← Chapters

တိုက်ပွဲ

Vol. 45 Ch. 616

တိုက်ပွဲ

Vol. 45 Ch. 616

တောင်ကြားအပြင်ဖက်ရှိ ကောင်းကင်ထက်၌ ချီတိမ်တိုက်များဖြင့် ရောက်ရှိလာသော ပုံရိပ်အချို့ ရှိနေသည်။ ထိုပုံရိပ်များထံမှ ပြင်းထန်လှသော စွမ်းအင်ဖိအားများ ထွက်ပေါ်နေလျက် ရှိသည်။

ကျောင်းထိုက်ရှင်းမှာ လက်နှစ်ဖက်ကို နောက်ကျောဖက်တွင် ယှက်သိုင်းထားလျက် ခပ်ဖွဖွပြုံးနေသည်။ သူ၏ ဘယ်ဖက်ခြမ်းတွင်မူ ရွှေရောင်ဆံနွယ်များဖြင့် ကျင်းချန်းဇယ်ရှိနေကာ မျက်ဝန်းများမှာ ကြမ်းတမ်းခက်ထန်မှု အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။ကျောင်းထိုက်ရှင်း၏ ညာဖက်ခြမ်းတွင်မူ ဖွေးနုသော အသားအရေဖြင့် အနက်ရောင်အဝတ်အစားများအား ဆင်မြန်းထားသော လှပသည့် မိန်းမငယ်လေးတစ်ဦးရှိသည်။ သူမ၏ အသွင်အပြင်မှာ သေသပ်လှပသော ပန်းပုရုပ်လေးမလား နူးညံ့လွန်းလှပြီး ညှို့ငင်အားပြင်းလှသော ခန္ဓာကိုယ်ကောက်ကြောင်းလေးကို ပိုင်ဆိုင်ထားသည်။ လေပြေများနှင့်အတူ တဖျတ်ဖျတ်လွင့်ခါနေသော သူမ၏ အဝတ်အစားများကြောင့် ပို၍ပင် ရင်ဖိုစရာကောင်းနေသည်။

သူမသည် မြင့်မြတ်သောနန်းတော်မှ ဒုတိယမြောက် အထူးချွန်ဆုံး ရွေးချယ်ခံဖြစ်သူ ကျန်းထိုက်ချင်ဖြစ်ပြီး ကန်ရွှမ်းကောင်းကင်ဒေသ တစ်ခုလုံးရှိ ရွေးချယ်ခံများ အဆင့်သတ်မှတ်ချက်တွင် တတိယနေရာအား ရရှိထားသူပင် ဖြစ်သည်။

ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာအကြောင်းအား ကြားသိရပြီးသည့်နောက် မြင့်မြတ်သောနန်းတော်၏ အထူးချွန်ဆုံး ရွေးချယ်ခံ သုံးယောက်လုံးမှာ အတူတကွ ရောက်ရှိလာကြခြင်းပင် ဖြစ်သည်။

တောင်ကုန်းထိပ်များတွင် အသီးသီး နေရာယူထားကြသော ချူချင်း၊ လီချင်းချန်နှင့် အခြားသော ရွေးချယ်ခံများ၏ အမူအရာမှာ ပြောင်းလဲသွားရသည်။

"ကျောင်းထိုက်ရှင်း ငါတို့ကန်ရွှမ်းကလန်က ဒီနေရာကို သေချာရှင်းလင်းရေး လုပ်ထားရတာ။ မင်းတို့က ဒီနေရာနဲ့ ဆိုင်တာလည်းမဟုတ်ပဲနဲ့။" ချူချင်းမှ ဦးခေါင်းအားပွတ်ကာ ကျောင်းထိုက်ရှင်းအားကြည့်၍ ပြောလိုက်သည်။

