← Chapters

ရွေးချယ်ခံအားခုခံခြင်း

Vol. 45 Ch. 620

ရွေးချယ်ခံအားခုခံခြင်း

Vol. 45 Ch. 620

ချိုင်ယင်းထံမှ နက်ရွှေရောင်ချီစွမ်းအင်များမှာ မုန်တိုင်းတစ်ခုအလား ပြင်းထန်စွာ ပေါက်ကွဲထွက်ပေါ်လာသည်။ ချီစွမ်းအင်များမှာ အလွန်ပင် ပြင်းထန်လွန်းလှပြီး ခက်ထန်ကြမ်းတမ်းသော အငွေ့အသက်များဖြင့် ပြည့်နှက်နေလျက် ရှိသည်။

"ချီကြယ်ပွင့် သုံးသောင်းရှစ်ထောင်...."

ဇူယွမ်၏ အမူအရာမှာ လေးနက်သွားရသည်။ ပုံမှန်အားဖြင့်ဆိုလျှင် တပည့်ခေါင်းဆောင် တစ်ဦးအနေဖြင့် မူလစဦး နဝမအဆင့်သို့ တက်လှမ်းနိုင်ခဲ့လျှင်ပင် ချီပင်လယ်အတွင်း ချီကြယ်ပွင့် တစ်သောင်းကျော်မျှသာ ပိုင်ဆိုင်ရလေ့ရှိသည်။ လက်ရှိအချိန်၌ ချိုင်ယင်း၏ ချီကြယ်ပွင့်များမှာ ပုံမှန်တပည့်ခေါင်းဆောင်များထက် သုံးဆကျော်မျှ များပြားနေပေသည်။ ရွေးချယ်ခံအဆင့်နှင့် တပည့်ခေါင်းဆောင်အဆင့်တို့မှာ အမှန်တကယ်ပင် ကွာခြားလွန်းလှသည်။

"အဟက်...မင်းကြောက်နေပြီလား။ စိတ်တော့မကောင်းဘူး။ မင်းနောင်တရဖို့အတွက် အရမ်းကို နောက်ကျသွားပြီ။"

ချိုင်ယင်းမှာ အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်ရှုလိုက်သည်။ သူသည် လေးနက်သွားသော ဇူယွမ်၏ အမူအရာအား ကြောက်ရွံ့သွားခြင်းဟု ယူဆလိုက်ခြင်းပင် ဖြစ်သည်။ ချိုင်ယင်းမှာ မြေပြင်အား ဆောင့်နင်းချလျက် ချီစွမ်းအင်များအား ပို၍ပြင်းထန်စွာ ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။

"ရွှေရောင်ဟယ်ဝူချီ...."

ဝှစ်... ဝှစ်...

နက်ရွှေရောင်ချီစွမ်းအင်များမှာ ထောင်ပေါင်းများစွာသော မြှားအစင်းများအဖြစ် ပြောင်းလဲသွားကာ ပြင်းထန်လှသောအရှိန်ဖြင့် ဇူယွမ်ထံသို့ ဦးတည်ပျံဝဲသွားသည်။

ချိုင်ယင်းသည် မြင့်မြတ်သောနန်းတော်၏ မြင့်မြတ်သောရွှေရောင်ခန်းမမှ ရွေးချယ်ခံဖြစ်သည်။ မြင့်မြတ်သောရွှေရောင်ခန်းမ၏ ကျင့်ကြံရေးလမ်းစဉ်များမှာ အလွန်ပင် ပြင်းထန်လွန်းလှပြီး ယင်းတို့၏ ချီစွမ်းအင်များမှာ တောင်များကိုပင် ဖြိုခွင်းနိုင်ကာ ရွှေကဲ့သို့ သတ္ထုများနှင့် အလားသဏ္ဍာန်တူညီသည်ဟု ပြောစမှတ်ပြုကြသည်။

