ကျောင်းထိုက်ရှင်း၏ အကြံစည်
Vol. 45 Ch. 617
ဝုန်း....
အဖျက်စွမ်းအင် ပြင်းထန်လှသော ချီစွမ်းအင်များမှာ ပတ်ဝန်းကျင်တစ်ခွင်လုံးအား ကြီးစိုးထားလျက် ရှိသည်။
ယောင်ယောင်နှင့် ယဲ့ကယ်မှာ စိတ်ဝိဉာဉ်စွမ်းအင်များအား ထွက်ပေါ်စေလျက် များပြားလှသော မူလမှော်စာလုံးများအား ဖန်တီးလိုက်သည်။
မူလမှော်စာလုံးများမှာ ချူချင်း၊ လီချင်းချန်နှင့် အခြားသော ရွေးချယ်ခံများရှိရာသို့ ပျံဝဲသွားကာ ၎င်းတို့၏ ချီစွမ်းအင်များအား တိုးမြှင့်ပေးလိုက်သည်။
ထို့နောက် မှော်စာလုံးများ ထပ်မံထွက်ပေါ်လာကာ ရွေးချယ်ခံများအား လွှမ်းခြုံသွားပြီးနောက် အစီအရင်တစ်ခုအသွင် ဖြစ်ပေါ်လာသည်။ ထိုအစီအရင်မှာ တောင်ကြားတစ်ခုလုံးအား လွှမ်းမိုးသွားလေသည်။
မြင့်မြတ်သောနန်းတော်၌ ရွေးချယ်ခံ ဆယ့်ခြောက်ဦး ရှိနေပါသော်လည်း ကန်ရွှမ်းကလန်တွင်မူ ယောင်ယောင်အပါအဝင် ဆယ့်တစ်ဦးမျှသာ ရှိသည်။ ထန်ထန်အား ရွေးချယ်ခံတစ်ဦးအနေဖြင့် ထည့်၍ရေတွက်လျှင်နိုင်ပါသော်လည်း လက်ရှိအချိန်၌ ထန်ထန်မှာ တောင်ကြားအောက်ရှိ ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
အရေအတွက်ချင်း နှိုင်းယှဉ်ကြည့်ပါက ကန်ရွှမ်းကလန်မှာ မြင့်မြတ်သောနန်းတော်ထက် ရွေးချယ်ခံပမာဏမှာ ပို၍နည်းပါးပေသည်။
ကံကောင်းထောက်မစွာဖြင့် လက်ရှိကန်ရွှမ်းကလန်၏ ရည်ရွယ်ချက်မှာ ရတနာတည်နေရာအား ကာကွယ်စောင့်ရှောက်ရန်သာဖြစ်ကာ အသေအကြေတိုက်ခိုက်ရန် မဟုတ်ပါချေ။
ယောင်ယောင်နှင့် ယဲ့ကယ်မှာ မူလမှော်စာလုံးများဖြင့် အစီအရင်များကို ရေးဆွဲနေသကဲ့သို့ အခြားသော ရွေးချယ်ခံများမှာလည်း ကြိုးစားတိုက်ခိုက်နေကြရသည်။
ယောင်ယောင်နှင့် ယဲ့ကယ်တို့ ရေးဆွဲထားသော အစီအရင်မှာ ချိတ်ဆက်နိုင်သော အကျိုးသက်ရောက်မှု ပါရှိသည်။ ထို့ကြောင့် မြင့်မြတ်သောနန်းတော်မှ အစီအရင်အား အားသုံး၍ချိုးဖြတ်ရန် ကြိုးစားလာပါက ကန်ရွှမ်းကလန်၏ ရွေးချယ်ခံများမှာ ထိုနေရာသို့ အစီအရင်၏ အကူအညီဖြင့် ချီစွမ်းအင်များ ပို့လွှတ်နိုင်မည်ပင် ဖြစ်သည်။
ကောင်းကင်ထက်တွင် ရှိနေသော ကျောင်းထိုက်ရှင်းမှာ အခြေအနေအား သုံးသပ်နေလျက် ရှိသည်။ စင်စစ်အားဖြင့် သူသည် ကန်ရွှမ်းကလန်မှ ရွေးချယ်ခံများအား စွမ်းအင်အပြည့်အဝသုံးကာ တိုက်ခိုက်စေလိုခြင်း ဖြစ်သည်။ သို့သော် လက်ရှိအချိန်၌ ကန်ရွှမ်းကလန်၏ ခုခံတိုက်ခိုက်မှုပုံစံမှာ အခြားသော တပည့်များမှ ရောင်စဉ်ခုနစ်သွယ် ရတနာများအား သွားရောက်ရယူနေစဉ်အတွင်း အချိန်ဆွဲနေသည့်သဘောသာ ဖြစ်သည်။
