← Chapters

နှစ်ယောက်တိုက်ပွဲ

Vol. 89 Ch. 1259

နှစ်ယောက်တိုက်ပွဲ

Vol. 89 Ch. 1259

ဝမ်ချာလင်းသည် ရဲကျန့် ရုတ်တရက် တိုက်ခိုက်လာမည်ကို အမြဲ သတိထားနေသဖြင့် လွန်ခဲ့သော နှစ်ပေါင်းများစွာက သေဆုံးသွားခဲ့ပြီဖြစ်သော သူ့အဘိုးနှင့် အဘွား၏ ကြောက်မက်ဖွယ် အကောင်းဆုံး တစ္ဆေနှစ်ကောင်ကို အမြဲတမ်း ဘေးနားတွင် ခေါ်ထားလေ့ရှိသည်။

သာမန်လူတစ်ယောက် အနေဖြင့် ဒီလို ထိပ်တန်း တစ္ဆေဆရာများနှင့် ဆက်ဆံရသောအခါ ဦးနှောက်သုံးရုံဖြင့် မလုံလောက်ဘဲ အင်အားလည်း လိုအပ်သည်။ မကြာခဏဆိုသလို သူ ပြဿနာ မရှာချင်ပေ။ အဘယ်ကြောင့်ဆိုသော် အားအနည်းဆုံး တစ္ဆေဆရာကပင် သူ့ကို သတ်ပစ်နိုင်သည်ဟု သူ သိထားသောကြောင့် ဖြစ်သည်။

သို့သော် တစ်ဖက်မှာလည်း ဘယ်လို ထိပ်တန်း တစ္ဆေဆရာမျိုးနဲ့ မဆို ရင်ဆိုင်ရဲပြီး အနိုင်ယူနိုင်မယ့် ယုံကြည်ချက် သူ့မှာ ရှိနေသည်။

ဘာလို့လဲဆိုတော့ သူက တစ္ဆေလေးကောင်ကို အမိန့်ပေးနိုင်သူ ဖြစ်နေလို့ပင်။

သေဆုံးသွားတာ ကြာပြီဖြစ်ပြီး သေဆုံးချိန်က ပုံစံအတိုင်း ရှိနေသေးသော ကြောက်မက်ဖွယ် အဘိုးကြီး တစ်ယောက် ဝမ်ချာလင်း ရှေ့တွင် ရပ်နေသည်။ အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေပြီး ခံစားချက်ကင်းမဲ့သော မျက်နှာထား ရှိနေသည်။

ရဲကျန့်၏ လက်သီးချက်က ဒီတစ္ဆေအကြမ်းစား အပေါ် ဟာသလုပ်လိုက်သလို သက်ရောက်သွားပြီး တစ္ဆေကို ခြေတစ်လှမ်းတောင် ဆုတ်သွားအောင် မလုပ်နိုင်ပေ။

ပုံမှန် အခြေအနေမျိုး ဆိုလျှင် ဒီလက်သီးချက်က သာမန် တစ္ဆေအကြမ်းစား တစ်ကောင်ကို ထိလိုက်သည်နှင့် ချက်ချင်း လွင့်ထွက်သွားစေပြီး သဘာဝလွန် စွမ်းအားဖြင့် ဖိနှိပ်ကာ ခေတ္တခဏ မလှုပ်ရှားနိုင်အောင် လုပ်ထားနိုင်သည်။ မပြည့်စုံသော သာမန် တစ္ဆေအကြမ်းစား ဆိုလျှင် ဒီလက်သီးချက် တစ်ချက်တည်းနှင့်တင် သဘာဝလွန် ဖြစ်ရပ်ကို ဖြေရှင်းနိုင်လောက်သည်။

ဒါပေမဲ့ တကယ့် အားသာချက်က ရဲကျန့်ရဲ့ လက်သီး မဟုတ်ဘဲ သူ့လက်ထဲမှာ ကိန်းအောင်းနေတဲ့ တစ္ဆေအကြမ်းစား ဖြစ်သည်။

