမ်ကို ရတနာတည်နေရာ စောင့်ရှောက်ဖို့ ငါတို့ခွင့်ပြုပေးလိုက်ပြီ။" လီချင်းချန်မှ စကားဆိုလိုက်သည်။
ကျောင်းဇူ၏ အမူအရာမှာ အေးစက်နေသည်။ သူသည် ဇူယွမ်အား အတော်ပင် အထင်အမြင်သေးသူ ဖြစ်သည်။ သူ၏အမြင်တွင်မူ ဇူယွမ်မှာ အခြားသော တပည့်ခေါင်းဆောင်များထက် အပါးခိုရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ထိုကဲ့သို့သော အကျည်းတန်သည့်လုပ်ရပ်အား ကျောင်းဇူမှာ အနည်းငယ်မျှပင် စိတ်အလိုကျခြင်း မရှိပေ။
အခြားသော ရွေးချယ်ခံများမှာ မည်သည့်စကားမှ ပြောဆိုခြင်းမရှိပါသော်လည်း ဇူယွမ်အား တွေဝေစွာဖြင့် ကြည့်ရှုနေကြသည်။ ကျောင်းဇူ၏ အပြောအဆိုများမှာ အနည်းငယ် တရားလွန်သည်ဟု ထင်မှတ်ရပါသော်လည်း စင်စစ်အားဖြင့် ဇူယွမ်ကဲ့သို့သော တပည့်ခေါင်းဆောင်တစ်ဦးမှာ ရွေးချယ်ခံများကြားရှိ အကြောင်းကိစ္စများအား ဝင်ပါခြင်းမပြုသင့်သည်မှာ အမှန်ပင် ဖြစ်သည်။
ခုန်းရှန်မှ တည်ငြိမ်သောအမူအရာဖြင့် ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် အခုမင်းက ရတနာတည်နေရာကို ကူညီစောင့်ရှောက်ပေးရမယ့်သူ ဖြစ်သွားပြီဆိုတော့ အချိန်တန်ရင် အသုံးဝင်ပါစေလို့ပဲ မျှော်လင့်တယ်။"
ဇူယွမ်မှ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ "ရွေးချယ်ခံ ကျောင်းဇူ အကူအညီလိုအပ်လာရင် ကျွန်တော်အကောင်းဆုံး ကြိုးစားကူညီပေးမှာပါ။"
ကျောင်းဇူမှာ မထီမဲ့မြင်ပြုစွာဖြင့် ရယ်မောလိုက်သည်။ သူသည် ဇူယွမ်အား အပိုစကားများ ပြောဆိုနေသည်ဟုသာ မှတ်ယူထားလိုက်သည်။
"ဆွေးနွေးစရာရှိတာတွေလည်း ဆွေးနွေးပြီးသွားပြီဆိုတော့ လူတိုင်းလိုအပ်တာတွေ ပြင်ဆင်ထားကြပါ။ မကြာခင်မှာပဲ ငါတို့တွေ ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာကို သွားကြမယ်။"
"မြင့်မြတ်သောနန်းတော်နဲ့ ရင်ဆိုင်ရမှာဆိုတော့ တိုက်ပွဲကတော့ တော်တော်ကြီးမှာပဲ။"
"ပြီးတော့ တခြားကလန်တွေကလည်း စောင့်ကြည့်နေကြဦးမှာ။ ငါတို့သာ တစ်ခုခုဖြစ်ခဲ့ရင် သူတို့က ဝင်ပါလာနိုင်တယ်။"
"အဲ့ဒါကြောင့် ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာကို ကာကွယ်ဖို့အတွက် သေချာလုပ်ဆောင်ကြရမယ်။" လီချင်းချန်မှ လေးနက်သောအမူအရာဖြင့် စကားဆိုလိုက်သည်။
အခြားသူများမှာလည်း လေးနက်စွာဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။ ယခုရင်ဆိုင်ရမည့်အရာမှာ ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာနှင့့််သာ သက်ဆိုင်သည်မဟုတ်ပဲ ကန်ရွှမ်းကလန်၏ ဂုဏ်သိက္ခာနှင့်ပါ ပက်သတ်ဆက်နွယ်နေလေသည်။ ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာကိုပင် ကာကွယ်နိုင်ခြင်း မရှိပါက အခြားသော ကလန်များမှ ကန်ရွှမ်းကလန်အားအထင်သေးကြလိမ့်မည်မှာ အသေအချာပင် ဖြစ်သည်။
ထို့ကြောင့် ၎င်းတို့အားလုံး၌ ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာနှင့်အတူ ကန်ရွှမ်းကလန်၏ ဂုဏ်သိက္ခာကိုပါ ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိပေသည်။
.........
