← Chapters

သွေးနားထင်ရောက်ခြင်း

Vol. 45 Ch. 621

သွေးနားထင်ရောက်ခြင်း

Vol. 45 Ch. 621

ဝုန်း....

စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ဇူယွမ်မှာ ကောင်းကင်ထက်သို့ ထိုးတက်သွားပြီးနောက် နက်ရွှေရောင်ချီလက်ဝါးကြီးအား ထိုးချလိုက်သည်။

ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားရ၏။

ထို့နောက် ကမ္ဘာမြေကြီး တုန်ဟီးမတက် ကျယ်လောင်ပြင်းထန်လှသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ကြမ်းတမ်းခက်ထန်လွန်းလှသော စွမ်းအင်လှိုင်းဂယက်များမှာလည်း မုန်တိုင်းတစ်ခုအလား ပြင်းထန်စွာဖြင့် ပတ်ဝန်းကျင်တစ်ခွင်လုံးသို့ ပျံ့နှံ့လွှမ်းခြုံသွားလေသည်။

ပြင်းထန်လွန်းလှသော အဖျက်စွမ်းအင်များကြောင့် တောင်ကြားတဝိုက်ရှိ တောင်များပင် ပြိုကျကုန်ရကာ သစ်ပင်များလည်း ပြိုလဲကုန်ရသည်။

ဝှစ်....

ကောင်းကင်ထက်တွင် ရှိနေသော ဇူယွမ်မှာ နက်ရွှေရောင်လက်ဝါးကြီးနှင့် တွေ့ဆုံပြီးသည့်နောက် မြေပြင်ပေါ်သို့ ပြင်းထန်သောအရှိန်ဖြင့် ပြုတ်ကျလာရသည်။ ဇူယွမ်မှာ ပြုတ်ကျနေသောအရှိန်အား လက်နှစ်ဖက်ဖြင့် ထိန်းချုပ်လျက် ညင်သာစွာ မြေပြင်ပေါ်သို့ ကျဆင်းစေလိုက်သည်။ မြေပြင်ပေါ်၌ နက်ရှိုင်းလှသော အပေါက်ကြီးနှစ်ခု ဖြစ်ပေါ်သွားရသည်။

ဖုန်မှုန့်များမှာ မြင်ကွင်းအား ပိတ်ဆို့ထားသောကြောင့် ဇူယွမ်၏ခန္ဓာကိုယ်အား ကောင်းစွာမြင်တွေ့ရခြင်း မရှိပေ။

စောင့်ကြည့်နေကြသူများမှာ ဇူယွမ်ပြုတ်ကျသွားသော မြေပြင်နေရာအား စူးစမ်းလိုစိတ်များဖြင့် ကြည့်ရှုနေလျက် ရှိသည်။

"မြေပြင်နဲ့ ရိုက်မိလို့များ သေသွားပြီလား။ အဲ့လိုတော့ မဖြစ်နိုင်လောက်ပါဘူးနော်။"

"သူက အရမ်းအထိန်းအကွပ်မဲ့လွန်းတယ်။ ချိုင်ယင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရအောင် သူ့ကိုယ်သူ ရွေးချယ်ခံအဆင့်ရှိတယ်များ ထင်နေတာလား။"

"......."

စောင့်ကြည့်နေကြသူများမှ ဝေဖန်ဆွေးနွေးနေကြစဉ်မှာပင် လေပြေနှင့်အတူ ဖုန်မှုန့်များ ဖြည်းညင်းစွာဖြင့် လွင့်စင်သွားလေသည်။ ဇူယွမ်မှာ အဝတ်အစားများ အနည်းငယ် ဆုတ်ပြဲနေပြီး ခန္ဓာကိုယ်တလျှောက် ထူးခြားဆန်းကြယ်သော ရွှေရောင်အလင်းတန်းများ မှေးမှိန်စွာ လင်းလက်နေလျက် ရှိသည်။

ဇူယွမ်၏ ခန္ဓာကိုယ်၌ ဆုတ်ပြဲနေသော ထိခိုက်ဒဏ်ရာ အနည်းငယ် ရှိနေပါသော်လည်း ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင်ပင် လျင်မြန်စွာဖြင့် ပြန်လည်ပျောက်ကွယ်သွားသည်။

ထို့အပြင် ဇူယွမ်ထံမှ ထွက်ပေါ်နေသော ချီစွမ်းအင်မှာလည်း တိုက်ခိုက်ခြင်း မပြုရသေးခင်ကဲ့သို့ ပြင်းထန်နေဆဲပင် ဖြစ်သည်။ အသက်စွမ်းအင်မှာလည်း ပြည့်ဝနေလျက်သာ ရှိ၏။

ဇူယွမ်မှာ လူအများစု ခန့်မှန်းထားကြသကဲ့သို့မဟုတ်ပဲ အကောင်းအတိုင်းသာ ရှိနေဆဲဖြစ်လေသည်။

"ဟာ..."