ဇူယွမ်မှာ မြှားနှင့်အသွင်တူလှသည့် နက်ရွှေရောင်ချီစွမ်းအင်များအား ကြည့်ရှုလိုက်ပြီးနောက် ဒြပ်မဲ့သဏ္ဍာန်သို့ ပြောင်းလဲကာ လျင်မြန်လှသောအရှိန်ဖြင့် အနောက်သို့ ဆုတ်ခွာလိုက်သည်။

"မင်းလွတ်နိုင်မယ်လို့ ထင်နေတာလား။"

ချိုင်ယင်းမှာ မထီမဲ့မြင်ပြုစွာဖြင့် နက်ရွှေရောင်ချီစွမ်းအင်များအား ထပ်မံပို့လွှတ်လိုက်သည်။

အနောက်သို့ ဆုတ်ခွာနေလျက်ရှိသော ဇူယွမ်မှာ မျက်ခုံးနှစ်ခုအကြားမှ စိတ်ဝိဉာဉ်စွမ်းအင်အား နိုးထစေလိုက်သည်။

ဘန်း....

ဇူယွမ်ခြေဖဝါးအောက်ရှိ မြေပြင်မှာ အက်ကွဲရာများ ပေါ်ပေါက်လာပြီးနောက် လေထုထဲသို့ တိုးထွက်လာသည်။ နံရံတမျှ မြင့်မားစွာ ထွက်ပေါ်လာသော မြေထုများသည် သာမန်မျက်စိဖြင့် မမြင်နိုင်သော စိတ်ဝိဉာဉ်စွမ်းအင်များဖြင့် လွှမ်းခြုံထားလျက် ရှိသည်။ ဇူယွမ်မှာ စိတ်ဝိဉာဉ်စွမ်းအင်ဖြင့် မြေပြင်အား ထိန်းချုပ်နေခြင်းပင် ဖြစ်သည်။

ဘန်း.....

နက်ရွှေရောင်ချီစွမ်းအင်များမှာ နံရံတမျှ မြင့်မားလှသော မြေထုကြီးနှင့် တွေ့ဆုံသွားရသည်။ ကြီးမားလှသော အဖျက်စွမ်းအင်များကြောင့် မြေထုနံရံအား ထိုးဖောက်ကာ ဇူယွမ်ထံသို့ ဆက်လက်ပျံဝဲလာသည်။ သို့သော် နက်ရွှေရောင်ချီစွမ်းအင်၏ ပမာဏမှာ လျော့နည်းသွားရ၏။

ဇူယွမ်မှာ နက်ရွှေရောင်ချီစွမ်းအင်များအား ကြည့်ရှုလိုက်ပြီးနောက် လက်နှစ်ဖက်ကို အတူတကွ ချိတ်ဆက်ကာ စိတ်နှလုံးထဲမှ အော်ဟစ်လိုက်သည်။

"ကောင်းကင်ဘုံနေမင်းမီးတောက်...."

ဇူယွမ်၏ အာခံတွင်းထဲမှ နဂါးတစ်ကောင်မှ မီးစများကို မှုတ်ထုတ်လိုက်သည့်အလား နက်ရွှေရောင်မီးတောက်များ ထွက်ပေါ်လာသည်။

နက်ရွှေရောင်မီးတောက်နှင့် နက်ရွှေရောင်ချီစွမ်းအင်များမှာ ပေါက်ကွဲသံမျှပင် မထွက်ပဲ လေထုထဲ၌ တွေ့ဆုံသွားကြသည်။ မြှားသဏ္ဍာန်ရှိသော နက်ရွှေရောင်ချီစွမ်းအင်များမှာ နက်ရွှေရောင်မီးတောက်များအတွင်း အရည်ပျော်ကျသွားရသည်။

ကောင်းကင်ထက်တွင် ရှိနေသော ချိုင်ယင်းမှာ ထိုမြင်ကွင်းအား အံ့အားသင့်စွာဖြင့် ငေးမောကြည့်ရှုနေမိသည်။ ဇူယွမ်ကဲ့သို့သော တပည့်ခေါင်းဆောင်လေးတစ်ဦးမှာ နက်ရွှေရောင်ချီစွမ်းအင်များအား ဖျက်စီးပစ်နိုင်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