ကျောင်းထိုက်ရှင်းမှ ချူချင်းအားကြည့်ကာ ပြောလိုက်သည်။ "အဲ့လို ပြောလို့မရဘူးလေ။ ငါတို့မြင့်မြတ်သောနန်းတော်က ဒီနေရာကို ရှင်းလင်းရေး မလုပ်ခဲ့ဘူးဆိုတာ အချိန်မရှိလို့ပါ။" သူသည် မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်အထိ နှုတ်ခမ်းများကို တွန့်ကွေးနေအောင် ပြုံးလိုက်သည်။ "ချူချင်း မင်းအခု အပိုတွေ ပြောနေစရာ မလိုပါဘူး။ မင်းတို့ ကန်ရွှမ်းကလန်က ဒီနေရာကနေ ဆုတ်ခွာပေးမယ်မလား။"

ချူချင်းမှာ ပျင်းရိစွာ ပြုံးလိုက်ပြီးနောက် အရှေ့သို့ထွက်ကာ ပြောလိုက်သည်။ "မင်းတို့မြင့်မြတ်သောနန်းတော်နဲ့ တိုက်ပွဲစွမ်းရည်ချင်း ဖလှယ်ရမယ်ဆိုလည်း ငါတို့ကန်ရွှမ်းကလန်က အသင့်ပဲ။"

ဝုန်း....

ချူချင်းထံမှ ပြင်းထန်လှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာသည်။ ပြင်းထန်လှသော စွမ်းအင်ဖိအားများကြောင့် ချူချင်းခြေဖဝါးအောက်ရှိ မြေပြင်ကြီးသည်ပင် အက်ကွဲရာများ ဖြစ်ပေါ်လာရ၏။

လေပြေလေညှင်းများ တိုက်ခတ်နေခြင်း မရှိပါသော်လည်း ချူချင်း၏ အဝတ်အစားများမှာ တဖျတ်ဖျတ် လွင့်ခါနေလျက် ရှိသည်။ ထွက်ပေါ်လာသော ချီစွမ်းအင်များမှာ ကောင်းကင်ထက်သို့ ထိုးတက်သွားပြီးနောက် ချီကြယ်ပွင့်ကောင်းကင်ယံတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

ပုံမှန်အားဖြင့် ချူချင်းမှာ အလွန်ပင် ပျင်းရိတက်ပါသော်လည်း ယခုတိုက်ပွဲသည် ရှောင်လွှဲရန် မဖြစ်နိုင်ကြောင်း သိရှိနေသောကြောင့် တွေဝေတုံ့ဆိုင်းနေခြင်းမရှိပဲ တိုက်ခိုက်ရန်အသင့်အနေအထား ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။

တောင်ကြားအပေါက်ဝအတွင်းရှိနေသော ဇူယွမ်မှာ အံ့အားသင့်နေသော မျက်ဝန်းများဖြင့် ချူချင်း၏ ချီကြယ်ပွင့်ကောင်းကင်ယံအား ငေးမောကြည့်ရှုနေမိသည်။

ချူချင်း၏ ချီကြယ်ပွင့်ကောင်းကင်ယံမှာ အလွန်ပင် ကျစ်လစ်ကောင်းမွန်လှပြီး ဇူယွမ်၏ ချီကြယ်ပွင့်ကောင်းကင်ယံထက် အဆပေါင်းများစွာ သာလွန်ပေသည်။

"အကိုတော်ချူချင်းရဲ့ ချီပင်လယ်ထဲမှာ ချီကြယ်ပွင့်တွေ ခြောက်သောင်း ဒါမှမဟုတ် ခုနစ်သောင်းကျော်လောက် ရှိနိုင်တယ်။" ဇူယွမ်မှာ ကူကယ်ရာမဲ့စွာဖြင့် ရေရွတ်လိုက်သည်။ ကန်ရွှမ်းကလန်၏ နံပါတ်တစ် ရွေးချယ်ခံအနေဖြင့် ချူချင်းမှာ အမှန်တကယ်ပင် ထူးခြားသောစွမ်းအင်များအား ပိုင်ဆိုင်ထားလိမ့်မည်ပင် ဖြစ်သည်။