အံ့အားသင့်သော အာမေဋိတ်သံများ အစီအရီ ပေါ်ထွက်လာရသည်။ ချိုင်ယင်းနှင့် ထိပ်တိုက်တွေ့ဆုံခြင်း၌ ထိခိုက်ဒဏ်ရာ အနည်းငယ်မျှပင် မရရှိခဲ့သော ဇူယွမ်အား စောင့်ကြည့်နေကြသူများမှာ မယုံကြည်နိုင်ပင် ဖြစ်နေကြရသည်။

ဇူယွမ်မှာ ထိုအကြည့်များအား လျစ်လျူရှုထားလျက် ခက်ထန်နေသော မျက်ဝန်းများဖြင့် ကောင်းကင်ထက်တွင် ရှိနေသော နက်ရွှေရောင်ချီလက်ဝါးကြီးအား ကြည့်ရှုလိုက်သည်။

စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် နက်ရွှေရောင်ချီလက်ဝါးကြီးမှာ အက်ကွဲကြောင်းများ ပေါ်ပေါက်လာပြီးနောက် နက်ရွှေရောင်အလင်းမှုန်များအဖြစ် ပေါက်ကွဲပျက်စီးသွားတော့သည်။

နက်ရွှေရောင်ချီလက်ဝါးကြီးမှာ ပျက်စီးသွားရပြီပင် ဖြစ်သည်။

ကောင်းကင်ထက်တွင် ရှိနေသော ချိုင်ယင်းမှာ ပြိုကွဲပျက်စီးသွားသော နက်ရွှေရောင်ချီလက်ဝါးကြီးအားကြည့်ကာ မျက်ဝန်းများ၌ သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်သွားရသည်။

"ငါမင်းကို အထင်သေးခဲ့မိတာပဲ။" ချိုင်ယင်းမှ ဇူယွမ်အားကြည့်ကာ စကားဆိုလိုက်သည်။

ဇူယွမ်သည် သူ၏တိုက်ခိုက်မှုအား အပြည့်အဝ ခံနိုင်ရည်ရှိနေလိမ့်မည်ဟု ချိုင်ယင်းမှ မထင်မှတ်ထားခဲ့ပေ။

ဇူယွမ်၏ ချီစွမ်းအင်အခြေခံအုတ်မြစ်မှာ ချိုင်ယင်းထက် အဆပေါင်းများစွာ အားနည်းပေသည်။ ယေဘုယျအားဖြင့်ဆိုပါက ဇူယွမ်မှာ အစောပိုင်းကဲ့သို့ တိုက်ခိုက်မှုအား မည်သို့မျှ ခံနိုင်ရည်ရှိရန် မဖြစ်နိုင်ချေ။ တပည့်ခေါင်းဆောင်တစ်ဦးနှင့် ရွေးချယ်ခံတစ်ဦးသည် အမှန်တကယ်ပင် အဆပေါင်းများစွာ ခြားနားလွန်းလှသည်။ သို့သော် ဇူယွမ်၏ ပြင်ပခန္ဓာသန်မာမှုမှာ အလွန်ပင် ပြင်းထန်လွန်းလှပြီး အဆင့်တစ်ခုသို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

ဇူယွမ်၏ ချီစွမ်းအင်၊ ပြင်ပခန္ဓာသန်မာမှုနှင့် စိတ်ဝိဉာဉ်စွမ်းအင်တို့အား ခွဲခြားထားပါက ချိုင်ယင်းမှ အရေးပင်စိုက်နေမည် မဟုတ်ပေ။ သို့သော် ထိုစွမ်းအင်သုံးခုအား ပေါင်းစည်းလိုက်သောအခါ၌ ချိုင်ယင်းသည်ပင် အံ့အားသင့်ရလောက်အောင် ပြင်းထန်လှသော အဖျက်စွမ်းအင်များ ဖြစ်ပေါ်လာလေသည်။

ချိုင်ယင်း၏ ခန့်မှန်းချက်သာ မှန်ကန်ပါက ထိုကဲ့သို့ စွမ်းအင်သုံးခု ပေါင်းစည်းတိုက်ခိုက်လျှင် ဇူယွမ်မှာ ရွေးချယ်ခံများနှင့်ပင် နှိုင်းယှဉ်နိုင်လိမ့်မည် ဖြစ်သည်။