ချိုင်ယင်း၏ တိုက်ပွဲအတွေ့အကြုံအရ ရွေးချယ်ခံအဆင့်ထက်နိမ့်ပါးသော မည်သူမဆို သူ၏တိုက်ခိုက်မှုအား ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ချေ။

"စိတ်ဝိဉာဉ်စွမ်းအင်ကိုလည်း ကျင့်ကြံထားတဲ့သူ ဖြစ်နေလိမ့်မယ်လို့ ငါလုံးဝ မထင်ထားခဲ့ဘူး။" ချိုင်ယင်းမှ ဇူယွမ်အားကြည့်ကာ စကားဆိုလိုက်သည်။ "ဘာပဲဖြစ်ဖြစ် ဒါကလည်း ပြောပလောက်တဲ့အရာမျိုးတော့ မဟုတ်ပါဘူး။ ဒီလောက်နဲ့ မင်းငါ့ကို ယှဉ်နိုင်မယ်များ ထင်နေလား။"

ချိုင်ယင်းမှာ ရုတ်ချည်းဆိုသလို နက်ရွှေရောင်ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။ ကောင်းကင်ထက်၌ နက်ရွှေရောင်ချီစွမ်းအင်များမှာ နက်ရွှေရောက်လက်ဝါးကြီးတစ်ခုအသွင်သို့ ပြောင်းလဲသွားသည်။ ထိုနက်ရွှေရောင်လက်ဝါးကြီးမှာ ပြင်းထန်လွန်းလှသော အဖျက်စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။

"ကြီးမြတ်သောရွှေရောင်လက်ဝါးနက်...."

ချိုင်ယင်းမှာ ဇူယွမ်နှင့် ဆက်လက်ဆော့ကစားလိုဟန် မရှိတော့ပဲ တက်နိုင်သမျှ အမြန်ဆုံး သတ်ဖြတ်ပစ်လိုက်ရန် ကြံစည်နေခြင်း ဖြစ်သည်။

ဘန်း.....

နက်ရွှေရောင်လက်ဝါးကြီးမှ ကျယ်လောင်လှသော ပေါက်ကွဲသံနှင့်အတူ မြေပြင်ထက်သို့ ကျဆင်းလာသည်။ လက်ဝါးကြီးထံမှ ထွက်ပေါ်နေသော စွမ်းအင်ဖိအားများကြောင့် မြေပြင်မှာ အက်ကွဲကြောင်းများ ဖြစ်ပေါ်နေရပြီပင် ဖြစ်သည်။

စောင့်ကြည့်နေကြသူများမှာ အံ့အားသင့်နေသော မျက်ဝန်းများဖြင့် ထိုမြင်ကွင်းအား ငေးမောကြည့်ရှုနေမိကြသည်။ ချိုင်ယင်းသည် ဇူယွမ်အား သတ်ဖြတ်ပစ်ရန် ရည်ရွယ်နေကြောင်း သိသာထင်ရှားလှ၏။

"ချိုင်ယင်းက နည်းနည်းမှကို အညှာအတာ မရှိဘူးပဲ။" အလှပန်းတစ်ရာနန်းတော်မှ ကုံဝမ်မှ သက်ပြင်းချကာ ရေရွတ်လိုက်သည်။

တပည့်ခေါင်းဆောင်တစ်ဦးနှင့် တိုက်ခိုက်နေရသော ရွေးချယ်ခံတစ်ဦးအနေဖြင့် ချိုင်ယင်း၏ တိုက်ခိုက်မှုများမှာ အညှာအတာ ကင်းမဲ့လွန်းလှသည်။

ကုံဝမ်မှ ကျိုးချူးချင်ယုနှင့် လုလျိုအားကြည့်ကာ စကားဆိုလိုက်သည်။ "နင်တို့ရဲ့ သူငယ်ချင်းကတော့ အခြေအနေ မကောင်းဘူး။"