နတ်ဘုံခန်းဝါ ရတနာ၏ အကူအညီ မပါလျှင်ပင် ချူချင်းမှာ နတ်ဘုံခန်းဝါအဆင့်သို့ တက်ရောက်သောအခါ၌ အနိမ့်ဆုံး နတ်ဘုံခန်းဝါ နိဗ္ဗာန်ခြောက်ခုကို ဖွင့်လှစ်နိုင်မည်ပင် ဖြစ်သည်။

အခြားသော ရွေးချယ်ခံများမှာလည်း တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်ကြသည်။ ချီကြယ်ပွင့်ကောင်းကင်ယံများဖြင့် ပြည့်နှက်သွားသော ပတ်ဝန်းကျင်မှာ အလွန်ပင် ရင်သက်ရှုမောဖွယ်ကောင်းလှသည်။

ကျောင်းထိုက်ရှင်းမှာလည်း ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်ပြီးနောက် ချူချင်းအားကြည့်ကာ စကားဆိုလိုက်သည်။ "ချူချင်း မင်းကတကယ် စိတ်ပျက်စရာကောင်းတာပဲ။"

"မင်းတို့ရဲ့ ရွေးချယ်မှုအတွက် မြင့်မြတ်သောနန်းတော်ကို အညှာအတာမဲ့တယ်ဆိုပြီး အပြစ်မတင်နဲ့။"

ကျောင်းထိုက်ရှင်းထံမှ ပြင်းထန်လှသော စွမ်းအင်ဖိအားများ ထွက်ပေါ်လာသည်။ သူ၏ဘေးတွင်ရှိနေသော ကျန်းထိုက်ချင်မှာလည်း စိတ်လှုပ်ရှားနေဟန်ဖြင့် သူမ၏နှုတ်ခမ်းအား ခပ်ဖွဖွ ဖိကိုက်လိုက်ပြီးနောက် သွေးနီရောင်ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။

ကျင်းချန်းဇယ်မှာလည်း မထီမဲ့မြင်ပြုသော အမူအရာဖြင့် အစိမ်းရင့်ရောင် ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။ အခြားသော မြင့်မြတ်သောနန်းတော်မှ ရွေးချယ်ခံများမှာလည်း တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်ကြသည်။

ကလန်နှစ်ခုလုံးမှ ထပ်သီးရွေးချယ်ခံများမှာ ချီစွမ်းအင်များအား အသီးသီး ထုတ်ဖော်ပြီးကြပြီပင် ဖြစ်သည်။ အခြေအနေမှာ အတော်ပင် တင်းမာနေလျက် ရှိ၏။

အဝေးတွင်ရှိနေသော အခြားကလန်များမှလည်း တိတ်ဆိတ်ငြိမ်သက်စွာဖြင့် အခြေအနေအား စောင့်ကြည့်နေလျက် ရှိကြသည်။

စောင့်ကြည့်နေကြသော ကလန်များအတွင်း အင်အားကြီးကလန်များဖြစ်ကြသော ဓားလမ်းစဉ်ကလန်၊ အလှပန်းတစ်ရာနန်းတော်၊ မြောက်ပိုင်းနဂါးပင်လယ်ခန်းမနှင့် ကောင်းကင်တစ္ဆေကလန်တို့လည်း ပါဝင်ပေသည်။

"ကြည့်ရတာ ဒီတစ်ကြိမ်တော့ မြင့်မြတ်သောနန်းတော်နဲ့ ကန်ရွှမ်းကလန်က တကယ်တိုက်ကြတော့မယ်ထင်တယ်။" အလှပန်းတစ်ရာနန်းတော်အား ဦးဆောင်ထားသော မိန်းမငယ်လေးမှ စကားဆိုလိုက်သည်။

ထိုမိန်းမငယ်လေးမှာ လွန်စွာလွမ်းမောဖွယ်ကောင်းသော ပန်းချီကားထဲမှ မိန်းမပျိုလေးတစ်ဦးကဲ့သို့ လှပလွန်းလှသော မျက်နှာအချိုးအစားအား ပိုင်ဆိုင်ထားပြီး ဖျော့တော့သော ရွှေရောင်ဆံနွယ်လေးများဖြင့် ညှို့ငင်အားကောင်းလှသည်။ သူမ၏ ခန္ဓာကိုယ် အကွေ့အကောက်များမှာလည်း ရင်ဖိုချင်စဖွယ်ကောင်းကာ ရူးသွပ်ရလောက်အောင် လှပလွန်း၏။

