မြင့်မြတ်သောနန်းတော်၏ ရုတ်တရက်ထိုးဖောက်ဝင်ရောက်မှု
Vol. 45 Ch. 618
တောင်တန်းပေါ်ရှိ တောအုပ်များအကြား၌
စောင့်ကြည့်နေကြသူများမှာ တောင်ကြားအတွင်း ဝင်ရောက်သွားသော ပုံရိပ်နှစ်ခုအား အံ့အားသင့်စွာဖြင့် ငေးမောကြည့်ရှုနေမိကြသည်။ ကျောင်းထိုက်ရှင်းသည် ရွေးချယ်ခံနှစ်ဦးအား တောင်ကြားအတွင်းသို့ အလွယ်တကူ ပို့ဆောင်ပေးနိုင်လိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။
"သူတို့နှစ်ယောက်က ချီလိန်နဲ့ ချိုင်ယင်းပဲ။ ချိုင်ယင်းက မြင့်မြတ်သောနန်းတော်ရဲ့ အသက်အငယ်ဆုံး ရွေးချယ်ခံဆိုပြီး လူသိများတယ်။"
အလှပန်းတစ်ရာနန်းတော်မှ ကုံဝမ်မှာ တောင်ကြားအတွင်းရှိ ပုံရိပ်နှစ်ခုအားကြည့်ကာ ဖြည်းညင်းစွာဖြင့် ပြောလိုက်သည်။ "ကျောင်းထိုက်ရှင်းကို လျှော့မတွက်ပါနဲ့လို့ နင်တို့ကိုပြောသားပဲ။ ရွေးချယ်ခံတွေရဲ့ ထိပ်ဆုံးနေရာမှာ ရှိနေတဲ့သူအနေနဲ့ ကျောင်းထိုက်ရှင်းဆီမှာ လှည့်ကွက်တွေ၊ ဝှက်ဖဲတွေက သုံးမကုန်နိုင်အောင် ရှိနေလောက်တယ်။"
"အစီအရင်က ကန်ရွှမ်းကလန်အတွက် ကောင်းတယ်ဆိုပေမယ့် ဒုက္ခဆိုလည်း ဟုတ်နေတယ်။ ဘာလို့လဲဆိုတော့ ချူချင်းတို့အနေနဲ့လည်း အစီအရင်ကို ချိုးဖောက်ပြီး တောင်ကြားထဲ ဝင်သွားဖို့ကလည်း မဖြစ်နိုင်ဘူး။ အဲ့လိုဆိုရင် အခြေအနေက ဝရုန်းသုန်းကား ဖြစ်ကုန်မှာလေ။ ခက်တာက ကျောင်းဇူကလည်း အဲ့ရွေးချယ်ခံနှစ်ယောက်ကို ချနိုင်မှာမဟုတ်ဘူး။"
"အဲ့ရွေးချယ်ခံနှစ်ယောက်သာ ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာထဲ ဝင်သွားနိုင်ခဲ့ရင် အဲ့နေမှာရှိနေတဲ့ တပည့်တွေအတွက်တော့ လွယ်မှာမဟုတ်ဘူး။ အဲ့အချိန်ကြရင် ဘယ်လိုမှ မတက်နိုင်တော့ပဲ ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာကို မြင့်မြတ်သောနန်းတော်ဆီ ပေးအပ်လိုက်ရလိမ့်မယ်။"
ကုံဝမ်၏ဘေးတွင်ရှိနေသော ကျိုးချူးချင်ယုနှင့် လုလျိုတို့၏ မျက်ဝန်းများမှာလည်း စိုးရိမ်ပူပန်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေရသည်။ ၎င်းတို့နှစ်ဦးလုံးမှာ ယောင်ယောင်နှင့် ဇူယွမ်တို့အား ခင်မင်ရင်းနှီးနေသည့်အပြင် အလှပန်းတစ်ရာနန်းတော် အနေဖြင့်လည်း မြင့်မြတ်သောနန်းတော်နှင့် ပြေလည်ကောင်းမွန်သော ဆက်ဆံရေးမရှိသောကြောင့် ကန်ရွှမ်းကလန်ကိုသာ အနိုင်ရရှိစေချင်မိကြသည်။
အခြားသော ကလန်များမှာလည်း တိတ်ဆိတ်စွာဖြင့် တောင်ကြားအတွင်းရှိ အခြေအနေအား စောင့်ကြည့်နေကြသည်။ လက်ရှိအခြေအနေအရ ကန်ရွှမ်းကလန်မှာ အရေးနိမ့်တော့မည်ဟု ထင်မှတ်ရပေသည်။
.........
