ပါရမီရှင်များ၏ တိုက်ပွဲ
Vol. 11(B) Ch. 157
“အားလုံးထဲက ဆိုရင်တော့ ဒီနေ့အတွက် ငါ့ရဲ့ရွေးချယ်မှုကတော့ ဂေါင်းရီက ချန်ပီယံပဲ” ရွှမ်ယွမ်ချန်သည် သူ၏သုံးသပ်ချက်အား အဆုံးသတ်လိုက်သည်။
အန်လင်း၏ မျက်ခမ်းစပ်များသည် နီရဲလာပြီး ရင်ထဲ မချိလှသဖြင့် တစ်ဖက်သို့ လှည့်လိုက်သည်။
ငါ့ရဲ့ စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းကတော့ ပလုံပါပြီ။
အစ်ကိုကြီးချန်အား အပြစ်တင်ရမည်လား။
သူသည် အခြေအနေအား အကောင်းမွန်ဆုံး သုံးသပ်ပြသွားသူဖြစ်သည်။ အန်လင်းအနေဖြင့် သူ့အား အပြစ်ဖို့မရချေ။
ထိုအချိန်တွင် အကြိုဗိုလ်လုပွဲ ပွဲစဉ်များ စတင်ပြီ ဖြစ်သည်။
ပထမပွဲစဉ် _ ကျန်းယန် နှင့် တန်ရှီယွမ်
ဒုတိယပွဲစဉ် _ လုရမ် နှင့် ဂေါင်းရီ
တန်ရှီယွမ်သည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ အလှအပနှင့် လိုက်ဖက်ညီလှကာ သူမအား ကောင်းကင်မှ ဆင်းသက်လာသည့် နတ်သမီး တစ်ပါးကဲ့သို့ တင့်တယ် နေစေသည်။ သူမ၏ သွယ်လျသည့် လက်ထဲတွင် တိမ်ဓားတစ်လက် ကိုင်ဆောင်ထားပြီး တိမ်မြူခိုးမျှင်များမှ ပြုလုပ်ထားဟန်ရှိသည်။
သူမသည် အင်မော်တယ် စိတ်ဝိညာဉ် တစ်သောင်းဂိုဏ်းမှ ဂိုဏ်းသားများစွာ၏ အိုင်ဒဲလ်တစ်ဦး ဖြစ်ဟန်ရှိသည်။ သူမ၏ပုံရိပ်လေး ထွက်ပေါ်လာသည့် အခါတွင် ဂိုဏ်းသားများစွာတို့သည် ပွဲကြည့်စင်မှ သောင်းသောင်းဖျဖျ လက်ခုပ်ဩဘာ ပေးကြလေသည်။
နှိုင်းယှဉ်ကြည့်မည် ဆိုလျှင် ကျန်းယန်သည် သာမန်မျှသာ ဖြစ်သည်။
နှစ်ဦးစလုံးသည် အင်မော်တယ် စိတ်ဝိညာဉ် တစ်သောင်းဂိုဏ်းမှ လူငယ်ပါရမီရှင်များ ဖြစ်ကြသည်။ သို့သော်လည် မည်သည်ကြောင့် သူတို့နှစ်ဦးအကြား ကွာဟချက် ထိုမျှလောက် ကြီးမားရသနည်း။
အန်လင်းသည် သူ၏မေးစေ့အား ပွတ်ကာဖြင့် အဖြေထုတ်နေလေသည်။
ကျင့်ကြံခြင်း လောကတွင်ပင်လျှင် လူသားကမ္ဘာကဲ့သို့ ရုပ်ရည်သွင်ပြင်သည် အရေးကြီးလှပေသည်။
ကျန်းယန်၏ မျက်နှာအား ရွှမ်ယွမ်ချန်နှင့် အစားထိုးလိုက်မည် ဆိုလျှင် သူရရှိမည့် လက်ခုပ်ဩဘာသည် တန်ရှီယွမ်နှင့် ကောင်းကောင်း ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။
“တန်ရှီယွမ်ရေ လုပ်လိုက်စမ်းကွ” အန်လင်းသည်လည်း ကျယ်လောင်စွာ အားပေးလိုက်သည်။
ရွှမ်ယွမ်ချန်သည် အန်လင်း၏ ကျယ်လောင်သည့် အော်ဟစ်သံကြောင့် အနည်းငယ် အံ့ဩသွားမိပြီး သူ့အား ထူးထူးဆန်းဆန်း ကြည့်လာလေသည်။
