← Chapters

ချီလိန်နှင့် ချိုင်ယင်း

Vol. 45 Ch. 619

ချီလိန်နှင့် ချိုင်ယင်း

Vol. 45 Ch. 619

စောင့်ကြည့်နေကြသူများမှာ တောင်ကုန်းတစ်ခုပေါ်ရှိ အရိပ်အောက်မှ လျှောက်လှမ်းထွက်လာသော ပုံရိပ်တစ်ခုအား တွေ့ရှိလိုက်ကြရပြီးနောက် အလွန်ပင် အံ့အားသင့်သွားကြသည်။

"သူကဘယ်သူလဲ။ ကန်ရွှမ်းကလန်ရဲ့ လျှို့ဝှက်လက်နက်လား။"

"ကျွတ်...ဘာလျှို့ဝှက်လက်နက်လဲ။ သူ့နာမည်က ဇူယွမ်တဲ့။ ကန်ရွှမ်းကလန်ရဲ့ မူလသူတော်စင်တောင်ထွတ်က တပည့်ခေါင်းဆောင်။"

"တပည့်ခေါင်းဆောင် ဟုတ်လား။ တပည့်ခေါင်းဆောင်လောက်အဆင့်နဲ့ ရွေးချယ်ခံတွေကြားကို ဝင်ပါရဲတယ်ပေါ့လေ။ သူက အသက်ရှင်ရတာ ပျင်းနေလို့များလား။"

"ငါကြားတာတော့ သူကတော်တော်လေး တော်တယ်တဲ့။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲမှာ သူ့ရဲ့လုပ်ဆောင်ချက်တွေ အကုန်လုံးက ချီးကျူးလောက်စရာတွေချည်းပဲတဲ့။"

"အဲ့ဒါက တပည့်ခေါင်းဆောင်တွေကြားမှာပဲ ရမှာပေါ့ကွ။ အခုသူရင်ဆိုင်ရမှာက မြင့်မြတ်သောနန်းတော်က ရွေးချယ်ခံတွေနော်။ တပည့်ခေါင်းဆောင်လောက် အဆင့်တွေမဟုတ်ဘူး။"

"......"

​

စောင့်ကြည့်နေသော ကလန်များထံမှ ဆွေးနွေးဝေဖန်သံများ ထွက်ပေါ်လာကြသည်။ ၎င်းတို့အားလုံးမှာ ယခုကဲ့သို့သော အခြေအနေမျိုး၌ တပည့်ခေါင်းဆောင်တစ်ယောက် ပေါ်ထွက်လာခြင်းကို အံ့အားတကြီး ဖြစ်နေကြရ၏။

"ဟိတ်...နင်တို့ရဲ့ သူငယ်ချင်းက သတ္တိအရှိလွန်နေသလိုပဲနော်။" ကုံဝမ်မှ ကျိုးချူးချင်ယုနှင့် လုလျိုအားကြည့်ကာ စကားဆိုလိုက်သည်။

အလှပန်းတစ်ရာနန်းတော်မှ အခြားသော ရွေးချယ်ခံများမှာလည်း ကုံဝမ်၏စကားအား ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း၌ ဇူယွမ်၏ ထူးချွန်ထက်မြက်သော တိုက်ပွဲစွမ်းရည်များအကြောင်း ကြားသိခဲ့ရဖူးပါသော်လည်း ယခုအခြေအနေမှာ တပည့်ခေါင်းဆောင် တစ်ဦးအနေဖြင့် ဝင်ရောက်စွက်ဖက်ရန် မသင့်လျော်သော အခြေအနေပင် ဖြစ်သည်။

ထိုကဲ့သို့ ဝင်ရောက်စွက်ဖက်ခြင်းသည် ကန်ရွှမ်းကလန်၏ ဂုဏ်သိက္ခာအား ကျဆင်းစေရုံမျှမက အခန့်မသင့်လျှင် အသက်ပါ သေဆုံးသွားနိုင်ပေသည်။

ကျိုးချူးချင်ယုနှင့် လုလျိုတို့၏ မျက်ဝန်းများမှာ စိုးရိမ်ပူပန်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေရသည်။ ယခုအခြေအနေသည် ရွေးချယ်ခံများ အချင်းချင်းသာ ဖြေရှင်းသင့်သော အနေအထားပင် ဖြစ်သည်။

ဇူယွမ်မှာ မည်မျှပင် သန်မာနေစေကာမူ ရွေးချယ်ခံအဆင့်နှင့် အဆပေါင်းများစွာ ကွာခြားနေဦးမည်ပင် ဖြစ်သည်။