သူမသည် အလှပန်းတစ်ရာနန်းတော်မှ နံပါတ်တစ် ရွေးချယ်ခံဖြစ်သော ကုံဝမ်ဖြစ်ပြီး ရှန်ဇူတိုက်တစ်ခွင် အလွန်ပင် ဂုဏ်သတင်းကျော်ကြားလှသူ ဖြစ်သည်။

အလှပန်းတစ်ရာနန်းတော်မှ အခြားသော မိန်းမငယ်လေးများမှာ ကုံဝမ်၏နောက်တွင် ရှိနေကြပြီး ကျိုးချူးချင်ယုနှင့် လုလျိုတို့လည်း ပါဝင်ပေသည်။ ကျိုးချူးချင်ယုနှင့် လုလျိုမှာ ကန်ရွှမ်းကလန်မှ ရွေးချယ်ခံများအား လိုက်လံကြည့်ရှုလိုက်ကြပြီးနောက် ယောင်ယောင်အား တွေ့ရှိသွားကြသည်။

"ယောင်ယောင်က တကယ်အံ့သြဖို့ကောင်းတာပဲ။ ရွေးချယ်ခံထဲမှာတောင် ပါနေပြီပေါ့။" လုလျိုမှ အားကျမနာလိုသောအသံဖြင့် ရေရွတ်လိုက်သည်။

ကုံဝမ်မှာ လုလျို၏သေးကျဉ်သော ခါးလေးကိုဖက်ကာ စကားဆိုလိုက်သည်။ "လုလျိုလေး...အဲဒီ မိန်းကလေးရဲ့နာမည်က ယောင်ယောင်တဲ့လား။"

လုလျိုမှ ခေါင်းညိတ်ပြလိုက်သည်။ "သူမကလည်း ကျွန်မတို့လိုပဲ ကန်းမင်တိုက်ကြီးကလေ။"

ကုံဝမ်မှာ တောက်ပနေသော မျက်ဝန်းများဖြင့် အဝေးတွင်ရှိနေသော ယောင်ယောင်၏ပုံရိပ်အားကြည့်ကာ ပြောလိုက်သည်။ "အဲ့လိုလား။ အရင်တစ်ခေါက် ကောင်းကင်တစ္ဆေကလန်နဲ့ တွေ့တုန်းက သူမငါ့ကို ကူညီဖူးတယ်လေ။ အဲ့အတွက်တောင် သူမကို ကျေးဇူးမတင်ရသေးဘူး။"

ကုံဝမ်မှ လုလျိုအားကြည့်ကာ ပြုံး၍ပြောလိုက်သည်။ "လုလျိုလေး နင်ငါ့ကို သူမနဲ့ မိတ်ဆက်ပေးပါလား။"

ကုံဝမ်၏ ပါးပြင်လေးများမှာ ရှက်ရွံ့နေဟန်ဖြင့် အနည်းငယ် ရဲတွတ်နေရသည်။

လုလျိုမှာ အခြေအနေအား နားမလည်နိုင်စွာဖြင့် အံ့အားသင့်နေမိသည်။ ကုံဝမ်အား ကြည့်ရသည်မှာ မိန်းမပျိုလေးများအား နှစ်သက်သဘောကျတတ်သော လုလင်ပျိုတစ်ဦးနှင့် ဆင်တူနေလေသည်။

ကျိုးချူးချင်ယုမှာ လုလျို၏လက်အား ဆွဲယူလိုက်ပြီးနောက် ကုံဝမ်အားကြည့်ကာ ပြောလိုက်သည်။ "စီနီယာအမတော် ကုံဝမ်.....ယောင်ယောင့်အကြောင်းကို မေ့လိုက်တာ ပိုကောင်းမယ်။ ဘာလို့လဲဆိုတော့ သူမက အမတော်ကို စိတ်ဝင်စားမှာ မဟုတ်ဘူး။"