အန်လင်းသည် လွန်စွာ စိတ်ပျက်နေသူ ဖြစ်သည်။ သူလုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ တန်ရှီယွမ်အား အားပေးဖို့ရန်သာ ရှိသည်။
စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်း ... ထိုပမာဏသည် မနည်းလှချေ။ ထို့အပြင် အဆင့်နိမ့် အင်မော်တယ်ဆေးလုံး ဝယ်ယူဖို့ရန် လုံလောက်ပေသည်။ ချမ်းသာသည် မှန်သော်လည်း ထိုမျှလောက် များပြားလှသည့် ပမာဏအား မသုံးစွဲလိုက်ရဘဲ ဆုံးရှုံးရခြင်းသည် သူ့အားအတော်လေး ဝမ်းနည်းမိစေသည်။
တန်ရှီယွမ်နှင့် ကျန်းယန်တို့၏ တိုက်ပွဲ စတင်ပြီ ဖြစ်သည်။
စစချင်းမှာပင် တိုက်ပွဲသည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ တန်ရှီယွမ်၏ ဆန်းကြယ်သော တိမ်ဖြူဓား နည်းစနစ်သည် အလွန် ရှုပ်ထွေးလှပေသည်။ သူသည် ဓားရှည်အား လိုသလို ပုံပြောင်းကာဖြင့် တိုက်ခိုက်နေသည်ကြောင့် ပြိုင်ဘက်အား အလွန်ခက်ခဲ နေစေသည်။ ကျန်းယန်၏ ခန္ဓာကိုယ်တွင် တောက်ပသည့် မီးလျှံနီများ လွှမ်းခြုံထားပြီး ရှေးနတ်ဘုရား တစ်ပါးနှင့် တူနေစေသည်။ ကျန်းယန်၏ တိုက်ခိုက်မှုတိုင်းတွင် အလွန်အားကောင်းသည့် စွမ်းအားများ ပါဝင်နေသည်။
ယင်းတို့နှစ်ဦး၏ တိုက်ခိုက်မှုသည် အလွန်အားကောင်းသည့် ပေါက်ကွဲမှုများ ဖြစ်ပေါ်စေပြီး ကွင်းတစ်ခုလုံးအား တုန်ခါစေသည်။ တန်ရှီယွမ်၏ တိမ်ဓားသည် ကျန်းယန်၏ လက်သီးချက်များပေါ်တွင် ခြစ်ရာအနည်းငယ် ဖြစ်ပေါ်စေသည်။ သို့သော်လည်း ထိုလက်သီးချက်များတွင် ပါဝင်သည့် စွမ်းအားများသည် တန်ရှီယွမ်အား အနောက်သို့ ထပ်တလဲလဲ ဆုတ်သွားစေသည်။
အန်လင်းသည် အလွန် စိတ်လှုပ်ရှားလျက်ရှိပြီး အော်ကာဟစ်ကာဖြင့် ဆက်လက် အားပေးနေလေသည်။
ရွှမ်ယွမ်ချန်သည် အန်လင်း၏ တန်ရှီယွမ်အပေါ် အားပေးမှုအား သတိပြုမိသည့် အတွက်ကြောင့် “ပွဲပြီးရင် သူမနဲ့ မိတ်ဆက် ပေးစေချင်တာလား”
ရွှမ်ယွမ်ချန်၏ စကားကြောင့် အန်လင်းသည် အနည်းငယ် အံ့အားသင့်သွားသည်။ အစ်ကိုကြီးချန်သည် နားလည်မှု လွဲနေပုံပင်။ “မလိုပါဘူး။ ကျွန်တော့်အတွက် တပိုင်ရှိရင် လုံလောက်ပြီ”
တပိုင်၏ ခန္ဓာကိုယ်သည် အန်လင်း၏ စကားများကြောင့် တုန်ယင်လာပြီး အန်လင်း၏ ဝေးရာသို့ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။
ရွှမ်ယွမ်ချန်သည် အန်လင်းအား ပထမဆုံး တွေ့မြင်ဖူးသကဲ့သို့ အထိတ်တလန့်ဖြင့် ကြည့်နေမိသည်။
အန်လင်း : “…”
ရယ်စရာ ပြောတာပါဗျ ... ရယ်စရာ ရယ်စရာ ...