ကျိုးချူးချင်ယုနှင့် လုလျိုမှာ စိုးရိမ်ပူပန်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်ရှုလိုက်မိကြသည်။ ချိုင်ယင်း၏ တိုက်ခိုက်မှုများမှာ တပည့်ခေါင်းဆောင် တစ်ဦးအတွက် အလွန်ပင် ပြင်းထန်လွန်းလှကြောင်း ၎င်းတို့နှစ်ဦးလည်း ကောင်းစွာခံစားနေရသည်။

"ဇူယွမ် ခံနိုင်ရည်ရှိပါစေလို့ပဲ ဆုတောင်းရမှာပဲ။"

ကျိုးချူးချင်ယုမှာ သက်ပြင်းချကာ ရေရွတ်လိုက်သည်။

တောင်ကြားအပြင်ဖက်တွင် ရှိနေသော ချူချင်းနှင့် လီချင်းချန်တို့မှာလည်း တောင်ကြားအတွင်းရှိ တိုက်ပွဲအား အာရုံစိုက်ကာ စောင့်ကြည့်နေလျက် ရှိသည်။ ခုန်းရှန်မှ မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။ "ဇူယွမ်က ပုန်းနေဖို့တောင် မကြိုးစားဘူး။ ချိုင်ယင်းရဲ့ တိုက်ခိုက်မှုကို သူခံနိုင်မယ်လို့ ထင်နေတာလား။"

"တော်တော်ရူးတဲ့ကောင်ပဲ။ ပတ်ပြေးနေမယ်ဆိုရင်တောင် ချိုင်ယင်းကို အချိန်နည်းနည်းကြာကြာ ဆွဲထားလို့ရချင်ရဦးမယ်။ ဒီပုံစံနဲ့ဆိုရင်တော့ တန်းသေမယ်ဆိုတာ ပြောစရာကိုမလိုဘူး။"

ယောင်ယောင်မှ အေးစက်နေသော မျက်ဝန်းများဖြင့် ခုန်းရှန်အားကြည့်ကာ ပြောလိုက်သည်။ "နင်အရမ်း သိနေတက်နေရင်လည်း ပါးစပ်လေးပိတ်ပြီး ငြိမ်ငြိမ်လေးနေ..."

ခုန်းရှန်မှာ ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် ဆက်လက်စကားဆိုရန် တွေးတောလိုက်ပါသော်လည်း ယောင်ယောင်၏ အေးစက်ခက်ထန်နေသော မျက်ဝန်းများကြောင့် ကူကယ်ရာမဲ့စွာဖြင့် မထီမဲ့မြင်ပြုသော အမူအရာသာ လုပ်ပြုလိုက်ရသည်။

"နင်သူ့ကို ဘယ်လိုကာကွယ်မလဲဆိုတာ ကြည့်ရသေးတာပေါ့။"

ဘန်း.....

ဇူယွမ်မှာ ကောင်းကင်ထက်မှ ကျဆင်းလာနေသော နက်ရွှေရောင်လက်ဝါးကြီးအား တည်ငြိမ်စွာဖြင့် ကြည့်ရှုလိုက်သည်။

ရွေးချယ်ခံတစ်ဦး၏ တိုက်ပွဲစွမ်းရည်မှာ အမှန်တကယ်ပင် တပည့်ခေါင်းဆောင်တစ်ဦးနှင့် အဆပေါင်းများစွာ ခြားနားလွန်းလှသည်။

"ချီကြယ်ပွင့် သုံးသောင်းရှစ်ထောင်အသုံးပြုထားတဲ့ ချီလက်ဝါးကြီးက တကယ်ကြောက်စရာကောင်းတာပဲ။"

ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက်အား ရှူထုတ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ဇူယွမ်၏ မျက်ဝန်းများထဲ၌ ကြောက်လန့်တုန်လှုပ်မှု အရိပ်အယောင် အနည်းငယ်မျှပင် ရှိမနေချေ။