ထို့ကြောင့် တောင်ကြားအတွင်း ရှိနေကြသော တပည့်များမှ ရောင်စဉ်ခုနစ်သွယ် ရတနာရှိရာတည်နေရာအား အကုန်အစင် ရှင်းလင်းရယူပြီးသည့်အချိန်တွင် ၎င်းတို့မြင့်မြတ်သောနန်းတော်မှာလည်း ရွေးချယ်စရာမရှိပဲ ပြန်လည်ဆုတ်ခွာသွားရလိမ့်မည်သာ ဖြစ်သည်။
"ဇူရှောင်ယိုက တကယ့်ပြဿနာပဲ။" ကျောင်းထိုက်ရှင်းမှာ ယောင်ယောင်၏ပုံရိပ်အား ငေးမောကြည့်ရှုလျက် တိုးညင်းစွာ ရေရွတ်လိုက်သည်။ လက်ရှိအချိန်၌ တောင်ကြားအား ကာကွယ်ထားသော ဆန်းကြယ်လှသည့် အစီအရင်မှာ ဇူရှောင်ယိုမှ ဖန်တီးပြုလုပ်ထားခြင်းပင်ဖြစ်ပြီး ယဲ့ကယ်မှာ အထောက်အပံ့ သဘောမျှသာ ဖြစ်သည်။
ရှန်းဟွပုံရိပ်ယောင်ကမ္ဘာသို့ စတင်ရောက်ရှိစဉ်မှစ၍ မြင့်မြတ်သောနန်းတော်နှင့် ကန်ရွှမ်းကလန်တို့မှာ အကြိမ်ရေများစွာ တိုက်ခိုက်ခဲ့ကြပြီး ဖြစ်သည်။ ထိုအချိန်များအတွင်း၌ မြင့်မြတ်သောနန်းတော်မှ ရွေးချယ်ခံများမှာ ကန်ရွှမ်းကလန်ဖက်မှ ယောင်ယောင်အား သတိပြုမိခဲ့ကြသည်။ ယောင်ယောင်သည် ချီစွမ်းအင် အငွေ့အသက် အနည်းငယ်မျှ ပိုင်ဆိုင်ထားခြင်း မရှိပါသော်လည်း သူမ၏ စိတ်ဝိဉာဉ်စွမ်းအင်မှာ ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် ပြင်းထန်လွန်းလှသည်။
ကျောင်းထိုက်ရှင်း၏ အမြင်တွင်မူ ယောင်ယောင်မှာ ချူချင်းနှင့်ပင် နှိုင်းယှဉ်နိုင်သူတစ်ဦး ဖြစ်သည်။
ကျောင်းထိုက်ရှင်းမှာ အတွေးများကြား နစ်မျောနေမိသည်။ မည်သို့ပင်ဆိုစေကာမူ ဤရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာအား မြင့်မြတ်သောနန်းတော်မှ လက်လျှော့လိုက်ရန် မည်သို့မျှဖြစ်နိုင်ပေ။
"မင်းတို့အကာအကွယ်က ဘယ်လောက်ပဲ ကောင်းနေပါစေ ငါတို့မြင့်မြတ်သောနန်းတော်က အကုန်လုံးကို ဖျက်စီးပြမယ်။" ကျောင်းထိုက်ရှင်းမှ အေးစက်ခက်ထန်စွာ စကားဆိုလိုက်သည်။ "စွမ်းအင်အပြည့်အဝသုံးပြီး တိုက်ခိုက်ကြ။"
ကံကောင်းထောက်မစွာဖြင့် မြင့်မြတ်သောနန်းတော်မှာ ရွေးချယ်ခံအရေအတွက်၌ များစွာသာလွန်နေပေသည်။ ထို့ကြောင့် ဇူရှောင်ယို၏ ထူးဆန်းလှသော အစီအရင်အား အားသုံး၍ချိုးဖျက်ရန်မှာ မဖြစ်နိုင်သောကိစ္စတစ်ခုမဟုတ်ပေ။
ထိုအစီအရင်ကိုသာ ချိုးဖျက်နိုင်ခဲ့ပါက မြင့်မြတ်သောနန်းတော်မှာ ရောင်စဉ်ခုနစ်သွယ် ရတနာ၏တည်နေရာအား သွားရောက်နိုင်မှာ များစွာလွယ်ကူသွားလိမ့်မည်ပင် ဖြစ်သည်။
ဝှစ်....