ဆွေးနွေးခြင်းများ ပြီးဆုံးသွားသည့်နောက် ရွေးချယ်ခံများနှင့် တပည့်ခေါင်းဆောင်များမှာ ဝါးအိမ်ငယ်အတွင်းမှ အသီးသီး ပြန်လည်ထွက်ခွာသွားကြပြီး ဇူယွမ်မှာလည်း ယောင်ယောင်နှင့်အတူ ထွက်ခွာလာခဲ့သည်။
"ရွေးချယ်ခံတွေနဲ့ စကားအခြေအတင် ပြောရလောက်အောင်ထိ ရဲတင်းလာပြီပဲ။" ယောင်ယောင်မှာ ထန်ထန်အား ပွေ့ချီထားရင်းဖြင့် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ သူမ၏ နီထွေးသော နှုတ်ခမ်းသားထက်၌ လှပသော အပြုံးလေးတစ်ပွင့် တွဲလဲခိုနေလျက် ရှိသည်။
အတိတ်ကာလများ၌ ဇူယွမ်မှာ ရွေးချယ်ခံများနှင့် ဆွေးနွေးပြောဆိုရမည့် အကြောင်းကိစ္စများအား တက်နိုင်သမျှ ရှောင်ရှားခြင်းပြုခဲ့သည်။ ထို့ကြောင့် အရေးအကြောင်း ရှိလာပါက ယောင်ယောင်ကသာ ကိုင်တွယ်ပြောဆိုခြင်းများ ပြုလုပ်ခဲ့ရသည်။
ဇူယွမ်မှ ပြုံးကာပြောလိုက်သည်။ "ယောင်ယောင်နဲ့ ထန်ထန်က အခုဆိုရင် ရွေးချယ်ခံတွေကြားမှာ လေးစားခံရတဲ့ ဂုဏ်သိက္ခာရှိတဲ့သူတွေ ဖြစ်နေပြီလေ။ အဲ့ဒါကို ကျွန်တော်က တပည့်ခေါင်းဆောင်တွေကြားမှာပဲ တဝဲလည်လည်လုပ်နေရင် ရယ်စရာကြီး ဖြစ်နေမှာပေါ့။"
ဇူယွမ်မှာ ဟာသအနေဖြင့် ပြောဆိုလိုက်ခြင်းသာ ဖြစ်သည်။ စင်စစ်အားဖြင့် ရတနာတည်နေရာအား သွားရောက်စောင့်ရှောက်လိုခြင်းမှာ ဇူယွမ်သည် သူ၏တိုက်ပွဲစွမ်းရည်နှင့် အတွေ့အကြုံအား တိုးမြှင့်လိုသောကြောင့်ပင် ဖြစ်၏။
လက်ရှိအချိန်၌ ဇူယွမ်၏စွမ်းရည်မှာ တပည့်ခေါင်းဆောင်များထက် သာလွန်သော အခြေအနေတစ်ခုသို့ ရောက်ရှိနေပြီပင် ဖြစ်သည်။
ထို့ကြောင့် တပည့်ခေါင်းဆောင်များထက် ပို၍သာလွန်သူများနှင့် တိုက်ခိုက်ကာ တိုက်ပွဲစွမ်းရည်အား တိုးမြှင့်သင့်ပေသည်။
ယောင်ယောင်မှာ အသီးသီး ထွက်ခွာသွားကြသော ရွေးချယ်ခံများ၏ နောက်ကျောပုံရိပ်အားကြည့်ကာ ပြောလိုက်သည်။ "ဒါပေမယ့် နင့်ကို တစ်ယောက်မှ မယုံကြည်ကြဘူးနော်။"
အခြားသော ရွေးချယ်ခံများအားလုံးမှာ သူမနှင့်ထန်ထန်တို့ကြောင့်သာ ဇူယွမ်အား ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ယောင်ယောင်မှ ကောင်းစွာသိရှိထားသည်။
ဇူယွမ်မှာ အလေးပင်မထားဟန်ဖြင့် ပြောလိုက်သည်။ "သူတို့မယုံလည်း ကိစ္စမရှိပါဘူး။ စကားဆိုတာ ပြောရင်ပေါတယ်။ နောက်ဆုံးရလဒ် ထွက်လာတဲ့အချိန်ကမှ အရေးကြီးတာ။"
ဇူယွမ်၏ မျက်ဝန်းများမှာ တိုက်ပွဲဆာလောင်သော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
ရွေးချယ်ခံများနှင့် တိုက်ခိုက်ရမည့်တိုက်ပွဲမှာ အမှန်တကယ်ပင် စိတ်လှုပ်ရှားစရာ ကောင်းလှသည်။
..........