ကုံဝမ်မှာ နှုတ်ခမ်းများ ရှုံ့မဲ့သွားရပြီးနောက် ကျိုးချူးချင်ယုအားကြည့်ကာ စကားဆိုလိုက်သည်။ "ဘာလို့လဲ။"

ကျိုးချူးချင်ယုမှ စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။ "ဘာလို့လဲဆိုတော့ သူမမှာ ကြိုက်နေတဲ့သူ ရှိပြီးသား။"

ကုံဝမ်မှာ အံ့အားသင့်သွားရသည်။ "သူမကြိုက်နေတာ ဘယ်သူလဲ။ ကန်ရွှမ်းကလန်ရဲ့ ရွေးချယ်ခံတွေထဲကလား။ ချူချင်းလား ဒါမှမဟုတ် ခုန်းရှန်လား။"

ကျိုးချူးချင်ယုမှာ သူမ၏ မေးဖျားလေးဖြင့် တောင်ကြားဝရှိနေရာအား ညွှန်ပြကာ ပြောလိုက်သည်။ "အဲ့နေရာမှာ ရှိနေတဲ့သူပဲ။ သူ့နာမည်က ဇူယွမ်တဲ့။ ကန်ရွှမ်းကလန်က တပည့်ခေါင်းဆောင် တစ်ယောက်ပေါ့။"

ကုံဝမ်မှာ တောင်ကြားဝရှိ တောင်ကုန်းတစ်ခုပေါ်တွင် ရှိနေသော လူငယ်လေးအား ကြည့်ရှုလိုက်ပြီးနောက် စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။ "သူ့ကိုကြည့်ရတာ ဘာမှလည်း ထူးထူးခြားခြား မရှိပါဘူး။ သူမနဲ့ယှဉ်ရင် အရမ်းအားနည်းလွန်းတယ်။ သူမရဲ့အကြိုက်က တကယ်ကို ထူးခြားတာပဲ။ တန်တောင်မတန်ဘူး။"

လုလျိုမှ ကုံဝမ်အားကြည့်ကာ ပြောလိုက်သည်။ "ဇူယွမ်က အားမနည်းဘူး။"

ကုံဝမ်မှာ ပျင်းရိစွာဖြင့် ပြောလိုက်သည်။ "တပည့်ခေါင်းဆောင် တစ်ယောက်က ဒီလိုအခြေအနေမှာတောင် ရှိနေသင့်တာ မဟုတ်ဘူး။"

"ထားလိုက်ပါ။ သူ့ကိစ္စကို စိတ်မဝင်စားဘူး။ ယောင်ယောင့်ဆီကနေ သူနောက်ဆုတ်သွားဖို့တော့ သင်ပေးရဦးမှာပေါ့။"

ကုံဝမ်မှ ယုံကြည်ချက်ရှိစွာ ပြုံးလိုက်သည်။

"သူတို့ တိုက်ကြတော့မယ်။" ရွေးချယ်ခံတစ်ဦးမှ သတိပေးစကားဆိုလိုက်၏။

ဝုန်း...

အသက်ရှူချိန် အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက် စွမ်းအင်ပေါက်ကွဲသံများ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာကာ ကောင်းကင်ထက်တွင် ရှိနေသော ပုံရိပ်များ တိုက်ခိုက်ကြလေတော့သည်။

ထွက်ပေါ်လာသော စွမ်းအင်လှိုင်းဂယက်များမှာ ပတ်ဝန်းကျင်အား ရုတ်ချည်းဆိုသလိုပင် လွှမ်းမိုးသွားလေသည်။

မြင့်မြတ်သောနန်းတော်နှင့် ကန်ရွှမ်းကလန်တို့၏ တိုက်ပွဲမှာ စတင်ခဲ့ပြီပင် ဖြစ်လေတော့သတည်း။

All Chapters