ကန်ရွှမ်းကလန်သို့ စတင်ရောက်ရှိလာသော အချိန်မှစ၍ ဇူယွမ်မှာ ရွေးချယ်ခံအဆင့် ရှိသူတစ်ဦးနှင့် ယှဉ်ပြိုင်တိုက်ခိုက်လိုစိတ် ပြင်းထန်နေခဲ့ရခြင်း ဖြစ်သည်။

ဇူယွမ်၏ ဦးခေါင်းထက်မှ ရွှေရောင်ချီစွမ်းအင်များ ထွက်ပေါ်လာပြီးနောက် ရွှေရောင်စပါးအုံးသဏ္ဍာန်အဖြစ် ပြောင်းလဲသွားလေသည်။ သူ၏ ချီပင်လယ်အတွင်းရှိ တစ်သောင်းကျော်သော ချီကြယ်ပွင့်များမှာလည်း လင်းလက်တောက်ပလာ၏။

"ကျောက်စိမ်းရောင်အသားအရေ၊ ငွေရောင်ခြည်အသွေးအသား..."

ဇူယွမ်မှ တိုးညင်းစွာ ရေရွတ်လိုက်သည်နှင့်တစ်ပြိုင်နက် ခန္ဓာကိုယ်တစ်ခုလုံးမှာ ကျောက်စိမ်းရောင်များ လင်းလက်လာပြီး အသွေးအသားများမှာလည်း ငွေရောင်ခြည်အလင်းတန်းများဖြင့် တောက်ပသွားသည်။

"ရွှေအိုရောင်သွေးစက်..."

ဇူယွမ်၏ နှလုံးသားအတွင်း ရှိနေသော ရွှေအိုရောင်သွေးစက်မှာ ပြင်းထန်စွာ တုန်ခါလာပြီးနောက် သွေးကြောများမှတဆင့် ခန္ဓာကိုယ်တစ်ခုလုံးအား ပျံ့နှံ့စီးဆင်းသွားတော့သည်။

ဇူယွမ်မှာ ဆန်းကြယ်သောခန္ဓာကျင့်စဉ်ငယ်၏ အဆင့်သုံးခုအား တစ်ပြိုင်နက်တည်း အသက်ဝင်စေလိုက်ခြင်းမှာ ဤတစ်ကြိမ်သည် ပထမဆုံးပင် ဖြစ်သည်။

ဇူယွမ်၏ ချီစွမ်းအင်အခြေခံအုတ်မြစ်မှာ ချိုင်ယင်းနှင့် မနှိုင်းယှဉ်နိုင်ပါသော်လည်း သူ့ထံ၌ ပြင်ပခန္ဓာသန်မာမှုနှင့် စိတ်ဝိဉာဉ်စွမ်းအင်တို့ ရှိနေသေးသည်။

စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ဇူယွမ်မှာ နက်ရွှေရောင်လက်ဝါးကြီးအား ကြည့်ရှုလိုက်ပြီးနောက် ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။

"ချီဖြိုခွဲခြင်း...."

ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား ဆင့်ခေါ်လိုက်ပြီးနောက် စုတ်တံထိပ်ရှိ အမွှေးများဖြင့် လက်ဝါးအား ရစ်ပတ်ချည်နှောင်စေလိုက်သည်။

"သန်းချီသောနဂါးဝေလငါး...."

ဇူယွမ်မှာ ကောင်းကင်ထက်မှ ကျဆင်းလာနေသော နက်ရွှေရောင်လက်ဝါးကြီးအား ထိုးချလိုက်တော့သည်။

ဘန်း.....

ကောင်းကင်ထက်၌ နက်ရွှေရောင်လက်ဝါးကြီးနှင့် ဇူယွမ်၏ လက်သီးတို့ ပြင်းထန်စွာ တွေ့ဆုံသွားကြလေတော့သတည်း။

All Chapters