ကန်ရွှမ်းကလန်၏ တပည့်အုပ်စုမှာ ချူချင်း၊ လီချင်းချန်နှင့် အခြားသော ရွေးချယ်ခံများ၏ ဦးဆောင်မှုနှင့်အတူ တောင်အောက်ခြေသို့ ဆင်းလာခဲ့ကြသည်။
တပည့်များမှာ ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာအကြောင်း ကြားသိထားရသည့်အတွက် အလွန်ပင် စိတ်လှုပ်ရှားနေကြသည်။ ၎င်းတို့အတွက်မူ ရောင်စဉ်ခုနစ်သွယ်ရတနာဆိုသည်မှာ စိတ်ကူးကြည့်၍ပင် မဖြစ်နိုင်သော အိမ်မက်ဆန်ဆန် အရာတစ်ခုသာ ဖြစ်သည်။
အချိန်အချို့ ကြာမြင့်သွားပြီးနောက် လီချင်းချန်တို့မှာ သွားရောက်နေသည့် အရှိန်နှုန်းအား အနည်းငယ် လျှော့ချလိုက်ကြသည်။
ဇူယွမ်မှာ မျက်စိရှေ့တွင် တွေ့မြင်နေရသော စိမ်းလန်းစိုပြေသည့် တောင်ကြားနေရာအား ကြည့်ရှုလိုက်မိသည်။ တောင်တန်းများ ပတ်ပတ်လည် ဝန်းရံထားလျက်ရှိပြီး ချိုင့်ဝှမ်းတစ်ခုကဲ့သို့ ဖြစ်တည်နေသော ထိုတောင်ကြားထံမှ ပြင်းထန်လှသော စွမ်းအင်ဖိအားများ ထွက်ပေါ်နေလျက် ရှိသည်။ ထို့အပြင် ဆန်းကြယ်လှပသော ရောင်စဉ်တန်းများကိုလည်း မြင်တွေ့နိုင်ပေသည်။
"ဒီနေရာမှာရှိတဲ့ ရှန်းဟွချန်ယင်းအဆီအနှစ်က တော်တော်သိပ်သည်းဆများတာပဲ။" ဇူယွမ်၏ မျက်ဝန်းများမှာ အံ့အားသင့်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေရသည်။ ဤနေရာတွင် ရှိနေသော ရှန်းဟွချန်ယင်းအဆီအနှစ်မှာ ခြောက်ရောင်စဉ်ရေကန်မှ ရတနာများထက်ပင် ကျစ်လစ်သိပ်သည်းမှု ရှိသည်။
လီချင်းချန်းတို့ ထွက်ခွါသွားပြီးသည့်နောက် တောင်ကြားအတွင်းမှ ပုံရိပ်အချို့ ရောက်ရှိလာကြသည်။ ထိုပုံရိပ်များမှာ ဤနေရာအား စောင့်ရှောက်ရန် နေရစ်ခဲ့ကြသော တပည့်များပင် ဖြစ်သည်။
တပည့်တစ်ဦးမှ အခြေအနေအား တင်ပြလိုက်သည်။ "ကျွန်တော်တို့ သေချာစစ်ဆေးပြီးတဲ့နောက် ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာက တောင်ကြားအောက်မှာဆိုတာ သိခဲ့ရပါတယ်။ ပြီးတော့ အဲ့နေရာမှာ ကုန်းနေမိကျောင်းကြီးတွေ အများကြီး ရှိနေတယ်။ ပြီးတော့ ရတနာတည်နေရာရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ရွေးချယ်ခံ အဆင့်လောက်ရှိတဲ့ အစောင့်အရှောက် သားရဲတစ်ကောင်လည်း ရှိနေပါသေးတယ်။"
လီချင်းချန်မှ ယောင်ယောင်၏ လက်ပေါ်တွင် ပျင်းရိစွာ အိပ်ပျော်နေသော ထန်ထန်အားကြည့်ကာ စကားဆိုလိုက်သည်။ "ဒီတစ်ခါလည်း ထန်ထန့်ကို လိုအပ်ဦးမယ် ထင်တယ်။"