ချူချင်း၊ လီချင်းချန်၊ ခုန်းရှန်နှင့် အခြားသော ရွေးချယ်ခံများ၏ အမူအရာမှာ ပြောင်းလဲသွားရသည်။ ကျောင်းထိုက်ရှင်း၏ လှည့်ကွက်မှာ အမှန်တကယ်ပင် သေသပ်လှပလွန်းလှသည်။
"ငါတို့အစီအရင်ကို ချိုးဖျက်ပြီးတော့ အဲ့နှစ်ယောက်ကို သွားချသင့်လား။" ခုန်းရှန်မှ တိုးညင်းသောအသံဖြင့် တခြားရွေးချယ်ခံများအား စကားဆိုလိုက်သည်။
လီချင်းချန်မှ လျင်မြန်စွာပင် ထိုအကြံပြုချက်အား ငြင်းပယ်လိုက်သည်။ "အစီအရင်ကို ချိုးဖောက်လိုက်ရင် အခြေအနေတွေက ပိုပြီးဝရုန်းသုန်းကား ဖြစ်ကုန်လိမ့်မယ်။ မြင့်မြတ်သောနန်းတော်ကလည်း အစီအရင် မရှိတော့ဘူးဆိုတာနဲ့ ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာကို ချက်ချင်းသိမ်းပိုက်ဖို့ ကြိုးစားကြလိမ့်မယ်။"
"အဲ့ဒါဆို ငါတို့ဘာလုပ်ကြမှာလဲ။ ကျောင်းဇူက အဲ့ရွေးချယ်ခံနှစ်ယောက်ကို ချနိုင်မှာမဟုတ်ဘူး။" ခုန်းရှန်မှ ခံစားချက်ကင်းမဲ့နေသော အမူအရာဖြင့် ပြောလိုက်သည်။
"ဘာတွေ အဲ့လောက်တောင် စိုးရိမ်နေကြတာလဲ။" ယောင်ယောင်မှ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "ရွေးချယ်ခံနှစ်ယောက်က တောင်ကြားထဲ ရောက်သွားတယ်ဆိုပေမယ့် တောင်ကြားဝမှာ ရှိနေတာ ကျောင်းဇူတစ်ယောက်ထဲမှ မဟုတ်တာ။"
ရွေးချယ်ခံများမှာ တောင်ကြားဝ၌ အခြားသူတစ်ဦးလည်း ရှိနေသည်ကို ပြန်လည်အမှတ်ရသွားကြသည်။
ခုန်းရှန်မှ ကူကယ်ရာမဲ့စွာဖြင့် လှောင်ပြောင်ရယ်မောလိုက်သည်။ "မင်းက ဇူယွမ်ကိုပြောနေတာလား။"
"ဟာသတွေ မပြောစမ်းပါနဲ့။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲမှာ ဇူယွမ်ရဲ့ လုပ်ဆောင်ချက်တွေက ကောင်းတယ်ဆိုပေမယ့် အဲ့ဒါက တပည့်ခေါင်းဆောင်တစ်ယောက်ရဲ့ အဆင့်လောက်ပဲရှိတာ။ အခုငါတို့ရင်ဆိုင်နေတာက ရွေးချယ်ခံတွေနော်။ သူ့အဆင့်နဲ့ ဝင်ပါလို့ရမယ့် ကိစ္စမဟုတ်ဘူး။"
"သူဝင်ပါရင်လည်း အရှက်ကွဲရုံကလွဲပြီး ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ အခန့်မသင့်ရင် အသက်တောင် ပါသွားနိုင်တယ်။"
အခြားသော ရွေးချယ်ခံများမှာ တိတ်ဆိတ်ငြိမ်သက်နေကြသည်။ ခုန်းရှန်၏ စကားလုံးများမှာ ခါးသက်စရာ ကောင်းလှပါသော်လည်း အမှန်တရားများပင် ဖြစ်သည်။ တပည့်ခေါင်းဆောင် တစ်ဦးအနေဖြင့် ဇူယွမ်မှာ ထူးချွန်ထက်မြက်လှပါသော်လည်း ရွေးချယ်ခံတစ်ဦး၏ အဆင့်သို့ ရောက်ရှိနိုင်ရန် များစွာလိုအပ်နေဆဲပင် ဖြစ်သည်။