"ဇူယွမ်...ဇူယွမ်က အချိန်ဆွဲဖို့ ကြိုးစားနေတာ နေမှာပါ။" လုလျိုမှ အခြေအနေအား ရှင်းပြပြောဆိုရန် ကြိုးစားလိုက်သည်။ "ကျောင်းဇူတစ်ယောက်ထဲနဲ့ မြင့်မြတ်သောနန်းတော်က ရွေးချယ်ခံ နှစ်ယောက်လုံးကို တိုက်ခိုက်ဖို့ မဖြစ်နိုင်ဘူးလေ။ အဲ့ဒါကြောင့် တစ်ယောက်ကို ဇူယွမ်က အချိန်ဆွဲထားပေးရလိမ့်မယ်။"

ကုံဝမ်မှ မေးဖျားလေးအားပွတ်သပ်ကာ ပြောလိုက်သည်။ "အစီအစဉ်က မဆိုးဘူးဆိုပေမယ့် ဟုတ်တော့မဟုတ်သေးဘူး။ ချီလိန်က မြင့်မြတ်သောနန်းတော်ရဲ့ ရွေးချယ်ခံဆယ့်ခြောက်ယောက်မှာ အဆင့်ဆယ့်နှစ်ချိတ်ထားတဲ့သူပဲ။ ဒါပေမယ့် ကျောင်းဇူကတော့ ကန်ရွှမ်းကလန်ရဲ့ ရွေးချယ်ခံထဲမှာ နောက်ဆုံးပဲမလား။"

"ဇူယွမ်က အချိန်ခဏဆွဲထားပေးနိုင်မယ်ဆိုရင်တောင် ဘာမှထူးလာမှာ မဟုတ်ဘူး။ ဒီအခြေအနေတိုင်းဆိုရင် ကန်ရွှမ်းကလန်က ရှုံးကိုရှုံးမှာပဲ။"

လုလျို၏ ဝိုင်းစက်သော မျက်ဝန်းလေးများထဲ၌ မျက်ရည်စလေးများပင် တွဲလဲခိုနေရပြီ ဖြစ်သည်။

"ကန်ရွှမ်းကလန်ရဲ့ အခြေအနေက တကယ်ကို မကောင်းတော့ဘူး။ အခုချူချင်း ဘာလုပ်မလဲ ဆိုတာကိုပဲ စောင့်ကြည့်ရတော့မယ်။" ကုံဝမ်မှ စိတ်မကောင်းဖြစ်သော အမူအရာဖြင့် စကားဆိုလိုက်သည်။

မြင့်မြတ်သောနန်းတော်မှာလည်း မကြာသေးသော အချိန်ကာလကပင် ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာတစ်ခုအား တွေ့ရှိခဲ့သေးသည်။ ထိုစဉ်က မြင့်မြတ်သောနန်းတော်မှာ ရတနာတည်နေရာအား အပြည့်အဝ ကာကွယ်ထားနိုင်ခဲ့ပြီး အခြားကလန်များအား တစ်လက်မမျှပင် ကျူးကျော်ဝင်ရောက်ခွင့် မပြုခဲ့ပေ။ ထို့ကြောင့် တူညီသော အ​ခြေအနေတစ်ခုတွင် ယခုရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာသည်သာ မြင့်မြတ်သောနန်းတော်၏ လက်အတွင်းသို့ ကျရောက်သွားပါက ​ကန်ရွှမ်းကလန်၏ ဂုဏ်သိက္ခာမှာ အဖတ်ဆယ်မရအောင်ပင် ကျဆင်းသွားရပေလိမ့်မည်။

.........

တောင်ကြားဝ၌

ကျောင်းဇူမှာ ဇူယွမ်အားကြည့်ကာ အော်ဟစ်ပြောဆိုလိုက်သည်။ "ထွက်သွားစမ်း။ ဒီနေရာက မင်းဝင်ပါရမယ့် နေရာမဟုတ်ဘူး။"

ကျောင်းဇူမှာ ဇူယွမ်အား အလွန်ပင် မျက်မုန်းကျိုးနေပါသော်လည်း ယခုအခြေအနေသည် ကန်ရွှမ်းကလန်၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေပေသည်။

ချိုင်ယင်းမှ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ "သူရဲကောင်းကြီးက ကိုယ်တိုင်ထွက်လာမှတော့ ငါကလည်း အလွတ်ပေးစရာလား။"