စောင့်ကြည့်နေကြသူများမှာ ကောင်းကင်ထက်တွင် ပေါက်ကွဲပျက်စီးသွားသော နက်ရွှေရောင်ချီလက်ဝါးကြီးအားကြည့်ကာ အလွန်ပင် အံ့အားသင့်နေကြရသည်။

အလှပန်းတစ်ရာနန်းတော်မှ ကုံဝမ်မှာ အံ့အားသင့်နေသော အမူအရာဖြင့် ရေရွတ်လိုက်သည်။ "ဒီကောင်လေးက မဆိုးဘူးပဲ။"

မူလစဦး သတ္တမအဆင့် ရှိသူတစ်ဦးအနေဖြင့် ဇူယွမ်၏ ချီစွမ်းအင်အခြေခံအုတ်မြစ်မှာ အလွန်ပင် ကောင်းမွန်နေပြီ ဖြစ်ပါသော်လည်း ချိုင်ယင်းကဲ့သို့ ရွေးချယ်ခံတစ်ဦးနှင့် ထိပ်တိုက်ရင်ဆိုင်ရန် မည်သို့မျှ ဖြစ်နိုင်မည်မဟုတ်ကြောင်း ကုံဝမ်မှ ကောင်းစွာနားလည်ထားပေသည်။

ထို့ကြောင့် ကုံဝမ်မှာ ချိုင်ယင်းအား တိုက်ခိုက်ရန် စိန်ခေါ်ခဲ့သော ဇူယွမ်အား နားမလည်နိုင် ဖြစ်နေခဲ့ရသည်။ သို့သော် ယခုအချိန်တွင်မူ ဇူယွမ်မှာ ချီစွမ်းအင်၊ ပြင်ပခန္ဓာသန်မာမှုနှင့် စိတ်ဝိဉာဉ်စွမ်းအင်များကို ပေါင်းစည်းကာ စနစ်တကျဖြင့် တိုက်ခိုက်ခဲ့သည်ကို မြင်တွေ့လိုက်ရပြီးနောက် ကုံဝမ်မှာ နားလည်သဘောပေါက်သွားရသည်။

အလှပန်းတစ်ရာနန်းတော်မှ အခြားသော ရွေးချယ်ခံများမှာလည်း ထိုမြင်ကွင်းအား အံ့အားသင့်စွာဖြင့် ငေးမောကြည့်ရှုနေမိကြသည်။ မူလစဦးသတ္တမ အဆင့်သာရှိသေးသော ကျင့်ကြံသူတစ်ဦးအနေဖြင့် ချီစွမ်းအင်၊ ပြင်ပခန္ဓာသန်မာမှုနှင့် စိတ်ဝိဉာဉ်စွမ်းအင် သုံးမျိုးလုံးကျင့်ကြံသူအား မြင်တွေ့ရခြင်းမှာ ဤတစ်ကြိမ်သည် ပထမဆုံးပင် ဖြစ်သည်။

ကျိုးချူးချင်ယုနှင့် လုလျိုတို့မှာ ယခုမှသာ သက်ပြင်းချနိုင်ကြတော့သည်။ ဇူယွမ်သည် ယခင်ကကဲ့သို့ပင် အံ့အားသင့်စရာများပေးစွမ်းနိုင်ဆဲ ဖြစ်သည်။

"နင်တို့တွေ သိပ်လည်းပျော်မနေကြနဲ့ဦး။ ဇူယွမ်က စွမ်းအင်သုံးခုလုံးနဲ့ဆိုရင် ချိုင်ယင်းကို ယှဉ်တိုက်တယ်ဆိုပေမယ့် စွမ်းအင်သုံးခုလုံးကို အချိန်အကြာကြီး တစ်ပြိုင်တည်း သုံးနေဖို့က မလွယ်ဘူး။ အဲ့ဒါက အရမ်းကို အားအင်ကုန်ခမ်းစေတယ်။ ချိုင်ယင်းက ချီစွမ်းအင် တစ်ခုတည်းကိုပဲ သုံးဖို့လိုတာ။ အခုလို အခြေအနေတိုင်းဆိုရင် အနှေးနဲ့အမြန်တော့ ဇူယွမ်ရှုံးသွားမှာပဲ။"ကုံဝမ်မှ ကျိုးချူးချင်ယုနှင့် လုလျိုအားကြည့်ကာ ပြောလိုက်သည်။

"သူက ချိုင်ယင်းကို အချိန်ဆွဲထားနိုင်ရုံပဲရှိတာ။"

"ဘယ်လောက်ကြာကြာ တောင့်ခံထားနိုင်မလဲကတော့ သူ့ပေါ်ပဲ မူတည်လိမ့်မယ်။"

........