ချူချင်းမှာ ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ဝင်ရောက်စကားဆိုလိုက်သည်။ "ဘာပဲဖြစ်ဖြစ် အခုဇူယွမ်က တောင်ကြားဝမှာ ရှိနေတာလေ။ ငါတို့သူ့ကို နည်းနည်းလောက် စောင့်ကြည့်ကြရအောင်။ ကျောင်းဇူနဲ့ ဇူယွမ်က အဲ့ရွေးချယ်ခံနှစ်ယောက်ကို မကိုင်တွယ်နိုင်ဘူးဆိုရင်တော့ ငါတို့လည်း ရွေးချယ်စရာ မရှိတော့ပဲ ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာကို မြင့်မြတ်သောနန်းတော်ဆီ ပေးလိုက်ရလိမ့်မယ်။"
ခုန်းရှန်မှာ စိတ်အလိုမကျ ဖြစ်နေပါသော်လည်း မည်သည့်စကားမှ ထပ်၍ပြောဆိုခြင်း မပြုတော့ချေ။ မည်သို့ပင်ဆိုစေကာမူ လက်ရှိအခြေအနေမှာ ရှောင်လွှဲရန် မဖြစ်နိုင်တော့သည့်အတွင် ဆုံးရှုံးနစ်နာမှု သက်သာစေရန် မျှော်လင့်နေရုံသာ ရှိတော့သည်။
တောင်ကြားဝ၌
ပုံရိပ်နှစ်ခုမှာ ကျောင်းဇူအား အရှေ့နှင့်အနောက်မှ ဝန်းရံပိတ်ဆို့ထားကြသည်။
ကျောင်းဇူမှာ လေးနက်သော အမူအရာဖြင့် ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။
"ဟီးဟီး....ကျောင်းဇူ မင်းငါတို့ကို ရတနာတည်နေရာထဲဝင်ဖို့ ခွင့်ပြုသင့်တယ်။ အဲ့လိုမှမဟုတ်ရင် မင်းအတွက် မကောင်းတာတွေပဲ ဖြစ်လာလိမ့်မယ်။" ကျောင်းဇူရှေ့တွင်ရှိနေသော လူငယ်လေးမှာ ခပ်ဖွဖွပြုံးလျက် စကားဆိုလိုက်သည်။
ထိုလူငယ်လေးမှာ မြင့်မြတ်သောနန်းတော်မှ ရွေးချယ်ခံဖြစ်သူ ချီလိန်ပင် ဖြစ်သည်။
ကျောင်းဇူ၏ အနောက်တွင်ရှိနေသော လူငယ်လေးမှာလည်း နောက်ကျောအားကုပ်ကာ ပျင်းရိစွာဖြင့် ပြောလိုက်သည်။ "ချီလိန် သူ့ကိုစောင့်ကြည့်ထား။ ငါက ရတနာတည်နေရာထဲဝင်မယ်။"
ထိုလူငယ်လေးမှာ ချိုင်ယင်းဖြစ်ပြီး မြင့်မြတ်သောနန်းတော်၌ အလွန်ပင် ကျော်ကြားလွန်းလှသော ရွေးချယ်ခံတစ်ဦး ဖြစ်သည်။ သူသည် မြင့်မြတ်သောနန်းတော်၏ အသက်အငယ်ဆုံး ရွေးချယ်ခံဖြစ်သည့်အပြင် အလွန်ပင် ချောမောခန့်ညားလှသည်။ ကျောင်းထိုက်ရှင်းကဲ့သို့ နံပါတ်တစ် ရွေးချယ်ခံကပင် အသိအမှတ်ပြုကာ ချီးကျူးစကားဆိုရသူလည်း ဖြစ်၏။
ချိုင်ယင်းမှာ စကားပြောဆိုပြီးသည့်နောက် တောင်ကြားအတွင်းသို့ ဝင်ရောက်ရန် ပြင်ဆင်လိုက်သည်။
"ရပ်လိုက်..." ကျောင်းဇူမှာ အေးစက်ခက်ထန်သော အမူအရာဖြင့် ထက်ရှလှသော ချီစွမ်းအင်များအား ချိုင်ယင်းထံသို့ ပို့လွှတ်လိုက်သည်။
ချိုင်ယင်းမှာ ခြေလှမ်းများရပ်တန့်သွားပြီးနောက် လက်ဝါးတစ်ဖက်တည်းဖြင့် ကျောင်းဇူ၏ ချီစွမ်းအင်များအား ဖျက်စီးပစ်လိုက်သည်။
"ကျောင်းဇူ..." ချိုင်ယင်းမှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားကာ ကျောင်းဇူအား စိတ်အလိုမကျဟန်ဖြင့် ကြည့်ရှုလိုက်သည်။ "မင်းကတကယ်ကို သေချင်နေတာပဲ။"