"ချီလိန် ကျောင်းဇူကို မင်းနဲ့ထားခဲ့မယ်။"

ချိုင်ယင်းမှာ ပြင်းထန်လှသော ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလျက် ဇူယွမ်အားကြည့်ကာ ပြုံးလိုက်သည်။ သူ၏ မျက်ဝန်းများမှာ သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။

ကျောင်းဇူ၏ အမူအရာမှာ ခက်ထန်သွားရပါသော်လည်း ချီလိန်မှ သူ့အားတားဆီးပိတ်ဆို့ထားသောကြောင့် မည်သို့မျှမတက်နိုင်တော့ပဲ ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေလျက် ချီလိန်အား ဦးစွာတိုက်ခိုက်ရန်သာ အသင့်ပြင်လိုက်ရသည်။

ချီလိန်မှ အေးစက်ခက်ထန်နေသော ကျောင်းဇူအားကြည့်ကာ စကားဆိုလိုက်သည်။ " ကျောင်းဇူ မင်းလိလိမ္မာမ္မာနဲ့ ဒီနေရာမှာ ကောင်းကောင်းနေလိုက်တာ ကောင်းမယ်နော်။ မဟုတ်ရင် အခုချက်ချင်း သေရမယ့်လူက မင်းဖြစ်သွားလိမ့်မယ်။"

ကျောင်းဇူမှာ အသက်ပြင်းပြင်းတစ်ချက်အား ရှူထုတ်လိုက်ပြီးနောက် အေးစက်ခက်ထန်စွာ ပြောလိုက်သည်။ "လာစမ်းပါ။"

လက်ရှိအခြေအနေ၌ ကျောင်းဇူမှာ ဇူယွမ်အား ပူပန်မနေနိုင်တော့ပဲ ချီလိန်အား ရင်ဆိုင်တိုက်ခိုက်နိုင်ရန်သာ တွေးတောနေရသည်။ သူသည် တိုက်ပွဲစွမ်းရည် အပြည့်အဝကို အသုံးပြုလျက် ချီလိန်အား ကိုင်တွယ်နိုင်ရန်သာ မျှော်လင့်နေရ၏။

"ဟားဟား...ကန်ရွှမ်းကလန်ရဲ့ ဓားကပ်ဘေးတောင်ထွတ်က ဓားချီတွေကို စမ်းသပ်ကြည့်ချင်နေတာ ကြာပြီ။" ချီလိန်မှာ ရယ်မောလျက် စကားဆိုလိုက်ပြီးနောက် ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေကာ ကျောင်းဇူအား တိုက်ခိုက်လိုက်တော့သည်။

ဝုန်း.....

ရွေးချယ်ခံနှစ်ဦး အကြားရှိ ခက်ထန်ကြမ်းတမ်းလှသော တိုက်ပွဲမှာ စတင်ခဲ့ပြီပင် ဖြစ်လေသည်။

ထိုအချိန်၌ ချိုင်ယင်းမှာ ကြွက်သူငယ်အား ဆော့မြူကစားလိုသော ကြောင်တစ်ကောင်၏ မျက်ဝန်းများဖြင့် ဇူယွမ်အားကြည့်ကာ ခပ်ဖွဖွပြုံးနေလျက် ရှိသည်။

အခြားသော တပည့်ခေါင်းဆောင်များသာဆိုပါက ချိုင်ယင်းထံမှ ထွက်ပေါ်နေသော စွမ်းအင်ဖိအားများဖြင့်ပင် ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ဒူးထောက်နေရလောက်ပြီ ဖြစ်သည်။ သို့သော် ဇူယွမ်မှာ ထိုသို့မဟုတ်ပါချေ။

ထို့ကြောင့် ချိုင်ယင်းမှာ စောင့်ကြည့်နေကြသော ကလန်များစွာ၏ရှေ့၌ ဇူယွမ်အား တစ်စစီ ဖျက်စီးပစ်လိုခြင်း ဖြစ်သည်။

ဇူယွမ်မှာ အနည်းငယ်မျှပင် လှုပ်ရှားခြင်းမပြုပဲ ထိုနေရာ၌သာ ရပ်နေလျက်ရှိသည်။ ချိုင်ယင်းထံမှ ထွက်ပေါ်နေသော ပြင်းထန်လွန်းလှသည့် စွမ်းအင်ဖိအားများကြောင့် ပတ်ဝန်းကျင်ရှိ လေထုသည်ပင် တင်းမာနေသည်ဟု ထင်မှတ်ရသည်။