သူတို့ စကားပြောနေစဉ်မှာပင် တန်ရှီယွမ်နှင့် ကျန်းယန်တို့၏ တိုက်ပွဲသည်လည်း အဆုံးသတ်သို့ ရောက်ရှိလာပြီ ဖြစ်သည်။
“မီးတောက်ခွေးကြာနီ” ကျန်းယန်သည် ထိုသို့ ဟိန်းအော်လိုက်ပြီးနောက် သူ၏ လက်သီးများမှနေ တစ်ဒါဇင်ခန့် ရှိမည့် မီးတောက်ခွေး ၁၂ ကောင် ထွက်ပေါ်လာကာ တန်ရှီယွမ်ထံသို့ ပြေးဝင်သွားကြသည်။
“တိမ်တိုက်ကကြိုး” တန်ရှီယွန်သည် သူမ၏ ချယ်ရီ နှုတ်ခမ်းပါးအား ဖွင့်ဟလိုက်ပြီးနောက် ပုံသဏ္ဌာန် ပြောင်းလဲနိုင်သည့် တိမ်ဓားမှနေ တိမ်မြူခိုးများ ထွက်ပေါ်လာကာ သူတစ်ကိုယ်လုံးအား ဖုံးလွှမ်းသွားတော့သည်။
ဝှစ်
သူမသည် အလွန် လျင်မြန်သည့်နှုန်းဖြင့် ရွေ့လျားလိုက်သည်။
ဘုန်း ဘုန်း ဘုန်း
မီးတောက်ခွေးကြီးများသည် သူမထံ ခုန်ဝင်လာကြသော်လည်း သူမ၏ သိမ်မွေ့သည့် လှုပ်ရှားမှု နည်းစနစ်များဖြင့် ရှောင်ရှားလိုက်နိုင်သည်။ ထို့နောက်တွင် သူမနောက်ကျောဘက်တွင် ပြင်းထန်စွာ ပေါက်ကွဲလျက် ရှိကြသည်။
“တိုက်ပွဲကတော့ ဆုံးဖြတ်ပြီးသွားပြီ” ရွှမ်ယွမ်ချန်သည် ခပ်ပါးပါး ပြုံးလိုက်သည်။
မှုန်ဝါးဝါး ပုံရိပ်လေးသည် ကျန်းယန်၏ တိုက်ခိုက်မှု အားလုံးကို ရှောင်တိမ်းလိုက်နိုင်ပြီး သူ့နံဘေးသို့ ချက်ချင်းဆိုသလို ရောက်ရှိလာသည်။ သူမ၏ တိမ်ဖြူဓားသည် ကျန်းယန်၏ ခန္ဓာကိုယ်အား ခုတ်ပိုင်းလိုက်ပြီးနောက် ဒဏ်ရာတစ်ခု ဖြစ်ပေါ်စေသည်။
ရွှပ်
သွေးများ ပန်းထွက်လာပြီးနောက် ကျန်းယန်သည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရသည်။
သို့သော်လည်း အဖြူရောင် မြူခိုးတစ်ချက် လက်သွားပြီးနောက်တွင် တန်ရှီယွမ်၏ ဓားရှည်သည် ကျန်းယန်၏ လည်ပင်းထက်တွင် ရှိနေလေသည်။
“ကောင်းလိုက်တဲ့ နည်းစနစ်” အန်လင်းသည်ပင်လျှင် လေးစားစွာဖြင့် ချီးကျူးမိလေသည်။
အင်မော်တယ် စိတ်ဝိညာဉ် တစ်သောင်းဂိုဏ်းသည် အင်မော်တယ်ဂိုဏ်းကြီး လေးဂိုဏ်းမှ တစ်ဂိုဏ်းဖြစ်သည် ဟူသော ဂုဏ်ပုဒ်မှာ ထိုက်တန်ပေသည်။ သူ၏ လူငယ်မျိုးဆက်ပင်လျှင် အံ့ဩဖွယ် စွမ်းဆောင်နိုင်လေသည်။
“အနိုင်ရရှိသူ တန်ရှီယွမ်” ဒိုင်လူကြီးအဖြစ် တာဝန်ယူထားသော အကြီးအကဲတစ်ဦးမှ ကြေညာလေသည်။
သူ၏စကား ဆုံးသည့်အခါတွင် လက်ခုပ်ဩဘာသံများ ထွက်ပေါ်လာပြန်သည်။ အန်လင်းသည်လည်း အော်ဟစ် အားပေးလျက်ရှိသည်။ တန်ရှီယွမ်၏ အောင်မြင်မှုသည် သူ၏ မျှော်လင့်ချက်ပင် မဟုတ်ပါလား။
ဒုတိယပွဲစဉ်မှာ လုရမ်နှင့် ဂေါင်းရီ ဖြစ်သည်။