ဒါပေမဲ့ အခုတော့ ရဲကျန့်လက်ထဲက တစ္ဆေအကြမ်းစားက သူ့ရှေ့က ကြောက်မက်ဖွယ် အဘိုးကြီးကို လုံးဝ ယှဉ်ပြိုင်နိုင်ခြင်း မရှိပေ။

ကွာဟချက်က သိသာထင်ရှားလွန်းလှသည်။

"အခု ရပ်လိုက်ရင် အချိန်မီပါသေးတယ် တကယ် တိုက်ခိုက်ကြရင် မမျှော်လင့်တာတွေ ဖြစ်ကုန်လိမ့်မယ် ငါတို့ကြားမှာ ကြီးကြီးမားမား ရန်ငြိုးတွေ၊ အကျိုးစီးပွား ပဋိပက္ခတွေ ရှိတာမှ မဟုတ်တာ... ဟုတ်တယ် မလား"

ဝမ်ချာလင်းက ရန်လိုသူ မဟုတ်ပေ။ အသာစီး ရနေသော်လည်း ရဲကျန့်နှင့် ပြန်လည် သင့်မြတ်လိုစိတ် ရှိနေသေးသည်။

ရဲကျန့် အခက်အခဲ တွေ့ရင် နောက်ဆုတ်သွားစေဖို့ ထွက်ပေါက်တောင် ပေးလိုက်သေးသည်။

ဒီအချိန်မှာ ရဲကျန့်က လက်သီးကို ပြန်ရုပ်ပြီး ခြေလှမ်းအနည်းငယ် ဖြည်းဖြည်းချင်း နောက်ဆုတ်ကာ အားရပါးရ ရယ်မောလိုက်သည်။

"ဟားဟား... ယန်ဝူတိ (ယန် အနိုင်မခံ) ငါ့ကို မလိမ်ခဲ့ဘူးပဲ မင်းက တကယ့် ဆရာတစ်ဆူ၊ တကယ့် ပညာရှင်ပဲ ကောင်းတယ်... အရမ်း ကောင်းတယ် အရင်တုန်းက ငါ အရမ်း အထီးကျန်ခဲ့တာ သဘာဝလွန် လောကမှာ ပြိုင်ဘက် ရှာမတွေ့ခဲ့ဘူး အခု မင်းနဲ့ ယန်ဝူတိ ရှိနေပြီဆိုတော့ ရှေ့ဆက်ရမယ့် နေ့ရက်တွေက အရမ်း စိတ်ဝင်စားစရာ ကောင်းလာတော့မယ်"

"..."

ဝမ်ချာလင်း သူ့ကို ထူးထူးဆန်းဆန်း အကြည့်ဖြင့် ကြည့်လိုက်သည်။

"မင်း တကယ်ပဲ သေမှာ မကြောက်ဘူးနဲ့ တူတယ်"

"ငါက သေခြင်းတရားနဲ့ ရှင်သန်ခြင်းကို သဘောပေါက် နားလည်ထားတာ ကြာပါပြီ ဝမ်လေး... မင်းရဲ့ အစွမ်းကုန်ကို ထုတ်ပြစမ်းပါ"

ရဲကျန့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"အပြန်အလှန် အနေနဲ့ ငါလည်း အစွမ်းကုန် တိုက်ခိုက်ပြမယ်"

"ဓား... လာစမ်း"

သူ လက်ကို ကောင်းကင်ပေါ် မြှောက်ပြီး ပြဇာတ်ဆန်ဆန် အော်လိုက်သည်။

နောက်တစ်ခဏတွင်...