ကြီးမြတ်သောရှန်းဟွတောင်တန်းအတွင်း အတူတကွ တိုက်ခိုက်ခဲ့ကြပြီးနောက် လီချင်းချန်နှင့် အခြားသော ရွေးချယ်ခံများမှာ ထန်ထန်သည် အခြားသော မူလသားရဲများအပေါ် လွှမ်းမိုးနိုင်စွမ်းရှိကြောင်း သိရှိခဲ့ရသည်။ ထို့ကြောင့် အစောင့်အရှောက်သားရဲများနှင့် တိုက်ခိုက်ရန် အသင့်တော်ဆုံးမှာ ထန်ထန်ပင် ဖြစ်သည်။
ယောင်ယောင်မှာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ထန်ထန်အား အသာအယာ ပွတ်သပ်ပေးလိုက်သည်။ ထန်ထန်မှာ မြေပြင်ပေါ်သို့ ခုန်ချလိုက်ပြီးနောက် ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။
လီချင်းချန်မှ တပည့်ခေါင်းဆောင်များအားကြည့်ကာ ပြောလိုက်သည်။ "ထန်းမုရှင်း၊ စူးယောင်နဲ့ တခြားတပည့်ခေါင်းဆောင်လေးယောက်က ထန်ထန်နဲ့အတူ ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာထဲကို လိုက်သွားကြ။ အဲ့ထဲက မူလသားရဲတွေကို ရှင်းထုတ်ပြီး ရှန်းဟွတံဆိပ်ပြားတွေကို ရှာဖွေခဲ့။"
ထန်းမုရှင်းနှင့် အခြားသော တပည့်ခေါင်းဆောင်များမှာ လေးနက်သောအမူအရာဖြင့် ခေါင်းညိတ်ပြလိုက်ကြပြီးနောက် ထန်ထန်နှင့်အတူ တောင်ကြားအတွင်း ပျံဝဲဆင်းသက်သွားကြသည်။
"ရွေးချယ်ခံတွေကတော့ အရင် အစီအစဉ်အတိုင်းပဲ။ တိုက်ခိုက်ဖို့ ပြင်ထားကြ။" လီချင်းချန်မှ ရွေးချယ်ခံများအားကြည့်ကာ ပြောလိုက်သည်။
ချူချင်း၊ ခုန်းရှန်နှင့် အခြားသော ရွေးချယ်ခံများမှာ ခေါင်းညိတ်ပြလိုက်ကြပြီးနောက် ဆွေးနွေးတိုင်ပင်ထားသည့်အတိုင်း သက်ဆိုင်ရာနေရာများသို့ ထွက်ခွာသွားကြသည်။
လီချင်းချန်မှ ကျောင်းဇူအားကြည့်ကာ လေးနက်သောအမူအရာဖြင့် စကားဆိုလိုက်သည်။ "ကျောင်းဇူ နင်ကတောင်ကြားကို စောင့်ရှောက်ရမယ့်သူနော်။ မြင့်မြတ်သောနန်းတော်ကလူတွေ ဒီနေရာကို နယ်ကျော်လာရင် သေချာခုခံပေးထား။"
ကျောင်းဇူမှ ခေါင်းညိတ်ပြလိုက်သည်။
လီချင်းချန်မှာ ဇူယွမ်အားကြည့်၍ သူမ၏နှုတ်ခမ်းအား ခပ်ဖွဖွ ဖိကိုက်လိုက်သည်။ သူမသည် ဇူယွမ်အား ဤနေရာ၌ မလိုအပ်သောသူဟုသာ ယူဆနေခြင်း ဖြစ်သည်။
"ဇူယွမ် နင်ကတော့ နေရာတစ်ခုခု ရှာပြီးပုန်းနေလိုက်။ တစ်ခုခု ဖြစ်ပြီဆိုလည်း ထွက်သာပြေးတော့။"