ဇူယွမ်မှာ မျက်ဝန်းများကျဉ်းမြောင်းလျက် တစ်လှမ်းချင်းစီ လျှောက်လှမ်းလာနေသော ချိုင်ယင်းအား ကြည့်ရှုလိုက်သည်။ ချိုင်ယင်းသည် ပြင်းထန်လှသော စွမ်းအင်ဖိအားများအား ထုတ်ဖော်လျက် သူ့အား အတင်းအကြပ် ဖိအားပေးကာ ဒူးထောက်စေလိုခြင်း ဖြစ်သည်။

ချိုင်ယင်း၏ စွမ်းအင်ဖိအားများမှာ တပည့်ခေါင်းဆောင် တစ်ယောက်အား ဒူးထောက်ကျသွားစေရန် ကောင်းစွာလုံလောက်ပေသည်။

သို့သော်.....

ဇူယွမ်သည် ထိုတပည့်ခေါင်းဆောင်များအတွင်း မပါဝင်ခဲ့ချေ.....

ဇူယွမ်မှာ တည်ငြိမ်သောအမူအရာဖြင့်ပင် ရွှေရောင်ချီစွမ်းအင်များအား ဖြည်းညင်းစွာ ထွက်ပေါ်စေလိုက်သည်။ ခံစားနေရသော စွမ်းအင်ဖိအားများ အနည်းငယ် လျော့ကျသွားရ၏။

ဇူယွမ်၏ ချီစွမ်းအင်အခြေခံအုတ်မြစ်မှာ ချိုင်ယင်းထက် အားနည်းပါသော်လည်း ပြင်ပခန္ဓာသန်မာမှုစွမ်းအင်လည်း ရှိနေသေးသည်။ ထိုစွမ်းအင်နှစ်ခု ပေါင်းစည်းလိုက်သောအခါ၌ ချိုင်ယင်း၏ စွမ်းအင်ဖိအားများမှာ ဇူယွမ်အား ဒူးထောက်ကျစေရန် မည်သို့မျှ မဖြစ်နိုင်တော့ပေ။

ချိုင်ယင်းမှာ စွမ်းအင်ဖိအားဒဏ်အား အနည်းငယ်မျှပင် သက်ရောက်ပုံမရသော ဇူယွမ်အား ကြည့်ရှုလိုက်ပြီးနောက် ခြေလှမ်းများ ရပ်တန့်သွားရသည်။

"ဟီးဟီး...စိတ်ဝင်စားစရာ ကောင်းသားပဲ။ မင်းသူရဲကောင်း ဝင်လုပ်ရဲတာလည်း မဆန်းတော့ပါဘူး။" ချိုင်ယင်းမှ ခပ်ဖွဖွရယ်မောကာ ပြောလိုက်သည်။ "အစကတော့ မင်းကိုဒူးထောက်ကျအောင်လောက်ပဲ လုပ်မလို့ပဲ။ ဒါပေမယ့် အခုကြည့်ရတာတော့ ငါကိုယ်တိုင် တိုက်ခိုက်မှရမယ် ထင်တယ်။ မင်းရဲ့ ခြေထောက်နှစ်ချောင်းလုံးကို ရိုက်ချိုးပြီးတဲ့အခါကြရင် မင်းမတ်တပ်ရပ်နိုင်ဦးမယ်လို့ မင်းထင်လား။"

ချိုင်ယင်း၏ မျက်ဝန်းများမှာ အေးစက်ခက်ထန်မှုများဖြင့် ပြည့်နှက်နေသည်။

ဝုန်း.....

ချိုင်ယင်းထံမှ ပြင်းထန်လှသော နက်ရွှေရောင်ချီစွမ်းအင်များ ထွက်ပေါ်လာကာ ချီကြယ်ပွင့်ကောင်းကင်ယံအဖြစ်သို့ ပြောင်းလဲသွားသည်။

ချိုင်ယင်းမှာ သက်တောင့်သက်သာရှိနေဟန်ဖြင့် လက်ပိုက်လိုက်ပြီးနောက် ဇူယွမ်အားကြည့်ကာ ပြုံး၍စကားဆိုလိုက်သည်။

"ငါ့မှာ ချီကြယ်ပွင့် သုံးသောင်းရှစ်ထောင်ရှိတယ်။ အဲ့ဒါကြောင့် မင်းဘယ်လိုနည်းနဲ့ သေချင်လဲဆိုတာ ငါ့ကို​ပြော။"

All Chapters