လိမ်ကောက်ပြီး ညစ်ပေနေကာ သံချေးတက်နေသော ထူးဆန်းသည့် ဓားရှည် တစ်ချောင်း လေထဲကနေ သူ့လက်ထဲ ရောက်လာသည်။ မူလက ခေတ်သစ် လက်နက် တစ်ခု ဖြစ်သော်လည်း ကြောက်မက်ဖွယ်ကောင်းသော သဘာဝလွန် စွမ်းအားများ ကိန်းအောင်းနေသည်။ ဓားသွား တစ်ဖက်တွင် အက်ကွဲကြောင်းများ ပြည့်နှက်နေသော ကြောက်စရာ တစ္ဆေမျက်နှာ တစ်ခု ပါရှိပြီး ကြည့်မိသူတိုင်း ချက်ချင်း သေဆုံးသွားစေနိုင်သည့် ပုံစံ ရှိသည်။

ဓားသွား နောက်တစ်ဖက်တွင်တော့ အေးစက်ပြီး ကြောက်စရာကောင်းသော အခြား တစ္ဆေအကြမ်းစားများ ကိန်းအောင်းနေပြီး ထိတွေ့ခွင့် မပေးပေ။

စဉ်းစားကြည့်ဖို့တောင် ခက်ခဲလှသည်။

လုံးဝ မသက်ဆိုင်သော သဘာဝလွန် စွမ်းအား နှစ်ခုက သာမန် ပစ္စည်းတစ်ခုထဲမှာ တပြိုင်နက်တည်း ကိန်းအောင်းနေသည် ဆိုတာကိုလေ။

"သဘာဝလွန် လက်နက် သုံးတော့မလို့လား ဒီတစ်ခေါက်တော့ တကယ် အတည် ဖြစ်လာပြီ"

ဝမ်ချာလင်း ရင်ထိတ်သွားပြီး ချက်ချင်း နောက်ဆုတ်လိုက်သည်။ ဒီသဘာဝလွန် ထိပ်တိုက်တွေ့မှုထဲ ဝင်မပါရဲပေ။ ဆုတ်ခွာဖို့တောင် စဉ်းစားလိုက်မိသည်။

ဒါပေမဲ့ ဆုတ်ခွာရုံနဲ့ ပြဿနာ ပြီးသွားမှာ မဟုတ်ဘူးလို့ သူ ယုံကြည်သည်။

ဒီရဲကျန့်ကို မောင်းထုတ်မပစ်နိုင်ရင် ပြဿနာက ဘယ်တော့မှ ပြီးမှာ မဟုတ်ပေ။

"ရဲကျန့်... မင်း ငါနဲ့ တကယ် ဆက်တိုက်ချင်နေတာလား ဆက်တိုက်ရင် ဒီနေ့ လူသေကုန်ကြလိမ့်မယ်"

ဝမ်ချာလင်း တင်းမာစွာ ပြောလိုက်သည်။

"သေတဲ့အထိ တိုက်ကြတာပေါ့"

ရဲကျန့် ထပ်မံ အော်ဟစ်ပြီး လက်ထဲက ဓားရှည်ကို မြှောက်လိုက်သည်။

ကြောက်စရာ တစ္ဆေမျက်နှာ ပါသော ဓားသွားဘက်ခြမ်းက ဝမ်ချာလင်းဆီ တည့်တည့် ချိန်ရွယ်ထားသည်။

တစ်ချက် ကြည့်လိုက်ရုံနဲ့ ဝမ်ချာလင်း ချက်ချင်း သေသွားနိုင်သည်။ အလွန် အန္တရာယ် များသည်။

ဒီသတ်ဖြတ်မှု ပုံစံကို လူအများကြီး မသိကြပေ။ ယန်ကျန့်တောင် မသိပေ။

"အဘိုး... သူ့ကို သတ်ပေးပါ"

ဝမ်ချာလင်း မတုံ့ဆိုင်းတော့ဘဲ သူ့နောက်က တခြား ကြောက်စရာ တစ္ဆေကြီးကို လှုပ်ရှားဖို့ အမိန့်ပေးလိုက်သည်။