ဇူယွမ်မှ ပြုံးကာခေါင်းညိတ်ပြလိုက်သည်။ လီချင်းချန်သည် သူ့အား ဤနေရာတွင် မလိုအပ်သူဟု ခံစားနေရကြောင်း ဇူယွမ်မှ ကောင်းစွာနားလည်ထားသည်။ ထို့ကြောင့် မည်သည့်စကားမှ ရှင်းပြပြောဆိုခြင်းမပြုပဲ ပြုံး၍သာ ခေါင်းညိတ်ပြလိုက်ခြင်း ဖြစ်သည်။
လီချင်းချန်မှာ လိုအပ်သည်များကို မှာကြားပြီးသည့်နောက် သူမတာဝန်ယူထားရာနေရာသို့ ပျံဝဲထွက်ခွာသွားသည်။
ကျောင်းဇူမှာ မထီမဲ့မြင်ပြုသော မျက်ဝန်းများဖြင့် ဇူယွမ်အား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် မည်သည့်စကားမှမဆိုပဲ နီးစပ်ရာ ကျောက်ဖျာတစ်ချပ်ပေါ်၌ ထိုင်ချလိုက်သည်။
ဇူယွမ်မှာလည်း တောင်ကုန်းတစ်ခုပေါ်သို့ ပျံဝဲကာ ထိုင်နေလိုက်သည်။
ဤသို့ဖြင့် တောင်ကြားပတ်ဝန်းကျင်မှာ ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွားရသည်။
သို့သော် တိတ်ဆိတ်မှုမှာ အနည်းငယ်မျှသာ ကြာမြင့်လိုက်သည်။ ဇူယွမ်မှာ တစ်စုံတစ်ခုအား အာရုံခံမိလိုက်သောကြောင့် အနောက်အရပ်သို့ ကြည့်ရှုလိုက်သောအခါတွင် ကောင်းကင်ထက်မှ ပျံဝဲလာနေသော ပုံရိပ်အချို့အား တွေ့ရှိလိုက်ရသည်။
"ဟီးဟီး....ကန်ရွှမ်းကလန်က မိတ်ဆွေတွေပဲ။"
ထိုပုံရိပ်များအား ဦးဆောင်ထားသူမှာ မြင့်မြတ်သောနန်းတော်မှ ကျောင်းထိုက်ရှင်းပင် ဖြစ်သည်။ ကျောင်းထိုက်ရှင်းမှာ ကျောင်းဇူအားကြည့်၍ ညင်သာသောအသံဖြင့် စကားဆိုလိုက်သည်။ "ဒီနေရာက မြင့်မြတ်သောနန်းတော်ရဲ့ ပိုင်နက်နေရာပဲ။ မင်းတို့အကုန်လုံး ဒီနေရာကနေ အမြန်ဆုံးထွက်သွားဖို့ ပြောချင်တယ်။"
ဇူယွမ်မှာ ရောက်ရှိလာသော မြင့်မြတ်သောနန်းတော်၏ တပည့်အုပ်စုအား ကြည့်ရှုလိုက်သည်။ စိတ်ဝိဉာဉ်စွမ်းအင်ကြောင့် ဇူယွမ်မှာ အဝေးမှ တိတ်တဆိတ် စောင့်ကြည့်နေကြသော အခြားကလန်များမှ အဖွဲ့များကိုလည်း အာရုံခံလိုက်မိသည်။
ကြီးမြတ်သောရှန်းဟွတောင်တန်းအတွင်း စတင်ရောက်ရှိစဉ်မှစ၍ ကန်ရွှမ်းကလန်နှင့် မြင့်မြတ်သောနန်းတော်မှာ အစစ်အမှန် တိုက်ပွဲများ ဖြစ်ပေါ်ခြင်း မရှိပါချေ။ ယခုအခါတွင်မူ ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာကြောင့် အပြင်းအထန် တိုက်ခိုက်ကြရတော့မည်ပင် ဖြစ်သည်။
အခြားကလန်များမှာလည်း ဤတစ်ကြိမ်၌ မြင့်မြတ်သောနန်းတော်နှင့် ကန်ရွှမ်းကလန်တို့မှာ အသေအကြေ တိုက်ခိုက်ကြလိမ့်မည်ဖြစ်ကြောင်း ကောင်းစွာနားလည်ထားကြသည်။
ဤသို့ဖြင့် ရှောင်လွှဲမရသော တိုက်ပွဲတစ်ခု စတင်တော့မည်ပင် ဖြစ်ပေတော့သတည်း။