မြင့်မြတ်သောနန်းတော်မှ ရွေးချယ်ခံများမှာ ကျောင်းထိုက်ရှင်း၏အမိန့်အား ကြားလိုက်ရသည်နှင့်တပြိုင်နက် စွမ်းအင်အပြည့်အဝ အသုံးပြုကာ အစီအရင်အား ချိုးဖြတ်နိုင်ရန် ကြိုးစားလိုက်ကြသည်။
ဝုန်း...ဝုန်း.....
ထိုအချိန်မှာပင် ချူချင်း၊ လီချင်းချန်နှင့် ကန်ရွှမ်းကလန်ဖက်မှ ရွေးချယ်ခံများမှာလည်း တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်ကြပြီးနောက် အစီအရင်အား စွမ်းအားတိုးမြှင့်ပေးလိုက်ရသည်။
တိုက်ပွဲအခြေအနေအား အဝေးတွင်ရှိနေသော ကလန်အသီးသီးမှ စောင့်ကြည့်နေလျက် ရှိသည်။
"ကန်ရွှမ်းကလန်ဖက်က ခုခံရတာ တော်တော်သက်သာတာပဲ။" အလှပန်းတစ်ရာနန်းတော်၏ ရွေးချယ်ခံတစ်ဦးမှ မှတ်ချက်ပြုလိုက်သည်။
ကုံဝမ်မှ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ "ယောင်ယောင်သာမရှိရင် ကန်ရွှမ်းကလန်က တော်တော်ကိုပင်ပင်ပန်းပန်း တိုက်ခိုက်ရမှာပဲ။ ဒါပေမယ့် ယောင်ယောင်လေးရဲ့ အစီအရင်က တော်တော်လေးအသုံးဝင်နေတယ်။"
"အစီအရင်ကိုသာ မချိုးဖြတ်နိုင်ရင် မြင့်မြတ်သောနန်းတော်ကလည်း ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး။ ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာကို တပည့်တွေ ရှင်းလင်းပြီးသွားတဲ့အထိ ဒီအတိုင်းထိုင်ကြည့်နေရလိမ့်မယ်။"
"ယောင်ယောင်က တကယ့်ကို ရတနာလေးပဲ။"
ကုံဝမ်မှာ တောက်ပရွှန်းစိုနေသော မျက်ဝန်းများဖြင့် ယောင်ယောင်အား ကြည့်ရှုလိုက်ပြီးနောက် ကျိုးချူးချင်ယုနှင့် လုလျိုတို့အားကြည့်ကာ ပြောလိုက်သည်။ "ဘာလို့ ဒီလောက်အံ့သြဖို့ကောင်းတဲ့ မိန်းမလှလေးကို ငါတို့အလှပန်းတစ်ရာနန်းတော်ဆီ မခေါ်လာခဲ့ရတာလဲ။ တကယ်ဆို သူမက အလှပန်းတစ်ရာနန်းတော်ရဲ့ အလှနတ်သမီးလေးပဲ ဖြစ်သင့်တာ။"
ကျိုးချူးချင်ယုနှင့် လုလျိုတို့မှာ ကုံဝမ်အား စိတ်အလိုမကျဟန်ဖြင့် မျက်စောင်းထိုးလိုက်ကြသည်။
"ကန်ရွှမ်းကလန်က သေသေချာချာအစီအစဉ် ချထားတဲ့ပုံပဲ။ မြင့်မြတ်သောနန်းတော်ကို နည်းနည်းမှတောင် မကြောက်တာလည်း မထူးဆန်းတော့ပါဘူး။" အခြားသော ရွေးချယ်ခံတစ်ဦးမှ မှတ်ချက်ပြုလိုက်သည်။ "အခုအခြေအနေတိုင်းဆိုရင်တော့ ကန်ရွှမ်းဖက်က အသာစီးရနိုင်တယ်။"
ကန်ရွမ်းကလန်၏ အစီအရင်ကိုသာ မချိုးဖြတ်နိုင်ခဲ့ပါက မြင့်မြတ်သောနန်းတော်မှာ ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာအား ရရှိနိုင်ရန်မှာ စိတ်ကူးယဉ်မှုတစ်ခုမျှသာ ဖြစ်ပေလိမ့်မည်။
ကုံဝမ်မှ မေးဖျားလေးအားပွတ်ကာ စကားဆိုလိုက်သည်။ "အသေအချာတော့ ပြောလို့မရသေးဘူး။"
ကုံဝမ်မှာ အဝေးတွင်ရှိနေသော ကျောင်းထိုက်ရှင်း၏ပုံရိပ်အားကြည့်ကာ ဖြည်းညင်းစွာဖြင့် ပြောလိုက်သည်။ "ကျောင်းထိုက်ရှင်းကို အထင်မသေးနဲ့။ အဆုံးသတ်မှာ ဘယ်လိုရလဒ် ထွက်လာမလဲဆိုတာ ဘယ်သူမှ မပြောနိုင်သေးဘူး။"