ဒီအဆင့် ရောက်မှတော့ ပြန်လည် သင့်မြတ်ဖို့ မကြိုးစားတော့ပေ။

ရဲကျန့် သေချင်နေမှတော့ သေခွင့် ပေးလိုက်ရုံပေါ့။

အသက်ပြင်းပြင်း ရှူလိုက်ရာ ဝမ်ချာလင်း လက်ဖဝါးများမှ ချွေးစေးများ ထွက်လာသည်။ သာမန်လူ တစ်ယောက် အနေနဲ့ သေရေးရှင်ရေး စမ်းသပ်မှုတွေ ကြုံလာရတဲ့အခါ ဒီလောက် တည်ငြိမ်မနေနိုင်ပေ။ တစ္ဆေဆရာတွေ သတ္တိကောင်းကြတာက သက်ရှိလူသားတွေရဲ့ ခံစားချက်တွေ တဖြည်းဖြည်း ပျောက်ဆုံးလာလို့ ဖြစ်ပြီး ခံစားချက် မရှိတဲ့သူတွေက သေခြင်းတရားရဲ့ ကြောက်ရွံ့မှုကို နားမလည်ကြတော့တာ သဘာဝပါပဲ။

သို့သော် တချိန်တည်းမှာပင်...

ဝမ်ချာလင်း ရဲကျန့်၏ ဓားကို မြင်လိုက်ရသည်။

သေချာပေါက် သေစေနိုင်သော ကျိန်စာ ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာသည်။

နောက်တစ်ခဏတွင်...

ဝိညာဉ်သဏ္ဍာန် ထူးဆန်းသော လူလတ်ပိုင်း အမျိုးသမီး တစ်ယောက် ဝမ်ချာလင်း ခန္ဓာကိုယ်ထဲမှ ယိုင်နဲ့နဲ့ ထွက်လာသည်။ သူမ၏ ဟောက်ပက် မျက်လုံးအိမ်များတွင် အက်ကွဲကြောင်းများ ပြည့်နှက်နေပြီး ပုံမှန်မဟုတ်သော သရဲအငွေ့အသက်များ ထွက်ပေါ်နေကာ သူမကို သတ်တော့မည့် ပုံစံ ပေါက်နေသည်။

ဒါပေမဲ့ ဝမ်ချာလင်းဆီက ထွက်လာတဲ့ ဒီထူးဆန်းတဲ့ အမျိုးသမီးက သက်ရှိလူသား မဟုတ်ဘဲ တစ္ဆေအကြမ်းစား ဖြစ်သည်။

တစ္ဆေအကြမ်းစားတွေကို သတ်လို့ မရနိုင်ပေ။

ဒါကြောင့် ဒီထူးဆန်းတဲ့ အမျိုးသမီးက နေရာမှာတင် ရပ်နေပြီး သူမကို လွှမ်းခြုံထားတဲ့ သရဲအငွေ့အသက်တွေ ပျောက်ကွယ်သွားမည့် အချိန်ကို စောင့်နေသည်။

ဒါကို မြင်တော့ ဝမ်ချာလင်း ချွေးစေးတွေ ပြန်လာသည်။ သူ့အမေရဲ့ ဝိညာဉ်ကနေ ဖြစ်ပေါ်လာတဲ့ တစ္ဆေက ပုံမှန်ဆိုရင် သူ့ခန္ဓာကိုယ်ထဲမှာ နေပြီး သဘာဝလွန် တိုက်ခိုက်မှုတွေကနေ ကာကွယ်ပေးလေ့ ရှိတာကို သူ နားလည်သည်။

အခု သူ့ခန္ဓာကိုယ်ထဲက ဝိညာဉ် ထွက်လာပြီး မလှုပ်မယှက် ရပ်နေတယ် ဆိုကတည်းက ဖြစ်နိုင်ချေ တစ်ခုပဲ ရှိသည်။