"အဲ့ဒါဆိုလည်း မင်းကိုအရင်သတ်ပေးရမှာပေါ့။"
ချိုင်ယင်းထံမှ ပြင်းထန်လှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာသည်။
"ချီလိန် အတူတိုက်ခိုက်ရအောင်။"
ချီလိန်မှာ ပြုံးပြလျက် ခေါင်းညိတ်လိုက်ပြီးနောက် ပြင်းထန်လှသော ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။
ကျောင်းဇူ၏ အမူအရာမှာ ပြောင်းလဲသွားရပါသော်လည်း အနည်းငယ်မျှပင် တုံ့ဆုတ်နေခြင်းမရှိချေ။ မြင့်မြတ်သောနန်းတော်မှ ရွေးချယ်ခံနှစ်ဦးသာ ရတနာတည်နေရာအတွင်း ဝင်ရောက်သွားနိုင်ခဲ့ပါက ကန်ရွှမ်းကလန်၏ ဂုဏ်သိက္ခာမှာ များစွာကျဆင်းသွားရပေလိမ့်မည်။
"ရတနာတည်နေရာထဲ သွားချင်တယ်ဆိုရင် ငါ့လက်ထဲကဓားကို အရင်ခွင့်ပြုချက် တောင်းရလိမ့်မယ်။" ကျောင်းဇူ၏ လက်ဝါးအတွင်း ထက်ရှလှသော ဓားတစ်ချောင်း ပေါ်ထွက်လာသည်။
ချီလိန်နှင့် ချိုင်ယင်းတို့မှာ သတ်ဖြတ်လိုစိတ် ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ကျောင်းဇူအားကြည့်ကာ ပြုံးလိုက်ကြသည်။
"ကျောင်းဇူ...ကြည့်ရတာ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲမှာ ပထမဆုံးသေရမယ့် ကန်ရွှမ်းကလန်ရဲ့ ရွေးချယ်ခံက မင်းပဲဖြစ်လိမ့်မယ်။" ချိုင်ယင်းမှ ရယ်မောကာ ပြောလိုက်သည်။
"လာစမ်းပါ..."
သို့သော် ထိုအချိန်မှာပင် အေးစက်ပြတ်သားလှသော အသံတစ်ခု ထွက်ပေါ်လာသည်။
"ငါဒီမှာ စောင့်နေရတာ နေ့တဝက်လောက် ရှိနေပြီ။ မင်းတို့က ငါ့ကိုတကယ်ကြီး လျစ်လျူရှုထားတော့မလို့လား။"
ချီလိန်နှင့် ချိုင်ယင်းတို့မှာ တောင်ကုန်းတစ်ခုပေါ်၌ ရပ်လျက်ရှိနေသော လူငယ်လေးအား ကြည့်ရှုလိုက်ကြသည်။ စင်စစ်အားဖြင့် ၎င်းတို့မှာ ထိုလူငယ်လေး ရှိနေသည်ကို သိရှိပြီးကြပြီပင် ဖြစ်သည်။
ထိုလူငယ်လေးမှာ မူလစဦး သတ္တမအဆင့်ရှိသည့် ချီကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်။ လက်ဖြောက်တစ်ချက် တီးရုံမျှဖြင့်ပင် ထိုအဆင့်အား သတ်ပစ်လိုက်ရန် လုံလောက်ပေသည်။ ထို့ကြောင့်ပင် ၎င်းတို့နှစ်ဦးမှာ ထိုလူငယ်လေးအား အလုံးစုံ လျစ်လျူရှုထားခဲ့ခြင်းသာ ဖြစ်သည်။
သို့သော် ချိုင်ယင်းတို့အား အံ့အားသင့်စေသည်မှာ ထိုလူငယ်လေးသည် ကြောက်ရွံ့တုန်လှုပ်စွာ ပုန်းကွယ်နေရမည့်အစား ၎င်းတို့အား လာရောက်စိန်ခေါ်နေခြင်းပင် ဖြစ်သည်။
ချိုင်ယင်းမှာ ခပ်ဖွဖွပြုံးလိုက်ပြီးနောက် ကျောင်းဇူအားကြည့်ကာ စကားဆိုလိုက်သည်။ "မင်းတို့ကန်ရွှမ်းကလန်က တပည့်တွေအကုန်လုံးက အရမ်းကို သေချင်နေကြတာပဲလား။"