လုရမ်သည် ကျက်သရေရှိကာ ကြင်နာတတ်သည့် လူငယ်တစ်ဦး ဖြစ်သည်။ စာကြမ်းပိုးတစ်ဦး၏ အငွေ့အသက်များ လွှမ်းခြုံထားပြီး ရုပ်ရည်သည် အန်လင်းနှင့် ယှဉ်နိုင်ပေသည်။ တစ်ဖက်တွင်မူ ဂေါင်းရီသည် ပျင်းရိဟန်ရှိသော်လည်း လုရမ် ဖော်ထုတ်ထားသည့် အားကောင်းလှသော တိုက်ပွဲ စိတ်ဆန္ဒအား မြင်လိုက်သည့်အခါတွင် သူ၏မျက်လုံးများ ပြူးကျယ်လာတော့သည်။
ထို့ကြောင့် လုရမ်သည် ဂိုဏ်းသူများ၏ အားပေးမှုကို အပြည့်အဝ ရရှိထားသည်မှာ သံသယဖြစ်ရန်ပင် မလိုအပ်ချေ။ ဂေါင်းရီအတွက် အားပေးသည့် ဂိုဏ်းသား အများအပြား ရှိနေဆဲ ဖြစ်သည်။
လုရမ်သည် သူ၏လက်နက်အဖြစ် ဓားတစ်လက်အား ဝှေ့ယမ်းနေလေသည်။ ထိုဓားသည် ထိုက်ချီစွမ်းအားများ ပြည့်နှက်နေပုံရသည်။ ရွှမ်ယွမ်ချန် အသုံးပြုခဲ့သော အဖြူရောင်ချီ အကာအကွယ်နှင့် အမျိုးတူပင် ဖြစ်ဟန်ရှိသည်။
နှမြောစရာမှာ သူ၏ ကျင့်ကြံခြင်း အခြေခံသည် မလုံလောက်သေးသည်ကြောင့် ထိုက်ချီတာအို ဉာဏ်အလင်းအား မရရှိသေးချေ။ ထို့ကြောင့် သူပြုလုပ်နိုင်သော အကာအကွယ်သည် အကန့်အသတ်ဖြင့် ရှိနေလေသည်။
ဂေါင်းရီသည် ဓားမော့တစ်လက်အား လက်ဖက်အဖြစ် ကိုင်ဆောင်ကာ သူ၏တိုက်ခိုက်မှုများသည် သူမတူအောင် စွမ်းအားပြင်းလှသည်။
သူ၏ ဓားခုတ်ချက်တိုင်းသည် အလွန် ကြောက်မက်ဖွယ်ဖြစ်ပြီး တိုက်ခိုက်မှု တစ်ခုပြီးတိုင်း ပိုမိုကာ စွမ်းအားကြီးလာတတ်သည်။
ထို့ကြောင့် တိုက်ပွဲသည် တစ်ဖက်သတ် အနေအထားသို့ လျင်မြန်စွာ ပြောင်းလဲသွားပြီး လုရမ်အတွက် အခွင့်မသာချေ။
အဆုံးတွင် လုရမ်သည် အကြိမ် အနည်းငယ်သာလျှင် ပြန်လည် တိုက်ခိုက်နိုင်ခဲ့ပြီးနောက် မြေပြင်ပေါ်တွင် လဲလျောင်းလျက်ဖြင့် လက်မြှောက်ကာ အရှုံးပေးခဲ့ရသည်။
ဂေါင်းရီသည် တစ်ဖက်သတ် တိုက်ပွဲကြောင့် သွေးပင် မပူလိုက်ရချေ။ ထို့ကြောင့် သူ၏ဓားမော့အား တင်းတင်းဆုပ်ကိုင်ကာ မထီမဲ့မြင် အမူအရာဖြင့် ရှိနေလေသည်။
ထို့နောက်တွင် ကွင်းတစ်ခုလုံးသည် ဂိုဏ်းသူများ၏ ကျယ်လောင်သည့် အော်ဟစ်သံများဖြင့် ပြည့်သွားပြန်သည်။
“အား ... ဂေါင်းရီ ... နင်ဘာလို့များ အဲလောက်တောင် ရက်စက်ရတာတုန်း”
“အဟင့် ... သနားဖို့ကောင်းတဲ့ အစ်ကိုကြီး လုရမ် ... ဂေါင်းရီ မျိုးမစစ်ကောင် ...”
“ဟွန့် ... ဂေါင်းရီ နိုင်သွားတော့ကော ဘာဖြစ်လဲ ... ငါ့ရင်ထဲမှာတော့ လုရမ်က နံပါတ် ၂ ဖြစ်နေဆဲပဲ ...”
“ချင်ရေ ... မင်းလေးက ဒီနေ့ အရမ်းကို ကြင်နာတတ်နေပါလား။ ဒီနှစ်တွေအတွင်း ကိုယ့်ရဲ့ကြိုးစားမှုလေးတွေ အရာထင် သွားပြီပေါ့နော်။ ပြောပါပြီး မင်းရင်ထဲက နံပါတ် ၁ က ကိုယ်မဟုတ်လား”
“အမလေးလေး ... ရွှမ်ယွမ်ချန်လေးက နံပါတ် ၁ ပါတဲ့ရှင် ...”