အဲဒါကတော့... စောစောက သူ ကြောက်မက်ဖွယ် တိုက်ခိုက်မှု တစ်ခု ခံလိုက်ရပြီး သူ့အမေရဲ့ ဝိညာဉ်က ကာကွယ်ပေးလိုက်လို့ ဖြစ်သည်။

သူ သေဘေးကနေ သီသီလေး လွတ်မြောက်ခဲ့တာ ဖြစ်သည်။

ဝမ်ချာလင်း ကြောက်လန့်ပြီး တုန်လှုပ်သွားသည်။

သို့သော် တချိန်တည်းမှာပင်...

ဝမ်မိသားစု၏ ကြောက်မက်ဖွယ် အကောင်းဆုံး တစ္ဆေ ဖြစ်သော အဖြူအမည်း အဘိုးကြီးက လှုပ်ရှားလိုက်သည်။

ရဲကျန့် အနားသို့ တိုးကပ်သွားရုံဖြင့် သူ့ပတ်ဝန်းကျင်ရှိ အလင်းရောင်များက လေပြင်းတိုက်လို့ ငြိမ်းသွားတဲ့ ဖယောင်းတိုင် မီးလို ချက်ချင်း ငြိမ်းသွားသည်။ အရာအားလုံး အမှောင်ထုထဲ ကျရောက်သွားပြီး လေထုတောင် ခဲသွားသလို ဖြစ်သွားသည်။

အေးစက်သော အငွေ့အသက် တစ်ခု ကျဆင်းလာပြီး မွန်းကျပ်စေသော ဖိအားများ သယ်ဆောင်လာသည်။

သေဆုံးနေတာ ကြာပြီဖြစ်ပြီး ဝိညာဉ် ပုံရိပ်တစ်ခုသာ ဖြစ်သော်လည်း တစ္ဆေဆရာများ အမြင်တွင်မူ အလွန် အန္တရာယ်များသော ဖြစ်တည်မှု တစ်ခု ဖြစ်သည်။

"ငါ အမှောင်ထု ဝါးမြိုတာ ခံလိုက်ရပြန်ပြီလား"

ရဲကျန့် မယုံနိုင်သလို ခံစားလိုက်ရသည်။

သဘာဝလွန် နှောင့်ယှက်မှု သက်သက်နဲ့တင် သူ့တစ္ဆေနယ်မြေ အပိုင်းပိုင်း အစစ ကွဲကြေသွားသည်။

သူ့တစ္ဆေနယ်မြေက သိပ်အားမကောင်းပေမယ့် အားနည်းတာတော့ မဟုတ်ပေ။ ဒါပေမဲ့ ဒီကလဲ့စားချေ ဝိညာဉ်နဲ့ တွေ့တော့ တစ္ဆေနယ်မြေက ဟာသတစ်ခုလို ဖြစ်သွားပြီး ချက်ချင်း ကျူးကျော်ဖျက်ဆီးခံလိုက်ရသည်။

"ငါ အမှောင်ထုကို ဓားတစ်ချက်တည်းနဲ့ ခွဲပစ်တာ ကြည့်ထား"

ဒီတစ်ခါ ရဲကျန့်၏ မျက်နှာထား လေးနက်နေသည်။ ကလေးဆန်တဲ့ ကြွေးကြော်သံတွေ အော်နေတုန်း ဆိုပေမယ့် ဒီတစ်ခါတော့ အားမလျှော့ဘဲ လက်ထဲက ထူးဆန်းတဲ့ ဓားရှည်ကို ဝှေ့ယမ်းကာ ကြောက်မက်ဖွယ် အဘိုးကြီးဆီ ခုတ်ချလိုက်သည်။

ဒီဓားကို ထိလို့ မရဘူး။ ထိလိုက်တဲ့ ဘယ်အရာ၊ ဘယ်သူမဆို ချက်ချင်း ကွဲအက်သွားလိမ့်မယ်။