ချူချင်းနှင့် လီချင်းချန်တို့မှာ ပျက်စီးသွားသော နက်ရွှေရောင်ချီလက်ဝါးကြီးအား ကြည့်ရှုလိုက်ပြီးနောက် အနည်းငယ် စိတ်သက်သာရာ ရသွားကြသည်။

"ဒါက ရွှေအိုရောင်သွေးစက်အဆင့်ပဲ။ ဇူယွမ်ရဲ့ ပြင်ပခန္ဓာသန်မာမှုက ဒီအဆင့်ထိတောင် ရောက်နေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။" ဟုန်ယာတောင်ထွတ်၏ ရွေးချယ်ခံ ရှန့်ချွမ်ချူးမှာ ဇူယွမ်၏ခန္ဓာကိုယ်အားကြည့်ကာ အံ့အားသင့်စွာဖြင့် စကားဆိုလိုက်သည်။ "ဒါက ငါတို့ဟုန်ယာတောင်ထွက်ရဲ့ ဆန်းကြယ်သောခန္ဓာကျင့်စဉ်နဲ့ အရမ်းဆင်တူတာပဲ။ ဒါပေမယ့် ဇူယွမ်က အဲ့ကျင့်စဉ်ကို ဘယ်ကရလာတာလဲ။"

ရှမ့်ချွမ်ချူးမှာ ဇူယွမ်သည် ဆန်းကြယ်သောခန္ဓာကျင့်စဉ်၏ အကျဉ်းချုပ်ဖြစ်သော ဆန်းကြယ်သောခန္ဓာကျင့်စဉ်ငယ်အား ကျင့်ကြံနေသည်ကို သိရှိထားခြင်း မရှိပေ။

ခုန်းရှန်မှာလည်း အလွန်ပင် အံ့အားသင့်နေရ၏။ သို့သော် အနည်းငယ်မျှပင် ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိသော ဇူယွမ်အားကြည့်ကာ စိတ်သက်သာရာ ရသွားရသည်။ ဓားကပ်ဘေးတောင်ထွတ်သည် ဇူယွမ်နှင့် ကောင်းမွန်သော ဆက်ဆံရေး မရှိပါသော်လည်း ၎င်းတို့အားလုံးမှာ ကန်ရွှမ်းကလန်မှ ဂိုဏ်းတူညီအကိုများပင် ဖြစ်ကြသည်။ ထို့ကြောင့် အခြားကလန်များနှင့် တိုက်ခိုက်ရသောအချိန်တွင် မည်သူပင်ဖြစ်နေစေကာမူ ကန်ရွှမ်းကလန်ကိုသာ အသာစီးရစေချင်ပေသည်။ အရေးကြီးက သွေးစည်းရမည်ပင်ဖြစ်သည်။

"သူက ချိုင်ယင်းကို အချိန်ဆွဲထားဖို့ အရည်အချင်း ရှိသားပဲ။" ခုန်းရှန်မှ မှတ်ချက်ပြုလိုက်သည်။ "သူသာ ပေါက်ကရတွေ လျှောက်မလုပ်ဘူးဆိုရင် ချိုင်ယင်းကို အချိန်နည်းနည်းကြာကြာတော့ ဆွဲထားနိုင်လိမ့်မယ်။"

ထိုအချိန်မှာပင် ဇူယွမ်မှာ မြေပြင်ပေါ်တွင် ထိုင်ချလျက် လက်နှစ်ဖက်အား မြေပြင်နှင့်ထိထားကာ သိမ်းငှက်တစ်ကောင်ကဲ့သို့သော မျက်ဝန်းများဖြင့် ချိုင်ယင်းအား ကြည့်ရှုလိုက်သည်။

"မြင့်မြတ်သောနန်းတော်က ရွေးချယ်ခံ ချိုင်ယင်း...မင်းငါ့ရဲ့ တိုက်ခိုက်မှုကို လက်ခံဖို့ အသင့်ဖြစ်ပြီလား..."

ခုန်းရှန်၏ အမူအရာမှာ ခက်ထန်သွားရသည်။

အရူးကောင်... မင်းကတကယ် သွေးနားထင်ရောက်နေတာပဲ... မင်းလုပ်ရမှာက ချိုင်ယင်းကို အချိန်ဆွဲထားဖို့ပဲကွ... အခုလိုတွေ လျှောက်လုပ်နေတာ ရွေးချယ်ခံတစ်ယောက်က မင်းနဲ့အဆင့်တူတူပဲ မှတ်နေလို့လား.....

All Chapters