အလှပန်းတစ်ရာနန်းတော်၏ အခြားသော ရွေးချယ်ခံများမှာလည်း ကုံဝမ်၏စကားအား ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။ ရှန်ဇူတိုက်ကြီး တစ်ခွင်လုံး၌ ကျောင်းထိုက်ရှင်း၏ နာမည်ကြားရုံမျှနှင့်ပင် အခြားရွေးချယ်ခံများအား စိတ်ဖိစီးမှုဖြစ်စေသူ ဖြစ်သည်။
ကောင်းကင်ထက်တွင် ပျံဝဲနေသော ကျောင်းထိုက်ရှင်းမှာ ယောင်ယောင်ပြုလုပ်ထားသော အစီအရင်အား သုံးသပ်ချိန်ဆနေလျက် ရှိသည်။
ထို့နောက် ကျောင်းထိုက်ရှင်းမှာ ချူချင်းအားကြည့်၍ စကားဆိုလိုက်သည်။
"ချူချင်း...အဲ့အကာအကွယ်အစီရင်က ငါ့ကိုတားဆီးနိုင်လိမ့်မယ်လို့ မင်းထင်နေတာလား။"
ကျောင်းထိုက်ရှင်းမှာ ခပ်ဖွဖွ ရယ်မောလိုက်ပြီးနောက် ပခုံးနှစ်ဖက်တွင် ဆံနွယ်အနည်းငယ်အား စုချည်ထားသော သွေးနီရောင်ပုတီးစေ့နှစ်ခုကို ယူဆောင်လိုက်သည်။
ဝုန်း...ဝုန်း...
သွေးနီရောင်ပုတီးစေ့နှစ်ခုမှာ သွေးနီရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ အစီအရင်ထံသို့ ပျံဝဲတိုးဝင်သွားကြသည်။ အစီအရင်မှာ အနည်းငယ်မျှ အရည်ပျော်ကျသွားရပြီးနောက် သေးငယ်သော အပေါက်နှစ်ခု ဖြစ်ပေါ်လာလေသည်။
သွေးနီရောင်ပုတီးစေ့နှစ်ခုမှာ အစီအရင်အားဖြတ်သန်းလျက် တောင်ကြားအတွင်းရှိ ကျောင်းဇူရှိရာနေရာသို့ ပျံဝဲသွားသည်။
"ကျောင်းဇူ သတိထား ..." ချူချင်းမှ လျင်မြန်စွာ အော်ဟစ်လိုက်သည်။
ကျောင်းဇူ၏ အမူအရာမှာ ပြောင်းလဲသွားရပြီးနောက် ချီစွမ်းအင်များအား အလျင်အမြန်ပင် ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။
သို့သော် သွေးနီရောင်ပုတီးစေ့နှစ်ခုမှာ အလွန်ပင် လျင်မြန်လွန်းလှပြီး ကျောင်းဇူအား အရှေ့နှင့်အနောက်မှ ပိတ်ထားလိုက်ပြီးနောက် ရွေးချယ်ခံနှစ်ဦးအဖြစ်သို့ ပြောင်းလဲသွားသည်။
အဝေးမှ စောင့်ကြည့်နေကြသူများမှာ အလွန်ပင် အံ့အားသင့်သွားကြရသည်။
ကျောင်းထိုက်ရှင်းမှာ အစီအရင်အား ဖောက်ထွင်းလျက် မြင့်မြတ်သောနန်းတော်၏ ရွေးချယ်ခံနှစ်ဦးအား တောင်ကြားအတွင်း ပို့ဆောင်ပေးလိုက်ခြင်းပင် ဖြစ်သည်။
အဝေးတွင်ရှိနေသော ကျိုးချူးချင်ယုနှင့် လုလျိုတို့၏ အမူအရာမှာ ပြောင်းလဲသွားရသည်။ လက်ရှိအခြေအနေအရ ကန်ရွှမ်းကလန်မှာ အရေးနိမ့််ရန် နီးစပ်သွားပြီပင် ဖြစ်သည်။
ကောင်းကင်ထက်တွင် ရှိနေသော ကျောင်းထိုက်ရှင်းမှာ ချူချင်းအားကြည့်လျက် ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ "ဒီအစီအရင်က မင်းတို့ကို အများကြီး သက်သာစေတယ်ဆိုပေမယ့် မင်းတို့လည်း ဒီထဲပိတ်မိနေရသလိုပဲမလား။"
"စိတ်တော့မကောင်းဘူး။ ချူချင်း ... ဒီတစ်ခါတော့ ငါတို့မြင့်မြတ်သောနန်းတော်ကပဲ နိုင်တော့မှာကွ…ဟား…ဟား။"