ဒါပေမဲ့ ဝမ်မိသားစုရဲ့ အကြောက်မက်ဖွယ် အကောင်းဆုံး တစ္ဆေကြီးက သေလူမျက်နှာနဲ့ လက်ဆန့်ထုတ်ပြီး ရဲကျန့်ကို ဖမ်းဆုပ်လိုက်သည်။

ရဲကျန့်၏ ဓားက တစ္ဆေလက်နှင့် ရိုက်ခတ်မိသွားသည်။

ဒါက ခွန်အား ပြိုင်ပွဲ မဟုတ်ဘဲ သဘာဝလွန် စွမ်းအား တိုက်ပွဲ ဖြစ်သည်။

ချက်ချင်းပင်...

ရလဒ် ပေါ်ထွက်လာသည်။

ရဲကျန့် လက်ထဲက ထူးဆန်းတဲ့ ဓားရှည် ချက်ချင်း လိမ်ကောက် ကွေးညွတ်သွားသည်။ ဒီကြောက်စရာ တစ္ဆေကြီးရဲ့ လက်တစ်ဖက်ကိုတောင် ယှဉ်နိုင်ပုံ မရပေ။

"ဘာ"

သူ မျက်လုံးပြူးသွားပြီး မယုံနိုင်တဲ့ အမူအရာ ဖြစ်သွားသည်။

သို့သော် ထိုကြောက်မက်ဖွယ် အဘိုးကြီး၏ လက်တွင်လည်း အက်ကွဲကြောင်းများ ပေါ်လာသည်။ အက်ကွဲကြောင်းများက ကြွေထည် ပေါ်ကလိုမျိုး များပြားပြီး ပင့်ကူအိမ်လို ဖြာထွက်နေသည်။ နုနယ်တဲ့ ကြွေထည် ပစ္စည်းလေး တစ်ခုလို အချိန်မရွေး ကွဲကြေပြီး အပိုင်းပိုင်း ဖြစ်သွားမယ့် ပုံစံ ဖြစ်နေသည်။

ဒါပေမဲ့ အဲဒီလို မဖြစ်လာပါဘူး။

အချိန်ကြာလာတာနဲ့အမျှ အက်ကွဲကြောင်းတွေ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ဓားရှည်နဲ့ ရဲကျန့် ထိတွေ့မိတဲ့ နေရာမှာ အက်ကွဲကြောင်း တစ်ခုတည်းသာ ကျန်ရစ်သည်။

ဒါပေမဲ့ ဒီအက်ကွဲကြောင်းက ဆက်ပြီး ပြန့်ကားမလာသလို နက်ရှိုင်းမလာတော့ပေ။

ဘာလို့လဲဆိုတော့ အဘိုးကြီးရဲ့ အေးစက်ပြီး အရိုးကျနေတဲ့ လက်က ရဲကျန့်ရဲ့ ပခုံးကို အတင်းအဓမ္မ ဖိနှိပ်ထားလိုက်ပြီ ဖြစ်လို့ပါပဲ။

တချိန်တည်းမှာပဲ ဘေးနားက ထူးဆန်းတဲ့ အဘွားအိုကြီးလည်း ဖြည်းဖြည်းချင်း တိုးကပ်လာသည်။

ဒီအချိန်မှာ အဘိုးကြီး တစ်ယောက်တည်းကိုတောင် ရဲကျန့် ယှဉ်နိုင်ဖို့ ခက်ခဲနေပြီ။ အသက်ရှင်နေတာက သူ့ကန့်သတ်ချက် ဖြစ်နေပြီမို့ နောက်ထပ် တစ္ဆေတစ်ကောင် ထပ်ရောက်လာရင် သူ ဘယ်လိုမှ တားဆီးနိုင်မှာ မဟုတ်တော့ဘူး။

နောက်ထပ် အဘွားအို တစ်ယောက် ရဲကျန့်နား ရောက်လာပြီး အေးစက်တဲ့ လက်ကို ဆန့်ထုတ်ကာ ရဲကျန့်ရဲ့ တခြား ပခုံးတစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။

တစ္ဆေနှစ်ကောင်ရဲ့ တိုက်ခိုက်မှု တပြိုင်နက်တည်း ကျရောက်လာသည်။

နောက်တစ်ခဏတွင်...