“ ....” ဂိုဏ်းသားတစ်ဦး၏ နှလုံးသားလေးသည် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေခဲ့ရပြီ ဖြစ်သည်။
ဂေါင်းရီသည် စင်မြင့်မှ မထွက်ခွာမီတွင် သူ၏နားရွက်များအား ပျင်းတွဲစွာဖြင့် ကုတ်လိုက်သည်။
အန်လင်းသည် ထိုပြိုင်ပွဲအား ကြည့်ရှုပြီးနောက် တွေးတောနေမိသည်။
ဂေါင်းရီသည် ပြိုင်ပွဲအား အလွန်လွယ်ကူစွာ အနိုင်ရသွားခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့ထံတွင် အသုံးမပြု ရသေးသော ဝှက်ဖဲများ ရှိနေနိုင်သည်။ နှိုင်းယှဉ်မည်ဆိုလျှင် တိမ်တိုက်ကကြိုးသည် တန်ရှီယွမ်၏ အဆုံးသတ် နည်းစနစ်ဖြစ်ကြောင်း ထင်ရှားပေသည်။ သို့သော်လည်း ထိုဝှက်ဖဲသည် ဂေါင်းရီအား အနိုင်ယူနိုင်ပါမည်လား။
ဝန်ခံရမည်မှာ အနိုင်ရရှိနိုင်မည့် အခွင့်အရေးသည် နည်းပါးလွန်းလှသည်။ ရွှမ်ယွမ်ချန်၏ သုံးသပ်ချက်အား ထည့်ပေါင်းမည်ဆိုလျှင် အန်လင်းအား စိုးရိမ်ပူပန် လာစေသည်။
ကံကြမ္မာအား စောင့်မနေနိုင်ချေ။ တစ်ခုခု ပြုလုပ်ရပေမည်။
နောက်ဆုံးပွဲစဉ်အတွက် အချိန်လိုသေးသည်ကြောင့် ထိုအချိန်အတွင်း သူ့အနေဖြင့် ဘာလုပ်နိုင်မည်နည်း။
သိပြီ။ အန်လင်းမျက်လုံးများ အရောင်လက်လာသည်။
ရွှမ်ယွမ်ချန်ထံသို့ လှည့်လိုက်ပြီးနောက် “အစ်ကိုကြီးချန်ရေ ပွဲမှာ အနိုင်ရတဲ့သူကို ဘာဆုပေးမှာလဲ”
ရွှမ်ယွမ်ချန်သည် များများစားစား မတွေးမိဘဲ ရိုးသားစွာဖြင့် ပြန်ဖြေလေသည်။ “ထိပ်ဆုံး ၁၆ ယောက်က စိတ်ဝိညာဉ်ကျောက်တုံးတွေ ရမှာ။ ထိပ်ဆုံး ၄ ယောက်ကတော့ အခြေခံအဆင့် စိတ်ဝိညာဉ်လက်နက်တွေ ရမှာပေါ့”
အန်လင်း ပြုံးလိုက်ပြီးနောက် “အနိုင်ရတဲ့သူက အခြေခံအဆင့် စိတ်ဝိညာဉ်လက်နက်နဲ့ စိတ်ဝိညာဉ် ကျောက်တုံးတွေကို ဆုအဖြစ်ရမှာပေါ့။ စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက်ရမှာတဲ့လဲ”
“ထိပ်ဆုံး လေးယောက်အတွက်တော့ ပထမက စိတ်ဝိညာဉ်ကျောက်တုံး သုံးသောင်း၊ ဒုတိယက နှစ်သောင်း၊ တတိယနဲ့ စတုတ္ထက တစ်သောင်းစီ”
“ဟဟ ... အဲလိုဆိုရင် ကျွန်တော်က ဂေါင်းရီကို သွားပြီးတော့ အားပေးလိုက်ဦးမယ်နော်” အန်လင်းသည် ရွှမ်ယွမ်ချန်အား လက်ပြနှုတ်ဆက်လိုက်သည်။
ရွှမ်ယွမ်ချန်သည် အန်လင်း၏ ပုံရိပ်လေးအား ကြည့်ကာ အနည်းငယ် ကြောင်အနေမိသည်။ “ကျောင်းသားအန်လင်း ကတော့ တကယ်ကို ထူးခြားသည့် အကြိုက်ရှိတာပဲ”
***