ရဲကျန့်ကို တစ္ဆေများက ဆွဲလိုက်ရာ သူ့ခန္ဓာကိုယ် လိမ်ကောက် ပုံပျက်သွားပြီး ကျိုးပဲ့မယ့် အခြေအနေ ရောက်သွားကာ နောက်ဆုံးတွင် နှစ်ပိုင်း ပြတ်ထွက်သွားသည်။

သွေးများ ပေကျံပြီး ကလီစာများ ထွက်ကျလာသည်။ မျက်လုံးများ ပြူးကျယ်နေပြီး သေသွားတာတောင် လက်ထဲက ကွေးညွတ်နေတဲ့ ဓားရှည်ကို ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။

"သတ်လိုက်ပြီလား"

ဝမ်ချာလင်း အခြေအနေ ငြိမ်သက်သွားတာ မြင်တော့မှ ချောင်းကြည့်ရဲသည်။

တစ္ဆေနှစ်ကောင် ကြားကနေ သွေးထွက်သံယို မြင်ကွင်းကို လှမ်းမြင်လိုက်ရသည်။

"သေသွားရင် ပြီးတာပဲ ဒီကောင်က အရမ်း အန္တရာယ်များတယ် ဘာမှန်းမသိဘဲ သူ့လက်ထဲမှာ ငါ သေလုနီးပါး ဖြစ်ခဲ့ရတယ် ဒီတစ်ခေါက် သူ မသေရင် နောက်တစ်ခေါက် ငါ ဒီလောက် ကံကောင်းချင်မှ ကောင်းတော့မှာ"

ရဲကျန့် သေသွားတာ မြင်တော့ ဝမ်ချာလင်း စိတ်သက်သာရာ ရသွားသည်။

သူ့အဘိုးနဲ့ အဘွား ပုံစံပြောင်းထားတဲ့ တစ္ဆေတွေက ပိုကြောက်စရာ ကောင်းပုံ ရသည်။

ဒီအချိန်မှာ ဝမ်ချာလင်း သူ့မိသားစု တစ္ဆေတွေရဲ့ စွမ်းအားကို အသစ်တဖန် နားလည်လိုက်သည်။

ဒါပေမဲ့ ဝမ်ချာလင်း ဝမ်းသာလို့ မဆုံးသေးခင်မှာပဲ ရင်းနှီးနေတဲ့ အသံ ထပ်ထွက်လာပြန်သည်။

"ငါ... ရဲ... မရှုံးသေးဘူး ငါတို့ တိုက်ပွဲက ဆက်ဖြစ်နေတုန်းပဲ"

ချက်ချင်းပင်...ထူးဆန်းတဲ့ မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

မြေကြီးပေါ်က ပြတ်နေတဲ့ အလောင်းကောင် အပိုင်းအစတွေက ချက်ချင်း ပြန်ဆက်သွားသည်။ အချိန်ကို နောက်ပြန်လှည့်လိုက်သလိုပါပဲ။ စက္ကန့်ပိုင်း အတွင်းမှာပဲ အကောင်းပကတိ အတိုင်း ရှိနေတဲ့ ရဲကျန့် ဝမ်ချာလင်း ရှေ့မှာ ပြန်ပေါ်လာသည်။

ရဲကျန့် တကယ် သေခဲ့ဖူးပေမယ့် ပြန်ရှင်လာခဲ့တာပါ။

သူ့ကုဒ်နံပါတ်က အစားထိုး တစ္ဆေ ။

သူ့သေဆုံးမှုကို တခြားအရာ တစ်ခုနဲ့ အစားထိုးနိုင်တယ်။ တစ္ဆေတွေရဲ့ တိုက်ခိုက်မှု အားလုံးကို တခြားအရာဆီ လွှဲပြောင်းပေးနိုင်တယ်။

"ဟာသ လုပ်နေတာလား"

ဝမ်ချာလင်း တစ္ဆေမြင်လိုက်ရသလို မျက်လုံးအိမ်တွေ ကျဉ်းမြောင်းသွားသည်။

သေချာပေါက် သေသွားပြီ ဖြစ်တဲ့ လူတစ်ယောက်က သူ့ရှေ့မှာ အကောင်းပကတိ ပြန်ပေါ်လာနိုင်တယ် ဆိုတာ မယုံနိုင်စရာပဲ။

ဒါပေမဲ့ သူ ဆက်မစဉ်းစားရသေးခင်မှာပဲ ရဲကျန့် လှုပ်ရှားလိုက်ပြီ။ ကွေးညွတ်နေတဲ့ ဓားရှည်ကို လွှင့်ပစ်လိုက်ပြီး နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ပြန်သည်။

ဒီအချိန်မှာ ဝမ်ချာလင်း ရဲကျန့်ရဲ့ အကြည့်က တစ္ဆေတစ်ကောင်လို ကြောက်စရာ ကောင်းနေတယ်လို့ ခံစားလိုက်ရသည်။

"သူ့ကို သတ်ပစ်"

သူ မတုံ့ဆိုင်းဘဲ အမိန့်ပေးလိုက်သည်။

ရဲကျန့် ဒုတိယ အကြိမ်၊ တတိယ အကြိမ် ပြန်ရှင်လာနိုင်မယ်လို့ ဝမ်ချာလင်း မယုံကြည်ပေ။

ဒီလို ပြန်ရှင်လာတာက ကြီးမားတဲ့ တန်ကြေး ပေးဆပ်ရမှာ သေချာသလို အကန့်အသတ် မရှိ လုပ်နိုင်မှာ မဟုတ်ဘူးလို့ သူ ယုံကြည်သည်။

သို့သော် ကြောက်မက်ဖွယ် တစ္ဆေကြီးက ရဲကျန့်ကို ထပ်မံ ဖမ်းဆုပ်လိုက်သောအခါ ထူးဆန်းသော အဖြစ်အပျက် တစ်ခု ဖြစ်ပွားလာသည်။ တစ္ဆေကြီးက ရဲကျန့်ကို ဆက်မတိုက်ခိုက်ဘဲ ငြိမ်သက်သွားသည်။

ဒီအချိန်မှာ ဝမ်ချာလင်း မွန်းကျပ်သလို ခံစားလိုက်ရသည်။ မမြင်ရတဲ့ လက်တစ်ဖက်က လာညှစ်ထားသလိုမျိုး…..

ဒီခံစားမှုက ထူးဆန်းတယ်။ ဘယ်က ရောက်လာမှန်း မသိရဘူး။

ဒါက အစားထိုး တစ္ဆေက ရဲကျန့်အပေါ် ကျရောက်လာတဲ့ သဘာဝလွန် တိုက်ခိုက်မှုကို ဝမ်ချာလင်းဆီ လွှဲပြောင်းပေးလိုက်တာ ဖြစ်သည်။ ဒါ့အပြင် သူ့အမေရဲ့ တစ္ဆေ လည်ပင်းမှာလည်း လည်ပင်းညှစ်ခံထားရတဲ့ လက္ခဏာတွေ ပေါ်နေသည်။

တိုက်ခိုက်မှုက သက်ရှိလူသားတွေဆီ ကူးစက်ရုံတင် မကဘဲ တခြား တစ္ဆေတွေဆီပါ ကူးစက်သွားပုံ ရသည်။

All Chapters